အဲဒီလိုနဲ့
အမေရီးကားကိုရောက်တယ်။
အဲဒီလိုပါပဲ
အခြားတပါးသော
ဒုက္ခသည်တွေအတိုင်း
ရရာအလုပ်ကိုလုပ်ရင်း
ဘ၀ကို
ကြောင်းရတယ်။
အဲဒီလိုနဲ့
ကောလိပ်တခုမှာ
အလုပ်ရတယ်
ပြောကြသလိုပါပဲ
အိုးတိုက်
ပန်ကန်ဆေးပေါ့။
သူက
အီရန်နိုင်ငံသားဖြစ်တယ်
အယာတိုလာခုံပနီ
ကို တူးတူးခါးခါးမုန်းတယ်
အီရန်အစိုးရကို
အရူးအစိုးရလို့ မကြာမကြာပြောလေ့ရှိတယ်
ဝက်သားစားတယ်
သူက
ဘာသာမဲ့လို့ ကျနော့်ကိုမိတ်ဆက်တယ်
ကျနော်တို့အလုပ်က
ကျောင်းသားတွေကို ညစာကြွေးတာ
ပိုလျံတဲ့
အစားအစာတွေကို
သွန်သွန်ပြစ်နေတာတွေကိုတွေ့တော့
သူကပြောတယ်
ကမ္ဘာပေါ်မှာ
ငတ်နေတဲ့လူတွေ အများကြီးတဲ့
တခါတခါ
အလုပ်လုပ်နေရင်း
သံစဉ်လိုလိုကြားလို့
မင်းသီချင်းဆိုနေတာလားမေးကြည့်တော့
သူ
အီရန်လို ကဗျာတွေရွက်ဆိုနေတာတဲ့။
အဲဒီလို
တယောက်နဲ့တယောက်
မေးကြရင်း ပြောကြရင်း
တနေ့မှာ
ငါတို့တိုင်းပြည်မှာ
အစိုးရကို မကြိုက်လို့ တော်လှန်နေကြတာရှိတယ်
ငါဟာ
တော်လှန်ရေးသမားပဲလို့ ကျနော်ကပြောတော့
သူက
မေးတယ်
မင်းက
ဆိုရှယ်လစ်လားတဲ့။
ညိုထက်
(လမ်းသစ်ဦး)
၁၆
- ၆ - ၂၀၁၄
No comments:
Post a Comment