Tuesday, November 18, 2008

ချစ်ရသူတို့မြေ

အဲဒီမှာ
ဒီအချိန်ဆို
တောင်တွေမှာ ရေညှိတက်နေသလိုမျိုး
တောင်ယာခင်းတွေဟာ
မစို့မပို့လေး စိမ်းနေရော့မယ်။

အဲဒီမှာ
ဒီအချိန်ဆို
တောင်ယာခုတ်သားတွေကို
မီးရှို့ထားတဲ့ပြာတွေ
မိုးရေနဲ့အတူ စီးမြောနေရာမယ်။

အဲဒီမှာ
ဒီအချိန်ဆို
ရေစိုတောင်တန်းတွေနဲ့
အရိုင်းဆန်တဲ့ မြေသင်းနံ့တွေ
ထုံသင်းမွှေးပြန့်နေရောမယ်။

အဲဒီမှာ
ဒီအချိန်ဆို
ပလိုင်းကိုယ်စီလွယ်လို့
ပေါင်းလိုက်သူတွေ
ဟင်းစားခူးသူတွေနဲ့
နိုးထ အသက်ဝင်နေရောမယ်။

အဲဒီမှာ
ဒီအချိန်ဆို
မီးခိုးလေးတွေ လူလွင့်နေတဲ့
တောင်ယာတဲကလေးတွေဟာ
သရုပ်မှန်ပန်းချီကားတချပ်လို
ဆွတ်ပျံ့လှပနေရောမယ်။

လွမ်းတယ်ကွယ် …
ဒါဟာ တနည်းအားဖြင့်၊
ကိုယ်ဟာတောသားပါကွယ် …
ဒါဟာတနည်းအားဖြင့်၊
မျှစ်တွေကို ပြုတ်ပြီးရောင်းတဲ့အရပ်က မျှစ်ဟာ
ကိုယ်တိုင်ချိုးပြီးစားရတဲ့ မျှစ်လောက်မချိုပါဘူးကွယ် …
ဒါဟာတနည်းအားဖြင့်၊
တိုက်အိမ်တွေကြားက ဖြာထွက်လာတဲ့
တိမ်ရောင်တွေဟာ
တောင်တန်းတွေကြားက ဖြာဆင်းလာတဲ့
တိမ်တောက်ချိန်လောက်မလှဘူး …
ဒါဟာတနည်းအားဖြင့်၊
နီယွန်မီးတွေ လင်းပနေတာဟာ
ဇာတ်စင်ပေါ်မီးထွန်းထားသလိုလင်းနေတဲ့
လရောင်လောက်မလှဘူး …
ဒါဟာတနည်းအားဖြင့်၊
စကားလက်က မြိုင်သာယာကို ချစ်ခင်သလိုမျိုး
မျှစ်စို့နံ့၊ တောင်ယာနံ့တွေ သင်းမြတဲ့
အရိုင်းလေကိုသာ
တ၀ရှူရှိုက်လိုက်ရရင်
ငါ့တော်လှန်ရေး ရင်ခွင်ကြီးဟာ
ဖွံ့ထွားလာလိမ့်မယ်
လွမ်းတယ်ကွယ် …
ဒါဟာတနည်းအားဖြင့်
ချစ်တယ်ကွယ် … တောင်တန်းတွေကို။

ညိုထက် (လမ်းသစ်ဦး)

1 comment:

nyohtetnyo said...

အစ်ကိုအွန်လိုင်းပေါ်ပြန်ရောက်ပြီပဲ။ တောရိပ်တောင်ရိပ်တွေနဲ့ ကျီးပေါင်းတက်နေတဲ့ ဒီကဗျာ လေးကြိုက်မိတယ်ဗျာ။ ဓာတ်ပုံတွေလဲ ခံစားသွားပါတယ်ဗျာ။ ဖယောင်းတိုင်မီးလေးဘေးမှာ လက်ပ်တော့ပ် သုံးနေတဲ့ အစ်ကိုကြီးပုံကတော့ ဆန့်ကျင်ဘက်တို့ရဲ့ညီညွတ်ခြင်း လို့တောင်ပြောရမလား မသိ။ ခံစားမိပါတယ်။ ကျွန်တော်ကျန်းမာရေး သိပ်မကောင်းသေးလို့ နောက်မှ စာရေးလိုက်ပါဦးမယ် အစ်ကိုခင်ဗျား။