Tuesday, May 12, 2015
မတူသောအစိမ်း
ပျဉ်းမနားဆိုတာ
ကဗျာမြို့
အနုပညာ ဂုဏ်ပုဒ်တွေနဲ့
တောက်ပြောင် ၀င်းလက်ခဲ့။
ကဗျာနဲ့ စစ်
သဟဇာတ မဖြစ်နိုင်။
အခုတော့
ကဗျာနဲ့စစ်
ဂူတဂူထဲ နှစ်ကောင်အောင်းသလိုဖြစ်ခဲ့ရ။
အချစ်ရေ ….
ရိုးမစိမ်းစိမ်း၊ ပျဉ်းမနားအစိမ်းတွေကြားမှာ
အခုဆို
စူဠသု့ဒ္ဒါမုန်းတဲ့
ပန်းတွေ ဝေနေရာရောပေါ့။
မဟုတ်တော့ပါဘူးဆရာ
ဆဒ္ဒန်ဆင်မင်းကို အညှိုးသိုနေတဲ့
စူဠသူ့ဘဒ္ဒါလို
လူတွေ
ဘုရားဗိုက်ဖေါက်ပြီး
အသိုက်ဆောက်နေတဲ့အဖြစ်ပါ။
အခုတော့ ….
အင်ကြင်းပန်းတွေ …. ကြွေ ….။
ညိုထက် (လမ်းသစ်ဦး)
ဆေးရုံ
စစ်မြေပြင်တောင်ကုန်းတခုမှာ
ပစ်ကျင်းတွေ အစီအရီတူးထားသလိုမျိုး
လူနာကုတင်တွေဟာ တန်းစီနေတယ်။
နောက်ပြီ
ရန်သူအလာကို အသင့်နေအထားနဲ့
စောင့်ဆိုင်းနေသလိုမျိုး
လူနာတွေဟာလည်း
ကုတင်တွေမှာ ခံစစ်ပြင်ပြီးနေရာယူနေကြတယ်။
ကျား ….
ကျား ….
ကျား ….
သေခြင်းတရားဟာ ကျားထိုးပြီးတက်လာပြီ။
ဘဝ
ယုံကြည်ချက်
ပစ္စုပ္ပန်နဲ့
အနာဂတ်
ရှိရှိသမျှနဲ့ မီးကုန်ယမ်းကုန်ဖြင့်
ခုခံတိုက်ပွဲဝင်နေကြပေါ့။
အေးဗျာ
စိတ်မကောင်းစရာက
လူနာတချို့ဟာ
ဝေဒနာထက် သေတာကို တောင်းဆိုနေကြလေရဲ့။
ညိုထက် (လမ်းသစ်ဦး)
Friday, March 20, 2015
အိမ်အပြန်
ကျနော် ဒီကနေည ရွတ်ဆိုမယ့်ကဗျာက၁၉၉၈၊ ဇူလိုင်လ မဟေသီမဂ္ဂဇင်းမှာ ဆရာစည်သူငြိမ်း ရေးဖွဲ့ခဲ့တဲ့ အိမ်အပြန် ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ ဒီကဗျာနဲ့ ပတ်သက်ပြီ ဆရာစည်သူငြိမ်းက အင်တာဗျူးတခုမှာ ဒီလိုဖြေခဲ့ဖူးပါတယ်။ တနေ့ ထမင်းချက်စားသောက်နေတဲ့ အမေအိုတယောက်ကို သူတွေ့ပါသတဲ့။ အဲဒီအမေအိုဟာ သူစားသောက်ပြီးပေမယ့် ထမင်း ပန်းကန်တချပ်နဲ့ ဟင်းခွပ်တွေကို ဒီအတိုင်းပဲချန်ပြီး ထားတာကို တွေ့ရတယ်။
ဆရာစည်သူငြိမ်းက ဒီလုပ်ရပ်ကို စိတ်ဝင်စားပြီး အမေအိုကိုမေးကြည့်တော့ ၁၀ စုနှစ်တခုစာလောက် အိမ်ပြန်ရောက် မလာသေးတဲ့ သားအတွက်ဆိုတာကို သိရပါတယ်။ ဘယ်လောက် ကြေကွဲဖို့ကောင်းသလဲဗျာ။ အမေအိုဟာ ဘ၀တခုလုံးလုံး သူ့ရဲ့ဗလာနယ်ဖြစ်ကျန်ခဲ့တဲ့ ရင်ဘတ်ကြီးကိုဖွင့်ထားတာ၊ ပြန်မလာသေးတဲ့ သားအတွက် ထမင်းဝိုင်းလေး တပြင်ပြင်နဲ့ မျှော်နေတာ၊ ဒါဟာ ဗမာပြည်ရဲ့ ခေတ်ပြိုင်ရုပ်ပုံလွှာဘဲ။ ဒါဟာ တသီးပုဂ္ဂလ လွမ်းတမှု မဟုတ်ဘူး။ ဗမာပြည်က အမေအများစုကြီးရဲ့ လွမ်းတမှု သင်္ကေတ ဖြစ်ပါတယ်။
သားတွေ၊ သားတွေ အမေတွေရဲ့နှလုံးသည်းပွတ်ထဲက သားတွေ။ တကယ်တော့လဲ ကျနော်တို့ရဲ့မွေးနေ့ဆိုတာ အမေတွေရဲ့ ဝေဒနာရက်စွဲတွေ မဟုတ်လား။ ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ လို့ဆိုကြတယ် မဟုတ်လား။ သူတို့ရဲ့ သားတွေ သမီးတွေအတွက် မီးနေခန်းဟာ သင်္ချိုင်းဖြစ်ခဲ့ရရှာတဲ့ အမေတွေ ဒီကမ္ဘာမြေမှာ မရေနိုင် မတွက်နိုင်လောက်အောင် ရှိခဲ့ပါတယ်။ သားဖွားမီးနေဆိုတာ မိန်းမတွေရဲ့ ကံနာဝဋ်နာပါလို့ ဆိုကြပေမယ့်ူ
ကျနော်တို့ကို မွေးတဲ့အခါ ချက်ကြိုးလေးတွေပါလာတယ်။ ဒီချက်ကြိုးလေးတွေကို ဖြတ်တောက် မွေးရာနေရာနဲ့ မနီးမဝေးမှာ မြှေမှုပ်။ ဒါဟာ ကျနော်တို့ရဲ့ မူလဇာတိ။ မူလဆိုတာ အ၀ိဇ္ဇာနဲ့ တဏှာလို့တော့ မပြောကြနဲ့ပေါ့ဗျာ။ ကျနော်တို့ ပဋိစသမုပ္ပါဒ်အကြောင်းလေ့လာပြီး နိဗ္ဗာန်ကိုသွားကြဖို့ ကြိုးစားကြမယ့်သူတွေမှ မဟုတ်ဘဲ။ လူသားအဆန်ဆုံး အတွေးအားတွေကို ဆေးသားတင်ပေးချင်ကြသူတွေပါ။
အမေတွေ … အမေတွေ စတေးစွန့်လွှတ် အနစ်နာခံမှုတွေနဲ့ အမေတွေ သားဝေးအမေတွေ၊ အမေဝေးတဲ့ သားတွေ ဒင်း ကြမ်းပြည့်နေတဲ့ ဗမာပြည်။ ဒီဗမာပြည်ထဲက သားဝေးအမေတရောက်ရဲ့ အလွမ်းတွေကို ဖွင့်ချထုဆစ်ထားတဲ့ ဆ၇ာစည်သူငြိမ်းရဲ့ - အိမ်အပြန် - ဆိုတဲ့ကဗျာကို ဟောဒီလို ဖွင့်ထားခဲ့ပါတယ်။
အမျှော်တွေ ဆန့်ထုတ်ရင်တောင်
            ကမ္ဘာတသန့် ရှည်ဦးမယ်ထင်ရဲ့။
ကမ္ဘာတသန့်တဲ့ … ကမ္ဘာတသန့်ပါတဲ့။ ဒီစကားလုံးကို ဖတ်စက ကျနော် ရုတ်တရက်နားမလည်ခဲ့ပါဘူး။ နောက်တော့ ခံစားဖော်တွေနဲ့ အမြင်မလှယ်မှာ သူ့ရဲ့ အလှကို တွေ့လာရပါတယ်။ ကမ္ဘာတသန့်တဲ့ ကမ္ဘာကြီး သန့်သန့်ရှင်းရှင်းဖြစ်သွားတဲ့အထိ ရှည်နေဦးမယ်လို့ ထင်ပါတယ်တဲ့။ အမေအိုတွေရဲ့ အမျှော်တွေပါ။ ဇာဘုရင် ဆန့်ကျင်ရေးသမား လူထုဘက်ကကိုယ်စား အဖမ်းခံသွားရတဲ့ သား အတွက် မျှော်နေတဲ့ ဂေါ်ဂီဲရဲ့ အမေ ၀ထ္ထုထဲက အမေရဲ့ အမျှော်တွေ။ စစ်ဖိနပ်အောက်က အဖိနှိပ်ခံ အမေတွေရဲ့ အမျှော်တွေ။ ဆယ်စုနှစ်တခုကျော်သည့်တိုင် အိမ်ပြန် မရောက်နိုင်သေးတဲ့ သားတွေအတွက် အမေတွေရဲ့ အမျှော်တွေ။
ဘယ်လောက်တုန်လှုပ်ဖို့ကောင်းလိုက်သလဲ။ ဒီကနေ့ဟာ ဇန်န၀ါရီလ ၄ ရက်နေ့။ လွတ်လပ်ရေးနေ့။ ယနေ့တိုင် အိမ်မပြန် နိုင်သေးတဲ့ သားတွေ သမီးတွေ စုစည်းရောက်ရှိနေတဲ့နေ့။ အမျှော်တွေကို ကမ္ဘာကြီးသန့်စင်လာတဲ့အထိ ဆန့်ထုတ်ထားတဲ့ အမေတွေဟာ လွတ်လပ်ရေး ဆိုတာကို ဘယ်လိုနားလည်နေမလဲ၊ ဘယ်လို ခံစားနေမလဲ။ မှောင်မည်း အခန်းကျည်းကလေးထဲက ခေါင်းအုံးအဟောင်းလေးမှာ မှီလှဲရင်း အတွေးတွေ အမျှော်တွေနဲ့ သားရေ … သားရေလို့ မြည်တမ်းနေမယ့် အမေတွေ အလွမ်းတွေ ဆယ်စုနှစ် တခု ကျော်ခဲ့ပါပေါ့လား အမေတို့ရေ။
            အဝေးရဲ့အဝေး အဝေးတဖက်မှာ
            ဝေးရတာကြာတဲ့ အာသီသလေးတခုရှိနေတယ်။
အဝေးဆိုတဲ့ လက်သစ်တောင်တာ ဂဏ္ဏာန်းသင်္ချာံကို ဆရာစည်သူငြိမ်းက သူ့ရဲ့ ရိုးရှင်းတဲ့ စကားလုံးတွေနဲ့ - ခရီးအတိုင်းအတာ ဖြစ်ပါတယ်။
ဟုတ်ကဲ့။ ဝေးခဲ့ကြပါတယ်။ ဒီပိုဒ်ကိုဖတ်ရင်း စကားလုံးတလုံးတိုင်း တလုံးတိုင်းဟာ ပို၍ပိုစွာ ဝေးကွာ … ဝေးကွာ လာခဲ့ရပါတယ်။ - အဝေးရဲ့ အဝေး၊ အဝေးတဖက်မှာ ဝေးရတာကြာ - အချိန်သဘောရော၊ ပထ၀ီသဘောအရပါ ဝေးကွာ နေကြတဲ့ ဒီအမေနဲ့ ဒီသားတွေရဲ့ဘ၀ပါ။ ဒါဟာ ဘ၀နာ တွေပါပဲ။ ဘယ်လောက်တောင် ဝေးခဲ့ကြပါသလဲ။ ကျနော်တို့ ဘယ်လောက်ကြာကြာ ဝေးခဲ့ကြသလဲ။ ဟိုး …. မြေပြန့်လွင်ပြင်ကနေ့ ရှမ်းကုန်းမြေမြင့်အထိ၊ နေတောင်တန်းဆီအထိ၊ နယ်စပ်ဒေသတွေကို ရောက်တဲ့အထိ။ အဝေးရဲ့ အဝေး အဝေးတဖက်မှာ ဝေးရတာကြာတဲ့ အဝေးတွေ …။
ကမ္ဘာကြီးသန့်စင်လာတဲ့အထိ အမျှော်တွေကို ဆန့်ထုတ်ထားတဲ့ အမေတွေနဲ့ လူထုဘက်ကကျား ဒီအမေတွေရဲ့ သားတွေရဲ့ အဝေးတွေ။ အဲဒီထက်ပိုမိုဝေးတဲ့ အဝေးတွေလည်းရှိချေသေးရဲ့။ အဝေးတဖက်က အဝေး။ ပညာတက်လို့ လူထင်ခံရမှာ ရှက်တဲ့သားကို - ထွန်းအုံ မင်း ရူးများနေသလား - လို့ မခံစားတက်စွာ ဂရုဏာ ဒေါသော ဆူပြော ပြောရင်း စစ်အစိုးရရဲ့ ရက်စက်ယုတ်မာချက်နဲ့ သေပွဲဝင်ခဲ့ရရှာတဲ့  ရဲဘော်ထွန်းအုံနဲ့ သူ့အမေရဲ့ အဝေး …။ - လူဆိုတာ ကျန်ရင် သေတယ် - လို့ ပြောရင်း သေလို့ အော်လော်ရွာလေးမှာ ချန်ထားခဲ့ရတဲ့ ရဲဘော်တိုက်မောင်းနဲ့ သူ့အမေရဲ့ အဝေး …။  အခုလို လွတ်လပ်ရေးည လွန်ခဲ့တဲ့ ၁၉၉၂ လောက်ကပေါ့။ - သား အိမ်ပြန်မလာနဲ့။ သူတို့ သားကို ဖမ်းကြလိမ့်မယ်။ အမေတို့အတွက် စိတ်ချ။ ကျန်းမာရေးလည်း ဂရုစိုက်။ - ဆိုတဲ့ အမေ့ရဲ့ပေးစာလေးကို ဟောင်းနွမ်းနေတဲ့ အနွေးထည် အိပ်ကပ်ထဲထည့်ပြီး ရန်သူ့စစ်ကြောရေးစခန်းက ရရှိလာခဲ့တဲ့ ဒါဏ်ရာဒါဏ်ချက်တွေနဲ့ လွယ်ဖီရဲ့ လက်တဖက်ပေါ်မှာ သေပွဲဝင်ခဲ့ရရှာတဲ့ ရဲဘော်နိုင်မိုးအောင်နဲ့ သူ့အမေရဲ့ အဝေး …. တွေ။
အိုး … အများကြီး … အများကြီး။ ဟိုးးးးးးးးးးးးးးး ဒေါနတောင်တန်းပေါ်မှာ၊  ခွေးအိပ်တောင်ပေါ်မှာ၊ မြောက်များလှစွာသော တောတွေ - တောင်တွေပေါ်မှာ၊ ရန်ကုန်မြို့က လမ်းမပေါ်မှာ၊ ကိုဖုန်းမော် - ညီမလေး ၀င်းမော်ဦး။ အဝေးရဲ့တဖက်ထိ ဝေးခဲ့ကြတဲ့ သားတွေ - သမီးတွေ။
ဟုတ်ပါတယ်။ ဝေးရတာကြာတော့လည်း အာသီသလေးတွေ ရှိလာရတာပေါ့။ အမေတွေက တမျှော်တခေါ် ဆန့်ထုတ်ပြီး မျှော်။ သားတွေကတော့ စစ်ကတုတ်ကျင်းနှုတ်ခမ်းပေါ်မှာ အုပ်စုဖွဲ့ပြီး အမေ့အိမ် သီချင်းကို ၅၂၈ ကဝေသံတွေနဲ့ လွမ်းဆွတ်ခဲ့ကြတဲ့ညတွေ အလီလီ အထပ်ထပ်။
လွတ်လပ်ရေးနေ့မှာတောင်မှ မလွတ်လပ်မှတော့ ဝေးပါရစေတော့ အမေတို့ရေ …။
            ပြက္ခဒိန်တွေ လိမ်ညာနေမိတဲ့အထိ
            အချိန်တွေ ထွက်ကျလာစေချင်တယ်။
သား … သား။ ဒီကလေး အလည်လွန်နေပြန်ပြီထင်တယ်။ အခုထိ အိမ်ပြန်မလာသေးဘူး။ အဲဒါကြောင့် သူ့အဖေကြီးက ဆူတာ။ သူတို့သားအဖ နှစ်ယောက် ကတောက်ကဆဖြစ်ပြီဆိုမှဖြင့် ဒီအမေမှာ ဘယ်လိုနေရမယ်မှန်းကို မသိတော့ဘူး။ ခတ်ပါတယ်။ ဒီသားတယောက်နဲ့တော့။
အို … မဟုတ်သေးပါဘူးလေ။ မဟုတ်သေးဘူး။ သား … ။ သား အိမ်ကထွက်သွားတာ ၁၉၈၈ ကတည်းက မဟူတ်လား။ မဟုတ်ဘူး …။ မဟုတ်ဘူး …။ ဒီပြက္ခဒိန်တွေက အလကား။ ကျုပ်သား အစောကမှ ထွက်သွားတာ။ လမ်းထိမ်မှာ သူ့ သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေတာဖြစ်မှာ …။ လက်ဘက်ရည်ဆိုင်မှာ သွားထိုင်နေတာလည်း ဖြစ်ချင်ဖြစ်မယ် …။
-       ကျုပ်သားကို အချုပ်ကားနဲ့ လာခေါ်သွားကြတယ်။ သူ့ကို ထောင် အနှစ်  ၂၀ ချ လိုက်ပြီတဲ့. –
-       သား တောခိုသွားပြီ။ သူပုန်ဖြစ်သွားပြီ။ သားတို့တတွေ တောထဲမှာ ကျောင်းသားတပ်မတော်ဆိုပြီး ဖို့လိုက်ကြသတဲ့။ -
-       သား တောထဲက တိုက်ပွဲမှာ ကျသွားပြီတဲ့။ -
-       ဆန္ဒပြသူတွေကို ပစ်ကြခတ်ကြတော့ တပ်ဦးက ချီတက်လာတဲ့ သားကို ထိသွားတယ်တဲ့။ -
-       သားကို ထောက်လှမ်းရေးတွေက စစ်ကြောရေးမှာ နှိပ်စက်နေကြတယ်တဲ့။ -
မဟုတ်ဘူး …။ မဟုတ်ဘူး …။ မဟုတ်ဘူး …။ သားရှိတယ်။ သား လမ်းထိပ်မှာ ဂစ်တာတီးနေတာ …။ သား လက်ဖက်ရည်  ဆိုင်မှာ ထိုင်နေတာ …။ သား ကျောင်းသွားတက်နေတာ …။ ခဏကြာရင် သား ပြန်လာလိမ့်မယ်။
            အမေအိုရဲ့ မျက်ညိုကွင်းချိုင့်ချိုင့်ထဲ
            မျှော်လင့်စကားလေးတလက်လက်
            မနက်တွေ ခဏခဏလင်းစေချင်တယ်
ဆရာစည်သူငြိမ်းရဲ့ အမေအိုဟာ မျက်ကွင်းတွေတောင် ညိုနေပါပြီတဲ့။ ဒါဟာ အသက်ကြီးသွားလို့လည်း ဖြစ်မယ်။ ဒါမှမဟုတ်  အိမ်မရတဲ့ ညတွေများလို့လည်း ဖြစ်ချင်ဖြစ်မယ်။ ၂ ခုလုံးလည်း ဖြစ်နိုင်တယ်။ အဲဒီ အမေအိုရဲ့ မျက်ညိုကွင်း ချိုင့်ချိုင့်ထဲမှာ ဘာသာစကားတွေရှိတယ်။ မျှော်လင့်ချက်နဲ့ သက်ဆိုင်တဲ့ ဘာသာစကားတွေ။ ဒီဘာသာစကားတွေကို အခြား ဘာနဲ့မှ ဖတ်လို့မရဘူး။ ရင်နဲ့ဘဲ ဖတ်လို့ရတယ်။
ကျနော်တို့အားလုံး ဒီဘာသာစကားကို တက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့အားလုံး အမေနဲ့ ဝေးနေကြတဲ့ သားတွေ ဖြစ်ကြလို့ပါပဲ။ မှောင်တဲ့ညတွေ ဖယ်ရှားပေးကြပါ။ အမေအိုဟာ အမှောင်မှာဆို ပိုမိုလို့ နွမ်းလျပေလိမ့်မယ်။ တမ်းတမှုတွေ တနင့်တပိုးနဲ့ အမေအို ရင်ကြိုးရပါလိမ့်မယ်။
အမေအိုရဲ့ ဗလာနယ်အဖြစ် ကျန်ခဲ့တဲ့ ရင်ဘတ်ကြီးကို ဖွင့်ထားပါတယ်။ အိမ်ခြံဝင်းတံခါးတွေကိုလည်း ဖွင့်ထားပါတယ်။
-       သားရေ … သား။ အမေ့ရင်ခွင်ထဲ အပြေးဝင်လှည့်စမ်းပါကွယ်။ သားကို မိထ္ထီလာကန်တော်ကြီးက ဖားတွေ ကောက်လို့ပေးပါ့မယ်။ -
 ပရိသတ်များခင်ဗျာ - အဝေးရဲ့ အဝေးမှာ ဝေးရတာကြာပေမယ့် လတ်ဆတ်နေတဲ့ ခံစားမှုတွေဟာ ယနေ့တိုင် စိမ်းလန်းနေဆဲပါ။ ဒါဟာ ဗမာပြည်ရဲ့ ပြဿနာပါ။ ဒါဟာ ဗမာပြည်ရဲ့ ခေတ်ပြိုင် ရုပ်ပုံလွှာပါ။
            ညနေတိုင်း ညနေတိုင်း ညနေတိုင်တိုင်း
            ထမင်းဝိုင်းမသိမ်းဖြစ်တာ ကြာပါပကော။
ဆရာစည်သူငြိမ်းရဲ့ ကဗျာပရိယာယ်ဟာ အံ့သြစရာကောင်းလောက်အောင် ရိုးစင်းပြီး ဖမ်းစားနိုင်စွမ်းရှိလှပါတယ်။ ကျနော်တို့ မြင်ဖူးနေကြ - ကြားဖူးနေကြ စကားလုံးရိုးရိုးစင်းစင်းတွေကို ထပ်ခါထပ်ခါ သုံးစွဲရင်းနဲ့ ထူးခြားဆန်းသစ်တဲ့ ခံစားမှုတွေကို ဖြစ်တည်စေခဲတာ ဒါပါနဲ့ဆို ဒီကဗျာတပုဒ်တည်းမှာတင် ၂ ကြိမ်ရှိခဲ့ပါပြီ။ ဟုတ်ပါတယ်။ ညနေဆို သားပြန်လာ မလားရယ်လို့ အမျှော်လေးတဆန့်ဆန့်နဲ့ ထမင်းဝိုင်းကို ယင်ခြောက် ယက်ခတ်နေတဲ့ အမေ။ သူ ရူးနေတယ်လို့ ဆိုကြမလား။ သူ … မရူးဘူး။ ဒါဟာ ဘယ်တော့မှ ရိုးသွားမယ်မဟုတ်တဲ့ သားတွေ သမီးတွေနဲ့ အမေတွေကြားက အလွမ်း။ ငါးပြား ဆယ်ပြားတန် အလွမ်းမဟုတ်ဘူး။ မြင့်မိုရ်တောင်လောက်ရှိတဲ့ အလွမ်းတွေ။ ကြာခဲ့ပြီ။ ကြာခဲ့ပြီ။ ဆယ်စုနှစ်တွေခြားတဲ့အထိ ကြာခဲ့ပြီ။ ကွန်မြူနစ်တွေကပြောတယ်။ ပစ္စည်းမဲ့လူတန်းစားမှာ ဆုံးရှုံးစရာဆိုလို့ သံယောဇဉ်ပဲရှိတယ် တဲ့။ ကျနော်တို့ ကျောင်းသားတွေမှာတော့ ဆုံးရှုံးစရာဆိုလို့ အမေ ပဲရှိပါတယ်။ ဒါပေမယ့် အမေရယ် … အဲဒါဟာလည်း တန်ဖိုးကြီးလွန်းလှပါတယ်။
ညိုထက် (လမ်းသစ်ဦး)
(၄- ၁ - ၂၀၀၂ ရက်နေ့ ABSDF ဗဟိုဌာနချုပ် ဒေါင်းဂွင် တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် စာဆိုတော်နေ့ ဟောပြောပွဲ ခံစားရွတ်ဆိုခဲ့ပ့ါသည်။)
မြို့ပြကို နောက်ဖေးပေါက်မှဝင်ခဲ့ခြင်း
အဆီတ၀င်းဝင်း
သဲတရှပ်ရှပ်
ကျုပ်က
အသန့်ကြိုက်တယ် ။
ဝတ်ကောင်းစားလှမရှိတဲ့ … ငါ
ထည်လဲမ၀တ်နိုင်တဲ့ … ငါ
ဘာမှမဟုတ်တဲ့ … ငါ
မြို့ပြကို
နောက်ဖေးပေါက်မှဝင်ခဲ့ရ ။
တပြည်သားမြို့ပြက
ယဉ်ကျေးဟန်ဆောင်
တောက်ပဟန်ဆောင် ။
ခရီးထောက်နားတဲ့
အိမ်နဲ့ပုဂ္ဂိုလ်များကတော့
မသိဟန်ဆောင်
အထာတွေဆောင်
မြို့ပြကို နောက်ဖေးပေါက်မှဝင်ခဲ့ရ ။
မြို့သူမြို့သားတွေက
မြို့ပြစီးကြောင်းရဲ့
အသစ်ဆုံးဟန်ပန်တွေနဲ့
မာနထောင်လွှား
မိတ်ကပ်လှလှလေးလူထား ။
အတော်ကောင်းတဲ့မိတ်ကပ်
နဂိုရုပ် မမှတ်မိဘူး
မာယာနေပူပူ
ကျိမ်းစပ်စပ်
ဦးထုတ်မေ့တက်တဲ့ စိတ်ဓါတ်ကို
ခ၀ါသည်လက် အပ်ရဦးမယ် ။
ဟန်ဆောင်မှုကို ပိုးပန်းနေတဲ့
ယောက်ျားတွေ
ဟန်ဆောင်မှုကို လင်လုပ်လိုတဲ့
မိန်းမတွေ
ခေတ်ကိုပြိုင်နေ
ခေတ်ကိုဆိုင်နေ
မြို့ပြလေ  … ။
ငါ့ကိုရှောင်တာလား
ငါကရှောင်တာလား
ပေါင်းစပ်မှုကို
ဓါးထက်ထက်နဲ့ ဖြတ်တဲ့
အကြောင်းတရပ်ပဲရှိတာလား ။
မြင်ကွင်းလှလှလေးတွေဟာ
ခဏ ခဏလေးနဲ့
ဝေးဝေးသွား ။
ရနံ့များ …
အကျော်
စနိုး
ပေါလစ် (ရှ်)
တိုက်တာ
ကားရောင်စုံသစ်သစ်
မြို့ပြဖြစ် ယဉ်ကျေးမှုရနံ့များ ။
ကိုယ့်အကြည့်တွေသာ ကျန်ပြီး
ဘာမှ ပြန်မရလိုက်တဲ့
ကားပေါ်က ခရီးသွား
ကားရော မြို့ပြပါ  တောက်  ပြီး
မူးနောက်နောက်
ရီဝေေ၀နဲ့
မြို့ပြကို နောက်ဖေးပေါက်က ၀င်ခဲ့ရ။  ။
(မယ်စရင်း ၊ မယ်ဟောင်ဆောင် ဖြတ်သန်းခြင်း ရင်ခုန်ချက်)
Saturday, October 4, 2014
ဆယ်လမွန်ငါး
ဆယ်လမွန်ငါးတွေဟာ
ရေဆန်ကိုလှန်ပြီးတော့ အိမ်ပြန်တယ်။
ဆယ်လမွန်ငါးတွေဟာ
မိုးဦးဆိုတာ သေချာမှာ အိမ်ပြန်တယ်။
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတွေပါလား အမေ လို့ ဆရာချောကရေးခဲ့
အခုက
မိုးဦး နောက်ကျ
အဲဒါလည်း
တကယ်တော့ လောကဓံတွေ
တကယ်တော့ တော်လှန်သော လောကဓံတွေ။
ရေဆန်ကိုတော့ လှန်နေရတုန်း
မိုးဦးဆိုတာသေချာပြီလား
မေးမနေနဲ့
ငါ အခုထိ အိမ်မပြန်သေး။
ညိုထက် (လမ်းသစ်ဦး)
၃၁ - ၁ - ၂၀၁၄
လုပ်ဖော် ကိုင်ဖက်
အဲဒီလိုနဲ့ အမေရီးကားကိုရောက်တယ်။
အဲဒီလိုပါပဲ
အခြားတပါးသော ဒုက္ခသည်တွေအတိုင်း
ရရာအလုပ်ကိုလုပ်ရင်း
ဘ၀ကို ကြောင်းရတယ်။
အဲဒီလိုနဲ့
ကောလိပ်တခုမှာ အလုပ်ရတယ်
ပြောကြသလိုပါပဲ
အိုးတိုက် ပန်ကန်ဆေးပေါ့။
သူက အီရန်နိုင်ငံသားဖြစ်တယ်
အယာတိုလာခုံပနီ ကို တူးတူးခါးခါးမုန်းတယ်
အီရန်အစိုးရကို အရူးအစိုးရလို့ မကြာမကြာပြောလေ့ရှိတယ်
ဝက်သားစားတယ်
သူက ဘာသာမဲ့လို့ ကျနော့်ကိုမိတ်ဆက်တယ်
ကျနော်တို့အလုပ်က ကျောင်းသားတွေကို ညစာကြွေးတာ
ပိုလျံတဲ့ အစားအစာတွေကို
သွန်သွန်ပြစ်နေတာတွေကိုတွေ့တော့ သူကပြောတယ်
ကမ္ဘာပေါ်မှာ ငတ်နေတဲ့လူတွေ အများကြီးတဲ့
တခါတခါ
အလုပ်လုပ်နေရင်း သံစဉ်လိုလိုကြားလို့
မင်းသီချင်းဆိုနေတာလားမေးကြည့်တော့
သူ အီရန်လို ကဗျာတွေရွက်ဆိုနေတာတဲ့။
အဲဒီလို
တယောက်နဲ့တယောက် မေးကြရင်း ပြောကြရင်း
တနေ့မှာ
ငါတို့တိုင်းပြည်မှာ အစိုးရကို မကြိုက်လို့ တော်လှန်နေကြတာရှိတယ်
ငါဟာ တော်လှန်ရေးသမားပဲလို့ ကျနော်ကပြောတော့
သူက မေးတယ်
မင်းက ဆိုရှယ်လစ်လားတဲ့။
ညိုထက် (လမ်းသစ်ဦး)
၁၆ - ၆ - ၂၀၁၄
ပဲ့တင်သံ
တိတ်ဆိတ်နေတဲ့ အသံတွေက ပိုမိုလို့ကျယ်လောင်။
လူဆိုတာ
လုပ်ချင်ရာလုပ်တဲ့သတ္တ၀ါ လို့ ယုံကြည်ယူဆခဲ့သူပါ
ဒါက ဂိုဏ်းထောက်ချင်သူများသို့ ပြန်ကြားချက်။
မှန်တမ်းအခြေအနေဖြစ်မှုဆီကနေတွေးကြည့်တယ်
ငါဟာ ပြဌာန်းခံမဖြစ်ချင်ဘူးဆိုတဲ့ဆီကိုပဲ ရောက်သွားတယ်။
သွန်လိုသွန်
မှောက်လိုမှောက်
အဲဒီလို လောကဓံအောက်ကနေ
ငါ့အလံကို ငါ လွှင့်တင်ခဲ့တယ်။
ကောင်းဘွိုင်ကားတွေထဲကလိုမျိုး
ခြေထောက်ကို ကြိုးကွင်းစွပ်ပြီ
ဒရွတ်တိုက်ဆွဲခံခဲ့ရမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တယ်။
တည့်တည်မတ်မတ် ပါပဲ
ရူးသွပ်ခမန်း
အညှာအတာကင်းကင်း
မိုက်မိုက်ရိုင်းရိုင်း
သွေးစိမ်းရှင်ရှင်
နိမ့်ရာစိုက်တဲ့ ရင်ဝက လှံချက်နဲ့အတူ
မတ်မတ်ရပ်ခဲ့တယ်။
အတိတ်
ဘဝ
သမိုင်း
အနုလုံပဋိလုံ
လက်နက်ကိုင်တော်လှန်ရေး
တိုင်းချစ်ပြည်ချစ်ဝါဒ
မှီခိုနေရသူ မလွတ်ကင်းဘူး။
၁၅ - ၇ - ၂၀၁၄
ညိုထက် (လမ်းသစ်ဦး)
ဆက်အောင်နိုင်ကို လွမ်းလို့ရေးတဲ့ကဗျာ
အိမ်ဦးခန်းမှာတင်ထားတဲ့
Red Label ပုလင်းကို ငေးကြည့်နေမိတယ်
ဘာဖြစ်လို့လည်းဆိုတော့
ကိုဆက် ကို သတိရမိနေလို့ပါ။
Red Label ပုလင်းကိုကြည့်ပြီး
ကိုဆက် ကို သတိရနေတယ်ဆိုတာက
အချက် ၂ ချက်ကြောင့်ဖြစ်တယ်။
တွဲမိသမျှ ကာလတလျောက်လုံး
ဈေးအပေါဆုံး တောအရက်ကြမ်းကြမ်းကြီးတွေကို
ပစ္စည်းမဲ့ပီသစွာ
(နယ်စပ်မှာ နိုင်ငံရေးလုပ်နေကြပြီး
ငွေဆိုလို မယ်မယ်ရရ မကပ်ခဲ့ကြသူတွေမို့
ပစ္စည်းမဲ့ဆိုသည့် စကားလုံးကို သုံးခြင်းဖြစ် - ဤကား စကားချပ်)
အရူးအမူးသောက်ခဲ့ကြသူချင်း
အရက်ကောင်းလေးသောက်မိတဲ့အခါ
(ဆိုလိုတာက)
ဖတ်ညွန်းဆရာတွေ ပြောလေ့ရှိသလိုမျိုး
အစားကောင်းလေးစားမိတဲ့အခါ မိတ်ဆွေတွေကို သတိရတယ်ဆိုသလိုမျိုး
သောက်ညွှန်းလေးနဲ့ သတိရမိတာက တခု …..။
သူက
ကိုဆက် က
ပြောလေ့ရှိတာက
ဟေ့လူ နီစရာရှိ ရဲရဲနီ
            သတ္တိရှိရင် နငယ်နဲ့နီ
            ဘယ်သူ့ကိုမှ ဂရုမစိုက်စတမ်းနီ
အဲဒီလိုနဲ့ အမေရီကားရောက်တော့
အရက်ပြန်သောက်ဖို့ ဆုံးဖြတ်လိုက်တော့
ဟေ့လူ ကိုဆက်
ကျုပ်က နီ စရာရှိ
Red Label သောက်ပြီးနီတယ်ဗျာ ဆိုပြီး
သောက်တဲ့ အရက်ဖြစ်လို့ သတိရတာက တခု …။
တကယ်တော့
ကြီးကျယ်ခမ်းနားခဲ့သူပါ
နိုင်ငံရေးတွင်းစားရိုး
ဆက်အောင်နိုင်ဆိုတာ
မြင့်မိုရ်ထက်မြင့်သောနေရာ
အားထားရတဲ့ အရေးတော်ပုံတပ်သား
တိုက်ရိုက်ထိတွေ့ခွင့်ရ ရဲဘော်
အဖွဲ့အစည်းအသီးသီးရဲ့ လိုလားခြင်းခံရသူ
အဲဒီလိုလူ
သူဟာ
ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
နိုင်ငံရေး အနိမ့် - အမြင့်
            အတက် - အကျ
ဖြတ်သွား ဖြတ်လာတွေကြားမှာ
နိမ့်ရာစိုက်တဲ့ လှံတံတွေများစွာ
သူ့အဖေကြောင့် သူ့ကို ဆက်ဆံခဲ့ကြတာ ဆိုပဲ။
တခါတခါ
သူက တွေးတွေးဆဆ ပြောလေ့ရှိတယ်
ကျုပ်တို့က အနုပညာသမားတွေဗျ
ခံစားမှုက တွန်းပို့လိုက်ရင်
ဆင်ဆင်ခြင်ခြင် လုပ်နိုင်စွမ်းတွေ ပျောက်သွားလေ့ရှိတယ်။
သီချင်းရေးဆရာ
ဗုံတီးသမား
ထောင်တွင်းတိုက်ပွဲတွေမှာ
မိုက်မိုက်ကန်းကန်း ပြတ်သားခဲ့သူ
လူငယ်ထုရဲ့ ချစ်ခင်မှုကို ခံရသူ
ရဲဘော်နဲ့ သေနတ်ကြား
ရင်ကော့ကြားဝင်ပြီး ရဲဘော်ရဲဘတ်စိတ်ကိုပြခဲ့သူ
ရဲဘော်ချင်းအချစ်မှာ
အိပ်သွန်ဖာမှောက်အကုန်အစင်စိတ်ဓါတ်ရှိသူ
သူ့နိုင်ငံရေးကို သူဘာသာ အရက်နဲ့မြည်းပြသွားခဲ့သူ။
မိုးကြိုမုန်တိုင်းတွေ ရွာလိုအားကောင်းနေတဲ့ကာလ
ဒုက္ခသည်စခန်း တောင်ခါးပန်းက တဲကလေးမှာ အတူနေခဲ့ကြတယ်
ကျနော်က ကျနော့်ကိုယ်ကျနော် တော်လှန်ရေးငယ်ဖြူတပါးအဖြစ် တင်စားလေ့ရှိပြီး
သူကတော့ ကျနော့်ကို ကဗျာဆရာ - သိုင်းသမား လို့ ရည်ညွှန်းလေ့ရှိတယ်
တနေ့တော့ ကျနော်က ပြောတယ်
သိုင်းပညာ အဖျက်အစီးခံလိုက်ရတဲ့ သိုင်းသမားတွေလိုမျိုး … ဆိုတော့
သူကဖြည့်စွပ်ပြီးပြောတယ်
သိုင်းပညာကို ဖျက်စီးတဲ့နေရာမှာ ၃ မျိုးရှိတယ်ဗျ
-       အဆိပ်မိသွားလို့ သိုင်းပညာပျက်စီးသွားတာရယ်
-       အတွင်းအား ဆုံးရှုံးအောင်လုပ်ပြီး သိုင်းပညာဖျက်စီးတာရယ်
-       သိုင်းကွက်တွေကို ရှုပ်ထွေးစေပြီး သိုင်းကွက်ဖော်လို့မရအောင် ဖျက်စီးလိုက်တာရယ်။
သိုင်းလောကရဲ့ တိုက်ပွဲတွေထဲမှာ
လက်နက်ပုန်းတွေ
ချောင်းမြောင်းတိုက်ခိုက်မှုတွေကြောင့်
အတွင်းဒါဏ်ရာ ရရှိသွားပြီး သိုင်းပညာအဖျက်စီးခံရသူအတွက်
သိုင်းပညာပြန်ယူတဲ့ကိစ္စမှာ
အတွင်းအား ဟာ အရေးကြီးတယ်ဆိုတာ သိလာခဲ့တယ်။
အဲဒီလိုနဲ့
ဒီကဗျာကိုရေးဖြစ်တယ်
တကယ်တော့ ဒီကဗျာဟာ
ဆက်အောင်နိုင်ကို လွမ်းလို့ရေးတဲ့ကဗျာဖြစ်သလို
ကျနော့်အတွင်းအား
ဘယ်မျှ ဖွံ့ထွားလာပြီးလည်းဆိုတာကိုလည်း စမ်းကြည့်တဲ့ကဗျာဖြစ်တယ်။
၂၃ - ၆ - ၂၀၁၄
ညိုထက် (လမ်းသစ်ဦး)
ရ - ရက် ကို လှမ်းကြည့်ခြင်း
ချောတိုင်တက်သလိုပ
အောင်လံရဖို့
အကြိမ်ကြိမ်ပြန်ကျ
အကြိမ်ကြိမ်ပြန်ထ
တော်လှန်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းသား
အကွေ့အကောက်များလှတယ်။
ရောနိသော မနသီကာရ တရားနဲ့အညီ
တိုက်ပွဲလမ်းစဉ် ခိုင်မာသစ်လွင်ရေးအတွက်
ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့
တရားမှန်ရင် ကူသူများသတဲ့။
နိုင်ငံရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်း
ထိုယုံကြည်ချက်အတိုင်း
ကမ်းတက်တိုက်ပွဲတွေ အလီလီ
ရန်သူ့ပစ်ချက်တွေကြားက
အသေခံပြီး စခန်းသိမ်းခဲ့ကြ
တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးတဲ့
D Day အတွက် စုစည်းကြမယ်။
ညိုထက် (လမ်းသစ်ဦး)
၂၂ - ၂ - ၂၀၁၄
(ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့ - ဆရာဒဂုန်တာရာ၏ ကဗျာစာသားဖြစ်ပါသည်။)
အောင်ပွဲခံမည့် နေ့ရက်များ
တိုက်ရဲရမယ်
ပြီးတော့ … တိုက်တက်ရမယ်။
အချက်အလက်မပြည့်စုံပဲ မ၀ိုင်းနဲ့
ဝိုင်း ပြီဆို မလွတ်စေနဲ့။
ရဟန်းရှင်လူ ကျောင်းသားပြည်သူ
မြေပြန့်တောင်ပေါ် ပင်လယ်သားမကျန်။
ဒီရေလှိုင်းဆင့်၊ ရွက်ကုန်ဖွင့်လော့
အောင်ပွဲခေါ်ရာ လိုက်ကြမည်။
ညိုထက် (လမ်းသစ်ဦး)
၇ -၂ -၂၀၁၄