Wednesday, December 31, 2008

မကဒတ အပေါ်သုံးသပ်ချက်

(မကဒတ ဒုတိယမျိုးဆက်ဝင်တဦးမှဆွေးနွေးသည်)

“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစား အားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။
ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ် ၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) ၏ အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။
ABSDF အနှစ် ၂၀ အား သုံးသပ်ခြင်းသည် ABSDF ပထမမျိုးဆက်အား သုံးသပ်ခြင်းပင်ဖြစ်သည်။
ABSDF ၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေ ဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိ နေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်း နိုင်ခဲ့သည်။
- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော် သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိ နိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည် ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင် တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်း ဖွဲ့စည်း နိုင်ခဲ့သည်။
- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြော သဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက် အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခဏာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ “ရေး” မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် …
- ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂုဏ်သိက္ခာတက်စေခဲ့သည်။
ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။
ဆက်လက်၍ မကဒတ ပထမမျိုးဆက်၏ မကောင်းမှုများအား ဆွေးနွေးပါမည်။
- အုပ်စုဝါဒ၊ ဂိုဏ်းဂဏ၀ါဒ အထွဋ်အထိပ်ရောက်ရှိခဲ့သည်။ (ဖွဲ့တည်မှု့စကတည်းကပင် မြို့၊ နယ်၊ သပိတ်စခန်း၊ စသည့် အစုအဖွဲ့များမှ အုပ်စုဖွဲ့ တောခိုခဲ့ကြသည် အလေ့အထမှ မြစ်ဖျားခံခဲ့သည်။)
- အုပ်စုဖွဲ့ ဗိုလ်ကျသည့် အလေ့အထ အားကောင်းခဲ့သည်။ (ဤနေရာမှစ၍ တလျောက်လုံး ဖြစ်ခဲ့သည့် စီမံခန့်ခွဲမှုအမှားများ ဖြစ်ခဲ့ခြင်းဖြစ်သည်။)
- ရန်သူစစ်အုပ်စုအပေါ် ပြတ်သားသည့် အတွေးအခေါ်အားနည်းခဲ့သည်။ (ဤအချက်သည် ရေရှည်အားဖြင့် ယနေ့တိုင်ဖြစ်ပေါ်နေသည့် ရန်သူကို ရန်သူလို့မခေါ်နဲ့၊ တိုက်မရရင် ရန်သူ့ အောက်လျှိုဝင်ဟူသည့် အတွေးအခေါ်အား ဖြစ်ပေါ်စေခဲ့သည်။)
- တဦးချင်း အတတ်ပညာဖြည့်စည်းမှုကိုသာ အလေးသာပြီး တပ်တည်ဆောက်ရေးကို အလေးနည်း ခဲ့သည်။ (ဤသို့ဖြင့် ခေါင်းဆောင်ကြီးများ ဟားဗတ်သို့ အပြေးပြိုင်ကြလေတော့သတည်း။)
- ဘာသာရပ်တခုချင်းအလိုက် ကြွမ်းကျင်မှုကို အခြေခံပြီး ပညာရှင်များဟု အမည်ခံကာ လူထု တရပ်လုံးကို မှားယွင်းသည့် အတွေးအခေါ်ပေးခဲ့သည်။
- ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ် ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်အမှားကို ကိုင်စွဲခဲ့ကြသည်။
- လူထုကို အထင်အမြင်သေးသည့် အတွေးအခေါ်ရှိခဲ့သည်။
- နိုင်ငံရေး၊ နိုင်ငံရေးရပ်ခံမှုနှင့် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအစဉ်အလာအား ဗဟိုပြုသည့် ခေါင်းဆောင်မှု ရွေးချယ်ရမည့်အစား ငွေရှာနိုင်မှုကို ဗဟိုပြုကာ ခေါင်းဆောင်မှုရွေးချယ်သည့် အလေ့အထ ထွန်းကားခဲ့သည်။
- ကိုယ်ပိုင်စီးပွားရေး စာကြက်များကို ခိုင်မာတောင့်တင်းအောင်လုပ်ပြီး ရဲဘော်ထုအား ငွေဖြင့်ဖျားယောင်းကာ လက်အောက်ခံဖြစ်စေ၍ ကြွေးတာယူ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုသည့် အတွေးအခေါ်အမှား တင်သွင်းခဲ့သည်။
- ငွေရှင်၊ ကြေးရှင်များအပေါ် အလိုလိုက်မှုများခဲ့သည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် ငွေရှင်၊ ကြေးရှင်များ၏ လက်အောက်ခံဖြစ်ခဲ့ရသည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် ပရိုပိုဆယ် နိုင်ငံရေးသမားများဖြစ်ခဲ့ရသည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် လက်နက်နှင့် ဒေါ်လာလဲသည့်အနေအထားသို့ ဆိုက်ရောက် သွားခဲ့သည်။
ယနေ့ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆက်လက် ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက်တဆက်ဖြစ်သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက်တဆက်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယမျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
- ပထမမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၀ ရာစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၁ ရာစု၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အင်အားစု ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအား ပထမမျိုးဆက်နှင်အတူဆက်ခံလိုက်ပါပြီး ပထမမျိုးဆက်၏ ဦးဆောင်မှုအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့ကြသည့် အင်အားစု ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီး၏ “ကောင်းမွေ (ပါရမီသက်)” အားလုံး (လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်မြေ၊ လက်နက်၊ တပ် အားကောင်းမောင်းသန်ဖြစ်သည့် အင်အား၊ ၉၀ - မေ ရွေးကောက်ပွဲရလာဒ်) ကို လက်ခံရယူပြီး တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့် ရခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ကောင်းမွေ (ပါရမီသက်) အကြွင်းအကျန်များကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး ဆိုးမွေများ (ဥပမာ - အကြမ်းမဖက်ရေးအပါအ၀င် တိုက်လို့မရရင် သူ့အောက်ကိုဝင်လုပ် ဆိုသည့်အလျှော့ပေးရေးအတွေးအခေါ်များ၊ အင်အား ကိုယ်ရေစစ်မှု) ကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး “အားထုတ်မှု - ပညာသက်” ဖြင့် တော်လှန်သည့်နိုင်ငံရေးကျန်းမာမှုကို ဆက်ရမည့်သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်မှုမရှိပဲ စစ်အုပ်စုအဖြစ် ဗြောင် ရပ်တည်နေရသည့် ရန်သူနှင့် အခြေခံဥပဒေမရှိပဲ အစိုးရလုပ်နေရသည့် ရန်သူအား နိုင်ငံရေးအသာ စီးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့်ရခဲ့သူများဖြစ်သည်။
- ဒုတိယမျိုးဆက်သည် စစ်အုပ်စုမှစိတ်ကြိုက်ရေးစွဲထားသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပြီး အခြေအနေနှင့် စစ်ဗိုလ်တမတ်သားပါလီမန်ဖြင့် တရားဝင်အစိုးရလုပ်မည့်ရန်သူအား နိုင်ငံရေး ဗလုံးဗထွေးအခြေအနေဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာ အခြေအနေအရ လူအခွင့်အရေး၊ အကြမ်းမဖက်ရေး၊ ဒီမိုကရေစီရေး … စသည်များကို သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေတွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိသိမီသလောက် တင်ပြသွားပါမည် …
- အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊
- အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း
- လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သင်တန်း
- သတင်းထောက်သင်တန်း
- နိုင်ငံခြားရေးသင်တန်း၊
- အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း
- ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း
- လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း
- (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
- ဒုတိယမျိုးဆက်သည် နိုင်ငံတကာအခြေအနေအရ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲအား သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။
- “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း
- အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း
- အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း
- ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း …
စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
- ပထမမျိုးဆက်သည် စစ်အေးလွန်ခေတ်တွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ဒုတိယစစ်အေးခေတ် (၂၀၀၅ - ကစ်ဆင်းဂျား၏ စာအုပ်တွင် “ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုဆွဲအားသည် အတ္တလန်တစ်မှ ပစိဖိတ်သို့ ရွှေ့လာပြီ”ဟု ရေသားခဲ့ပြီး ကတည်းက စတင်ခဲ့သည်။ နာဂစ်တွင် အမေရိကန်စစ်သင်္ဘောများ ပင်လယ်ဝရောက်မှ ပြန်ထွက်သွားခြင်းသည် ထိုအခြေအနေ၏ ဖေါ်ပြချက်ဖြစ်သည်။) တွင် တော်လှန်သည့် နိုင်ငံရေး တာဝန်များထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာသံတမန်ရေးတိုက်ပွဲကို အားပြုခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ပြည်တွင်းလူထုကိုမှီခိုကာ တော်လှန်စစ်နွဲရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် ရှစ်လေးလုံး အရေးတော်ပုံနှင့် စတင်ခဲ့ပြီး ရွှေဝါရောင်အကြွေးဖြင့် အဆုံးသတ် ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ရွှေဝါရောင်အကြွေးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များကို စတင် ထမ်းဆောင်ရမည့် မျိုးဆက်ဖြစ်သည်။
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။
ဆက်လက်၍ မျိုးဆက် ၂ ဆက်၏ ချိတ်ဆက်မှုနှင့် ကျရောက်မည့် တာဝန်အသီးသီးကို ဆွေးနွေးပါမည်။ တပ်ဦး၏ စုဖွဲ့ပုံကို ဤသို့ချိတ်ဆက် တာဝန်ခွဲဝေရမည်ဟုမြင်သည်။
“ပထမမျိုးဆက်သည် မဏ္ဍိုင်အင်အား၊ ဒုတိယမျိုးဆက်သည် အဓိက အင်အား။”
ထိုသို့ အဘယ့်ကြောင့်ပြောသနည်း။ သမိုင်းဆိုင်ရာမုချလက္ခဏာအရ ပထမမျိုးဆက်သည် ရပ်တန့်နေသည့် မျိုးဆက်ဖြစ်သည်။ ဒုတိယမျိုးဆက်သည် အခိုင်အမာအချက်အလက်များအရ မုချတိုးပွားလာမည့် မျိုးဆက် ဖြစ်သည်။
ဒုတိယမျိုးဆက် မည်သို့တိုးပွားမည်နည်း။ မရှိရာမှာ ရှိရာသို့ တိုးပွားမည်။ အရေအတွက်မှ အရည်အချင်းသို့ တိုးပွားမည်။
ပထမမျိုးဆက် အဘယ့်ကြောင့် မဏ္ဍိုင်အင်အားစုဖြစ်သနည်း။ မကဒတ၏ပထမမျိုးဆက်သည် မကဒတ ဖွဲ့စည်းဖြစ်တည်မှုနှင့် ပတ်သက်လျင် ပဓာနကာယကံရှင်များဖြစ်သည်။ ၎င်းတာဝန်ကို မကဒတတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည့် ပထမမျိုးဆက်ဝင်များမှ ငြင်းပါယ်ခွင့်မရှိ။ မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များ၏ တာဝန်ကြီးလေးမှုသည် ထိုနေရာမှ စတင်သည်။
မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များသည်
- ရှစ်လေးလုံးတိုက်ပွဲမှထားခဲ့သည့် တိုက်ပွဲအမွေအနှစ်များအား ဆက်လက် ကာကွယ်ထိမ်းသိမ်းရေး၊
- မကဒတ တည်တံ့ခိုင်မာရေး၊
- မကဒတ တပ်ဦးအခန်းပြန်လည် ရောက်ရှိရေး၊
- ကျောင်းသားထု ညီညွတ်ရေး၊
- ပြည်သူလူထုအတွင်း တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေးနှင့်
- မကဒတ၏ ဦးတည်ချက် ၄ ရပ် အထမြောက်အောင်မြင်စေရေး
စသည့် လုပ်ငန်းတာဝန်များအား မကဒတ၏ ပထမမျိုးဆက်များမှ ပဓာနကျသည့် မဏ္ဍိုင်အခန်းမှ နေ၍ အဓိကအင်အားစုဖြစ်သည့် ဒုတိယမျိုးဆက်နှင့်လက်တွဲကာ တက်ကြွသည့်တာဝန်ယူတာဝန်ခံ စိတ်ဓာတ်ဖြင့် ဆက်လက်ထမ်းဆောင် ရမည်ဖြစ်သည်။
မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များလုပ်ဆောင်ရမည့် တာဝန်များတွင် မကဒတ တည်တံ့ရေး၊ ခိုင်မာရေးသည် အခရာ အကျဆုံး ဖြစ်သည်။ မကဒတ တည်တံ့ရေး၊ ခိုင်မာရေးအတွက် မကဒတ ပထမမျိုးဆက်၏ နိုင်ငံရေးဟောင်း နိုင်ငံရေးအမှားများအားလုံးကို အကြွင်းမဲ့ဆန့်ကျင်သွားရန် လိုသည်။ အထူးအားဖြင့် ဂိုဏ်းဂဏ၀ါဒလုပ်ဟန်သည် မကဒတအား နင်းချေရာတွင် အဆုံးအဖြတ် ကျခဲ့သည်။ ၎င်းအား အကုန်အစင်တိုက်ဖျက်သွားရန်လိုသည်။
ဗဟိုဦးစီး ဒီမိုကရေစီကို အားကောင်း တောင့်တင်းသည့် လုပ်ဟန်ကို ထူထောင်ရန်လိုသည်။ လူကို ဗဟိုပြုစဉ်းစားသည်ထက် မူကို ဗဟိုပြုစဉ်းစားသည့် လုပ်ဟန်ကို ထူထောင်ရမည်။ တဦးချင်း (သို့) အစုအဖွဲ့တခု၏ စဉ်းစားချက်အား လက်တွေ့လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည်ထက် အစည်းအဝေး ဆုံးဖြတ်ချက်များအား လက်တွေ့ လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည့် လုပ်ဟန်ကို ထူထောင်ရမည်။ ဗဟိုဦးစီး ဒီမိုကရေစီစနစ်ကို အားကောင်းရန် ထူထောင်လုပ်ဆောင်ခြင်းသည် ကျောင်းသားတပ်မတော်အား စေတနာအပါဆုံး တပ်တည်ဆောက်ရေးလုပ်ဟန်ဖြစ်သည်။ ဗဟိုဦးစီး ဒီမိုကရေစီပျက်ခြင်းသည် အဖွဲ့အစည်းပျက်စီးခြင်းပင် ဖြစ်သည်။
မကဒတသည် ဗမာပြည်ကျောင်းသားထုနှင့် ကျောင်းသားအဖွဲ့အစည်းများအားလုံး၏ လက်နက်ကိုင် တော်လှန်ရေးစစ်ကြောင်းဖြစ်ကြောင်းကို အခိုင်အမာ ထုထောင်ရမည်။ မကဒတ၏ တပ်ဦးဖြစ်မှုသည် လက်နက်ကိုင်တော်လှန်ရေးတာဝန်ကို မည်မျှတာဝန်ကျေအောင်ထမ်းဆောင်နိုင်သည် ဆိုသည့် အပေါ်တွင် မူတည်သည်။ ကျောင်းသားနှင့် နိုင်ငံရေးဆောင်ရွက်မှုအပိုင်းအား ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့မှ ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ယခုဆက်လက်ရှင်းလင်းရန်လိုသည်မှာ ကျောင်းသားများ လက်နက်ကိုင်တော်လှန် ရေးလုပ်သည့် အဆင်အလာရှိ၊ မရှိဆိုသည့် ကိစ္စဖြစ်သည်။
ကျောင်းသားသမဂ္ဂအစဉ်အလာတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သည့် အစဉ်အလာများရှိကြောင်း အခိုင်အမာဆိုပါသည်။ ကျောင်းသားသမဂ္ဂများသည် အကြမ်းမဖက်သော နိုင်ငံရေးတိုက်ပွဲများသာ ဆောင်ရွက်ကြောင်း ပြောကြားချက်များသည် ကျောင်းသားများအား တိုက်ပွဲလမ်းမှားသို့ ပို့ဆောင်နေသည့် အယူအဆသာလျှင်ဖြစ်သည်။ တနည်းအားဖြင့် အကြမ်းမဖက်ရေး နိုင်ငံရေးမီးရှုးမီးပန်းများလွှတ်ကာ စီးပွားဖြစ်နေသူများ၏ နိုင်ငံရေး မှိုင်းတိုက်မှုသာလျှင် ဖြစ်သည်။ အစဉ်အလာအရ ကျောင်းသားများသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်မှုများနှင့် လက်တွေ့အရ ပါဝင်မှုများရှိခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့အား လက်နက်စွဲကိုင်တိုက်ပွဲဝင်ရန်အတွက် ဗကသ သည် “ကျောင်းသားသံမဏိတပ်” အားဖွဲ့စည်းခဲ့သည်။ ထို “ကျောင်းသားသံမဏိတပ်”၏ ဖွဲ့စည်းမှု၊ သင်တန်းပေးမှုအားလုံးသည် စစ်တပ်တခု၏ ဖွဲ့စည်းမှုနှင့် သင်တန်းများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အခိုင်အမာအချက်အလက်အရ ပြောရလျင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်သည် ကျောင်းသားသံမဏိတပ် အားစတင် ထူထောင်သူပင်ဖြစ်ပြီး သံမဏိ ထွန်းရှိန်ဟု ပင်တွင်သည်။ လက်တွေ့ အချက်အလက်အရလည်း နယ်ချဲ့အား လက်နက်ကိုင် တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ် စုစည်းသောအခါ ကျောင်းသားသမဂ္ဂ၀င် ၃ ဦး ပါဝင်ခဲ့သည်။ ဗကသဥက္ကဖြစ်သည် ကိုလှမောင် (ဗိုလ်ဇေယျ)၊ ဗကသ အတွင်းရေးမှူးဖြစ်သည် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် ကိုလှ (ဗိုလ်ကျော်ဇော)တို့ဖြစ်သည်။
ထို့အချက်အလက်များအရ ကောက်ချက်ချရလျှင် ကျောင်းသားတပ်မတော်သည် ကျောင်းသားသံမဏိတပ် ၏ အဆက်ပင်ဖြစ်သည်။ ကျောင်းသားများ လက်နက်ကိုင်တော်လှန်ခြင်းသည် ကျောင်းသားသမဂ္ဂများ သမိုင်းအစဉ်အလာနှင့် ညီညွတ်သည်။ ထိုတရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီရမည်ဖြစ်သည်။ ယနေ့ လုပ်ရမည့် ကျောင်းသားဝတ္တရားဆိုင်ရာ ၀ါဒဖြန့်ချီရေးလုပ်ငန်းလည်းဖြစ်သည်။ မကဒတအား တပ်ဦးအခန်း ပြန်လည်မြင့်တင်ရေး၏ အတွေးအခေါ်ဆိုင်ရာ၊ တရားဆိုင်ရာ၊ အစဉ်အလာဆိုင်ရာ လှုပ်ရှားမှုလည်း ဖြစ်သည်။
မကဒတသည် ကျောင်းသားသမဂ္ဂများ တရားဝင်တည်ရှိနိုင်ခွင့်မရှိခြင်းဆိုသည့် အခြေအနေမှ ပေါ်ထွက်လာ ရခြင်းဖြစ်သည်။ ဗမာပြည်ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားလှုပ်ရှားမှုများ၏ သမိုင်းအစဉ်အလာအား ပြန်လည်ကြည့်ဆိုပါက ကျောင်းသားထုညီညွတ်ရေးအတွက် တစိုက်မက်မက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့အခြေအနေအရ မကဒတသည် ကျောင်းသားအဖွဲ့အစည်းအားလုံးတွင် အခိုင်အမာဆုံးတည်ရှိနေသည့် ကျောင်းသားအင်အားစုဖြစ်သည်။ အခိုင်အမာ အချက်အလက်များအရ ကျောင်းသားညီညွတ်ရေးတာဝန်အား မကဒတမှ မုချထမ်းဆောင်ရမည်ဖြစ်သည်။
ကျောင်းသားညီညွတ်ရေးတာဝန်အား ထမ်းဆောင်ခြင်းသည် မကဒတ တည်တံ့ခိုင်မာရေးအတွက် သော့ချက်ဖြစ်သလို မကဒတ တပ်ဦးအခန်းပြန်လည်ရရှိရေးအတွက်လည်း အရေးကြီးသည့် လုပ်ငန်း ဖြစ်သည်။ ထိုအပြင် မကဒတအနေဖြင့် ရှေ့ဆက်လက်သွားရမည့် နိုင်ငံရေးခြေလှမ်းများအတွက်လည်း အသက်တမျှ အရေးကြီးသည်။
မကဒတ ဆက်လက်သွားသင့်သည့် နိုင်ငံရေးခြေလှမ်း (၂) လှမ်းအား ဆက်လက်ဆွေးနွေးပါမည်။
- ကျောင်းသားထု ညီညွတ်ရေး၊
- တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေး တို့ပင်ဖြစ်သည်။
ကျောင်းသားထုညီညွတ်ရေးနှင့်ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများညီညွတ်ရေးကို ဆောင်ရွက်ရမည် ဖြစ်သည်။ ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်တွင် ကျောင်းသားသမဂ္ဂ ၃ ကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၈၈ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့မှ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂ၊ ၁၉၉၃ အိုးဝေဇော် (ရဲဘော် ထက်မိုး) နှင့် ရဲဘော်များမှ ဖွဲ့စည်းခဲ့သည့် ဗကသ (ယာယီ)နှင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသည့် မျိုးဆက်သစ် (ဗကသ) တို့ပင်ဖြစ်သည်။ ၈၈ ကျောင်သားသမဂ္ဂသည် ကျောင်းသားတပ်မတော်အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။ ၉၃ ဗကသ (ယာယီ) သည် ဗကသ နိုင်ငံခြားရေးကော်မတီအဖြစ် ရပ်တည်လျှက်ရှိသည်။ အနီးဆုံးနေရာမှစတင်ကာ ညီညွတ်ရေးကို ဖေါ်ဆောင် ရမည်။ ထိုညီညွတ်ရေးဖြင့် ပြည်တွင်းအင်အားစုဖြစ်သည့် မျိုးဆက်သစ် ဗကသအား ဆက်လက်၍ ညီညွတ်ရေးကို ဖေါ်ဆောင်ရမည်။
ပြည်တွင်းကျောင်းသားအင်အားစုများထဲတွင် အသစ်ဖြစ်သော ၂၁ ရာစု ဗမာပြည်ယဉ်ကျေးမှုအခင်းအကျင်း အတွင်းမှ ပေါ်ထွက်လာသည့် အသစ်ဖြစ်သော ကျောင်းသားအင်အားစုကို အထူးပြုပြောလိုပါသည်။ ၂၁ ရာစု ဗမာပြည်တွင် ယခင်နှင့်မတူသည့် ပညာရေး အဆောက်အဦသစ်တခုပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာ တက္ကသိုလ်။ ၂၀၀၇ လှုပ်ရှားမှု၌ သံဃာတော်များ၏ “သောသုဇန ဘိက္ခူ” ဟူသော စည်းရုံးရေးကို သတိထားမိမည် ထင်ပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာတက္ကသိုလ်မှ စာသင်သား သံဃာများ၏ အစည်းအရုံးဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ၏ ကျောင်းသားသမဂ္ဂဟု ကောက်ချက်ချပါသည်။ ထို့အစည်းအရုံးအားလည်း ကျောင်းသားအင်အားစုအဖြစ် သတ်မှတ်သင့်ပါသည်။ ကျောင်းသားညီညွတ်ရေး လှုပ်ရှားမှုတွင် ထို “သောသုဇန ဘိက္ခူ” အဖွဲ့အားထည့်သွင်းရမည်ဟု မြင်ပါသည်။
ဤသည် မကဒတ ရှေ့ဆက်လက်လှမ်းရမည့် နိုင်ငံရေးခြေလှမ်းများထဲမှ ပထမခြေလှမ်းပင်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးမှတဆင့် တိုက်ပွဲဝင်အင်အားစုများညီညွတ်ရေးကို လှမ်းရပါမည်။ ယနေ့ဗမာပြည်၏ တိုက်ပွဲသော့ချက်သည် တိုက်ပွဲဝင်အင်အားစုများ ညီညွတ်ရေးပင်ဖြစ်သည်။ စစ်အာဏာရှင်တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် ဘုံတူညီချက်ရှာကာ စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်အင်အားစုများအား ညီညွတ် ရေးတည်ဆောက်ရမည်ဖြစ်သည်။ တိုက်မရရင်သူ့အောက်ဝင်ဆိုသည့် အယူအမြင်ရှိသူများနှင့်၊ ကယ်တင်ရှင် မျှော်သူများနှင့်တော့ ညီညွတ်ရေးတည်ဆောက်ရန်မလိုပါ။ တတ်ကြွသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ်ဟန်ရှိသည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမဆိုနှင့် ညီညွတ်ရေးတည်ဆောက်ရမည်။ အဓိက အားဖြင့် ပြည်တွင်းရှိ တိုက်ပွဲဝင်အင်အားစုများနှင့် ညီညွတ်ရေးကို တည်ဆောက်ရမည်ဖြစ်သည်။
၂၁ ရာစု၏ ပထမမျိုးဆက်သည် အားကောင်းမောင်းသန်သော နိုးကြားမှုများဖြင့် ဗမာပြည်နိုင်ငံရေး စာမျက်နှာတွင် ရောက်ရှိလာချေပြီ။ ကမ္ဘာလောကတွင် ဖြစ်တည်နေသမျှအရာအားလုံးသည် သင်္ခါရ ဓမ္မသာလျှင် တည်မြဲသည်။ အဟောင်းချုပ်ငြိမ်းလျှင် အသစ်ဖြစ်တည်ပါသည်။ ဟောင်းနွမ်းဆွေးမြေ့နေသည့် အဟောင်း၏နေရာတွင် အသစ်သည် လက်ဆက်အားကောင်းစွာ အစားထိုးလေ့ရှိပါသည်။ ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ်ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်သည် ခေတ်မမီတော့ပါ။ သခင်မျိုးဆက် နယ်ချဲ့ဆန့်ကျင်ရေး ကွင်းသို့ ၀င်ရောက်လာသောအခါ ၀ံဿနုမျိုးဆက် ဖယ်ပေးရပါသည်။ သမိုင်းသံဝေဂ သည် ယူတတ်လျင် မြတ်ပါသည်။
တသီးတခြား အလေးပြုချင်သူ ရှိပါသည်။ ကျောင်းသားလှုပ်ရှားမှု ၇၀ စုနှစ်များ မျိုးဆက်ဖြစ်သည့် ရဲဘော် မောင်မောင်တိတ်ကို အလေးပြုပါသည်။ သူသည် ကျောင်းသားတိုက်ပွဲအားလုံးကို အဆက်မပြတ်တမ်း တတ်ကြွသည့် အခန်းမှ လိုက်ပါခဲ့သူဖြစ်ပါသည်။ ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာရှိပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

တပ်ဦးအခန်းကို မြင့်တင်ကြ
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီအရေးတော်ပုံအောင်ရမည်

ရဲဘော် မြင့်ဘုန်းနိုင်
(ဒုတိယ မျိုးဆက်ဝင်တဦး)

Friday, December 26, 2008

ကမ်းတတ်တိုက်ပွဲ

လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)

Thursday, December 25, 2008

ဝမ်းစာရှာကြသူများ

ငါ့ကို
ကောက်စိုက်သမတွေ ကောက်စိုက်ကြသလိုမျိုး
တစစီဖဲ့ပြီး ရွှံ့မြေထဲနှစ်လိုက်ကြတယ်။

နောက်ပြီး
နှင်းမှုံဖွေးလွှ ဆောင်းဦးစရောက်ရင်လည်း
အသီးအပွင့်တွေကို ရိတ်သိမ်းကြဦးမယ်တဲ့။

၁၆၊ ၆၊ ၂၀၀၀

အဖေ

ဒီလက ကျနော့်သားမွေးတဲ့ လ ပါ။ အဖေ့ကို သတိရသွားလို့ ကျနော် ၂၀၀၀ လောက်က ရေးထားတဲ့ ကဗျာလေးကို ပြန်တင်လိုက်ပါတယ်။ ကျနော်ဒီကဗျာကို ဒေါင်းအိုးဝေရဲ့ ၀ထ္ထုတိုတပုဒ်ထဲမှာ ထည့်သုံးထားတာတော့ရှိပါတယ်။ သီးခြားကဗျာအဖြစ်တင်တာကတော့ ဒါ ပထမဆုံးပါ။ ၁၉၉၇ မှာ အဖေဆုံးပါတယ်။ အဲဒီအချိန်က ကျနော် အခြေခံဒေသထိုးဖောက်ရေးခရီးစဉ်ထွက်ခဲ့တဲ့ ထိုးစစ်ခရီးစဉ်အတွင်း ပျဉ်းမနား အရှေ့ဖက် တောင်တွေပေါ်မျာပါ။ ကျနော် အဖေဆုံးကြောင်း သိတာကတော့ ၂၀၀၀ မှာ ဖြစ်ပါတယ်။ ပထမအပုဒ်က (၁၉၉၄) ကျနော့်မွေးနေ့ မှာ ရေးခဲ့တာဖြစ်ပြီး ဒုတိယအပုဒ်ကတော့ အဖေဆုံးကြောင်းကြားတဲ့ ၂၀၀၀ မှာရေးခဲ့တာပါ။ အမှတ်တရလေးတင်ထားချင်လို့ပါ။

အဖေ


လောကဓံရိုင်း
လေကြမ်း လှိုင်းထန်
ကျောက်ဆူးရန်ကြား
ဖောက်လမ်းမထင်၊ သမုဒ်ပြင်၌
ပဲ့ဦးညွန်နှင် မာလိန်ရှင်။


မာလိန်မှူးမဲ့
ကမ်းဝေးခဲ့ပြီ
ကြွေးဟောင်းအသို့ဆပ်မည်နည်း။

၁၁၊ ၇၊ ၂၀၀၀

Saturday, December 6, 2008

မတူသောအစိမ်း

ပျဉ်းမနားဆိုတာ
ကဗျာမြို့
အနုပညာဂုဏ်ပုဒ်တွေနဲ့
တောက်ပြောင်ဝင်းလက်ခဲ့။

ကဗျာနဲ့စစ်
သဟဇာတမဖြစ်နိုင်။
အခုတော့
ကဗျာနဲ့စစ်
ဂူတဂူထဲနှစ်ကောင်အောင်းသလိုဖြစ်ခဲ့ရ။

`အချစ်ရေ …
ရိုးမစိမ်းစိမ်း၊ ပျဉ်းမနားအစိမ်းတွေကြားမှာ
အခုဆို
စူဠသု့ဘဒ္ဒါမုန်းတဲ့
ပန်းတွေဝေနေရောပေါ့´

မဟုတ်တော့ပါဘူးဆရာ
ဆန္ဒန်ဆင်မင်းကို အညိုးသိုနေတဲ့
စူဠသု့ဘဒ္ဒါလိုလူတွေ
ဘုရားဗိုက်ဖေါက်ပြီး
အသိုက်ဆောက်နေတဲ့အဖြစ်ပါ။

အခုတော့ …
အင်ကြင်းပန်းတွေ … ကြွေ …။

ပျဉ်းမနား ကြပ်ပြေးကို ရန်သူက နေပြည်တော်ဆိုပြီး ပြောင်းစဉ်ကာက ရေးထားတဲ့ကဗျာ အဲဒီကာက ခေတ်ပြိုင်ဝဘ်ဆိုက်မှာ တင်ခဲ့ဖူးပါတယ်။

ညိုထက် (လမ်းသစ်ဦး)

အစ္ဇျတ္တ အစီရင်ခံစာ

အလွမ်းတွေပေါင်းထူလွန်းတဲ့ ယာခင်းပါကွဲ့။

အမုန်းတွေ၊ ဒါဏ်ရာတွေကိုသာ
တသက်တာ စားသုံးခဲ့ရသူဖြစ်လို့မို့
ကိုယ့်ဝတ်စုံဟာ အနီရောင်ဖြစ်ခဲ့တယ်။
(ဒါပေမယ့် … အဲဒီအနီရောင်ဟာ
ကိုယ့်ဒါဏ်ရာဒါဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့ သွေးတွေပါကွယ်။)

အချစ်ရယ် …
တကယ့်တကယ် ကိုယ်ချစ်တာက - အပြာ။

အရှေ့အလယ်ပိုင်းက သေနတ်သံတွေ ကြားယောင်
ကိုယ့်နိုင်ငံ တောင်ယာထဲက သွေးတွေကို မြင်ယောင်
ကိုယ့်ရင်ထဲက အမှန်တကယ်အတ္တတွေကို
ယောင်လို့တောင် ဖေါ်ပြခွင့်မရခဲ့။

နေစကြ၀ဌာအဖွဲ့အစည်းထဲက
သက်ရှိတွေနေတဲ့ ကမ္ဘာဂြိုလ်တဲ့လား
မီးခိုးမဆုံး၊ မိုးမဆုံး ယမ်းငွေ့တွေဖုံးလွှမ်း
စိတ်ငြိမ်းချမ်းရာ ငတ်မွတ်ခေါင်းပါးရပ်ဝန်း။

တိရိစ္ဆာန်က တိရိစ္ဆာန်ကိုသတ်
တိရိစ္ဆာက လူကိုသတ်
လူက တိရီစ္ဆာန်ကိုသတ်
လူက လူကိုသတ်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ဒါကိုများပြောတာလား။

လက်တီကျူ့၊ လောင်တီကျူ့တွေနဲ့
ထိမ်းခတ်ခံထားရတဲ့ အကျဉ်းသားတွေပါကွယ်။
ကိုယ်တိုင်မှာကလည်း
အနေမှန် အရေပြားတွေအောက်က
ဧကန်တရားတွေ ထူးခတ်ခံထားရတဲ့ အကျဉ်းသား
အခိုးအငွေတွေများလွန်းလို့ထင်ရဲ့
အိုဇုံးလွှာပေါက်ပြဲသွားရတယ်တဲ့
ကူးဆက်ရောဂါတွေ ထင်တာထက် များပြားနေတယ်။
နှစ်ဆယ့်တရာစုမှာ
ရေရှားပါးမှုအန္တရယ်ရှိသတဲ့
ရင်တွေပူလိုက်တာ။

အလွမ်းတွေ ပေါင်းထူလွန်းတဲ့ယာခင်းပါ
ဗုံးပေါက်ကွဲသံတွေနဲ့ခြားနားစွာ
ချစ်ရသူတွေရဲ့ ရင်ခုံသံကို ကြားနာချင်တယ်။
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက - အပြာ

ညိုထက် (လမ်းသစ်ဦး)

Sunday, November 30, 2008

ဆန်တီယာဂိုကြီးလို ဘယ်သူအရေးနိမ့်ဖူးသလဲ

`အောင်မြင်မှုဟာ ဘယ်ခလုပ်ကို နှိပ်နှိပ်မီးလင်းတယ်´ ဟန်သစ်ထဲက ဖတ်ဖြစ်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ ဟုတ်ခဲ့ပါတယ်။ အောင်မြင်မှုဟာ အမိန့်ရ ထန်းရည်ဆိုင်လို တရားဝင် သောက်စားပျော်ပါးခွင့်ရှိပါတယ်။ ဒါပေမယ့် ဟော့ဒီ သတ္တကမ္ဘာ ထဲ အောင်မြင်မှုကို လူဘယ်နှစ်ယောက်ကများ ကန်ထရိုက်စွဲထားနိုင်ခဲ့လိုလည်း။ တချိန်တခါကတော့ ဟော့ဒီလို တွေးခဲ့ဖူးတယ်။ လူ ၂ မျိုး ၂ စားရှိတယ်လို့။ ကမ်းပါးလိုလူ၊ ရေးစီးကြောင်းလိုလူ။ အဲဒီ နှစ်မျိုးထဲမှာမှ ရေစီးကြောင်းလိုလူထက် ကမ်းပါးလိုလူက ပိုမိုလို့ အများသားကလား။ ကဲ … တွေးကြည့်ရအောင်။

ကျနော်တို့ဟာ တိုက်စားနေတာလား။ တိုက်စားခံနေရတာလား။ သေချာသလောက်ရှိတဲ့ ကောက်ချက်ကတော့ များရာစုကြီးဟာ တိုက်စားခံနေရတာပါ။ ဘ၀တွေ၊ အတွေးအခေါ်တွေ၊ အချိန်တွေ၊ အသက်တွေ။ တ၀ုန်းဝုန်းပြိုကျ။ တနည်းအားဖြင့် ကျနော်တို့နှိပ်မိတဲ့ ခလုပ်တိုင်းဟာ ဖြူးစ် (Fuse) ပျက်နေခဲ့တာပေါ့။ ဆရာဖော်ဝေး ရေးခဲ့ဖူးသလို `ဘ၀ဟာ မီးလောင်ငုတ်၊ လဆုတ်ရက်တွေ ပွယောင်းရဲ့´

အဲဒီလိုဆန်ဆန် တွေးခေါ်ခဲ့ဖူးတဲ့ ဒဿနဆရာတယောက်ရှိခဲ့ဖူးတယ်။ နစ်ရှေး။ လူတွေဟာ Will to Power လို့ခေါ်တဲ့ တန်ခိုးသြဇာကြီးထွားလိုခြင်းဆိုတဲ့ ဆန္ဒနဲ့ အသက်ရှင်နေကြသတဲ့။ ကိုယ်က တန်ခိုးသြဇာကြီးအောင်မလုပ်နိုင်ရင် တန်ခိုးသြဇာကြီးထွားကြသူတွေရဲ့ လက်အောက်ခံဘ၀အဖြစ် ကြွမ်းထိုးမှောက်ခုံ ရောက်သွားစေလိမ့်မယ်လို့ ဟောခဲ့ ပြောခဲ့တာပါ။

ကံလား၊ ကတ္တားလား။ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဟာ ပါးလွှာတဲ့ နံရံလေးပဲ ခြားပါတယ်။

`ဟုတ်တယ်
ကျုပ်တို့ လှေနိုင် နိုင်ခဲ့ပါတယ်
ရှုံးတော့လည်း ပြေးလိုက်ရ
နိုင်ပြန်တော့လည်း ပြေးလိုက်ရနဲ့
နိုင်တယ်ဆိုတာ
ပြေးနေရတာကိုပဲ ခေါ်လေသလားမသိ´ … ဆရာမောင်သင်းခိုင်ရဲ့ ကဗျာတပိုင်းတစပါ။ ခံစားထိရှရပါတယ်။ အချက်အလက် ၈ ခုနဲ့ ဖွဲ့စည်းထားတဲ့ လောကဓံဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်တော့လည်း အထက် ၄ ပါး၊ အောက် ၄ ပါးနဲ့ ဖွဲ့စည်းထားတာမဟုတ်လား။

ရှုံးတာလည်း လောကဓံ၊ နိုင်တာလည်း လောကဓံ။

မြန်မာစကားမှာတော့ `တူဖြစ်တုန်းနှံ၊ ပေဖြစ်တုန်း ခံ´ ဆိုတဲ့ စကားရှိပါတယ်။ အများတကာ ဘယ်လိုတွေးကြမယ် ဆိုတာ ကျနော်မသိ။ ကျနော်ကတော့ နှံသမျှ၊ ထုသမျှ သူ့ရင်ဘတ်ကြီးနဲ့ ရင်ဖွင့်တောင့်ခံနေတဲ့ ပေတုန်းတွေကို ချစ်မိပါတယ်။ ပေစစ်စစ်ကြီး ဖြစ်ဖို့ဆိုတာ နည်းတဲ့ပါရမီမှ မဟုတ်ပဲလေ။ ခံနိုင်လေ အဓိပ္ပါယ်ရှိလာလေ။ ခံရလေ သွေးလေ မှန်လေ။
ဒါ့ကြောင့်ပဲလို့ထင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်က `ခံရဲတာ သတ္တိ´ လို့ ပြောတာ။ ဟုတ်ပါတယ်။ လူဆိုတာ အောင်မြင်မှုကို ရေမကူပဲ သောက်တက်ကြပေမယ့် အရေးနိမ့်လာတဲ့အခါ ရေခဲလေး၊ ဆိုဒါလေး ရောချင်ကြပါတယ်။ အရေးနိမ့်မှုတွေကို သောက်ဖေါ်စားဖက်တွေလို လည်ပင်းဖက်ပေါင်းတက်ဖိုလိုပါတယ်။

အဲဒီလိုအချိန်မှာ လူအတော်များများဟာ `အကယ်၍´ ဆိုတဲ့ စဉ်းစားချက်တွေ ရှိလာတက်ပါရော။ လူ့ဘ၀မှာ အကယ်၍ဆိုတဲ့ ဖြည့်စွပ်မျှော်မှန်း စဉ်းစားနည်းဟာ အင်မတန်မှ တက္ကဗေဒ ဆန်လွန်းလှပါတယ်။ တကယ်တော့လည်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသာ အာရုံပြုသင့်တာ မဟုတ်လား။ ဒါ့ကြောင့်လည်း ဗုဒ္ဓက ပစ္စုပ္ပန်မှာ တည့်တည့်နေ လို့ ဟောကြားခဲ့တာပါ။ တမ်းတချက်တွေက စိတ်ကူးယဉ်ဆန်နေတယ်ဆိုရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေ့ရှု့ဦးတည် မျက်မှောက်ပြုရပါလိမ့်မယ်။

ရင်ဆိုင်နေရမယ့် ကိစ္စကို ရင်ဆိုင်လိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ပြဿနာနဲ့ တွေ့တဲ့အခါ ထွက်ပြေးရေးဝါဒကို ကျင့်သုံးလို့မရပါ။ ပြဿနာနဲ့တွေ့တဲ့အခါ ပိုမိုကြံ့ခိုင်ရပါမယ်။ မရှိတဲ့သူဟာ မရှိတဲ့ အခြေအနေကိုပဲ အားကိုးရပါမယ်။ အကြပ်အတည်းကြားမှာ ကြံ့ကြံ့ခံပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို စေ့စပ်သေချာစွာ တုန်ပြန်တက်ဖိုလိုပါတယ်။ အာကြပ်အတည်းနဲ့တွေ့ရင် ခေါင်းအေးအေးထားရပါမယ်။ စေံစပ်သေချာဖို့လိုပါတယ်။

တခါတရံမှာ ဘာကိုဘယ်လို ရှုံးလိုက်ရမှန်းမသိတာတွေကို တွေ့ဖူးမှာပါ။ ကျနော်တို့ဘ၀တွေထဲကို လောကဓံလေးမြားတွေ၊ အနိဌာရုံ မိုးကြိုးမုန်တိုင်းတွေ တည့်တည့်မတ်မတ်ကြီး၊ နောက်ပြီး ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀ါးလုံးထိုး ပြေးဝင် လာတာတွေကို ရင်ဆိုင်ခဲ့ရဖူးမှာပါ။ နတ်နေကိုင်း အချိုးခံရတာတွေကိုလည်း ကြုံခဲ့ရဖူးမှာပါ။ ဒါပေမယ့် ဘ၀ဆိုတာ အတိမ်းအစောင်းတွေရှိသလို၊ အလှည့်အပြောင်းတွေလည်း ရှိတယ်။ ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် ဖန်တီးလို့ရပါတယ်။ ဖြစ်လာတော့လည်း လုပ်နိုင်တဲ့နည်းတွေက အများကြီးပါ။ အရှုံးပေးလိုက်သူသာလျှင် တကယ့် အရှုံး ဖြစ်ပါတယ်။

လူနဲ့တိရိစ္ဆာန်ကြားက ကွာခြားချက်ဟာ သိပ်များများစားစားရှိလှတာ မဟုတ်ပါဘူး။ လူဆိုတာ အခြေအနေတွေရဲ့ လက်အောက်ခံ မဟုတ်ပါဘူး။ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေတိုင်းမှာ ထောင်ထားခြားနားတက်တဲ့ လူရဲ့သဘောသဘာဝကို တွေ့ရမှာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေလို တိရိစ္ဆာန်တွေကို လိုက်လံသတ်ဖြတ် ရှာဖွေစားသောက်နေရတဲ့ အရိုင်းအစိုင်းခေတ်ကနေ ဒီကနေ့မြင့်တက်လာတဲ့ ယဉ်ကျေးမှု ကွန်ပြူတာ၊ အီလက်ထရောနစ်ခေတ်အထိ အဆင့်ဆင့်သော ဖြစ်ပေါ်တိုးတတ်မှုတိုင်းမှာ တော်လှန်ပုန်ကန်တက်တဲ့ လူ့သဘာဝကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် အဆက်ဆက်သော လူသားမျိုးနွယ်စုကြီးဟာ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရင်း တိုးတတ်ရေးအတွက် ရုန်းကန်ခဲ့ကြပါတယ်။

ဒီဖေါ်ပြချက်ဟာ သဘာဝနယ်ပါယ်မှာရော၊ လူမှုဆက်ဆံရေးနယ်ပါယ်မှပါ သက်ရောက်မှုရှိခဲ့တယ်။ လူသားအဆက်အနွယ်တွေက သဘာဝတရားကို တော်လှန်ပုန်ခဲ့ရာကနေပြီး တော်ဖလာတို့ပြောကြဆိုကြတဲ့ လှိုင်း ၃ လှိုင်း ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ သဘာဝတရားကို လူတွေက တဖြေးဖြေးအနိုင်ရလာတဲ့အခါ ကုန်ထုတ်လုပ်တဲ့ ပုံသဏ္ဍန် ပေါ်လာပါတယ်။ ကုန်လုပ်ကိရိယာတွေ ဆန်းသစ်လာပါတယ်။ ကုန်လုပ်ဆက်ဆံရေးပုံသဏ္ဍန်လည်း ပေါ်လာပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ် (တနည်း) ကုန်လုပ်ဆက်ဆံရေးနယ်ကို တော်လှန်ပုန်ကန်ရာမှ ခေတ်ကြီး ၅ ခေတ် တိုးတက်လာရတာပါ။

ကျနော်တို့ဟာ အခြေအနေတွေရဲ့ လက်အောက်ခံမဟုတ်ခဲ့ပါဘူး။ လက်ခုတ်ထဲက ရေမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ပြောခဲ့သလိုပါပဲ။ ကျနော်တို့ဟာ လက်ခုတ်ထဲက ဖန်ကွဲစတွေပါ။ ဟော့ဒီမြေကမ္ဘာမှာ သက်ရှိလောကဆိုပြီး ဖြစ်တည်လာကတည်းက တိရိစ္ဆာန် အနွယ်ပေါင်းများစွာ၊ လူသားအမျိုးအနွယ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ရတာပါ။ မနည်းလှတဲ့ သတ္တမျိုးနွယ်ပေါင်းများစွာ ကျေပြုန်းခဲ့ရပါတယ်။ ဒါဟာ တိုက်ပွဲဝင်စိတ်ဓာတ် မလုံလောက်ခဲ့လို့ ဒီလိုဖြစ်ရတယ် ဆိုတဲ့အကြောင်းတကြောင်းလည်း ပါခဲ့ပါတယ်။ အရှုံးမပေးတဲ့လူ မရှုံးပါဘူး။

အခုခေါင်းစဉ်တပ်ထားတဲ့ ဆန်တီယာဂိုဆိုတာ ၀ထ္ထုတပုဒ်ရဲ့ ဇာတ်ကောင်အမည်ပါ။ အားနက်ဟဲမင်းဝေး ရေးခဲ့တဲ့ ကမ္ဘာကျော် `ပင်လယ်ပြာနဲ့ တံငါအို´ ၀ထ္ထုထဲက တံငါအိုကြီးပါ။ ဒီဝထ္ထုထဲက ဆန်တီယာဂိုကြီးဟာ အိုကြီးအိုမမှာ အဖေါ်မပါပဲ သူစီးလာတဲ့လှေထက်ကြီးတဲ့ ငါးကြီးတကောင်ကို ခက်ခဲပင်ပန်းစွာ ဖမ်းခဲ့နိုင်ပါတယ်။ အဲဒီငါးကြီးကို လှေပေါ်မတင်နိုင်တော့ ငါးမန်းတွေ ၀ိုင်းဆွဲစားသောက်ခဲ့လို့ သူမိလာတဲ့ငါးဟာ အရိုးနဲ့ ခေါင်းပဲကျန်ခဲ့ပါတယ်။ သူ့စကားနဲ့ပြောရရင်တော့ ပျစ်ပျစ်နှစ်နှစ်ကြီးကို အရေးနိမ့်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဆန်တီယာဂိုကြီးက အရှုံးပေးခဲ့သလားဆိုတော့ မဟုတ်ပါဘူး။ နောက်တပွဲအတွက် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ပါတယ်။

`ငါတို့မှာ ငါးထိုးမှိန်းတချောင်း ကောင်းကောင်းရှိဖို့လိုတယ်ကွ´

ကျနော်တို့ရဲ့ဘ၀ ကာလတခုခုမှာ တစုံတခုကို ဆုံးရှုံးခဲ့ဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ ကျနော်တို့ ဘာလုပ်ကြမလဲ။ လူ၊ စိတ်ဓာတ်၊ လက်နက်။ လူရှိဖို့က အရင်ပါ။ နောက်တော့ စိတ်ဓာတ်၊ တိုက်ပွဲဝင် စိတ်ဓာတ်ရှိရင် လက်နက်ရှိလာပါလိမ့်မယ်။ တိုက်ပွဲမှန်သမျှ အညှာအတာကင်းပါတယ်။ ထိုးနှက်မှုတိုင်းဟာ ချေမှုန်းရေးအသွင် ဆန်ပါတယ်။ အရေးနိမ့်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးရေးဝါဒကို မကျင့်သုံးနဲ့။ ဘယ်သူ ဆန်တီယာဂိုကြီးလို အရေးနိမ့်ခဲ့ဖူးလို့လည်း။ လုပ်ရမှာက နောက်ထပ် ငါးထိုးမှိန်းကောင်းကောင်းတလက် ရအောင်ရှာဖို့ပါပဲ။ ဟုတ်ပါတယ်။ ကျနော်ထပ်ပြောပါမယ်။

အရေးနိမ့်မှုကြုံတဲ့အခါ ငါးထိုးမှိန်းကောင်းကောင်းတလက်ရအောင်ရှာ။

ညိုထက် (လမ်းသစ်ဦး)

Tuesday, November 18, 2008

ချစ်ရသူတို့မြေ

အဲဒီမှာ
ဒီအချိန်ဆို
တောင်တွေမှာ ရေညှိတက်နေသလိုမျိုး
တောင်ယာခင်းတွေဟာ
မစို့မပို့လေး စိမ်းနေရော့မယ်။

အဲဒီမှာ
ဒီအချိန်ဆို
တောင်ယာခုတ်သားတွေကို
မီးရှို့ထားတဲ့ပြာတွေ
မိုးရေနဲ့အတူ စီးမြောနေရာမယ်။

အဲဒီမှာ
ဒီအချိန်ဆို
ရေစိုတောင်တန်းတွေနဲ့
အရိုင်းဆန်တဲ့ မြေသင်းနံ့တွေ
ထုံသင်းမွှေးပြန့်နေရောမယ်။

အဲဒီမှာ
ဒီအချိန်ဆို
ပလိုင်းကိုယ်စီလွယ်လို့
ပေါင်းလိုက်သူတွေ
ဟင်းစားခူးသူတွေနဲ့
နိုးထ အသက်ဝင်နေရောမယ်။

အဲဒီမှာ
ဒီအချိန်ဆို
မီးခိုးလေးတွေ လူလွင့်နေတဲ့
တောင်ယာတဲကလေးတွေဟာ
သရုပ်မှန်ပန်းချီကားတချပ်လို
ဆွတ်ပျံ့လှပနေရောမယ်။

လွမ်းတယ်ကွယ် …
ဒါဟာ တနည်းအားဖြင့်၊
ကိုယ်ဟာတောသားပါကွယ် …
ဒါဟာတနည်းအားဖြင့်၊
မျှစ်တွေကို ပြုတ်ပြီးရောင်းတဲ့အရပ်က မျှစ်ဟာ
ကိုယ်တိုင်ချိုးပြီးစားရတဲ့ မျှစ်လောက်မချိုပါဘူးကွယ် …
ဒါဟာတနည်းအားဖြင့်၊
တိုက်အိမ်တွေကြားက ဖြာထွက်လာတဲ့
တိမ်ရောင်တွေဟာ
တောင်တန်းတွေကြားက ဖြာဆင်းလာတဲ့
တိမ်တောက်ချိန်လောက်မလှဘူး …
ဒါဟာတနည်းအားဖြင့်၊
နီယွန်မီးတွေ လင်းပနေတာဟာ
ဇာတ်စင်ပေါ်မီးထွန်းထားသလိုလင်းနေတဲ့
လရောင်လောက်မလှဘူး …
ဒါဟာတနည်းအားဖြင့်၊
စကားလက်က မြိုင်သာယာကို ချစ်ခင်သလိုမျိုး
မျှစ်စို့နံ့၊ တောင်ယာနံ့တွေ သင်းမြတဲ့
အရိုင်းလေကိုသာ
တ၀ရှူရှိုက်လိုက်ရရင်
ငါ့တော်လှန်ရေး ရင်ခွင်ကြီးဟာ
ဖွံ့ထွားလာလိမ့်မယ်
လွမ်းတယ်ကွယ် …
ဒါဟာတနည်းအားဖြင့်
ချစ်တယ်ကွယ် … တောင်တန်းတွေကို။

ညိုထက် (လမ်းသစ်ဦး)

ဖိုးညိုတို့ရဲ့ သူပုန်စခန်း





စက်တင်ဘာအမဲ

ပြဿနာရဲ့
စတစ်ကာတွေ ဖုံးဖိထားတဲ့ မှန်တံခါးကို
ခြေထောက်နဲ့ ကန်ဖွင့်လိုက်ခြင်းပါပဲ။

ဟော့ဒီ
မြေကျော ရေကျောထဲ
အကြမ်းဖက်မှုတွေက လမ်းမပေါ်အန်ကျလာတယ်။
စက်တင်ဘာ ၁၁
စက်တင်ဘာ ၁၈
နောက်ပြီး စက်တာဘာကြီး တခုလုံး။

အလွမ်းတွေက အမောတကော
အတိတ်ကိုလွမ်းဖို့ထက်
အနာဂတ်ကို လှမ်းရမယ်
ပစ္စုပ္ပန်ကို ထမ်းရမယ်။

နှင်းဖြူဖြူတွေ ပိန်းနေတဲ့ နံနက်ခင်းလား
ကျနော်တို့ရဲ့ နှလုံးသားက
အဲဒီ
နှင်းခါးခါးတွေကိုလည်း ခါးသည်းလှရဲ့။

နေရာင်ခြည်တွေကွန့်မြူးနေတဲ့ အာရုံဦးမှာ
အသက်တ၀ကြီး ရှူပစ်လိုက်ဖို့ပါပဲ
သိပ်အများကြီးတော့ မဟုတ်ဘူး
ရင်ဘတ်ကြီး လွတ်လွတ်ကျွတ်ကျွတ်ပွင့်ခွင့်
တခုတည်းရယ်။

ညိုထက် (လမ်းသစ်ဦး)

Friday, September 12, 2008

ကဗျာလေး တပုဒ် အကြောင်း

ပြည်တွင်းစစ်ကို ရေးတာ ကဗျာကိုယ်ထည်က ၁၉၉၄ ပါ။ ဒါပေမယ့် ကဗျာခေါင်းစဉ်ရတာကတော့ ဒီနှစ် ၂၀၀၈ နှစ်ဦးပိုင်းကမှပါ။
၁၉၉၅ ဖြစ်ရပ်တွေအောက်ကနေရခဲ့တဲ့ ကဗျာလေးတပုဒ်လည်းရှိပါသေးတယ်။ ဟိုက္ကူဆိုပြီး ရေးခဲ့တာပါ။ နောက်ပြန်စဉ်းစားတော့ ဟိုက္ကူဆိုတာ ဂျပန်မှု ကဗျာပညာ။ ဆရာကြီး မင်းသုဝဏ်က အလှမပျက် - အနက်မယွင်း မူနဲ့ လှလှပပ ပြန်ပြခဲ့လို့သာ ကျနော်တို့စွဲခဲ့ကြတာ။ ဒါ့ကြောင့် ကိုယ့်မြန်မာမှု ကဗျာပညာမှာ ၃ ကြောင်း ကဗျာတွေရှိတာပဲ။ အဲဒီအထဲထည့်ပေါ့။ ဒါဆို ကဗျာ ကာရံပုံစံမည်သို့ပင် ဖြစ်စေ။ ခေါင်းစဉ်ကတော့ ပါရတော့မယ်လေ။ ဒါပေမယ့် အဲဒီကဗျာကို အခုထိ ခေါင်းစီး မပေးနိုင်သေးပြန်ဘူး။ အဲဒီတော့ ဒီအတိုင်းပဲ ဒီမှာ တင်ထားလိုက်ဦးမယ်။ စဉ်းစားကြည့်လို့ အဆင်မပြေတော့လည်း ဟိုက္ကူလိုလို ဘာလိုလိုပေါ့မဟုတ်ဘူးလား။ ညီတို့၊ ညီမတို့လည်း ၀ိုင်းစဉ်းစားကြည့်ပါဦး။

မိုးတွေလေတွေသဲ
အမိုးပေါက်ပြဲ ရွက်ဖျင်တဲ
ဖားတွေသံစုံဟဲ။

၁၉၉၅

ကျနော့်အမြင် ဗုဒ္ဓ၀င်

ပဏာမ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသဗ္ဓုဒဿ

(၁)
ဖွားတော်မူခန်း

လောကထွဋ်ထား
မြတ်ဘုရားအတွက်
သူမ အသက်ပေးသွားသည်။

၁၄၊ ၁၁၊ ၁၉၉၈
(ရဟန်းပျိုသမဂ္ဂ စာစောင်တွင် ဖေါ်ပြခဲ့ပြီး)

(၂)
လေးတော်တင်ခန်း

သိဒ္ဓတ္ထဖြစ်ဖြစ်
ဘယ်သူပဲ ဖြစ်ဖြစ်
လူသူလေးပါး လေးစားလာအောင်
သမားဂုဏ်ပြ လုပ်ရပ်တွေ
ခင်းကျင်း ပြတော့တာပါပဲ။

၂၄၊ ၁၀၊ ၁၉၉၈

(၃)
ကြာခြည်လှပ်ခန်း

စံတော်ဝင် အဘိဓမ္မာစကားနဲ့
စံတော်ဝင်ဖြစ်ရပ်
“ပစ္စည်းမဲ့လူတန်းစားမှာ
ဆုံးရှုံးစရာဆိုလို့ သံယောဇဉ်ပဲရှိတယ်
ရရှိမှာကတော့ တကမ္ဘာလုံးဖြစ်တယ်”

၎၊ ၀၆၊ ၂၀၀၇

(၄)
တောထွက်ခန်း

……!
မိုးကြိုးဆယ်စင်း တပြိုင်တည်း ပစ်ခွင်းလိုက်သလို
သုဒ္ဓေါဒန
သွေးကြေမြစ်များ ပူပြင်းလောင်တောက်
သောက မီးတောင်ပေါက်ကွဲ
မျှော်လင့်ချက်တွေ လွင့်၊ ကွဲ၊ ဖွာရရာ
“ငါ့ အနာဂတ်ကမ်းပါး
ပြိုကျသွားပါပေါ့လား သားတော်ရယ်”

မြို့ပြလူမှု၊ ပိုင်ဆိုင်မှုတွေ
စွန့်၍စွန့်စား
စိတ်နု ကိုယ်နု ဘ၀နုဖြင့်
လောကဓံထုကို ထွင်းဖေါက်ကျော်လွှား
အလင်းသစ်စ၊ လမ်းသစ်ပြသူအတွက်
ဝမ်းသာ ၀ံ့ကြွား ဂုဏ်မယူအား။

၁၈၊ ၁၀၊ ၁၉၉၈

(၅)
ဆံတော်ပါယ်ခန်း

တော်လှန်ရေးနဲ့
မိမိကိုယ်ကို တော်လှန်ရေးရဲ့အစ
မဟာ ပစ္စည်းမဲ့ ဂေါတမလို့
မြည်းဟည်းထစေသတည်း။

၂၆၊ ၀၆၊ ၁၉၉၉

(၆)
သူ့ဇာတာသဌေးသမီး လှူဒါန်းသည့် နိုဆွမ်းဖြင့် အဓိဌာန်ပြုခန်း

ခိုင်ကြည်သတ္တိ
သမ္မာဓိနဲ့
ရပ်တည်စွဲမြဲ
တိုက်ပွဲနွှဲယူ
သစ္စာရှာသူဟာ
ရေဆန်လမ်းတော့ ဖြတ်ရမယ်။

၎၊ ၀၆၊ ၂၀၀၇

(၇)
မာရ်နတ်ကို အောင်တော်မူခန်း

မိစ္ဆာတပ်ကြီး
ဘယ်မျှဟည်းလည်း
မြေတုန်ဟီးအောင် ပြန်တိုက်မယ်။

၃၊ ၀၆၊ ၂၀၀၇

(၈)
အနန္ဒော ပနန္ဒနဂါးအား အောင်တော်မူခန်း

ဟဲ့ … ရှင်မောဂ္ဂလန်
တိုက်ပွဲ အရှိန်မြင့်စမ်း … !

သင့်တပ်ကို အမြန်ဖြန့်
လှံစွပ်တက်
ကျားထိုးလိုက်စမ်းပ။

အင်အားနဲ့ လျှင်မြန်မှုကို အသုံးချ
ရန်သူကို ခုခံချိန်မရစေနဲ့
အင်အားကို အင်အားနဲ့တိုက်တာ
သဘာဝအရ အခွင့်အရေးဖြစ်တယ်။

၂၃၊ ၀၅၊ ၂၀၀၃

(၉)
ဆွေတော်မျိုးတော်များအား တန်းခိုးတော်ပြခန်း

ဖုန်းတောင်းယာစကာ
တောထဲကလာတာ
ငချွတ်ကလေးပါလို့
ထင်ထားကြသူ လူကြီးလူကောင်းများ
ပါးစပ်အဟောင်းသား။

၂၂၊ ၀၅၊ ၂၀၀၃

ညိုထက် (လမ်းသစ်ဦး)

(ဗုဒ္ဓ၀င်အခန်းတွေက ကျန်ပါသေးတယ်။ ဒါပေမယ့် အတင်းလုပ်ကြံပြီး ရေးရတော့မယ့် ကျန်တဲ့အခန်းတွေ ကိုတော့ ဆက်မရေးဖြစ်တော့ဘူး။ ကျနော် အာရုံဝင်စားသလောက်သော အခန်းတွေကိုသာ ရေးထား လိုက်ပါတယ်။)

နှင်းခွဲကလောင်သို့ ပြန်ကြားချက်

ကမ်းလွန်လေဖြစ်မှတော့
ကျည်ကွယ်၊ မျက်ကွယ်ဆိုတာ
ရှိဦးမှာတဲ့လား။

ဒါ …
ဘယ်သူ့ကောင်းမှုပြုချက်တဲ့လဲ
ငါချစ်တဲ့ “မြစ်” တွေ
မြစ်ကျိုးအင်းဖြစ်ခဲ့ကြ။

လှည်းနေလှေအောင်း မြင်းဇောင်းမှသည်
မြေပြန့်တောင်ပေါ် ပင်လယ်ခြားမကျန်
နေအလင်း၏ နွေးထွေးမှုမရှိ
ရာသီဥတုကိုက
ထုံ
ထိုင်း
မှိုင်း
ဝေ။

ဘုရားသခင် စီရင်ပိုင်ခွင့်၊
ကံကြမ္မာ၊
အုပ်စိုးသူတွေက လုယူလိုက်တာပ။

အရှေ့ဥရောပရဲ့ နှင်းတောထဲ
ခေါင်းထိုးပြီး မအိပ်လိုက်လေနဲ့ဦး ကိုချို
ယဉ်ကျေးမှုတိုက်ပွဲအတွက်
ခင်ဗျားရဲ့ကလောင်ကို
ကျည်အပြည့်ဖြည့်
တိုက်ပွဲဝင်လိုက်စမ်းပ။

နှင်းခဲပျော်ချိန်မှာ
နေရာင်လာမယ်
ခင်ဗျားကလောင်
နှင်းခွဲကလောင်အဖြစ်
ရင်ဖွင့်ပြန်လာတဲ့အခါ
ကျနော်တို့အတူ ထမင်းလက်ဆုံစားကြမယ်
နောက်ပြီး …
လေထန်ကုန်းမှာ လက်ဖက်ရည်အတူသောက်ကြမယ်။

ညိုထက် (လမ်းသစ်ဦး)
ရိုးမ ၃ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး။

Tuesday, September 9, 2008

လက်ဖက်ရည်ဆိုင်

လက်ဖက်ရည်ဆိုင်ထိုင်သောဝါဒ အဓွန့်ရှည်ပါစေ။ ထိုကြွေးကြော်သံ တပြည်လုံးညံခဲ့ဖူးသည်။ ကျနော်တို့ကို ဖမ်းစားခဲ့ဖူးသည်။ မှန်သည်။ ကျနော်က (၇) တန်းကျောင်းသားဘ၀ ကတည်းက လက်ဖက်ရည်ဆိုင်တွေနှင့် မေတ္တာမျှနေသူ။ လေဆိုင်ဆုံ၊ ဒေါင်ဆိုင် စသည် အမျိုးမျိုးသော နာမတို့ဖြင့် လက်ဖက်ရည်ဆိုင်ကို ချစ်ရည် ရွှမ်းစွာ ကျနော်တို့ ခေါ်ခဲ့ကြဖူးသည်။

မြေစိုက်တဲသဏ္ဍာန် အခင်းအကျင်း။ ခုံပုကလေးများ တန်းစီရပ်ပြီး အမှတ်စဉ် မှတ်နေသည့်နေရာ။ “စားပွဲ နံပါတ် ၁ မှာ ချို၊ ပေါ့၊ ကျ ၅ ခွပ်နဲ့ စီးကရက်တပွဲချပေးပါဟေ့” သင်္ဂဟ၊ စိန်၊ ရွှေလည်တိုင်၊ ကမ္ဘာသစ်၊ ရွှေအိမ်စီ၊ ဆည်းဆာ ကျနော်တို့ မြို့ကလေးက လက်ဖက်ရည်ဆိုင်တို့၏ အမည်များကို ယခုတိုင်ပင် အလွတ်ရနေသေးသည်။ ထိုအချိန်များက လက်ဖက်ရည်ဆိုင်တွေမှာ ဖွင့်ထားသည့် တေးချင်းများလို ကျနော်တို့ဘ၀တွေ စည်းချက်မှန်နေသည့် ကာလများ။ ထိုအချိန်များက လက်ဖက်ရည်ဆိုင်ကို ဘိန်းစွဲသလို စွဲနေခဲ့ကြသည့် ကာလများ။ လက်ဖက်ရည်သောက်ခြင်းကိုတော့ မဟုတ်။ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းကိုသာ။ ထိုအချိန်ကတော့ ဘ၀ဆိုတာ အကျရည်များလှသည့် ဂိတ်ဆုံးပေါ့ကျ လက်ဖက်ရည် တခွက်ဟု နည်းမလည်ခဲ့ကြ။ လွန်ရောကြွံရော သူ့ရှိလှ ချိုကျလောက်ပဲလို့ ထင်ခဲ့ကြ။

ကျနော်တို့ဘ၀၏ ရဲဘော်ရဲဘက်စိတ်များကို လက်ဖက်ရည်ဆိုင်တွင် ပြုစုပျိုးထောင်ခဲ့ကြသည်။ တခွက်ရှိလျှင်ပင် အတူခွဲသောက်ခဲ့ကြသည်။ ကျနော်တို့ဘ၀များ၏ အစောဆုံးသော နိုးကြားမှုများသည် လက်ဖက်ရည်ဆိုင်တို့တွင် ခုန်ထခဲ့ကြသည်။ ကျနော်တို့ဘ၀၏ အစောဆုံး အလုပ်ရုံဆွေးနွေးပွဲများ သည်လည်း လက်ဖက်ရည်ဆိုင်တို့သာလျှင်ဖြစ်ခဲ့သည်။ ကဗျာကာရံတို့သည်လည်း စီးမျောခဲ့ကြသည်။ ဒဿန အရောင်တို့သည်လည်း တောက်ပကြကုန်သည်။ လူငယ်တို့ဘာဝ ရင်ဘတ်များသည် ပူးကပ် ကြကုန်သည်။ တဦးနှင့် တဦး ချို၊ ခါး၊ ပေါ့၊ လေး သတိပေးခဲ့ကြသည်မှာလည်း ဤသည့် နေရာသည်သာ။ စီးကရက်မီးခိုးများကဲ့သို့ လွင့်ပျယ်လွယ်လှသော အိမ်မက်နုနုများကိုလည်း ရှိုက်ဖွာခဲ့ကြဖူးသည်။ ချနင်းခံ မြေသားလို ရင့်မာလှသည့် ယုံကြည်မှုများသည်လည်း ကြေးပေါင်းထခဲ့သည်။ နောက်ဆုံး ပြောရမည်ဆိုလျင် ကျနော်တို့တောခိုပုန်ကုန်ကြဖို့ကိုပင် လက်ဖက်ရည်ဆိုင်တွင် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ကျနော်နှင့် လက်ဖက်ရည်ဆိုင် အဆက်ပြတ်ခဲ့ရသည်က လက်နက်ကိုင်တော်လှန်ရေးကို ၀င်ရောက်သည့် အချိန်မှ စခဲ့ခြင်းဖြစ်သည်။ ရံဖန်ရံခါလောက်တွင်သာ သူနှင့် ဆုံဖြစ်တော့သည်။ ပြောရလျင် ဖြစ်သွား၊ ဖြတ်လာ မြင်တွေ့ခဲ့ကြရခြင်း။ ထိုသို့ တောခဲ တောင်ထဲတွင် ရံဖန်ရံခါ တွေ့ခွင့်ရသည်ကပင် မေ့ရက်စရာမရှိ။ လရောင်၊ တောင်တန်း၊ တောစိမ်းအုပ်မှိုင်း၊ မီးဖိုဝိုင်းကြားမှ ၀ါးမှေးနံ့သင်းမြနေသည့် လက်ဖက်ရည်၊ မြို့ပြ ရင်ခုံသံတွေ အတွင်းစီး စီးနေသည့် သူပုန်ကျောင်းသားများ၊ ထိုညများက လက်ဖက်ရည်မူးပြီး အိပ်မရကြ။ လက်ဖက်ရည်ဆိုင် ဘာသာစကားတွေကို အငမ်းမရ တသသပြောကြ။ ၀မ်းတီး ပေါ့ကျ၊ မှာသံတွေက ဆပ်ပြာပူပေါင်းတွေကို မှုတ်ထုတ်လိုက်ပြီး တဖောက်ဖောက်ပေါက်ကုန်ကြသလို။ အမှန်တကယ်က ရှိသမျှ ငွေကလေး ကြေးကလေး အပိုအလျှံရှိမှ ရသလောက်ဝယ်ထားသော နိုဆီ၊ သကြား၊ လက်ဖက်ခြောက်များကို အိုးတလုံးထဲ စုပုံထည့်ပြီး ရောမွှေထားတာပါ။ ဘာကိုပဲ မှာမှာ အမျိုးတည်းကိုသာ ရပေမည်။ စေတနာ့ ၀န်ထမ်း စားပွဲထိုးတွေလည်း ပေါ်လာ။ ထိုအခင်းအကျင်းကိုကြည့်ပြီး ကြည်နူးမှုလှိုင်းတွေ တလိမ့်လိမ့်။

ကျနော်တို့ တောင်ယာကုန်လုပ်ဆက်ဆံရေးအခင်းအကျင်း စစ်မြေပြင်ကျေးလက်မှသည် ၀ိရောဓိလွင်ပြင်ဆီ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကျနော်တို့နှင့် အတူ ၀ါးခွပ်နှင့် လက်ဖက်ရည်သောက်ခဲ့ကြသူတွေ အတော်များများ မရှိကြတော့ပြီ။ တချို့ ရန်သူစစ်အုပ်စုကို တော်လှန်ပုန်ကန်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံး ခဲ့ကြ။ တချို့လည်း ယုံကြည်ချက် အလှမ်းကြဲလို့ ကိုယ့်မြေပုံကိုယ်ရေးဆွဲပြီး ခရီးဆက်ကုန်ကြ။ တချို့ကတော့ ဦးလည်မသုန်။

မြစ်တခုတွင် ရေ ၂ ခါချိုး၍မရ။ အခြေအနေတွေက ပြောင်းလဲလာသည်။ အပြောင်းအလဲများနှင့် ပတ်သက်၍ ကိုယ်တိုင်ပင် ရင်သပ်ရှု့မော။ လက်ဖက်ရည်တွေက အသင့်ဖျော်၍ရသော ယဉ်ကျေးမှု ဘ၀သို့ တိုးတက် ပြောင်းလဲသွားသည်။ မီဒီယာလှိုင်းစီးရင်း အင်တာနတ်ကာဖီး ဆိုတာတွေ ပေါ်လာသည်။ လက်ဖက်ရည်နှင့် ကော်ဖီကိုမရောင်း သတင်းနှင့် ဆက်သွယ်ရေးကို ရောင်းသည်။ မြန်မာပြည်မှာကိုက လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်သည့် ယဉ်ကျေးမှုရှိနေပြီ။ မစ္စတာဂစ်တာလို အနုပညာတွေနဲ့ ခုန်လှုပ်နေတဲ့ ကာဖေး ဆိုင်တွေ၊ ခေတ်မီသပ်ရပ်တဲ့ ကော်ဖီဆိုင်တွေပေါ်လာပြီ။ အကန့်အသက်ကြီးမားတဲ့ အင်တာနက် ကာဖီးဆိုတာတွေလည်း ပေါ်နေခဲ့ပေပြီ။ သို့သော် လူထုဘ၀နဲ့တော့ ကင်းဝေးနေဆဲ။ လူထုကတော့ လမ်းဘေးဆိုင်တွေမှာပဲ အဖန်ရည်များလှတဲ့ ဘ၀ပေါ့ကျလက်ဖက်ရည်တွေကို သောက်နေရဆဲ။ မိသားစုရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးသတင်းဖလှယ်မှုများ ခေတ်ပြိုင်ပြေးလွှားနေဆဲပင်။

တိုင်းပြည်ကလည်း ကတိမ်းကပါး။ ဗမာပြည်ဖွား တိုင်းရင်းသားများ အစုလိုက် အပြုံလိုက် တောပြောင်းနေကြ သောကာလ။ ဗမာပြည်ရဲ့ အခြေခံလူထု လူတန်းစားအတော်များများ ထိုင်းနိုင်ငံထဲမှာ။ ကြုံရာကျပန်း။ ဘ၀နဲ့ ရင်းပြီး ၀မ်းစာကို ဖြည့်တင်းနေရ။ ဘ၀တွေ အနာကြီးနာ။ ဇာတိပုည ဂုဏ်မာနတွေ ရေစီးကမ်းပြို လိုက်နေကြရ။

ဤသို့ဖြင့် တောခိုကျောင်းသားများနှင့် တောပြောင်းဗမာပြည်သားများ အမှတ်တခုတွင် ဆုံတွေ့ ကြတော့သည်။ ထိုဆုံမှတ်တွင် ထိုင်း - ဗမာ ကပြား လက်ဖက်ရည်ဆိုင်များရှိသည်။ ယဉ်ကျေးမှုတွေက ပြောင်းကုန်ပြီ၊ မတ်တပ်ခုံတွေက အများစု။ ထို့အတူ ဗမာပြည်သား အလုပ်သမားတွေရဲ့ ဘ၀ကိုယ်၌ကလည်း မိုးတိုးမတ်တက်။ ဟန်ကျပန်ကျ ထိုင်ရသည်ဟူ၍ မရှိ။ ကျပ်တည်းလှသည့် မြန်မာအလုပ်သမားတို့၏ ဘ၀တွေထဲကို မကျယ်ဝန်းလှတဲ့ လက်ဖက်ရည်ဆိုင်တို့ ပေါင်းစပ်မိတော့သည်။
အပြောင်းအလဲကြီး ပြောင်းလဲနေသည်ကတော့ အမှန်။ ဒီမှာကတော့ ကာရာအိုကေပါ ဆိုလို့ရသော လက်ဖက်ရည်ဆိုင်ပင်ရှိသည်။ ကက်စက်တိပ်ခွေနေရာမှာ ဗီစီဒီဓါတ်ပြားတွေ ၀င်ရောက်လာပေပြီ။ တချို့ဆိုင်များဆိုလျင် ညဘက်အထိဖွင့်သည်။ ထိုဆိုင်များတွင် ညဖက်ဆို ဗီဒီယိုဇာတ်ကားပြသည်။ မြန်မာ အလုပ်သမားများ တနေ့တာ ဘ၀အမောတွေကို လက်ဖက်ရည်ဆိုင်မှာ အကြောလျော့သည်။

မဲဆောက်ဈေးတန်းထဲက လက်ဖက်ရည်ဆိုင်လမ်းကြားက ကျော်ကြားလှသည်။ ရှုပ်ထွေးမှုများဖြင့် စည်ကား သည်ဟုပင် ပြောရမည်လားမသိ။ ဘ၀တွေ လုံးထွေးရစ်နှောင်နေကြသည်က အမှန်။ ကာရာအိုကေ ဆိုသံတွေလည်း ဝေစည်လှသည်။ ဒီလမ်းကြားကို ထိုင်းရဲများကလည်း မကြာခဏဆိုသလို ၀င်ဖမ်းလေ့ ရှိသည့် နေရာ။ ၄၈ ကီလိုဆိုသည် ထိုင်းရွာမှာပင် မြန်မာလက်ဖက်ရည်ဆိုင်က ၃ ဆိုင်လောက်ရှိသည်။ ညဖက်ဆို လက်ဖက်ရည်ဆိုင်ကလေးများတွင် အလုပ်သမားများစုဆုံကြပြီ။ တနေ့လုံး လုပ်ငန်းခွင်ထဲက ပင်ပမ်းခဲ့သမျှ ညဖက်မှာ နားနားနေနေ လက်ဖက်ရည်သောက်ကြပိး ဇာတ်လမ်းကြည့်ကြသည်။

သတင်းနည်းပညာခေတ်ဟု ၀ိဂြိုလ်ပြုနေကြသော်လည်း အခြေခံလူထုအတွက်ကတော့ အလှမ်းဝေး နေဆဲပင်။အင်တာနက် ကာဖီးလို နည်းပညာဆက်သွယ်ရေးစနစ်ကို ကျနော်တို့လူထု မတတ်နိုင်။ ကျနော်တို့ လူထု၏ ဆက်သွယ်ရေးစနစ်က ဒူးတိုက်သတင်းဖလှယ်သည့် စနစ်။ ထိုစနစ်ကို အသုံးများသည့်နေရာက လက်ဖက်ရည်ဆိုင်များပင် ဖြစ်သည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်သည် မီဒီယာစင်တာလည်း ဖြစ်နေတော့သည်။

လက်ဖက်ရည်ဆိုင်တို့၏ အနေအထားနှင့် ကျနော်တို့ဘ၀ကို တွဲချည်စဉ်းစားနေရာက အပြောင်းအလဲများကို သတိထားမိလာသည်။ အပြောင်းအလဲများက အထွေထွေ။ ခေတ်တွေ၊ ဘ၀တွေ၊ ယုံကြည်ချက်တန်ဖိုးတွေ။ လူတွေ။ ထိုအပြောင်းအလဲများထဲတွင်မှ လက်ဖက်ရည်ဆိုင်များက ပျော့ပြောင်းမှုရှိစွာ လိုက်ပါနေခဲ့သည်။ လက်ဖက်ရည်ဆိုင်များထဲတွင် ခေတ်ရဲ့ ဘ၀အမောတွေရှိသည်။ လူငယ်တွေရဲ့ လှိုင်းတံပိုးတွေရှိသည်။ လူငယ်တွေရဲ့ အိပ်မက်တွေရှိသည်။ ဘ၀ပြဿနာတွေရှိသည်။ ရင်းနှီးပွင့်လင်းမှုတွေရှိသည်။ ရဲဘော် ရဲဘက် စိတ်တွေရှိသည်။ ဝေဖန်သုံးသပ်မှုတွေ ရှိသည်။ လက်ဖက်ရည်ဆိုင်ထိုင်သည့်ဝါဒက ဆက်လက်ရှင်သန်နေဦး မည် ဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)
ရောင်ခြည်ဦး အလုပ်သမားစာစောင် အတွဲ ၁၊ အမှတ် (၆) တွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

အနုလုံ ပဋိလုံ

မနာကျင်ခဲ့ပါဘူး
လှုပ်ရှားစစ်၊ အခြေခံဒေသ၊ တောင်ယာကျေးလက်။

“ယာတောရဲ့အလယ်
ငါပြောမယ်ရွှေရှင်ဘုရင်ရဲ့ … နင်ဆင်ခြင်ဦး” ဆိုပြီး
တရားပြ နားမချခဲ့ပါဘူး
သေနတ်နဲ့သာ နိုင်ငံရေးစကားပြောခဲ့တယ်
စစ်မြေပြင်ကျေးလက်မှာ။

အခုတော့လည်း …
နံ၊ ထိ၊ ကြား၊ သိ ရတာတွေ
ဟိုတကွေ့၊ ဒီတကွေ့နဲ့ ကိုယ်တွေ့တွေ
အမြီးအမောက်မတည့်တာတွေ
စည်းပေါက်ခဲ့တာတွေ
ဘ၀အပေါ် ဖားဥစွဲသလို များလွန်းလှပါပြီ။

ဂက်စ် (GAS) ကုန်သွားလို့ လွင့်ပြစ်ခဲ့ရတဲ့ မီးချစ်တွေလည်း
များလွန်းလှပါပြီ။
ဟာမိုနီမဆိုတက်လို့ အလှည့်ကျစာရင်း ပါယ်ဖျတ်ခံလိုက်ရတဲ့
စင်ပေါ်ဂီတပွဲတွေလည်း
များလွန်းလှပါပြီ။
ညှိရင်းပျက်ခဲ့ရတဲ့ ဂစ်တာကြိုးများသည်လည်းကောင်း
သင်မကောင်း၍ ကျွန်ုပ်ဆိုးခဲ့သော အကြိမ်များသည်လည်းကောင်း
ကျွန်ုမကောင်း၍ သင်ဆိုးခဲ့သော အကြိမ်များသည်လည်းကောင်း
မူးပြီးမှောက်ခဲ့သော အကြိမ်များသည်လည်းကောင်း
ရူးပြီးဖောက်ခဲ့သော အကြိမ်များသည်လည်းကောင်း
များလွန်းလှပါပြီ။

များလွန်းလှပါပြီ … များလွန်းလှပါပြီ …
… တကယ့်ကို များလွန်းလှပါပြီ။

ဒါဟာ … ဘ၀ဆိုတာပါပဲလေ။

ဘ၀ဆိုတာ
ဆေးပေါင်းခနေတဲ့ တန်ဆောင်မုန်းလပြည်ည မဟုတ်။
ဆေးစားမှားတဲ့ညတွေကတော့
ငါ့ပင်စည်မှာ ကျီးပေါင်းထခဲ့ချေပြီ။

ကြမ္မာငင်မှုအမှားပါလို့
ထမင်းရည်ပူကို လျာလွှဲလိုသူမဟုတ်ပါဘူး။

အခုတော့
မြေနိုမ့်သူမှာ လှံအစင်းပေါင်းများစွာ
လောကဓံရေ …
အချိုးခံရတာချင်းအတူတူ
မျှစ်လိုမျိုး ရှာဖွေချိုးရတဲ့ဘ၀မျိုး
ရလိုက်ချင်စမ်းပါဘိ။

ကွယ် …
သံဝေဂတရားတောင်မှ
လွတ်မြောက်စွာ ပွားများလို့မရတော့ပါလားကွယ်။

ရှေးဦးလူသားတွေ
အပြည့်ကိန်းကို ရှာဖွေတွေ့ရှိသလိုမျိုး
အံ့သြမှုတွေ တွန်းမိ၊ တိုက်မိ။

တကယ်တော့လည်း
ကျေးလက်ရိုးသားမှုကို ချစ်ခင်ရင်း
တဘက်မှာ ရေတိမ်နစ်နေရတာလောက်
ဇာတ်နာတာ
ဘာရှိဦးမှာလည်းလေ။
(ခွင့်လွှတ်ပ ရဲဘော်အောင်နိုင်ထွန်းတို့ရေ …)

တောင်ယာတခင်း စပါးကောင်းဖို့ဆိုတာ
မီးလောင်ကောင်းဖို့လည်းလို
ပေါင်းလိုက်နိုင်ဖို့လည်း လိုသတဲ့။
ငါ့စပါးခင်းညံ့နေတာ
မီးလောင်မနာခဲ့လို့လား
ပေါင်းမနိုင်လို့လား
ရာသီဥတုကိုလည်း ထည့်စဉ်းစားရမယ်။

အဲဒီလိုနဲ့
ပဋိပက္ခရဲ့ အနှံအပြားတည်ရှိမှုကိုသော်လည်းကောင်း
မတူတဲ့ပဋိပက္ခကို မတူသည့်နည်းနဲ့ ဖြေရှင်းခြင်းကို လည်းကောင်း
နာကျင်စွာ သင်ကြားတတ်မြောက်ခဲ့။

အထီးကျန်ခြင်းကိုယ်၌ကလည်းပဲ
လွမ်းစရာကောင်းမနေပေဘူးလား ဥသြငှက်ငယ်ငဲ့
ငါလည်းပဲ
ငါ့အလွမ်းတွေကို သံစဉ်လုပ်ကြည့်တယ်
သာယာပီပြင်တယ်လို့ကို မရှိပါလားကွယ်။

ဘ၀ဆိုတာ
ဘ၀ကို ထောင်ထားခြားနားနိုင်မှ
ဘ၀ပီသမှာပလေ။

ဒီဘ၀ထဲ
အသိုင်းအ၀ိုင်းနည်းသူတွေဟာ
ဆိုင်းဝိုင်းထဲက ပတ်မကြီးလို
အထုအထောင်းခံရတာပါမယ်၊
(အခန့်မသင့်ရင်)
မင်းသားကြီးမလုပ်ရသူတွေက
ဓားနဲ့ ထိုးခွဲတာကိုလည်း
မရူနိုင်၊ မရှိုက်နိုင် ခံရနိုင်ပါသေးတယ်။

ပန်းအသေတွေလို
စမ်းရေမှာ ငါတို့ဘ၀တွေပေါလောမျောတော့
ပန်းလှေလေးတွေလှလိုက်တာလို့
မြိန့်မြိန့်ကြီး ပြုံးပြီး ပြောတာကိုလည်း မြင်ရကြားရပါလိမ့်မယ်။

သူလိမ်နေတာကိုယ်သိပေမယ့်
ကိုယ်လိမ်တာသူမသိအောင်
ပိပိရိရိ အလိမ်ခံပေးလိုက်ရတာတွေပါမယ်။

သူ့ကိစ္စအပြီးမှာ
သွားကြားထိုးတံလို လွှင့်ပစ်ခံရတာတွေပါမယ်။

သူငယ်ချင်းအရောင်များရေ
တို့ဘယ်လောက်များ စိတ်ကူးယဉ်ခဲ့ကြသလဲ
တော်လှန်ရေးမှာလည်း
တော်လှန်ရေး အနိဠာရုံဆိုတာ ရှိတာပလေ။

လောကဓံကိုလည်း ပေါင်းရဲ၊ သင်းရဲရမယ်၊
ကိုယ့်ကိုကိုယ်လည်း ထောင်ထားခြားနားရဲရမယ်၊
ငှက်ဖျားပိုးတွေ မိုးလိုရွာနေတဲ့ ကျွန်းပွင့်ချိန်မှာလည်း ရှင်သန်ရဲရမယ်။

ချော်လဲလို ရောထိုင်ရင် မြေကိုင်ရုံရှိမှာပ။

ကြီးမြတ်သူဖြစ်ချင်ရင်
ကြီးကျယ်တဲ့ ရင်ဘတ်ရှိရပေမပေါ့
ငါလိုချင်တာ ဒါပဲ။

တဘသ၀ကို
ရိုးသားခြင်းနဲ့ ပါးနပ်ခြင်း
ဘယ်နှစ်အောင်စစီ စပ်ဟပ်သင့်သလဲဆိုတဲ့ကိစ္စ
ငါတို့ ထည့်တွက် စဉ်းစားစရာမလို
မီးသီးဆိုတာ
အကြိမ်ပေါင်းနှစ်ထောင်လောက်မှားပြီးမှ ဖြစ်ခဲ့တာ။

ဖြစ်ခဲ့တာမှန်သမျှ ဖြတ်ခဲ့ရတယ်။

ငါ့စိတ်ကူးစိတ်သန်းတွေဟာ
နှေးနှေးလိမ့်လိမ့် တွားသွားနေဆဲ
ပြန်ကျမိုးတွေ ရွာချနိုင်ဖို့
နှေးနှေးလိမ့်လိမ့် တွားသွားနေဆဲ။

သရုပ်မှန်ဝါဒကို ချစ်တယ်။

ငါဟာ
ရေသောက်မြစ်တခုလို
ထုနဲ့ ထည်နဲ့ ပတ်ချာလည် ဖိအားတွေကြားက
ဖွံ့ထွားနေတာဖြစ်တယ်။

ဗူးလေးရာ ဖရုံဆင့်ဆိုသလို
အမှားအယွင်းတွေ သီးပွင့်ခဲ့ဖူးတယ်။

ကွယ် …
လောကဓံဆိုတာလည်း
အထက် ၄ ပါး၊ အောက် ၄ ပါးနဲ့ ဖွဲ့စည်းထားတာမဟုတ်လား။

နေတွေ၊
လတွေ
မိုးကြိုးတွေ၊
မုန်တိုင်းတွေစုံမှ
လောကပီသမှာပလေ။

ရဲဘော်ဗဟိန်းထက်ရေ …
အဲဒီလို ကံနာ ၀ဋ်နာတွေနဲ့
ဒါဏ်ရာတွေပေပွနေတဲ့ မင်းအဖေမှာကလည်း
ရူးသွပ်မှုကြီး ၂ ခုက ရှိသေးသကွယ့်။
တခုက
တဘ၀စာ ထုဆစ်ခဲ့သမျှ ကဗျာတွေကို
ရွှေတိဂုံဘုရားမှာ ဌာပနာထားချင်တဲ့ကိစ္စ၊
နောက်တခုက
သူပုန်မှော်အောင်ချင်တဲ့ ကိစ္စ။

ညိုထက် (လမ်းသစ်ဦး)
(သစ္စာ တော်လှန်ရေးစာပေမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

Monday, September 8, 2008

ညတိုက်ပွဲ

ညိုထက် (လမ်းသစ်ဦး)

ကျနော်တို့ဟာ
သတ်မှတ်ထားတဲ့ ‘၆ လုံး’ရောက်ဖို့
သဘောတရားလမ်းညွှန်ချက်တွေနဲ့အညီ
နေ့ရော ညပါ ချီတတ်ခဲ့ကြ။

ခြုံခိုတိုက်ပွဲနဲ့တွေ့တဲ့အခါ
ကျနော်တို့ဟာ
စစ်ကြောင်းလျောက် ချီတတ်နေရသူပီပီ
ခုခံကာကွယ်ရေးကိုသာ ပြင်ဆင်နိုင်ခဲ့
အဓိက က
‘မပည’ မပျောက်ဖို့မဟုတ်လား။

ညတိုက်ပွဲတိုက်တဲ့အခါ
လူမှားပြီး မပစ်ဖို့အတွက်
သေနတ်သံကိုခွဲခြားတက်ရမယ်
အရေးကြီးဆုံး‘ညစာ’ကို မှတ်မိနေရမယ်။

တရားအရတော့
ကိုယ်က သူ့ကို မတိုက်ရင်
ကိုယ့်ကို သူက တိုက်သတဲ့။

အေးဗျာ
ညံ့တယ်ပဲပြောပြော
တဘက်ရဲ့သေနတ်သံ ဒိုင်း ခနဲညံ
သူ့ရဲ့ပြောင်းဝက ဖြာ ခနဲမီးပွင့်မှ
ပြန်ပြန်ပစ်ခဲ့ရ
အဓိက က
‘၆ လုံး’ မှာ ‘ရောင်နီပြ’ ဖို့ပဲမဟုတ်လား။

ညိုထက် (လမ်းသစ်ဦး)

၆ လုံး။ ။ စစ်တပ်သုံးစကား
တိုက်ခိုက်သိမ်းပိုက်ရမည့် ရည်မှန်းချက်နေရာအား မြေပုံပါ ဂဏန်း ၆ လုံးဖြင့် ဖေါ်ပြခြင်း။ တနည်း မြေပုံညွှန်း
မပည။ ။ စစ်တပ်သုံးစကား
မြေပုံညွှန်း
ညစာ။ ။ စစ်တပ်သုံးစကား
ညတိုက်ပွဲများတွင် လူမမှားစေရန်ပေးထားသည့် စကားဝှက်
ရောင်နီပြ။ ။ စစ်တပ်သုံးစကား
ရောက်ရှိပြီ

အနှစ် ၂၀ ထဲက ကျောင်းသားတပ်မတော်

ညိုထက် (လမ်းသစ်ဦး)

ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ်၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) . အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။ ကျနော်က ABSDF (ကျောင်းသားတပ်မတော်) ပထမမျိုးဆက် ဖြတ်သန်းခဲ့သည့် ခရီးလမ်းကို စေ့ငုနေမိသည်။ အနှစ် ၂၀ သို့ ဒုတ်ဒုတ်ထိရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။

ABSDF ပထမမျိုးဆက်၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ ---

ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။

- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိနေ သော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်းနိုင်ခဲ့သည်။

- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော်သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင် နိုင်ခဲ့သည်။

- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိနိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈ ။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည်ခံယူကာ နေ၀င်း စစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင်တော်လှန်ရေးကြီးကို အောင်မြင်သည် အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်းဖွဲ့စည်းခဲ့နိုင်ခဲ့သည်။

- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့်ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသားနိုင်ငံရေး လမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေး လမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။

- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြောသဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။

- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။


ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက်. အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခ္စာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည် ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ ရေး မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။

- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိ ရေးအတွက် ဆင်နွှဲသည့်စစ်ဆင်ရေးဖြစ်သည်။ တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲ လက်ယာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂုဏ်သိက္ခာတက်စေခဲ့သည်။ ဤသည်လည်း ABSDF ပထမမျိုးဆက်၏ကောင်းမှုဟုပင် ယူသော်ရမည် ထင်သည်။

ABSDF ၏ အနှစ် ၂၀ ခရီးမှ အရေးကြီးမည်ထင်သည့် ဖြစ်စဉ်အစိတ်အပိုင်းတချို့အား ပြန်ကြည့်ဖြစ်သည်။ ၁၃၅၀ ပြည့် အရေးတော်ပုံတွင် ဗကသ အား လူသိရှင်ကြား ဖွဲ့စည်းလိုက်နိုင်သည်။ အရေးတော်ပုံအတွင်း လူထု. အကြမ်းမဖက် သပိတ်တိုက်ပွဲ ပြင်းထန်မြင့်မားလာသည်နှင့်အမျှ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှု ကလည်း ပြင်းထန်မြင့်မားလာသည်။ ရန်သူစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို မခံမရပ်နိုင်ဖြစ်လာသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူတရပ်လုံးက အမြင့်ဆုံးတိုက်ပွဲ ကြွေးကြော်သံဖြင့် တခဲနက် တိုက်ပွဲ ခေါ်ခဲ့သည်။ “ရ ရင် ရ။ မရရင် ချ” ထိုကြွေးကြော်သံသည် ရန်သူစစ်အုပ်စု အကြောက်ဆုံးသော တိုက်ပွဲ ခေါ်သံပင်။ စစ်အုပ်စုက အချိန်မဆိုင်းပဲ အရေးတော်ပုံကို အင်အားသုံးဖြိုခွဲခဲ့သည်။ ထိုသို့ဖြင့် ၁၃၅၀ ပြည့် အရေးတော်ပုံသည် တပါတီ စစ်အ္စာာရှင်ဖြစ်သော မဆလအား ဗမာပြည်မြေပေါ်မှ ရှင်းလင်းဖယ်ရှား လိုက်နိုင်သည့် တစိတ်တပိုင်း အောင်မြင်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ သို့သော် ၁၃၅၀ ပြည့်အရေးတော်ပုံ က ကောင်းမှုတွေတော့ ထားခဲ့နိုင်သည်။ ပါတီစုံဒီမိုကရေစီစနစ်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။ ဗမာပြည် ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်။ နောက်ဆက်တွဲအနေဖြင့် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်။

ABSDF (ကျောင်းသားတပ်မတော်)။ ၁၃၅၀ ပြည့် အရေးတော်ပုံသည် အထွေထွေလူထုတိုက်ပွဲဖြစ်သလို ကျောင်းသားတိုက်ပွဲ အဖြစ်လည်း ကမ္မည်းတွင်သည်။ တစိတ်တပိုင်းအောင်မြင်မှုများဖြင့် အရေးတော်ပုံ အဆုံးသတ်သွားသောအခါ တိုက်ပွဲဝင် ကျောင်းသား လူငယ်များစွာ တောခိုခဲ့ကြသည်။

တောခိုကျောင်းသားလူငယ်များသည် ၁၃၅၀ ပြည့် အရေးတော်ပုံမျိုးဆက်အဖြစ် အခိုင်အမာ ရပ်တည် ခဲ့သည်။ ၁၃၅၀ ပြည့်အရေးတော်ပုံကို အမွေဆက်ခံခဲ့ကြသည်။ ကျောင်းသားလှုပ်ရှားမှု။ ဗကသ အစဉ်အလာအား ဆက်ခံခဲ့ကြသည်။ (ကျောင်းသားသမဂ္ဂ၏ အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံ ကိုလွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) အရေးတော်ပုံ. တိုက်ပွဲဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ သွေးဖြင့်ရေးသည့်အမိန့် “ရ ရင် ရ။ မရ ရင် ချ” ကို နာခံဆက်ခံပြီး “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)”ကို ဖွဲစည်း ထူထောင်ခဲ့ကြသည်။

ABSDF အနှစ် ၂၀ သမိုင်းအတွင်း တိုက်ပွဲသဏ္ဍန်ဆိုင်ရာ အချင်းပွားမှုများစွာ ဖြစ်ခဲ့ရသည်။ အထက်တွင် တင်ပြခဲ့သည့် သမိုင်းဆိုင်ရာ မုချတရားအရ ကျနော့်အမြင်ကို တိုက်ရိုက်တင်ပြပါမည်။ ABSDF အား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှ သွေဖီစေရန်နှင့် အားနည်းစေရန် ကြိုးစားသူသည် လုံးဝ အမှားကျူးလွန်သူ ဖြစ်သည်။ တစိတ်တပိုင်းမျှကြိုးစားသူသည်လည်း လုံးဝအမှားကို ကျူးလွန်သူပင် ဖြစ်သည်။ ထို့ပြင် ၁၃၅၀ ပြည့် အရေးတော်ပုံနှင့် အရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် အထောင်အသောင်းကို သစ္စာမဲ့ဖေါက်ပြန်ခြင်းလည်း ဖြစ်သည်။

ကျောင်းသားတပ်မတော် ဘာလဲ။ ဘယ်လဲ ယတိပျက်ရွေးချယ်ရမည့် တိုက်ပွဲကိုလည်း အနှစ် ၂၀ ခရီး အတွင်း ကျနော်တို့ ရင်ဆိုင်ခဲ့ရသေးသည်။ ၂၀၀၀ ပြည့်နှစ် - လမ်းကြောင်း ၃ သွယ်။

ထိုကိစ္စသည် ကျောင်းသားတပ်မတော်အတွက် ကိစ္စကြီးဖြစ်သည်။ အမှားအယွင်း အတိမ်းအစောင်း မခံသည့် ကိစ္စကြီးလည်း ဖြစ်သည်။ ထိုကိစ္စ၏ဇစ်မြစ်သည် ကာလရှည်ကြာကတည်းက အစပြုခဲ့ခြင်း ဖြစ်သော်လည်း လတ်တလောဖြစ်ရပ်အဖြစ် ၉ လေးလုံးလျောမွေးဟု ယူဆသည်။ ABSDF ပထမမျိုးဆက် သည် မီဒီယာအားကိုးဖြင့် ၉ လေးလုံးကို လှုံ့ဆော်ခဲ့သည်။ လျောမွေးဖြစ်သွားသောအခါ နိုင်ငံရေး ကုန်သွားသည်။ ထိုအခါ ထွက်ပေါက်ရှာကြတော့သည်။ ထက်ပေါက်ရှာသည်က အကြောင်းမဟုတ်။ ကျောင်းသားတပ်မတော်အား နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲမည်ဟုဆိုလာသောအခါ တရားအရ။ အစဉ်အလာအရ ပြန်လည်သုံးသပ်မှုများ လုပ်လာရသည်။ ခုခံကာကွယ်မှုများ လုပ်ရတော့သည်။

နိုင်ငံရေးတောင်ပံ (Political wing) စစ်ရေးတောင်ပံ (Military wing) ခွဲခြင်းသည် ABSDF (ကျောင်းသားတပ်မတော်) အား နိုင်ငံရေးအဖွဲ့အစည်း တခုအောက်သို့ သွပ်သွင်းလိုခြင်း ဖြစ်သည်။ ယင်းသည် ကျောင်းသားအစဉ်အလာ။ ဗကသ အစဉ်အလာနှင့် ဆန့်ကျင်သည်။ ABSDF ၏ သီးခြား လွတ်လပ်သည့် အမျိုးသားနိုင်ငံရေးအင်အားစုအသွင်ကို ဖျက်ဆီးခြင်းဖြစ်သည်။ ကျောင်းသားလှုပ်ရှားမှု အစဉ်အလာ။ သမဂ္ဂ အစဉ်အလာတွင် နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုခု၏ လက်အောက်ခံလုပ်ခဲ့သည်မရှိ။ သီးခြားလွတ်လပ်သည့် အမျိုးသားနိုင်ငံရေး အင်အားစု။ လှုပ်ရှားမှုအဖြစ်သာ တွေ့မြင်ရသည်။ အာဏာရ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်ဖြစ်စေ။ မဖြစ်သည်ဖြစ်စေ တူလျင်တွဲလုပ်သည်။ မတူလျင် ခွဲလုပ်သည်။ လူထုအကျီုးစီးပွား။ ကျောင်းသားထုအကျိုးစီးပွားနှင့် ဆန့်ကျင်လာလျင် တိုက်ပွဲဝင်သည်။

ABSDF (ကျောင်းသားတပ်မတော်) သည် ၁၉၂၀ ကတည်းကစတင်ခဲ့သည့် ဗမာပြည်ကျောင်းသား လှုပ်ရှားမှုနှင့် တဆက်တစပ်တည်း ဖြစ်သည်။ စစ်ကြောင်း တကြောင်းတည်း ဖြစ်သည်။ သမဂ္ဂ အစဉ်အလာကို အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။ (ကျောင်းသားသမဂ္ဂ. အစဉ်အလာအတိုင်း ခွပ်ဒေါင်းအလံကို လွှင့်ထူကာ “ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၃ မှ”) ကျောင်းသားတပ်မတော်သည် ကျောင်းသားသမဂ္ဂ အစဉ်အလာအတိုင်း လွတ်လပ်သည့်အဖွဲ့အစည်းဖြစ်ကြောင်းကိုလည်း ABSDF ၏ ကြေညာစာတမ်းဟု ဆိုရမည်ဖြစ်သည့် ABSDF ကြေညာချက် (၁) အပိုဒ်ခွဲ ၂ ၌ “ကျွန်ပ်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးသည် မည်သည့်နိုင်ငံရေးပါတီ မည်သည့်တော်လှန်ရေးအင်အားစုများ. လွှမ်းမိုးမှုမရှိပဲ လွတ်လပ်စွာ ဖွဲ့စည်းခြင်းဖြစ်သည်” (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၂ မှ) ဟု အတိအလင်း ကြေညာထားခဲ့သည်။

ကျနော်တို့က ထိုတရားနှင့်အညီ ABSDF (ကျောင်းသားတပ်မတော်) ၏ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် အလံအား အခက်အခဲများစွာဖြင့် လွှင့်ထူချီတတ်ခဲ့ကြသည်။ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ကျောင်းသားတပ်မတော်၏ နိုင်ငံရေးလမ်းကြောင်း။ သမိုင်းလမ်းကြောင်းသည် အကြီးအကျယ် ချိုးကွေ့သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဖောက်ပြန်၍ လက်အောက်ခံဖြစ်သော အစဉ်အလာသို့ ထိုးစိုက်ကျဆင်းသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့ အရေးနိမ့်ခဲ့ပါက ခွပ်ဒေါင်းကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက နယ်ချဲ့ ဆန့်ကျင်ရေး။ ဖက်ဆစ်တိုက်ဖျက်ရေး။ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်တွင် ကျဆုံးခဲ့လေပြီးသော ကျောင်းသားအာဇာနည်အထောင်အသောင်း၏ ကြိမ်စာသင့်ပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့် ခဲ့ပါက အစဉ်အလာ ကျောင်းသားလှုပ်ရှားမှု ။ ကျောင်းသားသမိုင်းနှင့် ကင်းကွာ၍ ဖောက်ပြန်သော ကျောင်းသား အင်အားစု ဖြစ်သွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည် ကျောင်းသားထု တရပ်လုံးနှင့် ကင်းကွာသွားပေမည်။ ထိုတိုက်ပွဲတွင် ကျနော်တို့အရေးနိမ့်ခဲ့ပါက ဗမာပြည် ကျောင်းသားလှုပ်ရှားမှုအားလုံး၏ လက်နက်ကိုင်တော်လှန်ရေး စစ်ကြောင်းအဖြစ်မှ ရှက်ဖွယ်လိလိ သွေဖယ် သွားပေမည်။

ယခုအနှစ် ၂၀ အတွင်း နိုင်ငံရေးမှနှ်ု ABSDF (ကျောင်းသားတပ်မတော်)သည် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ခဲ့သည်ဆိုလျင် ထိုလောကဓံကို အနိုင်တိုက်နိုင်ခဲ့၍သာဖြစ်သည်။ ကြေညာချက် (၁) မှ စတင်ကာ တနိုင်ငံလုံးသို့ပေးထားသော နိုင်ငံရေးကတိက၀တ်ဖြစ်သည့် လက်နက်ကိုင်တော်လှန်ရေးကြီး ကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) ဆိုသည့် နိုင်ငံရေးအာမခံချက်အား ယနေ့တိုင် ဦးလည်မသုန်ထမ်းရွက်ခှဲု့သာ ဖြစ်သည်။ အနှစ် ၂၀ သို့ရောက်၍ ABSDF ၏ ပထမမျိုးဆက်ခေါင်းဆောင်မှု အများစုအား ပြန်လှည့်ကြည့်သောအခါ သူတို့ မရှိကြတော့။ သူတို့မရှိတော့သော်လည်း ABSDF (ကျောင်းသားတပ်မတော်) က ဆက်လက်၍ ၁၃၅၀ ပြည့် အရေးတော်ပုံ၏ မပြီးဆုံးသေးသည့်တာဝန်။ ကျောင်းသားထုတရပ်လုံး၏ ဒီမိုကရေစီရေးတာဝန်များအား ပခုံးထမ်းတာဝန်ယူလျက်ပင်ရှိသည်။ ကျနော်တို့တွင် ပုဂ္ဂိုလ်ရေးမရှိ။ ကျနော်တို့တွင် မူနှင့် အစဉ်အလာ သာရှိသည်။ ABSDF (ကျောင်းသားတပ်မတော်) တွင် ကျရာတာဝန်များအား ထမ်းဆောင်လျက်ရှိသည့် ပထမမျိုးဆက်ဝင်များ ဆက်လက်၍ ရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ထိုရဲဘော်များကိုတော့ဖြင့် ကျနော်တို့ အလေးအမြတ်ပြုသည်။ ABSDF (ကျောင်းသားတပ်မတော်)၏ မူကို နာခံသူ။ ကတိက၀တ်ကို လေးစားသူ။ အစဉ်အလာကို လေးနက်သူများအဖြစ် အလေးအမြတ်ပြုခြင်းဖြစ်သည်။

ဗမာပြည်အဖိနှိပ်ခံတို့၏ တော်လှန်သော ဒီမိုကရေစီတိုက်ပွဲက မပြီးသေး --- ။ စစ်အုပ်စုကို အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) တော်လှန်ရေးခရီးစဉ်က မပြီးသေး။ ထို့သည်နှင့်အတူ ABSDF (ကျောင်းသားတပ်မတော်)၏ လက်နက်ကိုင်တော်လှန်ရေးသည် လည်း မပြီးဆုံးသေး။

ညိုထက် (လမ်းသစ်ဦး)
ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၆)၊ဧပြီ - မေ - ဇွန်၊ ၂၀၀၈

ABSDF ၏ မျိုးဆက်ကိစ္စ ဆွေးနွေးချက်

“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစားအားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။
ဦးစွာ ယနေ့ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက်တဆက်ဖြစ်သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက်တဆက်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယမျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
- ပထမမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၀ ရာစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၁ ရာစု၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အင်အားစု ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအား ပထမမျိုးဆက်နှင်အတူဆက်ခံလိုက်ပါပြီး ပထမမျိုးဆက်၏ ဦးဆောင်မှုအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့ကြသည့် အင်အားစု ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီး၏ “ကောင်းမွေ (ပါရမီသက်)” အားလုံး (လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်မြေ၊ လက်နက်၊ တပ် အားကောင်းမောင်းသန်ဖြစ်သည့် အင်အား၊ ၉၀ - မေ ရွေးကောက်ပွဲရလာဒ်) ကို လက်ခံရယူပြီး တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့် ရခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ကောင်းမွေ (ပါရမီသက်) အကြွင်းအကျန်များကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး ဆိုးမွေများ (ဥပမာ - အကြမ်းမဖက်ရေးအပါအ၀င် တိုက်လို့မရရင် သူ့အောက်ကိုဝင်လုပ် ဆိုသည့်အလျှော့ပေးရေးအတွေးအခေါ်များ၊ အင်အား ကိုယ်ရေစစ်မှု) ကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး “အားထုတ်မှု - ပညာသက်” ဖြင့် တော်လှန်သည့်နိုင်ငံရေးကျန်းမာမှုကို ဆက်ရမည့်သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်မှုမရှိပဲ စစ်အုပ်စုအဖြစ် ဗြောင် ရပ်တည်နေရသည့် ရန်သူနှင့် အခြေခံဥပဒေမရှိပဲ အစိုးရလုပ်နေရသည့် ရန်သူအား နိုင်ငံရေးအသာ စီးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့်ရခဲ့သူများဖြစ်သည်။
- ဒုတိယမျိုးဆက်သည် စစ်အုပ်စုမှစိတ်ကြိုက်ရေးစွဲထားသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပြီး အခြေအနေနှင့် စစ်ဗိုလ်တမတ်သားပါလီမန်ဖြင့် တရားဝင်အစိုးရလုပ်မည့်ရန်သူအား နိုင်ငံရေး ဗလုံးဗထွေးအခြေအနေဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာ အခြေအနေအရ လူအခွင့်အရေး၊ အကြမ်းမဖက်ရေး၊ ဒီမိုကရေစီရေး … စသည်များကို သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေတွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိသိမီသလောက် တင်ပြသွားပါမည် …
- အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊
- အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း
- လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သတန်း
- သတင်းထောက်သင်တန်း
- သံတမန်ရေးသင်တန်း၊ အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း
- ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း
- လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း
- (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
- ဒုတိယမျိုးဆက်သည် နိုင်ငံတကာအခြေအနေအရ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲအား သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။
- “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း
- အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း
- အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း
- ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း …စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
- ပထမမျိုးဆက်သည် စစ်အေးလွန်ခေတ်တွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ဒုတိယစစ်အေးခေတ် (၂၀၀၅ - ကစ်ဆင်းဂျား၏ စာအုပ်တွင် “ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုဆွဲအားသည် အတ္တလန်တစ်မှ ပစိဖိတ်သို့ ရွှေ့လာပြီ”ဟု ရေသားခဲ့ပြီး ကတည်းက စတင်ခဲ့သည်။ နာဂစ်တွင် အမေရိကန်စစ်သင်္ဘောများ ပင်လယ်ဝရောက်မှ ပြန်ထွက်သွားခြင်းသည် ထိုအခြေအနေ၏ ဖေါ်ပြချက်ဖြစ်သည်။) တွင် တော်လှန်သည့် နိုင်ငံရေး တာဝန်များထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာသံတမန်ရေးတိုက်ပွဲကို အားပြုခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ပြည်တွင်းလူထုကိုမှီခိုကာ တော်လှန်စစ်နွဲရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် ရှစ်လေးလုံး အရေးတော်ပုံနှင့် စတင်ခဲ့ပြီး ရွှေဝါရောင်အကြွေးဖြင့် အဆုံးသတ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ရွှေဝါရောင်အကြွေးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များကို စတင် ထမ်းဆောင်ရမည့် မျိုးဆက်ဖြစ်သည်။
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)

Sunday, September 7, 2008

၁၈ နှစ်ထဲက မှတ်စု

ဘာတွေကို ရွက်ထမ်းထားသလဲ
ဒါဟာလည်း
ငါတို့ခေတ်ရဲ့ အကြီးကျယ်ဆုံး
ပဲ့တင်ထပ်မှုဖြစ်တယ်။

သန္တိသုခ ရသမွန်
လေဦးသွဲ့သွဲ့
လဲ့လဲ့စိမ်းမြ
ခရေပွင့်ကောက်သလို ကောက်ခဲ့ကြ
မွှေးထုံသင်းရှ။

အပ္ပမာဒေန သမ္ပာဒေထ
ဝဿကာရပုဏ္ဏား၌ ပန်းပေါင်းတရာစိတ်ဓာတ်မရှိ။

အဲဒီလိုနဲ့
ဥက္ကဌ ဘရမ်ဆိုင်း
ဥက္ကဌ နိုင်ရွှေကျင်
ဥက္ကဌ ငိန်းကယန်းထန်
သန္တိသုခလမ်းကို ရှာဖွေရင်း
မငြိမ်းချမ်းသောမြေ၌ ခေါင်းချသွားခဲ့ကြရ။

လောကီဘုံသား ဆုံလည်နွားတဲ့
အဖန်ဖန်ကြုံသော ဘ၀များ
မာယာများတယ်။

ဘာတွေကို ရွက်ထမ်းထားသလဲ
ဒါဟာလည်း
ငါတို့ခေတ်ရဲ့ အကြီးကျယ်ဆုံး
ပဲ့တင်ထပ်မှု ဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)

၂၀၀၆ ကယမ်းပြည်သစ် ပါတီ ဥက္ကဌ ငြိမ်းကယန်းထန် ကျဆုံးကွယ်လွန်သည်ဟု ကြားစဉ်က ရေးဖြစ်တဲ့ကဗျာ

Saturday, September 6, 2008

ဘိသိတ်ခံယူပွဲ

ညိုထက် (လမ်းသစ်ဦး)

(၁)
စစ်မြေပြင် ထောက်လှမ်းရေးတာဝန်ယူထားသည့် ရဲဘော်များပြန်ရောက်လာကြပြီ။ သူတို့ထွက်သွားတာ တောင် ရက်အနည်းငယ်ရှိခဲ့ပြီပဲ။ တိုက်ပွဲတခုဖေါ်ဖို့ ပြင်ဆင်ထောက်လှမ်းနေတာဆိုတော့ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ တပ်စုမှူးဖြစ်သူ ရဲဘြော်ကီးကြွေနှင့် မဟာမိတ် ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့)မှ တပ်စုမှူး ဗိုလ်လေးထွန်းတို့ဆီတန်းသွားသည်။ သတင်းထူးမည်ထင်သည်။ ရဲဘော်အားလုံးက ကိုကြွေကြီးပြန်အလာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သူတို့စကားပြောနေကြသည်က အကြာကြီး။ အားလုံးက အဖြေကိုသိချင်နေကြသည်။ လည်တဆန့်ဆန့်။ ထိုအထဲတွင် စိတ်လှုပ်ရှားမှု အပြင်းထန်ဆုံးက ကျနော်နှင့် ရဲဘော်ထူးအောင်။ ဟုတ်သည်။ ကျနော်တို့နှစ်ယောက်က လက်နက်ကိုင် တော်လှန်ရေးကို ရောက်ရှိလာသည်မှာ မကြာသေး။ စစ်သင်တန်း ဆင်းခဲ့သည်မှာလည်း မကြာသေး။ အခြေအနေကောင်း၍တိုက်ပွဲဖေါ်ဖြစ်ပါကဤပွဲသည် ကျတော်တို့ကျောင်းသားများကို ဓါးကို ဓါးခြင်း၊ လှံကို လှံခြင်း ရင်ဆိုင်သွားမည်ဆိုသည့် ရန်သူစစ်အုပ်စုအပေါ် ပထမဦးဆုံး လက်တုန့်ပြန်ရမည့်ပွဲ။ ထိုင်မရ။ ထမရ။ ထိုအချိန် ဗိုလ်လေးထွန်းက သူ့ရဲဘော်တယောက်ကိုလှမ်းခေါ်ပြီး ကျတော်တို့ရှိရာကိုပြရင်း တစုံတခု ပြောနေသည်။ ထိုရဲဘော်ရောက်လာပြီး ပြောလိုက်သည့်စကားက တန်ဖိုးရှိပါဘိ။ “တပ်စိတ်ကေဒါတွေ ဆွေးနွေးပွဲတက်ဖို့ ခေါ်တယ်” ကျနော်တို့အားလုံး တိုင်ပင်မထားပဲ “ဟေး”ခနဲ့ အော်ဖြစ်သွားမိသည်။ ကိုကြွေကြီးက ရှူတည်တည်လှမ်းကြည့်မှ မျက်နှာပိုးသပ် သေနတ်ဖြုတ်ပြီး တိုက်နေလိုက်ရသည်။ သေချာသွားပြီ။

(၂)
ကျနော်တို့ တောခိုလာတော့ တပ်ရင်းနောက်တန်းကိုရော။ ဗဟိုနောက်တန်းစခန်းကိုပါမရောက်။ ထိုအချိန်က တပ်ရင်းတရင်းလုံးကလည်း ရှေ့မှာ။ စစ်သင်တန်းကိုပင် လပဒတ (လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု) ဗဟိုစခန်းတွင် တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုဗဟိုစခန်းက စခန်းသေမဟုတ်။ ပြောက်ကျားစစ် သေနင်္ဂဗျူဟာနှင့်အညီ ရွေ့လျားပြောင်းလဲ နေသောစခန်း။ မှတ်မှတ်ရရ ထိုစဉ်က လပဒတဗဟိုက “လွယ်ဖီ တောင်တန်း”ပေါ်မှာ။ စစ်သင်တန်းပင် မတက်လိုက်ရပဲ ရန်သူ့စစ်ကြောရေးမှ ရရှိခဲ့တဲ့ဒဏ်တွေကြောင့် ကွယ်လွန်သွားသည့် ရဲဘော်ကြီး နိုင်မိုးအောင်ကိုဤတောင်တန်းပေါ်မှာပဲ ထားခဲ့ရခြင်း ဖြစ်သည်။

စစ်သင်တန်းပြီးသည်နှင့် တပ်စိတ်များနှင့်တွဲရသည်။ နောက်တော့ မဟာမိတ် စစ်ကြောင်းများနှင့်အတူ နယ်မြေရင်းနှီးမှု။ လူထုရင်းနှီးမှုရရှိရေးအတွက် စစ်ကြောင်းထွက်ကြသည်။ ထိုခရီးက နယ်မြေလေ့လာရေး ခရီးဖြစ်သလို နိုင်ငံရေးခရီး။ စည်းရုံးရေးခရီးလည်း ဖြစ်သည်။ နယ်မြေစုံသည့်အခါတွင်မှ ရလလဖ - အမှတ် (၁) တပ်ရင်း လှုပ်ရှားဒေသကို တပ်စုမူး ရဲဘော်ကြွေဦးဆောင်သော တပ်စိတ်တစိတ်လိုက်ပါသွားရန် တာဝန် ပေးသည်။ ဤခရီးကတော့ နယ်မြေလေ့လာရေးခရီး မဟုတ်တော့။ တိုက်ခိုက်ရေးအမိန့်ပါ ထည့်ပေး လိုက်သည်။ ကြည်လင်အေးမြသည့် ပွန်ချောင်းကိုဖြတ်ပြီး အရှေ့ဘက်ကမ်းကို သွားနေသူများက တက်ကြွလန်းဆန်း နေကြသည်။ တိုက်ခိုက်ရေးအမိန့် ရခဲ့ပြီကိုး။ ကျနော်တို့အစုအဖွဲ့တွင်ပါဝင်ကြသူများက တပ်စုမှူး ရဲဘော် စိုးမိုကြင်(ကိုကြွေ)။ တပ်စိတ်မှူး ရဲဘော်စံလှ။ ဒုစိတ်မှူး ရဲဘော်ပီလီ။ ဆေးမှူး မင်းမောင်မောင်။ ရဲဘော်ဝင်းလှိုင်။ ရဲဘော်ဖွတ်။ ရဲဘော်ထူးအောင်နှင့် ကျနော်။ အနောက်ဖက်ကမ်းမှာ ကျန်ခဲ့သူများကတော့ မအီမသာ။

တပ်ရင်း (၁) ဂွင်။ ပွန်ချောင်း။ လွယ်မောတောင်နှင့် မဲနယ်တောင်တို့ကားကျန်ခဲ့ပြီ။ ရှမ်းပြည်မြောက်ပိုင်း၊ MTA/ UWSA နယ်မြေများနှင့် နီးကပ်သွားပြီဖြစ်သည်။ ရှမ်းရွာတွေကများသည်။ တိုက်ပွဲတွေပြင်းထန်ချိန်က ဖြတ်လေးဖြတ်ဒဏ်ကို အကြီးအကျယ် ခံထားရသည့် ရွာတွေ။ တချို့ရွာတွေက ယခုမှ ပြန်လည်ထူထောင်ကာစ။ ရွာနှင့်မတူ။ ဒျှုသည်စခန်းတွေနှင့် ပှိုတူသည်။ အစစ ချို့တဲ့လွန်းလှသည်။ လူထုဆင်းရဲလျင် ကျနော်တို့လည်း ဆင်းရဲသည်။ ရှမ်းပဲပုတ်ဆိုသော်လည်း ပဲပုတ်မရှိ။ လူလေးယောက်အတွက် ပဲပုတ်နှစ်ချပ်ကို ထောင်းပြီး ရေချိုးပေးလိုက်သည်။ ထိုပဲပုတ်ရေကျဲသည် ဟင်း။ ရွာအများစုက ကြက်သွန်ဖြူစိုက်ကြသည်။ စားစရာ ဘာမှမရှိတော့သောအခါ ကြက်သွန်ဖြူတွေကို ထောင်းပြီး ဟင်းချက်စားကြသည်။ အနံက မွှန်ပြီး အရသာက စပ်ဖျင်းဖျင်း။

နောက်တော့ မဟာမိတ်ပင်မစစ်ကြောင်းက လူထုလုပ်ငန်းနှင့် နိုင်ငံရေးလုပ်ငန်းများလုပ်ရန် ထွက်ခွာသွားသည်။ ကျနော်တို့နှင့်အတူ ဗိုလ်လေးထွန်းတို့တပ်စု။ ထိုအစုအဖွဲက အင်မတန်ညီသည်။ တပ်မှူးတွေလည်း လူငယ်တွေ။ အပြန်အလှန် နားလည်မှုလည်း ရှိကြသည်။ အစုအဖွဲ့က လူမများတော့လို့ထင်။ တယောက်ခြင်း ရင်းနှီးမှုလည်း အတော်ကလေးရကြသည်။ အစုအဖွဲ့ ရင်းနှီးမှုအပြင် လူထုနဲ့လည်း အတော်လေး ရင်းနှီးနေပေပြီ။ နယ်မြေအနေအထားကိုလည်း အတော်ကလေး တွက်ချက်နိုင်လာပေပြီ။ နယ်မြေခံဖြစ်သည့် ဗိုလ်လေးထွန်းတို့တပ်စုကလည်း အင်မတန်မြေပိုင်သည့်ရဲဘော်တွေ။ လက်နက်ဖွဲ့စည်းပုံကလည်း ကောင်းသည်။ ကျနော်တို့ အစုအဖွဲ့တွင် M 23 စက်လက်ပါသလို ဗိုလ်လေးထွန်းတို့ တပ်စုတွင် RPG 2 နှင့် M 79။

ထိုအချိန်ကတည်းက ရန်သူသတင်းကို မပြတ်စုံစမ်းနေခဲ့သည်။ သိပ်တော့မကြာ။ သတင်းရပြီ။ နမ့်ဆမ် ကားလမ်းပေါ်က လမ်းကင်း။ ကိုယ့်အင်အားနှင့်ဆိုလျင် ရန်သူကို ချေမှုန်းရေးပင်လုပ်နိုင်သည်။ ဒေသခံလူထုက လည်း ကူညီရန်အသင့်။ လူရွေးပြီး အခိုင်အမာအချက်အလက် ထောက်လှမ်းစုံစမ်းရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ယခု သူတို့ ပြန်လာကြပြီ။

ကျနော် သေနက်တိုက်ပြီးလို အစိတ်အပိုင်းများ ပြန်လည်တပ်ဆင်နေစဉ်မှာပင် ကိုကြွေနှင့် ကိုစံလှတို့ ပြန်လာကြသည်။ ရဲဘော်အားလုံးကို စုရန်ပြောသဖြင့် သေနက်ကိုအမြန်ဆင်လိုက်ပြီး သူတို့နှင့် ၀င်ထိုင် လိုက်သည်။ ရည်မှန်းထားသည့် လမ်းကင်းကို တိုက်မည်။ အပေါ့ပါးဆုံးဖြစ်စေရန် မလိုအပ်သောပစ္စည်းများကို ထားခဲ့ကြမည်။ ညပိုင်းချီတက်မည်။ အသံမမြည်စေရန် အီးကွေးမန့်ကို ပြင်ဆင်ထားရမည် --- စသည် အခြေအနေ၊ အချက်အလက်နှင့် စုရပ်၊ စုံရပ်၊ စကားဝှက်တို့ကို ပြောကြားသည်။ ရဲဘော်များကား ခဏအတွင်းမှာပင် ထမင်းချက်သူ။ ပစ္စည်းသိမ်းသူ။ အီကွေးမန့်ပြင်သူတို့နှင့် ရှုပ်ထွေးသွားကြ၊ မျက်နှာတွေက ၀င်းပ။

(၃)
တညလုံး ချီတက်ခဲ့ကြရသည်။ ရွာတွေကို ကွင်းပြီးရှောင်ခဲ့ရသဖြင့် ခရီးက ပမ်းလွန်းလှသည်။ သို့သော် ကျနော်တို့အားလုံး ပျော်ရွှင်ကြသည်။ ရလျင်ရ၊ မရလျင်ချ။ မရ၍ချကြမည်။ ထိုစိတ်ဓါတ်က ကျနော်တို့ကို နတ်ဖမ်းစားသလို ဖမ်းစားထားသည်။ လမိုက်ညအမှောင်ထုအတွင်းထဲမှာ အလဲလဲ၊ အကွဲကွဲဖြင့် ချီတက်နေကြခြင်းဖြစ်သည်။ သတ်မှတ်နေရာကို သုံးနာရီခွဲလောက်မှ ရောက်သည်။ အလင်းက ပြိုးတပျပျ။ ပါလာသည့် ထမင်းထုတ်များကို ဖြေ၍စားသူများက စားနေကြပြီ။ ကျနော်တို့ကတော့ မောပန်းမှုကြောင့်ရော။ စိတ်လှုပ်ရှားမှုကြောင့်ပါ မစားနိုင်။

ပြီး --- တိုက်ပွဲအတွက်နေရာချကြသည်။ မူလက ကားလမ်းဘေးရှိ ကုန်းကလေးတခုတွင် နေရာ ယူရန်ဖြစ်သော်လည်း အစီအစဉ်ပြောင်းလိုက်သည်။ ကျနော်တို့ရောက်နေသည့်နေရာက မိုးနဲ – မောက်မယ် ကြားမှ ကားလမ်း။ ထိုကားလမ်း. တဖတ်တချက်ပိုင်ဆိုင်မှုက လမ်းတောင်ဖက်ပိုင်းသည် ရလလဖ။ မြောက်ဖက် က MTA။ ကုန်းကလေးတည်ရှိနေတာက မြောက်ဖက်မှာ။ ဆုတ်လမ်းမကောင်း။ ဒါ့အပြင် ထိုကုန်းကလေးမှာ မကြာခဏရန်သူကိုစောင့်ပြစ်လေ့ရှိသည့်နေရာ။ ရန်သူအာရုံစိုက်သောနေရာ။ ထိုနေရာကိုရှောင်ပြီး ခပ်လှမ်း လှမ်းရှိ နေရာတခုကိုရွေးလိုက်သည်။ ထိုနေရာက ကားလမ်းထက်တော့နိုမ့်သည်။ မျက်ကွယ်ကောင်းသည်။ ရန်သူအာရုံစိုက်သည့်နေရာမဟုတ်။ အစုအဖွဲ့တခုကို စက်တလုံးနှင့်အတူ ရှေ့ကြိုလွှတ်ထားသည်။ ရန်သူ လာလျင် ကြိုသိနေရန်ဖြစ်သည်။ ကျနော်တို့က ကားလမ်းအတိုင်း နေရာယူလိုက်ကြသည်။ ကျနော်က ကိုကြွေနှင့် ကိုစံလှကြားမှာ။

သတ်မှတ်နေရာ။ ပြစ်ပိုင်နက် ကိုယ်စီသက်မှတ်ပြီး ကိုယ်နေရာမှ ကိုယ်ငြိမ်သက်ပြီးနေကြသည်။ မကြာမီ ရွာသားများ လုပ်ငန်းခွင်ဝင်ရန် ကားလမ်းအတိုင်းထွက်လာကြသည်။ ကျနော်တို့က သူတို့ကို တွေ့နေ သော်လည်း သူတို့က ကျနော်တို့ကို မတွေ့ရန်လိုသည်။ ပုလိုင်း။ ပေါက်ပြား။ ကျောင်းသွားသူတချို့။ အချိန်များက တဖြေးဖြေးကုန်။ အလင်းက အမှောင်ထုကို ကျော်တက်လာပြီ။
လမ်းကိုလည်း မျက်ချည်မပျက်ကြည့်ရင်း စက်ကိုင်ထားသည့် တပ်မှူးကိုလည်းကြည့်နေကြရသည်။ ရှေ့ကြိုလွှတ်ထားသည့် အစုအဖွဲ့က သတင်းပို့မည်မဟုတ်လား။

ရှမ်းပြည်၏ နံနက်ခင်းက အေးလွန်းလှသည်။ ထိုအအေးနှင့် ကျနော်တို့၏ စိတ်လှုပ်ရှားမှု ပေါင်းပြီး ခံစားနေရတာက တမျိုးတမည်။ ကိုယ့်သေနတ်ကိုယ် စုတ်ချည်။ ဖြန့်ချည်။ တိုက်ပွဲ။ ပစ်ရင်မှန်အောင် ပစ်တယ် ဆိုသော ဖက်ဆစ်စစ်တပ်ကို တည့်တည့်မှန်အောင် ပစ်ရတော့မည့် တိုက်ပွဲ။ ကိုယ့်လက်ထဲကိုင်ထားတဲ့ သေနတ်နဲ့ မိစ္ဆာတို့၏ ၀ိဉာဉ်ကိုနှုတ်ရပေတော့မည်။ ရှစ်ဆယ့်ရှစ်မြင်ကွင်းတွေက ပျိုးတပြတ်ပြတ်။ ကျနော်တို့က လက်စားချေတုန့်ပြန်ရေးသမားတော့ မဟုတ်။ သမိုင်းကြွေးတော့ တောင်းရပေမည်။ တိတ်ဆိတ်ခြင်းက ကြီးစိုးနေသည်။ တိတ်ဆိတ်စွာ တိုက်ပွဲခေါ်နေကြခြင်းလည်းဖြစ်သည်။ ထိုအချိန်၏ တိတ်ဆိတ်မှုက ကျယ်ပြန့်လှ၏။
တပ်စုမှူးဖြစ်သူနှင့် မလှမ်းလှသောကြောင့် စက်သံတရှဲရှဲကို မသဲမကွဲကြားနေရသည်။ ထိုစဉ် စက်ထဲမှ အသံပေါ်လာ.။

“ရောင်နီပေါ်ပြီ”

ထိုသတင်းပို့ချက်က အားလုံးထံ လက်ဆင့်ကမ်း ရောက်သွားသည်။ အားလုံး ခေါင်းထောင်သွားသည်။ ရန်သူရောက်နေပြီ။ လှုပ်ရှားမှုတိုင်း ရင်နှင့်အမျှ။ သမိုင်းကြွေး။ အတွေ့အကြုံသစ်။ ကျနော့်ရဲ့ စစ်ဦး။ လက်တကမ်းအကွာ။ ကားသံကို ကြားနေရ။ ရင်ခုန်သံကို ကြားနေရ။ သေနက်ကို ကိုင်ထားတဲ့လက်က ပိုမိုတင်းကြပ်လာ။ လက်နက်ကိုင်တော်လှန်ရေး။ ချေဂွေဗာရား။ ၀င်းမော်ဦး။ ရှစ်ဆယ့်ရှစ်။ အံကြိတ်။ ဆေ့ဖြုတ်။ သေနက်ကို တင်းတင်းပိုက်ထား။ ကားသံ။ ပြီးနီးကပ်လာသည့် ကားသံ။ ကားသံ --- ကားသံ --- ပြီးတော့ --- သေနက်သံ။ ကျနော်တို့၏ ပွိုင့်အဖွဲ့က ပစ်လွှတ်လိုက်သည့် သေနက်သံ။ နောက်တော့ ဆိတ်ငြိမ်စွာ စောင့်နေသူများ ဆီမှထွက်လာသည့် သေနက်သံများ။ သေနက်သံများနှင့်အတူ ကားသည် ကျနော်တို့နှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားသည်။

ကားရပ်သွားသည့်နေရာနှင့် ကျနော်နေရာယူထားသည့် နေရာကမဝေး။ ကားကနှစ်စီး။ ကားရပ်သွားသည်နှင့် ယူနီဖောင်းဝတ်များ လွှားကနဲ ခုန်ဆင်းနေကြသည်။ တချို့ လမ်းပေါ်ကို တလိမ့်ခေါက်ကွေး။ ကားထဲ ပြန်လန်ကျသွားသူများ။ ကျနော်က အကုန်မြင်နေရသည်။ ကားထဲတွင် အထွေးလိုက်ရှိနေသည်ကို မြင်နေရသည်။ ကျနော့်သေနက်ကို ရှေ့က ကားထဲထိုးချိန်ပြီး ပစ်ချထည့်လိုက်သည်။ ကျနော့် သေနက်ထဲက ကျည်ထွက်သွားသည့် အသံနှင့်အတူ ယမ်းကန်သည့်အရသာကို ခံစားလိုက်ရသည်။ တင်းကြပ်နေသည့် ခံစားမှုနေရာတွင် ပေါက်ကွဲခြင်းတွေက အစားထိုးဝင်လာသည်။ သေနက်နှင့်အတူ ကျနော်လည်း ပေါက်ကွဲနေသည်။ အံကိုတင်းတင်းကြီတ်ကာ တတောင့်ခြင်းပစ်ထည့်နေလိုက်သည်။
ကျနော်တို့ အစစအရာရာလက်ဦးမှု ရနေသည်။ ရန်သူ လုံးဝအလစ်အငိုက်မိသွားသည်။ ကျနော်တို့ကို လုံးဝပြန်မပစ်နိုင်။ တတောင့်ခြင်းပစ်နေရာမှ ကျနော့်အမြင်တွေဝါးလာသည်။ မှန်သည်။ ကျနော် မျက်ရည်များ ကျနေသည်။ ကတ္တရာလမ်းပေါ်က မြင်ကွင်းက ရှစ်ဆယ့်ရှစ်နှင့် ပြောင်းပြန်။ ဟိုတုန်းက လမ်းပေါ်မှာ ကျနော်တို့ အပစ်အခက်ခံခဲ့ရသည်။ အခု အဝေးပြေးလမ်းမမှာ သင်းတို့ကို သမိုင်းကြွေး ပြန်တောင်းနေရပြီ။ ကတ္တရာ လမ်းပေါ်မှာ သေနေသူတွေ။ ဒဏ်ရာရနေသူတွေ။ သေနက်မှန်ပြီး လန်ကျသွားသူတွေ။ အော်ဟစ် နေသူတွေ။ ကျနော်တို့ အောင်ပွဲခံနေသည့်မြင်ကွင်းကို ကျဆုံးသွားရသူ ရဲဘော်သူငယ်ချင်းတွေကို မြင်စေချင် နေသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရသူ ကျနော်တို့ပြည်သူတွေကို မြင်စေချင်နေသည်။ ကျနော်တို့ အောင်ပွဲသည် လူထုအောင်ပွဲ။ ကျနော်တို့အောင်ပွဲသည် သမိုင်း၏ အောင်ပွဲ။

အောင်ပွဲခံ သေနက်သံတို့က တောလုံးညံနေသည်။ ကျနော်တို့. ပစ်ခတ်သံတို့က ကမြိာံပတော်လဲသံလို တုန်ဟည်းနေသည်။ အဖိနှိပ်ခံအားလုံးအတွက် ကိုယ်စားပြုနေသည့် သေနက်သံတွေ။ ဖက်ဆစ်တို့. ၀ိဉာဉ်တွေကို ခေဋ္ဌချနေသည့် ကျည်ဆံတွေ။ ကျနော်တို့ပစ်လွှတ်လိုက်သည့် ကျည်ဆံတွေထဲကို ကျဆုံးသူတို့၏ ၀ိဉာဉ်တွေ ခိုတွဲပါဝင်နေသလား။ ကျနော်ကတော့ ထိုအတိုင်းပင် ယုံကြည်နေသည်။ ကျနော်၏ စစ်ဦးတိုက်ပွဲက အောင်ပွဲ၏ တံပိုးခရာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံနေတော့သည်။ မှန်သည်။ ကြားနေရသည့် သေနက်သံတို့က ဘိသိပ်မင်္ဂလာမှာ ပုဏားဖြူ။ ပုဏားညိုတို့ မှုတ်သည့် ခရုသင်းသံ အလား ---။

ညိုထက် (လမ်းသစ်ဦး)
(မှတ်ချက်။ ။ ထိုတိုက်ပွဲတွင် ဒုရင်းမှူးတဦးအပါအ၀င် ရန်သူ ၁၁ ဦးကျဆုံးခဲ့သည်။)

Friday, September 5, 2008

ကန့်လန့်

တို့ခေတ်မှာ
ကုလားဖြူုဖစ်ရတာ ဟန်ကျတယ်။

ဒုက္ခသည်စခန်းမှာ လမ်းလျောက်ခိုက်
လူသေတခုကို သားအမိနှစ်ယောက်
သားဖြစ်သူရဲ့ မှတ်ချက်စကား
ရင်တော့အနာမိသား
အဲဒီလူကို
“ကော်လာဝါး” တွေက ရှင်အောင်လုပ်မပေးဘူးလား “အမိုး”တဲ့။

ကလေးတွေကလည်း ကလေးတွေအလျောက်
လူကြီးတွေကလည်း လူကြီးတွေအလျောက်။

တွေးကြည့်တော့လည်း
ကမ်းတက်လှိုင်းတွေလိုမျိုး
ဝရုန်းသုန်းကား ကမ်းပေါ်ကို ထိုးတက်ကြ
လွှမ်းမိုးကြ … ပြီးတော့လည်း …
ဝရုန်းသုန်းကား
သူ့နေရာသူပြန်သွား
ကမ်းခြေမှာသာ
ရေတွေရွှဲရွှဲစိုလို့
တချို့ချိုင့်တွေဆို ရေတွေတင်ကျန်လို့
(ဒါ့ကြောင့်ထင်ရဲ့
တချို့နိုင်ငံတွေမှာ ကမ်းစပ်အုတ်ရိုးတွေ
ချထားတည်ဆောက်တာ)
ကျောက်ဆောင်တွေဆို တဖုန်းဖုန်းအရိုက်ခံရ
ကျောက်ဆောင်တွေကလည်း တောင့်ခံနေရ
အမာရွက်တွေတောင် ထလို့။

ကမ္ဘာဖလားပွဲမှာ
ပေါ်တူဂီနဲ့ အီရန်ကန်တဲ့ည
နယ်ချဲ့စနစ်ကို စတင်သူနဲ့
နယ်ချဲ့ခံရဖို့ နီးစပ်နေသူ ကန်တဲ့ပွဲလို့ မှတ်ချက်ချ
တို့လူကြီးတယောက်က
ငါ့လူ
ဒီခေတ်မှာ ဒီလိုပြောရင်မှားတယ်
ခေတ်သစ်ကို ထူထောင်သူလို့ပြောမှ မှန်မယ်
အဲဒီလို
လေ့ကျင့်ပျိုးထောင်တာကိုလည်း
ပညာယူနေရပါတယ်။

သေချာပါတယ်
ကမ္ဘာကြီးဟာ တိမ်းစောင်းတယ်။

ဒါ့ကြောင့်လည်းပဲ
ငါတို့အမြင်တွေလည်း
မလွှဲသာ မရှောင်သာ တိမ်းစောင်းချေတော့မယ်။

ဟုတ်တယ်
ကမ္ဘာကြီးက
တိမ်းစောင်းတယ်
ငါ့တို့အမြင်တွေ တိမ်းစောင်းတယ်
ငါ့ကို
ကန့်လန့်လို့ ဆိုကြတယ်
ငါတို့ခေတ်မှာ
ကုလားဖြူဖြစ်ရတာ
ဟန်ကျတယ်။

ညိုထက် (လမ်းသစ်ဦး)

ကော်လာဝါး (ကရင်စကား) ကုလားဖြူ
အမိုး (ကရင်စကား) အမေ

Thursday, September 4, 2008

မှတ်မှတ်ရရ … ဆရာချောနွယ်

မှတ်မှတ်ရရ …
ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြုတဲ့ ပွဲလေးကို ကျနော်နဲ့ မိတ်ဆွေတချို့၊ ရဲဘော်တချို့က အမှတ်တရ စကားဝိုင်းလေး လုပ်မယ်ဆိုတော့ စကားဝိုင်းကို အမည်ရွေးဖို့ ကျနော့်ကို တာဝန်ပေးကြတယ်။ သိပ်အများကြီး မစဉ်းလိုက်ရပါဘူး … ဆရာချောနွယ် ရောက်လာတယ်။
ဂျင်းဘောင်းဘီ အိတ်ထဲကို လက်နှိုက်လို့၊ လေလေးချွန်လို့ …
သူပြောတယ် …

လူတွေဟာ ဒီပင်လယ်ကို ကျယ်ပြန့်အောင် နက်ရှိုင်းလှပအောင် မစီးဆင်းတတ်ကြဘူး …
ဝမ်းနည်းမှုနဲ့သာ ကျန်းမာခဲ့ရ … ရွှေအသက်ရှူသံတွေ တုံးလုံးပက်ခေါက်လဲကျ … ၀တ်မှုန်ကူးကြ … သွေးလေမြန်ဆန်တဲ့ မြို့ကြီးတွေနဲ့ … အထူးဝတ်မှုန်ကူးကြ …

ကျနော့်တို့လုပ်မယ့် စကားဝိုင်းလေးရဲ့ အမည်ဟာ လင်းခနဲ ပွင့်လာတယ်။ လိပ်ပြာလေးလို ၀ဲလို့ …။ ပန်းပွင့်လေးတွေက လှုပ်ရမ်းလို့ …။ ပန်းမျိုးသစ်ကလေးတွေက ကမ္ဘာမြေပြင်အလုံးမှာ အမြစ်စွဲလို့ …။ ပန်းရောင်စုံရှုခင်းနဲ့အတူ ကျနော်ရေးချလိုက်တဲ့ ရှစ်လေးလုံး အနှစ်(၂၀)ပြည့် အထိမ်းအမှတ်ပြု စကားဝိုင်းရဲ့ ခေါင်းစီးက …

ဂငယ် သုံးခု အုတ်ရှစ်ထု
အနှစ်(၂၀)ကို ၀တ်မှုန်ကူးခြင်း

မှတ်မှတ်ရရ …
သြဂုတ် (၁၂) ရက်နေ့။ ကျနော် သောင်ရင်းကို ရောက်တယ်။ သောင်ရင်းဟာ တောင်ဘက်ကနေ မြောက် ဘက်ကို စီးဆင်းနေတဲ့ သဘာဝလွန်မြစ်။ အဲဒီသဘာဝလွန်မြစ်ရဲ့ ကမ်းနဖူးမှာ ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ ဆက်ဆံရေးကောင်းတက်တဲ့ လူတွေကို စွန့်၊ အမှိုက်တွေ အသိုက်ဖွဲ့နေတဲ့ အရပ်ဒေသကို စွန့်၊ ကိုယ့်နှလုံး သားကိုယ် မီးပုံရှို့ပြီး လှုံရဲခဲ့သူတွေ၊ ကမ္ဘာမြေတခုလုံးကို ဆုံးရှုံးသူသာ ကမ္ဘာမြေကို ပြန်ရပေလိမ့်လို့ ယုံကြည် သူတွေ၊ ငါတို့တတွေ စိုက်မိတဲ့ စိတ်စိုက်ကွင်းတွေဟာ စံကွက်အမှန်တွေပါလို့ ယုံကြည်ကြသူတွေ ရှိကြတယ်။ ကျနော် သူတို့ရှိရာကို ပုလဲလိုနေတဲ့ လယ်ကွက်တခုလို ဆိုက်ရောက်သွားတယ်။ ဘ၀ကို ညှစ်ကြည့်တော့ အချိုရည်လေး ကျန်သေးပါတယ်။ ကျနော်နဲ့အတူ ကြခတ်(ရင်း - ၈)လည်း ပါတယ်။ ကျနော်တို့ရောက်သွားတော့ သောင်ရင်းဟာ ၀၀ဖြိုးဖြိုးပါပဲ။ သူ့တခေါင်းလုံး ကလစ်သေးသေးလေးတွေနဲ့ အလှဆင်ထားတဲ့ အပျိုမတယောက်လို သောင်ရင်းဟာ မောင်းပြန်သေနတ်တွေနဲ့ အလှဆင်ထားတယ်။ အဲဒီ ၀၀ဖြိုးဖြိုး သောင်ရင်းရဲ့ ပုခုံးထက်ကနေ စောမူသာ (ဆေး)က ကျနော်တို့ကို ကြိုတယ်။ ညဘက်ရောက်တော့ မိုက်တွင်းနက်နက် ကဗျာပေါ်ချစ်တဲ့ အချစ်တွေ မြေသြဇာကောင်းကောင်းနဲ့ ထွားကြိုင်းလာခဲ့တယ်။ ဟုတ်ကဲ့ … ကျနော်တို့ ကဗျာတွေကို လုံးတိုက်ကြီး ပြုတ်ကျလာတဲ့ အချစ်တွေနဲ့ အသံထွက် ဖတ်ခဲ့ကြတယ်။ သောင်ရင်းက ပြောင်းပြန်ကြီး စီးနေတယ်။ ကျနော် ပထမဆုံး ကြယ်ပြာလေးနဲ့ ထမင်းစားလိုက်တယ်။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။

ကျနော် ဘ၀ရဲ့ အစိတ်အပိုင်းထဲက အန်အန်ကျလာတဲ့ ကဗျာဆိုချင်စိတ်တွေပေါက်လာတိုင်း ဆရာချောရဲ့ ဒီကဗျာ “ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်” ကဗျာဟာ မီးခိုးတအူအူနဲ့ ဆိုက်ကပ်လာလေ့ ရှိတယ်။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တပစ်စာရယ်ပါ။
သားမှာတော့
ယူဇနာ သန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

ကျနော် ဒီကဗျာကို ဆိုခဲ့တဲ့အကြိမ်တွေများစွာ။ ပြောက်ကြားစစ်ဒေသ လွယ်ဖီတောင်ကြောပေါ်မှာ၊ (အဲဒီအချိန် က လက်ရေးနဲ့ ရေးယူလာတဲ့ ကြယ်ပြာလေးပေါ့)၊ ဒေါင်းဂွင် ဂတ်စ်ဟောက်စ် အင်ဖက်အမိုး အောက်မှာ၊ ခံစစ်ကုန်း နောင်လုံမှာ၊ ရန်ထိုး ငါထိုးဒေသထဲက သာမိတိုက်ရွာကလေးမှာ၊ ဇလားဆိုတဲ့ ဒုက္ခသည်စခန်းမှာ၊ မူယူချောင်းဘေးမှာ၊ မဲဆောက် တိုက်ပျက်ကြီးနောက်က ပြန်/စည်း ရုံးဟောင်းလေးမှာ… အခု ပြောင်းပြန် စီးတဲ့သောင်ရင်းမှာ …

အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျနော်ဘယ်လောက်မှားယွင်းမိလို့လဲ အမေ …

မှတ်မှတ်ရရ …
ကျနော့်မှာ တော်လှန်တဲ့ သူရဲကောင်းဆိုတဲ့ ဆူးခတ်သရဖူကို မြေအမာဓာတ်ကို ထိုးခွဲတဲ့ မျှစ်တွေလို ရွပ်ရွပ် ချွံချွံ ရယူခဲ့တဲ့ ပြည်မြို့သား ရဲဘော်ကြီးတွေရှိတယ်။ တိမ်ကိုစီး၍ သစ္စာရှာခဲ့သူ ရဲဘော်ကြီး ညိုထွန်းအောင်၊ ဂေါ်ဘာချော့က သူရဲကောင်းဝါဒ ကမ္ဘာလောကမှာ အပြီးတိုင်ကျဆုံးသွားပြီဖြစ်ကြောင်း တင်ပြချက်ကို ငြင်း ဆန်ခဲ့သူ ရဲဘော်ဆေး၊ မိန်းမကြီးတယောက်လို မည်တွန်တောက်တီးတတ်ပေမယ့် ချစ်စရာကောင်းတဲ့ ရဲ ဘော်ဒွန်း၊ လက်နှစ်ဖက်ပြတ်နေပေမယ့် အရှုံးပေးရေးစိတ်ဓာတ် တိုရေရှားရေနိုင်လှတဲ့ ငြိမ်းစု … သူတို့အား လုံးဟာ ကိုဆွေ၊ ကိုခင်ဝမ်းနဲ့ ကိုချောနွယ်ကို ပြည်မြို့ရဲ့ ခြင်္သေ့ကြီးများအဖြစ် အမြဲဂုဏ်ယူခဲ့ကြ။ သူတို့အ ကြောင်းတွေကို မမောတမ်း၊ မပမ်းတမ်း ပြောခဲ့ကြ။ ကိုခင်ဝမ်းရဲ့သီချင်းတွေကို ဆိုခဲ့ကြ၊ ကိုချောနွယ်ရဲ့ ကဗျာတွေကို ဆိုခဲ့ကြ … ကျနော်တို့ရဲ့ ကိုတိုက်မောင်းကတော့ ဆရာချောကဗျာတွေ ဖတ်ပြီး “ကျုပ်တို့ ကျန် ခဲ့ပြီဗျို့”လို အော်ဟစ်ခဲ့တယ်။ နောက်ပိုင်းရေးတဲ့ သူ့ကဗျာတွေဟာ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။

ဝယ်ထားလိုက်
ဝယ်ထားလိုက်
အဲဒီ ဆားငန်ရည်တွေဟာလေ
ဝယ်ထားသိမ်းဆည်းရမယ့် အရာတွေပါကွယ်။

မှတ်မှတ်ရရ …
ကျနော်မှာ ကဗျာစာအုပ်ကလေး ၂ အုပ် ရှိခဲ့ဖူးတယ်။ ပဉ္စမအကြိမ်ညီလာခံကို ဂုဏ်ပြုထုတ်ဝေတဲ့ “မချစ်မနှစ် သက်သူတို့နဲ့ ကွေကွင်းပြီးနောက်” ကဗျာစာအုပ်ကို မောင်ချောနွယ်ဆန်တယ်လို့ ဝေဖန်တာ ခံရဖူးတယ်။ ကျနော်ရေးခဲ့တဲ့ ၀ထ္ထု၊ အက်ဆေးတွေမှာ ဆရာချောရဲ့ စာတွေကို ယူသုံးခဲ့တာတွေ ရှိခဲ့တယ်။ ပြောရမယ် ဆိုရင် ဆရာချောဆိုတဲ့ သစ်ပင်ကြီးက ချွေခဲ့တဲ့ အရိပ်အောက်မှာ ဘ၀အမောတွေ ဖြေခဲ့ဖူးတယ် ဆိုတာပါ။ အေးလေ ဘ၀ကိုကလည်း အခြစ်ရေးအဆင်မပြေတဲ့ ကြေးမီးခြစ်ကြီးမဟုတ်လား။ ဆရာချောရဲ့ ကဗျာဆလိုး မိုးရှင်းကို သဘောကျတယ်။
မကျည်းရွက် အဟောင်းအမြည်းတွေက
တစိမ့်စိမ့် တလိမ့်လိမ့်
အနှေးကြွေကျ။
ကျနော် ဆရာချောကဗျာတွေထဲက အမြဲတမ်းအလွတ်ရနေတဲ့ အပိုဒ်လေးတခုရှိတယ်။

တောအလှူတခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲဖိတ်ကျတဲ့
အသားတုံးအကျလေးတောင်မှ
မစားရသူ မေလ။

မှတ်မှတ်ရရ …
ကျနော်နဲ့ ဆရာချော တခါမှ မတွေ့ဖူးဘူး။ ကျနော်က ၀ယ်တိုက်မယ့် ရေခဲစိမ်ဘီယာကို သူ့ခွက်ထဲ အရင် ထည့်ပေး သူ့ကို အလျင်သောက်စေခြင်းနဲ့ သူကို မြောက်စားချင်တဲ့ ဆန္ဒတော့ ရှိခဲ့တယ်။ သူ့လိုပဲ လူသား တယောက်နဲ့ တယောက် နူးညံခြင်းပြိုင်ပွဲ မရှိခဲ့တာတော့ ကျနော်လည်း သူ့လို ရယ်သွမ်းသွေးလိုတဲ့ အာသီ သရှိပါတယ်။ သူ့လိုပဲ သင်္ဘောပျက်တစီးပေါ်က အိပ်မက်တွေကို စာနာတဲ့လူ ဖြစ်ချင်တယ်။ ဘ၀ကို ပွဲတော် လိုတွေးခေါ် အနုပညာမှော်တွေနဲ့ ကန်သွင်းခဲ့တဲ့ သူ့ရဲ့အရိပ်တွေကို ရင်ဘတ်ကြီး ဗြန်းဗြန်းကွဲတဲ့အထိ ပသာဒ လိုက်ချင်ပါတယ်။ ကြမ်းပိုးများတဲ့ အိပ်ရာမှာ အိပ်ပြီး ဆေးစစ်ခံတဲ့ညတွေမှာ ကိုယ့်ဘ၀ကို မီးပုံရှို့ပြီး လှုံပြရဲတဲ့သတ္တိကို သဒ္ဓါကျခဲ့ပါတယ်။ ကဗျာရေးတာ ကျနော်ရဲ့ ကံနာ ၀ဋ်နာပါလို့ ဆိုသူဟာ ကဗျာကို သားဖွားခန်းရောက် မိန်းမ သူလင်သားကို စိတ်နာသလို နာပေမယ့် တဘ၀လုံး ကဗျာမှော်အောင်ခဲ့တဲ့ ဆရာ ချောရေ … ကျနော်လည်း ဘ၀ရဲ့ အာသီသအဖြစ် သူပုန်မှော်အောင်ချင်တယ်လို့ ရေးခဲ့တယ်။

မှတ်မှတ်ရရ …
ဆရာချောရဲ့ ကဗျာဖြစ်တည်ခြင်းဆိုင်ရာ အယူအဆလေးနဲ့ ဒီစာကို အဆုံးသတ်ချင်ပါတယ်။
“ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့အသည်းနှလုံးဟာ တနေ့ကို အကြိမ်ပေါင်း တသိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာကျမ်းတွေက ဆိုတယ်။ လူတယောက်ရဲ့ တနေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တသိန်းခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ကျနော့်အလို အရတော့ အကြိမ်တသိန်းတိတိခုန်ချက်ဟာ ထိချက်တချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တချက်ဟာလဲ မှော်သားဓာတ် မစေးကပ်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက် တချက်လဲဖြစ်ပြီ၊ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားလဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ။ ကဗျာပဲ။ အစစ်ရတနာပဲပေါ့”

ညိုထက်(လမ်းသစ်ဦး)
(ကျောင်းသားတပ်မတော်)

Monday, September 1, 2008

မြင့်မြင့်စန်း ဇာတ်လိုက်ဖြစ်ပြီ

မာရေကျောရေနိုင်တဲ့ကောင်လေ
ဘာဖြစ်လဲ
ချော်ကျရင်တောင် မှော်ထနေဦးမယ့်ကောင်။

ဆန္ဒစွဲအရ ပြောကြစတမ်းဆိုရင်
သူပုန်ထပွဲကြီး ချိမ့်ချိမ့်သဲသဲ ကျင်းပလိုက်ချင်တာပါပဲ။

ငါ့ကို
ကန့်လန့်တိုက်တယ်လို့ မပြောကြနဲ့
ရန်သူကို ရန်သူလို့ မခေါ်ရဲတဲ့ကောင်တွေကို တိုက်မယ်
မြေထုလိုမစွဲမြဲရင် လေထုလို အသဲကွဲရမယ်
ဘုရားသခင်က မောင်ရင်တို့ကို ကျော်မကြည့်ခဲ့
ဘယ်လောက်ပဲ ပူလောင်ပါစေ ရင်ခွဲရုံမှာတော့ ဇိမ်မရှိဘူး
တပ်ကြပ်ကြီးအထာ လာလုပ်မနေနဲ့။

မြင့်မြင့်စန်းရေ …
မင်းက ငါ့ကို
တင့်တင့်တယ်တယ် လူရာဝင်စေချင်သတဲ့
ဟုတ်စ
မင်းက ငါ့မိန်းမဆက်ဖြစ်နေဦးမယ့်သူပါကွယ်
မညံ့နဲ့။

မြင့်မြင့်စန်းရေ … မိန်းမရေ
မင်းသူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ
ဟိုစာစောင် ဒီစာစောင်မှာပါလာတော့
မင်းရဲ့မျက်နှာ တညှို့တထွာ
အားမငယ်စမ်းပါနဲ့ မိန်းမရာ
မင်းကို ငါ
ကဗျာထဲမှာ ထည့်ရေးပြီ။

ညိုထက် (လမ်းသစ်ဦး)ဲ

မီဒီယာကျဉ်

ကျနော်တို့ဘာကြောင့် မီဒီယာလုပ်ငန်းတွေလုပ်နေကြသလဲ။ အနေအထားက ထိုနေရာမှ ပြန်စဉ်းစား ကြရမည် ထင်သည်။
ပြည်ပရောက်မီဒီယာသမားများ အားလုံးနီးပါးတွင် နိုင်ငံရေးနောက်ခံ အနည်းနှင့်အများ ရှိကြသည်ချည်းဖြစ်သည်။ နိုင်ငံရေး နောက်ခံဆိုသည်မှာလည်း အဆက်ဆက်သော စစ်အုပ်စုကို ဆန့်ကျင်ခဲ့သည့် နိုင်ငံရေးနောက်ခံ ဖြစ်သည်မှာ အထူးပြောစရာလိုမည် မထင်ပါ။ မီဒီင်္ယာသမားတယောက်ဆိုလျင် ၇၀ စုနှစ် နိုင်ငံရေး လှိုင်းတံပိုး တိုက်ပွဲတခုတွင် ထောင်တန်းကျဖူးသူ။ ထောင်ထွက်လျင် လက်နက်ကိုင်တော်လှန်ရေးလုပ်ရန် သစ္စာပြုဖူး သော်လည်း တောမခိုနိုင်သဖြင့် မီဒီယာသမားအဖြစ် ရွေးချယ်ခဲ့ရပါသည်ဟု မီဒီယာကွန်ဖရင့်တခုတွင် လူသိ ရှင်ကြားပြောဖူးသည်။ လူတဦးချင်း၏ စွန့်လွှတ်နိုင်မှု အနည်းအများအပေါ်မူတည်သည့် ရွေးချယ်မှုပင် ဖြစ်သည်။ မွေးရာပါအခွင့်အရေးလည်း ဖြစ်သည်။ ပြဿနာမရှိ။ ပြဿနာက တာဝန်ယူမှုအပိုင်း။

ဗမာပြည်တွင် ဖိနှိပ်သူနှင့် အဖိနှိပ်ခံတို့ ရာစုနှစ်တ၀က်မက ပြင်းထန်သည်းသန်စွာတိုက်ပွဲဝင်နေကြသည်။ ပြောရမည်ဆိုလျင် ပြည်ပရောက်မီဒီယာသမားများ တွင်ကျယ်နေရသည်မှာလည်း ထိုတိုက်ပွဲ၏ ကျွဲကူးရေပါ ကိစ္စပင်ဖြစ်သည်။ ဗမာပြည်၏တိုက်ပွဲများ သည်းသန်ပြင်းထန်မှုမရှိပဲ ပြည်ပရောက်မီဒီယာများနှင့် ပြည်ပရောက် မီဒီယာသမားဟူ၍ အခိုင်အမာပေါ်လာဖွယ်မရှိ။ ဘီဘီစီသည်ပင် ၈၈ အရေးတော်ပုံကြီးအတွင်း တော်လှန်သည့် လူထုတိုက်ပွဲဘတ်မှ ရပ်တည်ခဲ့သည့်အတွက် သာမန်နိုင်ငံခြားအသံလွှင့်ဌာနမှ ဗမာလူထု လှည်းနေလှေအောင်း။ မြင်းဇောင်းမကျန် လူသိများအ၏ကိက်တွေ့ရသည့် မီဒီယာဖြစ်လာခဲ့သည်မှာ တကဲ့ဖြစ်ရပ်ပင်ဖြစ်သည်။ ရပ်တည်ချက်ပျက်ယွင်းလျင် လူထုက လက်ခံနားထောင်နေမည်ဟုမထင်။ စစ်အုပ်စု၏ မီဒီယာအားလုံး လူကြိုက်နည်းပြီး ဖတ်သူ။ ကြည့်သူ။ နားထောင်သူ မရှိသလောက်ဖြစ်နေခြင်းနှင့် နှိုင်းယှဉ်ကြည့်ရန်ဖြစ်သည်။

အားလုံးသိပြီးသော်လည်း လိုအပ်လာသဖြင့် အနည်းငယ်ထည့်သွင်းပြောရမည့် သဘာဝတရားတခုကို တင်ပြပါမည်။ ဖိနှိပ်သူ တို့၏ ဖိနှိပ်ရေးယန္တရားများတွင် မီဒီယာမျိုးစုံသည်လည်း တခုအပါအ၀င်ဖြစ်သည်။ လက်နက်ကိုင်တပ်များဖြင့် ရက်စက်ကြမ်းညကတ်စွာ ဖိနှိပ်သည်။ မီဒီယာမျိုးစုံဖြင့် မှိုင်းတိုက်သည်။ အဖိနှိပ်ခံ လူထုတရပ်လုံး စိတ်ဓာတ်ဗုန်းဗုန်းလဲအောင်လုပ်သည်။ ဖိနှိပ်သူတို့အား ဆန့်ကျင်တော်လှန်သူအားလုံးကို အားနည်းချက်ရှာ၍ လူသိရှင်ကြား ဖွင့်ထုတ်တိုက်ခိုက်သည်။ ထိုသို့ဖြင့် ဖိနှိပ်သူတို့၏ ပြောလိုရာများ လှိုင်လှိုင် ညံနေခဲ့ပြီး အဖိနှိပ်ခံတော်လှန်သူများ ပြောလိုသည်တို့ တိတ်ဆိတ်ခဲ့ရတော့သည်။ ထိုသို့ဖြင့် ဖိနှိပ်သူတို့အား ဆန့်ကျင်ခဲ့ကြသူတချို့ မီဒီယာသမားများဖြစ်ခဲ့ရသည်။ ကျနော်ထိုသို့ပင် ယုံကြည်သည်။
မည်သည့်လူတန်းစား။ မည်သည့်လူမှုအစုအဖွဲ့။ မည်သည့်လူမှုအုပ်စုမဆို ၎င်းတို့ စည်းရုံးရေးလုပ်ငန်းစဉ်အတွက် မီဒီယာများ လိုသည်ပင်ဖြစ်သည်။ အနိုမ့်ဆုံး စီးပွားရေးလုပ်ငန်းအစုအဖွဲ့သည်ပင် မီဒီယာလိုသည်ပင်။

ဒေါင်းအိုးဝေစာစောင်က ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးအကြောင်းပြောရင်း လူထု၏အဖိနှိပ်ခံရမှုကို ပြောမည်။ ချိုးလင်းပြာစာစောင်က အမျိုးသမီးများအကြောင်း ပြောမည်။ ဥပဒေရေးရာစာစောင်က ဥပဒေ အကြောင်းပြောရင်း စစ်အုပ်စု၏ ဥပဒေရေးရာအမှားများနှင့် လူထု၏ ဥပဒေရေးအရ အစော်ကားခံရမှုများကို ပြောမည်။ နိုင်တင်ဂေးစာစောင်က ကျန်းမာရေးဆိုင်ရာ အကြောင်းများပြောရင်း လူထုကျန်းမာရေးဆိုင်ရာ ချို့တဲ့မှုအကြောင်းကို ပြောမည်။ ရွှေခမောက်မှတ်တမ်းလွှာက အန်အယ်လ်ဒီ၏ လုပ်ငန်းဆိုင်ရာများကို ထုတ်ပြန်မည်။ ထိုသို့ဆိုင်ရာအကြောင်းများပြောရင်း။ ရေးရင်း။ သတင်းထုတ်ပြန်ရင်းဖြင့် ၀ါဒဖြန့်စည်းရုံးကြသည် ချည်း ဖြစ်သည်။ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းသည်ပင် အီရတ်နိုင်ငံကို အမေရိကန်တပ်က ၀င်ရောက်ကျူးကျော် တိုက်ခိုက်သည့် ၂၀၀၄ ခုနှစ်၏ Man of the year အဖြစ် အမေရိကန်တပ်သားတဦးဟု ထုတ်ပြန်ခဲ့သည်။ တိုင်းမဂ္ဂဇင်းသည်လည်း ဆိုင်ရာကိစ္စအတွက် ၀ါဒဖြန့် စည်းရုံးပေးခြင်းသာလျင်ဖြစ်သည်။ ကန့်ကွက်စရာမရှိ။ ရပ်တည်ချက်ကို ဆန်းစစ်ရန်သာ ရှိသည်။

လူထုဘတ်မှရပ်ခံမည့် မီဒီယာများမရှိလျင် ဖိနှိပ်သူတို့ ပြောလိုရာပြောနေသည်ကို မှန်ရာမှန်ကြောင်း ကြောင်းကျိုးသင့် ပြန်လည်ခုခံနိုင်ခွင့် လုံးဝပျောက်ဆုံးသွားမည်။ လူထုသည် အသံတိတ်နေရသည့် အကြွင်းမဲ့ အဖိအနှိပ်ခံများ သက်သက်ဘ၀သို့ လုံးဝထိုးကျ သွားမည်။ ဖိနှိပ်သူတို့၏ စော်ကားမှုမှန်သမျှကို ထာဝရ နာခံ ရမည့် လူအန္ဓများဖြစ်သွားပေမည်။ အဖိနှိပ်ခံတို့၏ အမှောင်ခေတ်သို့ သက်ဆင်းကျရောက် သွားရပေမည်။
မီဒီယာလုပ်ငန်းမရှိပဲ ကျယ်ပြန့်သော လူထုလုပ်ငန်းမရှိနိုင်။ ကျယ်ပြန့်သည့် လူထုအား တစုတစည်းတည်းသော အတွေးအခေါ် ပေးပို့နိုင်သည့်နေရာသည် မီဒီယာများသာလျင်ဖြစ်သည်။ ပြည်သူအတွင်း ညီညွတ်ရေးကို အားကောင်းမောင်းသန် တည်ဆောက်နိုင်သည့်နေရာသည် မီဒီယာများသာလျင်ဖြစ်သည်။ အဖိနှိပ်ခံ လူမျိုးစုံပြည်သူအတွင်း အချယ်အလှယ်မခံရေး အတွေးအခေါ် စိတ်ဓာတ်ကို ကျယ်ကျယ်ပြန့်ပြန့်ပေးပို့နိုင်သည့် နေရာသည် မီဒီယာများဖြစ်သည်။ ထို့အတူ တွန်းလှန်တိုက်ပွဲဝင်ရေး အတွေးအခေါ် ရဲရဲရင့်ရင့် တင်ပြနိုင်သော နေရာသည်လည်း မီဒီယာများပင် ဖြစ်သည်။ လူမျိုးစုံပြည်သူတို့ တညီတည်းသော တော်လှန်တိုက်ပွဲဝင်ရေးကို အချိန်းအချက်ပြုပေးနိုင်ခဲ့သည်မှာလည်း မီဒီယာများပင်ဖြစ်သည်။

ထို့အပြင် မီဒီယာများ၏သဘာဝအရ တဦးတယောက်ခြင်းသဘောမဆောင်။ စာစောင်မီဒီယာပင် ဖြစ်စေ။ ရုပ်သံမီဒီယာပင် ဖြစ်စေ။ အသံလွှင့်မီဒီယာပင် ဖြစ်စေ။ နည်းပညာမီဒီယာ (Online Media) ပင် ဖြစ်စေ စုပေါင်း လုပ်ဆောင်ရသည့် သဘောဖြစ်သည်။ ထို့ကြောင့်ပင် မီဒီယာတို့၏ စည်းရုံးရေးအဆင့်အတန်းသည် စုပေါင်းသဘောဆောင်သည်။ မီဒီယာတို့သည် စုပေါင်းဝါဒဖြန့်ချီရေးမှူး။ စုပေါင်း လှုံဆော်ရေးမှူးနှင့် စုပေါင်း စည်းရုံးရေးမှူးပင်ဖြစ်သည်။ တိုက်ပွဲဝင် အားလည်းဖြစ်သည်။
“ဓားသွားထက်။ ကလောင်သွားထက်သည်” ဟူ၍ပင်ပြောလေ့ရှိကြသည်။ ကျနော်တို့ကြားမှာတော့ “မီဒီယာကျည်” ဟု ခေါ်ကြသည်။

ညိုထက် (လမ်းသစ်ဦး)

ကိုရန်အောင်သို့ အိပ်ဖွင့်ပေးစာ

ကိုရန်အောင်

ကျနော် ဖိုးညိုပါ။ ကျနော်က ဆုံဆည်းရာ ၀ိုင်းတော်သားလည်းဖြစ်၊ ကျောင်းသားတပ်မတော်သား လက်နက်ကိုင်တော်လှန်ရေးသမားလည်း ဖြစ်ပါတယ်။ တိုက်ရိုက်စကားနဲ့ ပြောရရင် စစ်အုပ်စုကို ထောင်ထားခြားနားနေတဲ့ သူပုန်တယောက်ပါ။
ကျနော် အွန်လိုင်းလောကနဲ့ အဆက်ပြတ်နေတာ ၃ လလောက်ရှိနေပါပြီ။ သူပုန် တယောက်ဟာ သူပုန်အလုပ်ရှိရာ တောထဲ တောင်ထဲမှာပဲနေပါတယ်။ အလုပ်ကိစ္စနဲ့ မြို့ပေါ်ရောက်လာရင်း ကိုရန်အောင်ရဲ့ ဘလော့ကို ၀င်ကြည့်ဖြစ်ပါတယ်။ ကိုရန်အောင်တင်ထားတဲ့ ဇန်န၀ါရီ ၂၀ ရက်စွဲနဲ့ တင်ထားတဲ့ ပို့စ်ကိုဖတ်ကြည်ဖြစ်ရတယ်။ ကျနော်တော်တော်လေးစိတ်မကောင်းဖြစ်ရတယ်ဗျာ။ ကိုရန်အောင်နဲ့ ဘယ်သူ တွေ၊ ဘယ်လိုဖြစ်ကြလို့ ဒီပို့စ်ကို တင်ထားတယ်ဆိုတာ ကျနော်မသိပါဘူး။ တဦးချင်းကိစ္စကို တဦးချင်း ရှင်းကြတာကောင်းပါတယ်။ တရားကိုယ်သဘောတရားတွေကို တင်လာတော့ စိတ်မချမ်းမြေ့ဖွယ်ရာတွေ ဖြစ်လာရပါတယ်။

လူရယ်လို့ဖြစ်လာရင် လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ တင်ပြခွင့်၊ လွတ်လပ်စွာ ပြောရေးဆိုခွင့် ... စသဖြင့်ပေါ့။ ကျနော်တို့ ဒါကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကျနော်တို့ဟာ လက်နက်ကိုင်ထားတဲ့ ဒီမိုကရက်တစ်တွေပါ။ တခုတော့ ရှိပါတယ်။ လွတ်လပ်မှုဟာ တာဝန်ယူမှုနဲ့ တွဲလျက်ရှိပါတယ်။ ငါတို့ကတော့ လွတ်လွတ်လပ်လပ်ပဲ ဒါလူ့အခွင့်အရေးပဲဆိုတဲ့ ခပ်ညံ့ညံ့ ဆင်ခြေတွေကို ကျနော်တို့ကြားရပေါင်းများနေပါပြီ။ ဒီဘက်နှစ်တွေထဲ ကျနော်တို့ကြားမှာ ရေပန်းစားလာတဲ့ စကားတလုံး ရှိပါတယ်။ နုမှည့်။ နိုင်ငံရေး သဘောတရား၊ တော်လှန်ရေးအတွေ့အကြုံ၊ ဖြတ်သန်းမှု မည်မည် ရရမရှိပဲ ငါ့စကားနွားရ၊ မစားရ၀ခမန်း ထင်တိုင်းကျဲနေသူတွေကို ပြောတဲ့စကားပါ။ လွတ်လွတ်လပ်လပ်ပြော တယ် ဘာဖြစ်သလဲ၊ ဒါငါ့အခွင့်အရေးပဲလို့ ဆင်ခြေပေးသူတွေကို ကျနော်တို့က နုမှည့် စာရင်းသွင်းထား ပါတယ်။

ကိုရန်အောင်ရေ ... လက်နက်ကိုင်တော်လှန်ရေးရဲ့ တရားကိုယ်သဘောတရားတွေကို ကိုယ်တွယ် ပြောဆိုလာခဲ့လေတော့ တာဝန်ခံပေတော့ပေါ့ဗျာ...။

ဒီကနေ့ခေတ်ကို IT ခေတ်ဆိုတာထက် နည်းပညာတွေ တော်လှန်ရေးအသွင်နဲ့ ပေါက်ကွဲ ပြောင်းလဲ နေတာကို ကျနော်တို့ သူပုန်တွေ သုံးသပ်မိပါတယ်။ ဒါ့ကြောင့်လည်း နည်းပညာလောကထဲမှာ သူပုန်တွေရဲ့ အသံတွေကို ကိုရန်အောင်တို့ ကြားနေရတာပေါ့။ ဆုံဆည်းရာဆိုရင် အခိုင်အမာ လက်တွေ့ပါပဲလေ။ ABSDF ကိုယ်တိုင်လည်း www.absdf8888.org ဆိုပြီး ၀ဘ်ဆိုက်ဖွင့်ထားတာပဲလေ။ ကျနော်တို့ အဖွဲ့အစည်း မပြောနဲ့ ဗကပတောင်မှ www.cpburma.org ဆိုပြီး ရှိပါတယ်။ ဒါကို ကိုရန်အောင် သတိထားမိခဲ့ရဲ့လား မသိဘူး။ alquaida တောင်မှ သူတပ်ဖွဲ့ဝင်တွေကို အွန်လိုင်းပေါ်မှာ သင်တန်းပေးနေတယ်လို့ အဆိုရှိပါတယ်။ နည်းပညာခေတ်ဖြစ်တာနဲ့ ကွန်ပြူတာကိုင်နိုင်သူတွေသာ ခေတ်ကို ပြောင်းလဲနိုင်မယ်ဆိုတာတော့ ကျနော်တို့ သဘောမတူနိုင်ပါဘူး။ ကျနော်တို့နိုင်ငံဟာ ခေတ်နောက်ကျပြီး ဆင်ရဲမွဲတေတဲ့နိုင်ငံပါ။ ကွန်ပြူတာမပြောနဲ့ လက်နှိပ်စက်တောင် မမြင်ဘူးတဲ့ သူတွေ တိုင်းပြည်တ၀က်မကများပြားတဲ့ နိုင်ငံပါ ကိုရန်အောင်။ ကွန်ပြူတာကိုင်နိုင်တဲ့ လက်တဆုပ်စာ လူနည်းစုလေးက ခေတ်သမိုင်းကို ပြောင်းလဲနိုင်တယ်ဆိုတာကို ကျနော် ဘယ်လိုမှ ယုံကြည်လို့မရပါဘူး။ လယ်သမား၊ အလုပ်သမား နင်းပြားတွေကသာ ခေတ်သမိုင်းကို ပြောင်းလဲနိုင်တာပါ။ ကျနော်တို့ သူတို့အတွက် အလုပ်လုပ်ပါတယ်။ ကျနော်တို့ သူတို့နဲ့အတူရှိနေပါတယ်။

ကွန်ပြူတာကိုင်နိုင်တဲ့သူမှ ဒီမိုကရေစီအကြောင်း ပြောရမှာလား။ တူကိုင်တဲ့သူလည်း ဒီမိုကရေစီအကြောင်း ပြောခွင့်ရှိပါတယ်။ တံဇင်ကိုင်တဲ့သူတွေလည်း ဒီမိုကရေစီအကြောင်း ပြောရေးဆိုခွင့်ရှိပါတယ်။ ဒေါင်းအလံနဲ့ မောင်းပြန်ကိုင်ထားတဲ့ ကျနော်တို့လည်း ဒီမိုကရေစီအကြောင်း ပြောရေးဆိုခွင့်ရှိရမှာပေါ့။ ကိုရန်အောင် ဒီမိုကရေစီကို တကယ်ယုံကြည်တယ်လို့ ကျနော်တော့ ဘယ်လိုမှ မမြင်သေးဘူး။ ကိုရန်အောင်က စီဘောက်စ်ဖြုတ်မယ်။ ကောင်မန့်တွေ၊ အမြင်တွေလည်း မလိုချင်တော့ဘူးလို့ဆိုလာပါတယ်။ ဒီမိုကရက်တစ် တယောက်ဟာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို ယုံကြည်ရပါမယ်။ ကွဲပြားခြားနားတဲ့ အမြင်တွေကို လက်ခံနိုင်ရပါမယ်။ ဆုံဆည်းရာက ဘယ်တော့မှ စီဘောက်စ်မဖြုတ်ပါဘူး။ မတူကွဲပြားတဲ့ အမြင်တွေကို သူပုန်တွေ မငြင်းပါယ်ခဲ့ပါဘူး။ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ (ဆိုပါတော့ အခု ကိုရန်အောင်တို့လိုမျိုးပေါ့) ကြုံရ ဆုံရပြန်ရင်လည်း မှန်မှန်ကန်ကန်တုံ့ပြန်ပါတယ်။ ကျနော်တို့ အာဏာရှင်မဆန်ခဲ့ကြောင်း ကျနော်တို့ အချက်အလက်အရ တာဝန်ခံပါတယ်။ ကျနော်တို့ဟာ မွေးရာပါ လွတ်လပ်ခွင့်အရ စစ်အုပ်စုကို လွတ်လပ်စွာ လက်နက်ကိုင်ထောင်ထားခြားနားခဲ့ပါတယ်။ အဲဒီအတွက် ဖြစ်လာမယ့် အကျိုးဆက်အားလုံးကိုလည်း တာဝန်ခံ၊ တာဝန်ယူပါတယ်။

ကိုရန်အောင်ရေ ... လူဆိုတဲ့ အများစုဟာ မိမိကိုယ်ကို ဗဟိုပြုစဉ်းစားလေ့ရှိပါတယ်။ သက်တောင့်သက်သာ နေချင်ကြပါတယ်။ ကိုယ့်အသက်သေမှာကိုလည်း စိုးရိမ်ကြပါတယ်။ ကိုရန်အောင်တို့လို တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းလုပ်နေသူတွေပါလို ကိုယ့်ကိုကိုယ်အဆိုတင်နေသူတွေတောင်မှ တောထဲ၊ တောင်ထဲမှာ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ပါဘူး။ မလုပ်နိုင်ခဲ့လို့လည်း လွတ်ရာလွတ်ကြောင်းမှာ သွားနေခဲ့တာပဲမဟုတ်လား။ ဒါဟာ မြို့နေ၊ ပညာတတ်၊ ဓနရှင်ပေါက်စတွေရဲ့ ယေဘူယျ လက္ခဏာပါပဲ။ စက်တင်ဘာ အုံကြွမှုတုန်းက ကိုရန်အောင်ဘာလုပ်နေသလဲ။ စစ်အုပ်စုကို တိုက်ပွဲဝင်ဖို့လိုတယ်ဆိုပြီး ဘာလိုတော်လှန်ရေးအင်အားစုတွေဆီရောက်မလာသလဲ။ ဘာလို့ လူထုတွေဆီမသွားသလည်း။ ထကြ ပါတော့လား။ ကြွကြပါတော့လား ဆိုပြီး ဘေးတီးပေးတာလောက်နဲ့မရပါဘူး။

လက်နက်ကိုင် တော်လှန်ရေးဆိုတာ စိတ်ထင်တိုင်း လျောက်လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ ကိုရန်အောင် တို့လို လေတွေ မိုးတွေသဲပြီး လက်တွေ့ တော်လှန်ရေးကွင်းထဲဝင်ပြီး တိုက်ပွဲမ၀င်ရဲသူတွေကို တော်လှန်ရေး အတွေးအခေါ် ချပေးရပါဦးမယ်။ လက်တွေ့မပါတဲ့ သဘောတရားဟာ တီဗီမပါတဲ့ အင်တာနာနဲတူပါတယ်။

ကိုရန်အောင်က ဘာမသိညာမသိနဲ့ အရမ်းလျောက်ပြေနေတာကို ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေး လုပ်တယ်ဆိုတာ ဦးတည်ချက်၊ ရည်မှန်းချက်နဲ့ လမ်းစဉ်တွေရှိတယ်။ ကျနော်တို့မှာ နိုင်ငံရေးလမ်းစဉ်၊ စစ်ရေး လမ်းစဉ်ဆိုတာတွေရှိတယ်။ ဒါတွေကိုမလေ့လာဖူးပဲနဲ့ အရမ်းလျောက်ပြောတော့ အကုန်မှားကုန်တာပေါ့။ ကျနော်တို့ တပ်ဦးက အနာဂတ်ဗမာပြည်ကို ဘယ်လိုတိုင်းပြည်ဖြစ်ချင်တယ်ဆိုတာတွေ အကုန်လုံး ထည့်သွင်း ရေးဆွဲထားပါတယ်။ ရှာဖွေ ဖတ်ရှု့ပါဦး။

တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဟန့်တားထားတဲ့ စစ်အုပ်စုကိုမှ မဖြိုနိုင်သေးပဲနဲ့ ဗမာပြည် ဒီမိုကရေစီရရင် ဘာလုပ်လိုက်မယ်ဆိုတာမျိုးကသင့်လျော်တဲ့ အတွေးအမြင်လို့များ ကိုရန်အောင်ထင်နေ သလား။ တပြည်လုံးငတ်နေတဲ့အချိန်မှာ ကွန်ပြူတာရှေ့ထိုင်ပြီး တိုင်းပြည်တိုးတက်ကြောင်း ထိုင်ပြောနေတာ သင့်လျော်တဲ့ အလုပ်များလားဗျ။

ကျနော်ဒီလောက်ပဲ ရေးပါရစေဗျာ။ လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်ဆိုရင်တော့ ကိုရန်အောင်ရေ ...
သံဓိဌာန်ချ ...
အသက်စွန့်ရန်မကြောက် ...
အခက်အခဲကျော်လွား ...
အောင်ပွဲ အရယူဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားဖို့လိုပါတယ်။

ဖိုးညို (ဆုံဆည်းရာ)

၁၀ နှစ်စာကိစ္စ

မေးကြတယ်။

နောင် ၁၀ နှစ်မှာ ကိုယ်ဘာဖြစ်မယ်ဆိုတာ
စဉ်းစားပြီးပြီလားတဲ့၊
ဘာ့ကြောင့်
လူ့ဘ၀ကို ဒီလောက်သေချာနေချင်ရတာလဲ။

ပိုက်ခေါင်းကိုဖွင့်ချလိုအ
ရေတွေလုံးတိုက်ကျလာသလိုမျိုး
သေချာမှုတွေဟာ
ပစ်ပစ်နှစ်နှစ်ဖူးပွင့်တတ်သတဲ့လား။

တကယ်က
ငါတို့ဒီနှစ် စပါးဘယ်လောက်ရမလဲဆိုတာထက်
ငါတို့ဒီနှစ် စပါးဘယ်နှစ်ပုံးစာခုတ်မလဲဆိုတာက
ငါတို့အတွက် အရေးတကြီးဖြစ်မနေသင့်ဘူးလား။

အေးဗျာ
တောင်ယာခုတ်ရင်စဉ်းစားရမှာက
ကိုယ့်တောင်ယာကို ကိုယ်
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖိုပဲမဟုတ်လား။
သီးတဲ့စပါးတွေ အဖျင်းမများဖို့ပဲမဟုတ်လား။

နောင် ၁၀ နှစ်မှာလည်း
ငါယုံတယ်
ဒီအတိုင်းပဲစိုက်ပျိုးမယ်။

ညိုထက် (လမ်းသစ်ဦး)

ခေတ်ရဲ့ သားကောင်တွေ

ခေတ်ရဲ့ သားကောင်တွေ

ကျနော် စိတ်လှုပ်ရှားမှုများဖြင့် ငြိမ် သက်စွာငေးမောနေသည်။ အမိုးပြော နေသည့် စကားလုံးတိုင်းက ရင်ကို စူးစိုက်နေသည်အလား။ “မိုးဦးအကျ စောမယ်ဆိုတာကလည်း တကယ်တော့ လောကဓံတွေပါလား အမေရယ်” ဆရာချောနွယ်၏ ကဗျာ စာသားများက ရင်ကို နာနာကျင်ကျင် တို့ထိလျက်ရှိသည်၊ ဟုတ်ပါသည်။ အမိုးပြောနေသည့် အကြောင်းအရာများက အကြွေစောသည့် ပန်းငုဝါလေးတွေအကြောင်း။

[၁]
အမိုး၏စကားသံများက လောကဓံနှင့် အရင်းနှီးကြီး ရင်းနှီးနေသူ၏ လေသံများအတိုင်း တည်ငြိမ်ခြင်းနှင့်အတူ လေးပင်ပြတ်သားခြင်းတို့ ရှိနေသည်။ ကံကြမ္မာကို ရိုးမယ်ဖွဲ့နေတာလား၊ ဘုရား သခင်ရဲ့ အလိုတော်အတိုင်းလို့ ဖြေသိမ့်နေတာလား၊ ဒါမှမဟုတ် ဘာဆိုဘာမှ စဉ်းစားမနေချင် တော့တာလား၊ သူမက ဘယ်လိုခံစားနေရသလဲ ဆိုတာကို ကျနော်က ခွဲခြမ်းစိတ်ဖြာကြည့်နေ ဖြစ်သည်။

ရဲဘော်ထူးအောင်ကတော့ စကားလုံးတွေကို စတင်နားလည်ကာစ ကလေးတယောက်လို သူပြောမည့် စကားများအတွက် အပြန်ပြန်အလှန်လှန် စဉ်းစားရင်း “သူ ... ကျသွားတယ်ဆိုတာကတော့ တကယ်ပါပဲ အမိုး” အသူတရာနက်သော ချောက်ထဲသို့ ထိုးဆင်းကျရောက်သွားသည့် စက္ကန့်နာရီများ၊ ထိုင်နေသူ အားလုံးဆီ တပြိုင်နက် အန်ကျလာသည့် သက်ပြင်း လှိုင်းပုတ်သံများ၊ ထိုစက္ကန့်ပိုင်းအတွင်း သွေးလေရပ်တန့်သွားသည်ဟု ခံစားလိုက် ရသည်။ ဒီဖြစ်ရပ်ကို သိနေကြသူတွေ ဖြစ်ကြပေမယ့် ဒီစကားတွေ ပြန်ကြားရတော့ တုန်လှုပ်ခြောက်ခြားရသည်က အမှန်၊ အထူးသဖြင့် စနစ်ဆိုးကြီးက ဝါးမြိုခြင်းဒဏ် ခံထားရသည့် မိခင်တယောက်ရှေ့မှာ သားတယောက်ရဲ့ ကံကြမ္မာကို အတိုရှင်းဆုံး စကားလုံးတွေနဲ့ ဖွင့်ဆိုပြနေရသည်က တုန်လှုပ်ခြောက်ခြားမှုနယ်ပယ်ကို ကျယ်သည်ထက် ကျယ်ဝန်းစေသည်။
“ရဲဘော်ဆေးရေ ... ရင်နှင့်အမျှ ကြေမွ နေကြရကုန်ပြီဗျာ”

[၂]
သူရဲ့မြန်မာအမည်က ‘ဆန်းလင်းအောင်’ ဒါပေမယ့် သူက ကရင်လူမျိုး။ စောဆေးကိုလို ကျနော်တို့ အားလုံးကတော့ သူ့ကို ‘ရဲဘော်ဆေး’ လို့ပဲ ခေါ်တယ်။ သူနဲ့ ကျနော် ကျောင်းသားတပ်မတော် (၆ဝ၁) တပ်ရင်းသို့ ရောက်ခဲ့ကြသည်က ရှေ့ဆင့်နောက်ဆင့်။ ပြည်မြို့ လူဘောင်သစ် ပါတီဝင်။ အလံ (၃) လက်ကို ကြံ့ခိုင်သူ။ အမှတ် (၆ဝ၁) တပ်ရင်း၏ ၁၉၉၂ စည်းရုံးရေး ခရီးစဉ်အတွင်း ၃/၈ လုပ်ဟန်အရ လူထုနဲ့အတူ တည်ဆောက်ခဲ့သူ။ သူတို့မြို့သား အဆိုတော် ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်းကို ဆွတ်ပျံ့ဖွယ် တီးခတ် သီဆိုတတ်သူ။

“သြော်...အနေဝေး၊ ရေဝေးမှာ ပြည်မှာဆောင်းကို ဆုံးရှုံး သွားခဲ့ပါပေါ့လား၊ ရဲဘော်ဆေးရယ်” သူက စိတ်လိုလက်ရ ဖြစ်တဲ့အခါ ကဗျာရေးလေ့ရှိတယ်။
‘ဒီကမ္ဘာလောကမှာ
သူရဲကောင်းဝါဒ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း
မဟစ်ကြွေးပါနဲ့ မစ္စတာချော့’
ဇွဲ ရှိသူတွေသာ အောင်ပွဲခံမှာပေါ့။
နှင်းရည်တွေ သိုင်းဝိုင်းနေတဲ့ ရှမ်းရိုးမရဲ့ည မီးပုံနံဘေးမှာ သူကိုယ်တိုင် ရွတ်ပြခဲ့တဲ့ သူ့ရဲ့ကဗျာလေး။ အခုတော့လည်း လွမ်းရစေတော့ ရဲဘော်ဆေး ရေ။

သူက ဟာသဓာတ်လည်း ရှင်သန် ထက်မြက်နေတဲ့သူ။ အခြေခံဒေသ ထိုးဖောက်ရေး ထိုးစစ်ခရီးမှာ ကျွန်တော်တို့ အတူတကွ ချီတက်ခဲ့ကြ သူရဲကောင်းဆန်စွာ ကျဆုံးခဲ့ရ။ သူရှိရင် မငြီးစတမ်း။ သူ့ ပြည်မြို့ရဲ့ ဟာသအကြောင်းတွေ။ သူနဲ့ သူ့သူငယ်ချင်းတွေရဲ့ အမြီးအမောက် မတည့်တဲ့ ရယ်စရာဖြစ်ရပ်တွေ။ သူရဲ့ စက်မှုအထက် တန်းကျောင်းသား ဘဝဖြစ်စဉ်။ အမှုန့်ကြိတ် စက်ရုံအလုပ်သမားဘဝ။ လူ့ဘောင်သစ် ပါတီဝင်အဖြစ် စွန့်စားခန်းတွေ။ ငတ်ပြတ်သူတွေ။ ပြည်မြို့ရဲ့ အာဇာနည်နေ့ လွမ်းသူပန်း ခွေချပွဲ သည်းထိတ်ရင်ဖို နိုင်ငံရေးထိုးစစ်။ နောက်တော့ သူ့မိသားစုအကြောင်း။ အဖေရယ်၊ အမိုးရယ်၊ သူရယ်၊ သူ့ညီလေးရယ်။

“အေးဗျာ ... ကျနော် တောခိုလာတော့ ညီလေး တော်တော်ခံစားရမှာ ပဲ”

[၃]
‘ဗျာ ...’

“ဟုတ်တယ် ဖိုးခွား ... အငယ်ကောင်လည်း ဆုံးသွားပြီ။ အမိုး အိမ်ပြန်ရောက်တော့ သူ့အဖေလည်း ဆုံးသွားပြီ”

ဒါဟာ မတော်တဆ တိုက်ဆိုင်မှုလား။ မဟုတ်နိုင်ပါဘူး။ မဟုတ်နိုင်ပါဘူး။ ကျွန်တော့် စိတ်တွေဟာ အရက်မူးသမားလိုမျိုး ယိမ်းယိုင်ပြီး ဆောက်တည်ရာ မရ ဖြစ်နေသည်။ ရဲဘော်ဆေး ပြောပြဖူးသည့် သူ့မိသားစုဘဝ ပုံရိပ်များက အပ်ချည်ကြိုးတစကို တဘက်က ကိုင်ထားရင်း အပ်ချည်ကြိုးလုံး ပြုတ်ကျသွား သလိုမျိုး ဝရုန်းသုံးကား ပြုတ်ကျလာသည်။

“အဖေနဲ့ အမေက နယ်မြေလုရင်း ကျနော်တို့ ၂ ယောက် ငယ်ငယ်ကတည်းက အတူမနေဖြစ်ကြတာဗျ”။

အမိုးရယ် လောကဓံဆိုတာ ရှစ်ပါးထက် မပိုဘူးဆိုပေမယ့် အမိုးအတွက်တော့ ပြင်းထန်လှချည်လားဗျာ။ ဘယ်လို ဖြစ်ရတာလဲ အမိုးရယ်။ ထောက်လှမ်းရေးတွေကလည်း အိမ်ကို ခဏခဏ လာမေးနေတယ်။
‘ဆေးကိုလို တောခိုသွားပြီး သိပ်မကြာဘူး။ သူ့အဖေက အိပ်ယာထဲ လဲတော့တာပဲ။ သူ့အဖေက နဂိုကတည်းကလည်း ကျန်းမာရေး သိပ်ကောင်းလှတာ မဟုတ်တော့။ ဆုံးသွားရှာတယ်။ သူဆုံးခါနီး သူသားကြီးကို သိပ်တွေ့ချင်ရှာခဲ့တယ်။ ဟင်း ...’

အမိုးဟာ ရှည်လျားစွာ စကားပြော နိုင်ဖို့အားယူတာလား။ ဒါမှမဟုတ် နာကျင်စိတ်တွေ လိပ်တက်လာလို့လား မသိ။ သက်ပြင်းတခုချပြီး ဆေးပေါ့လိပ်ကို ကောက် ဖွာလိုက်တယ်။ အနုမြူပြာလဲ့နေတဲ့ မီးခိုးငွေ့များကို ကြည့်ရင်း ကျနော့်စိတ်တွေ အနုမြူဗုံးဒဏ်သင့်နေပြီလားလို့ တွေးမိတယ်။ တကယ်တော့လည်း ဗမာတပြည်လုံးဟာ အနုမြူရောင်ခြည်တွေ လွှတ်ထားပြီး အဆိပ်သင့်နေတဲ့ လှောင်ချိုင့်ကြီးနဲ့ အတူတူပဲ မဟုတ်လား။ ကျွန်တော်တို့ အားလုံးဟာ အသက်ရှူသံ မျှဉ်းမျှဉ်းလေးတွေကိုတောင် ကြားနေရတဲ့အထိ တိတ်ဆိတ်စွာ အမိုးကို ကြည့်နေကြတယ်။ အဲဒီ တိတ်ဆိတ်မှုကြီးဟာ ကြောက်စရာကောင်းတဲ့ တိတ်ဆိတ်မှု ကြီးပါပဲ။

အဲဒီအချိန်က အိမ်မှာ သူတို့အဖွားရယ်၊ အဒေါ် အပျိုကြီး နှစ်ယောက်ရယ်၊ အငယ်ကောင်ပဲ ကျန်ခဲ့တယ်။ သူ့ဦးလေး တယောက်ရှိပေမယ့် သူက ရန်ကုန်မှာ။ တခါတလေမှပဲ ပြည်ကိုရောက်လာလေ့ရှိတယ်။ သူ့ဦးလေးကိုတော့ အငယ်ကောင်က ကြောက်တယ်။ ဒါပေမယ့် အပျိုကြီး အဒေါ်တွေကိုတော့ နည်းနည်းမှ ကြောက်ဘူး။

အဒေါ်တွေကလည်းဆုံး အဖေက လည်းဆုံး၊ အကိုကလည်း တောထဲမှာကျဆိုတော့ မဆူရက်၊ မပြောရက်၊ ပိုက်ဆံကလည်း တောင်းသလောက်ရနေတော့ အငယ်ကောင်က ပျက်စီးလာတယ်။ မြန်မာပြည်မှာ အရက်နဲ့ မူးယစ်ဆေးဝါးက အရမ်းပေါတယ်။ အငယ်ကောင်က အပေါင်းအသင်းမှားပြီး ဘိန်းဖြူ စွဲသွားတယ်။

အမိုးဟာ ပြောလက်စ စကားကို ရပ်ပြီး မီးခြစ်လိုက်ရှာနေသည်။ မီးခြစ်ကို တွေ့သောအခါ မီးခြစ်ပြီး ဆေးလိပ်ကို မီးညှိ၏။ အမိုးရယ် အဲဒီ မီးခြစ်ထဲက မီးခတ် ကျောက်လိုမျိုး ကျနော့် နှလုံးသားတွေ ပဲ့ကျ နေရပါတယ်။ အမိုးက ဆေးလိပ်ကို အားပါးတရရှိုက်ဖွာပြီး မီးခိုးများကို မှုတ်ထုတ်လိုက်၏။

အမိုးရဲ့စိတ်တွေက ထိုမီးခိုးများလို အုံ့မှိုင်း ရှုပ်ထွေးနေပေလိမ့်မည်။

“သူ့အဒေါ်တွေက သူ့ဦးလေးဆီကို လှမ်းအကြောင်းကြားပြီး ဆေးဖြတ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူကလက်မခံဘူး။ သူ ဆေး မဖြတ်ချင်တော့ဘူးတဲ့။ သူ ဆေးဖြတ်လိုက်ရင် အခုဖြစ်နေတဲ့ သူ့ဘဝကိုသူ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးတဲ့၊ သူ့ကိုယ်သူ သတ်သေသွားတာ မြင်ချင်ရင် ဆေးဖြတ်ပေးကြလို့ ပြောတယ်။ အင်း ... ခုတော့လည်း ဘိန်းဖြူနဲ့ပဲ ဆုံးပါးသွားရတာပါပဲ။”

[၄]
အမိုးနှင့် ကျွန်တော်တို့ ဆုံမိကြသည်က ညီလာခံကာလ၊ အမိုးက တယောက်တည်း စိတ်ကူးတဲ့ရာ သွားလာနေထိုင်ရင်း စိတ်ကိုဖြေကြည့်ဖို့ ကြိုးစားနေသည်မှာ ကြာပြီ။ အခု ရောက်လာသည်က ရဲဘော်ဆေးကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတာ တွေ့ရသည်ဟူ၍ သတင်းကြားသောကြောင့် ဖြစ်သည်။ ထိုသတင်းကို အမိုးက မယုံသော်လည်း အဒေါ် အပျိုကြီးနှစ်ယောက်က အတင်း လွှတ်သောကြောင့် စုံစမ်းရင်း၊ မေးမြန်းရင်း ကျနော့်ဆီ ရောက်လာခြင်း ဖြစ်သည်။ အမိုးက အရာရာကို မတုန်မလှုပ် ရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် တုန်လှုပ်ခြောက်ခြားနေ ရသူတွေက ကျွန်တော်တို့။

“အင်း ... သူတို့ အဖွားကိုတော့ ဆေးကိုလို ကျသွားတာ ပြောမပြရဲဘူး၊ သူ့အဖွားက အကြီးကောင်ကို ပိုချစ်တယ်။ အခုတော့ ပိုဆိုးသွားတာပေါ့၊ သားလည်း ဆုံး၊ မြေးအငယ်ကလည်းဆုံးဆိုတော့ ဆေးကိုလိုအကြောင်း နည်းနည်းမှ မဟရဲဘူး။ သူ့အဖွားကတော့ သူ့မြေးကြီး ပြန်လာလိမ့်မယ်လို့ပဲ ထင်နေတာ။”

အမိုးက ရှည်လျားစွာ ရှင်းပြပြီး၊ ငေးရင်းမောရင်း ဆေးလိပ်ကိုသာ တွင်တွင် ဖွာ နေတော့သည်။ အမိုးက ဗလာနယ်ထဲ လွင့်ကျသွားတာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မှာလည်း အမိုးပြန်ရင် သူ့မြေး ပြန်အလာကို မျှော်နေမယ့် အဖွားဆီ သတင်းစကား ပါးလိုက်စရာ ဘာမျှမရှိတော့ပြီ။

“ရဲဘော်ဆေးရေ ရင်နှင့်အမျှ ကြေမွ နေရပါပြီဗျာ”။


[ဆေးကိုလိုမိုးနှင့် တွေ့ဆုံခဲ့စဉ်များ အမှတ်တရ]
ညိုထက်(လမ်းသစ်ဦး)