Monday, September 8, 2008

ABSDF ၏ မျိုးဆက်ကိစ္စ ဆွေးနွေးချက်

“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစားအားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။
ဦးစွာ ယနေ့ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက်တဆက်ဖြစ်သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက်တဆက်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယမျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
- ပထမမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၀ ရာစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၁ ရာစု၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အင်အားစု ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအား ပထမမျိုးဆက်နှင်အတူဆက်ခံလိုက်ပါပြီး ပထမမျိုးဆက်၏ ဦးဆောင်မှုအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့ကြသည့် အင်အားစု ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီး၏ “ကောင်းမွေ (ပါရမီသက်)” အားလုံး (လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်မြေ၊ လက်နက်၊ တပ် အားကောင်းမောင်းသန်ဖြစ်သည့် အင်အား၊ ၉၀ - မေ ရွေးကောက်ပွဲရလာဒ်) ကို လက်ခံရယူပြီး တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့် ရခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ကောင်းမွေ (ပါရမီသက်) အကြွင်းအကျန်များကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး ဆိုးမွေများ (ဥပမာ - အကြမ်းမဖက်ရေးအပါအ၀င် တိုက်လို့မရရင် သူ့အောက်ကိုဝင်လုပ် ဆိုသည့်အလျှော့ပေးရေးအတွေးအခေါ်များ၊ အင်အား ကိုယ်ရေစစ်မှု) ကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး “အားထုတ်မှု - ပညာသက်” ဖြင့် တော်လှန်သည့်နိုင်ငံရေးကျန်းမာမှုကို ဆက်ရမည့်သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်မှုမရှိပဲ စစ်အုပ်စုအဖြစ် ဗြောင် ရပ်တည်နေရသည့် ရန်သူနှင့် အခြေခံဥပဒေမရှိပဲ အစိုးရလုပ်နေရသည့် ရန်သူအား နိုင်ငံရေးအသာ စီးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့်ရခဲ့သူများဖြစ်သည်။
- ဒုတိယမျိုးဆက်သည် စစ်အုပ်စုမှစိတ်ကြိုက်ရေးစွဲထားသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပြီး အခြေအနေနှင့် စစ်ဗိုလ်တမတ်သားပါလီမန်ဖြင့် တရားဝင်အစိုးရလုပ်မည့်ရန်သူအား နိုင်ငံရေး ဗလုံးဗထွေးအခြေအနေဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာ အခြေအနေအရ လူအခွင့်အရေး၊ အကြမ်းမဖက်ရေး၊ ဒီမိုကရေစီရေး … စသည်များကို သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေတွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိသိမီသလောက် တင်ပြသွားပါမည် …
- အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊
- အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း
- လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သတန်း
- သတင်းထောက်သင်တန်း
- သံတမန်ရေးသင်တန်း၊ အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း
- ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း
- လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း
- (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
- ဒုတိယမျိုးဆက်သည် နိုင်ငံတကာအခြေအနေအရ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲအား သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။
- “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း
- အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း
- အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း
- ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း …စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
- ပထမမျိုးဆက်သည် စစ်အေးလွန်ခေတ်တွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ဒုတိယစစ်အေးခေတ် (၂၀၀၅ - ကစ်ဆင်းဂျား၏ စာအုပ်တွင် “ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုဆွဲအားသည် အတ္တလန်တစ်မှ ပစိဖိတ်သို့ ရွှေ့လာပြီ”ဟု ရေသားခဲ့ပြီး ကတည်းက စတင်ခဲ့သည်။ နာဂစ်တွင် အမေရိကန်စစ်သင်္ဘောများ ပင်လယ်ဝရောက်မှ ပြန်ထွက်သွားခြင်းသည် ထိုအခြေအနေ၏ ဖေါ်ပြချက်ဖြစ်သည်။) တွင် တော်လှန်သည့် နိုင်ငံရေး တာဝန်များထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာသံတမန်ရေးတိုက်ပွဲကို အားပြုခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ပြည်တွင်းလူထုကိုမှီခိုကာ တော်လှန်စစ်နွဲရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် ရှစ်လေးလုံး အရေးတော်ပုံနှင့် စတင်ခဲ့ပြီး ရွှေဝါရောင်အကြွေးဖြင့် အဆုံးသတ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ရွှေဝါရောင်အကြွေးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များကို စတင် ထမ်းဆောင်ရမည့် မျိုးဆက်ဖြစ်သည်။
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)

No comments: