Saturday, October 4, 2014

လုပ်ဖော် ကိုင်ဖက်

အဲဒီလိုနဲ့ အမေရီးကားကိုရောက်တယ်။

အဲဒီလိုပါပဲ
အခြားတပါးသော ဒုက္ခသည်တွေအတိုင်း
ရရာအလုပ်ကိုလုပ်ရင်း
ဘ၀ကို ကြောင်းရတယ်။

အဲဒီလိုနဲ့
ကောလိပ်တခုမှာ အလုပ်ရတယ်
ပြောကြသလိုပါပဲ
အိုးတိုက် ပန်ကန်ဆေးပေါ့။

သူက အီရန်နိုင်ငံသားဖြစ်တယ်
အယာတိုလာခုံပနီ ကို တူးတူးခါးခါးမုန်းတယ်
အီရန်အစိုးရကို အရူးအစိုးရလို့ မကြာမကြာပြောလေ့ရှိတယ်
ဝက်သားစားတယ်
သူက ဘာသာမဲ့လို့ ကျနော့်ကိုမိတ်ဆက်တယ်
ကျနော်တို့အလုပ်က ကျောင်းသားတွေကို ညစာကြွေးတာ
ပိုလျံတဲ့ အစားအစာတွေကို
သွန်သွန်ပြစ်နေတာတွေကိုတွေ့တော့ သူကပြောတယ်
ကမ္ဘာပေါ်မှာ ငတ်နေတဲ့လူတွေ အများကြီးတဲ့
တခါတခါ
အလုပ်လုပ်နေရင်း သံစဉ်လိုလိုကြားလို့
မင်းသီချင်းဆိုနေတာလားမေးကြည့်တော့
သူ အီရန်လို ကဗျာတွေရွက်ဆိုနေတာတဲ့။

အဲဒီလို
တယောက်နဲ့တယောက် မေးကြရင်း ပြောကြရင်း
တနေ့မှာ
ငါတို့တိုင်းပြည်မှာ အစိုးရကို မကြိုက်လို့ တော်လှန်နေကြတာရှိတယ်
ငါဟာ တော်လှန်ရေးသမားပဲလို့ ကျနော်ကပြောတော့
သူက မေးတယ်
မင်းက ဆိုရှယ်လစ်လားတဲ့။

ညိုထက် (လမ်းသစ်ဦး)
၁၆ - ၆ - ၂၀၁၄

ပဲ့တင်သံ

တိတ်ဆိတ်နေတဲ့ အသံတွေက ပိုမိုလို့ကျယ်လောင်။

လူဆိုတာ
လုပ်ချင်ရာလုပ်တဲ့သတ္တ၀ါ လို့ ယုံကြည်ယူဆခဲ့သူပါ
ဒါက ဂိုဏ်းထောက်ချင်သူများသို့ ပြန်ကြားချက်။

မှန်တမ်းအခြေအနေဖြစ်မှုဆီကနေတွေးကြည့်တယ်
ငါဟာ ပြဌာန်းခံမဖြစ်ချင်ဘူးဆိုတဲ့ဆီကိုပဲ ရောက်သွားတယ်။

သွန်လိုသွန်
မှောက်လိုမှောက်
အဲဒီလို လောကဓံအောက်ကနေ
ငါ့အလံကို ငါ လွှင့်တင်ခဲ့တယ်။

ကောင်းဘွိုင်ကားတွေထဲကလိုမျိုး
ခြေထောက်ကို ကြိုးကွင်းစွပ်ပြီ
ဒရွတ်တိုက်ဆွဲခံခဲ့ရမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တယ်။

တည့်တည်မတ်မတ် ပါပဲ
ရူးသွပ်ခမန်း
အညှာအတာကင်းကင်း
မိုက်မိုက်ရိုင်းရိုင်း
သွေးစိမ်းရှင်ရှင်
နိမ့်ရာစိုက်တဲ့ ရင်ဝက လှံချက်နဲ့အတူ
မတ်မတ်ရပ်ခဲ့တယ်။

အတိတ်
ဘဝ
သမိုင်း
အနုလုံပဋိလုံ
လက်နက်ကိုင်တော်လှန်ရေး
တိုင်းချစ်ပြည်ချစ်ဝါဒ
မှီခိုနေရသူ မလွတ်ကင်းဘူး။

၁၅ - ၇ - ၂၀၁၄
ညိုထက် (လမ်းသစ်ဦး)

ဆက်အောင်နိုင်ကို လွမ်းလို့ရေးတဲ့ကဗျာ

အိမ်ဦးခန်းမှာတင်ထားတဲ့
Red Label ပုလင်းကို ငေးကြည့်နေမိတယ်
ဘာဖြစ်လို့လည်းဆိုတော့
ကိုဆက် ကို သတိရမိနေလို့ပါ။

Red Label ပုလင်းကိုကြည့်ပြီး
ကိုဆက် ကို သတိရနေတယ်ဆိုတာက
အချက် ၂ ချက်ကြောင့်ဖြစ်တယ်။

တွဲမိသမျှ ကာလတလျောက်လုံး
ဈေးအပေါဆုံး တောအရက်ကြမ်းကြမ်းကြီးတွေကို
ပစ္စည်းမဲ့ပီသစွာ
(နယ်စပ်မှာ နိုင်ငံရေးလုပ်နေကြပြီး
ငွေဆိုလို မယ်မယ်ရရ မကပ်ခဲ့ကြသူတွေမို့
ပစ္စည်းမဲ့ဆိုသည့် စကားလုံးကို သုံးခြင်းဖြစ် - ဤကား စကားချပ်)
အရူးအမူးသောက်ခဲ့ကြသူချင်း
အရက်ကောင်းလေးသောက်မိတဲ့အခါ
(ဆိုလိုတာက)
ဖတ်ညွန်းဆရာတွေ ပြောလေ့ရှိသလိုမျိုး
အစားကောင်းလေးစားမိတဲ့အခါ မိတ်ဆွေတွေကို သတိရတယ်ဆိုသလိုမျိုး
သောက်ညွှန်းလေးနဲ့ သတိရမိတာက တခု …..။

သူက
ကိုဆက် က
ပြောလေ့ရှိတာက
ဟေ့လူ နီစရာရှိ ရဲရဲနီ
            သတ္တိရှိရင် နငယ်နဲ့နီ
            ဘယ်သူ့ကိုမှ ဂရုမစိုက်စတမ်းနီ
အဲဒီလိုနဲ့ အမေရီကားရောက်တော့
အရက်ပြန်သောက်ဖို့ ဆုံးဖြတ်လိုက်တော့
ဟေ့လူ ကိုဆက်
ကျုပ်က နီ စရာရှိ
Red Label သောက်ပြီးနီတယ်ဗျာ ဆိုပြီး
သောက်တဲ့ အရက်ဖြစ်လို့ သတိရတာက တခု …။

တကယ်တော့
ကြီးကျယ်ခမ်းနားခဲ့သူပါ
နိုင်ငံရေးတွင်းစားရိုး
ဆက်အောင်နိုင်ဆိုတာ
မြင့်မိုရ်ထက်မြင့်သောနေရာ
အားထားရတဲ့ အရေးတော်ပုံတပ်သား
တိုက်ရိုက်ထိတွေ့ခွင့်ရ ရဲဘော်
အဖွဲ့အစည်းအသီးသီးရဲ့ လိုလားခြင်းခံရသူ
အဲဒီလိုလူ
သူဟာ
ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
နိုင်ငံရေး အနိမ့် - အမြင့်
            အတက် - အကျ
ဖြတ်သွား ဖြတ်လာတွေကြားမှာ
နိမ့်ရာစိုက်တဲ့ လှံတံတွေများစွာ
သူ့အဖေကြောင့် သူ့ကို ဆက်ဆံခဲ့ကြတာ ဆိုပဲ။

တခါတခါ
သူက တွေးတွေးဆဆ ပြောလေ့ရှိတယ်
ကျုပ်တို့က အနုပညာသမားတွေဗျ
ခံစားမှုက တွန်းပို့လိုက်ရင်
ဆင်ဆင်ခြင်ခြင် လုပ်နိုင်စွမ်းတွေ ပျောက်သွားလေ့ရှိတယ်။

သီချင်းရေးဆရာ
ဗုံတီးသမား
ထောင်တွင်းတိုက်ပွဲတွေမှာ
မိုက်မိုက်ကန်းကန်း ပြတ်သားခဲ့သူ
လူငယ်ထုရဲ့ ချစ်ခင်မှုကို ခံရသူ
ရဲဘော်နဲ့ သေနတ်ကြား
ရင်ကော့ကြားဝင်ပြီး ရဲဘော်ရဲဘတ်စိတ်ကိုပြခဲ့သူ
ရဲဘော်ချင်းအချစ်မှာ
အိပ်သွန်ဖာမှောက်အကုန်အစင်စိတ်ဓါတ်ရှိသူ
သူ့နိုင်ငံရေးကို သူဘာသာ အရက်နဲ့မြည်းပြသွားခဲ့သူ။

မိုးကြိုမုန်တိုင်းတွေ ရွာလိုအားကောင်းနေတဲ့ကာလ
ဒုက္ခသည်စခန်း တောင်ခါးပန်းက တဲကလေးမှာ အတူနေခဲ့ကြတယ်
ကျနော်က ကျနော့်ကိုယ်ကျနော် တော်လှန်ရေးငယ်ဖြူတပါးအဖြစ် တင်စားလေ့ရှိပြီး
သူကတော့ ကျနော့်ကို ကဗျာဆရာ - သိုင်းသမား လို့ ရည်ညွှန်းလေ့ရှိတယ်
တနေ့တော့ ကျနော်က ပြောတယ်
သိုင်းပညာ အဖျက်အစီးခံလိုက်ရတဲ့ သိုင်းသမားတွေလိုမျိုး … ဆိုတော့
သူကဖြည့်စွပ်ပြီးပြောတယ်
သိုင်းပညာကို ဖျက်စီးတဲ့နေရာမှာ ၃ မျိုးရှိတယ်ဗျ
-       အဆိပ်မိသွားလို့ သိုင်းပညာပျက်စီးသွားတာရယ်
-       အတွင်းအား ဆုံးရှုံးအောင်လုပ်ပြီး သိုင်းပညာဖျက်စီးတာရယ်
-       သိုင်းကွက်တွေကို ရှုပ်ထွေးစေပြီး သိုင်းကွက်ဖော်လို့မရအောင် ဖျက်စီးလိုက်တာရယ်။

သိုင်းလောကရဲ့ တိုက်ပွဲတွေထဲမှာ
လက်နက်ပုန်းတွေ
ချောင်းမြောင်းတိုက်ခိုက်မှုတွေကြောင့်
အတွင်းဒါဏ်ရာ ရရှိသွားပြီး သိုင်းပညာအဖျက်စီးခံရသူအတွက်
သိုင်းပညာပြန်ယူတဲ့ကိစ္စမှာ
အတွင်းအား ဟာ အရေးကြီးတယ်ဆိုတာ သိလာခဲ့တယ်။

အဲဒီလိုနဲ့
ဒီကဗျာကိုရေးဖြစ်တယ်
တကယ်တော့ ဒီကဗျာဟာ
ဆက်အောင်နိုင်ကို လွမ်းလို့ရေးတဲ့ကဗျာဖြစ်သလို
ကျနော့်အတွင်းအား
ဘယ်မျှ ဖွံ့ထွားလာပြီးလည်းဆိုတာကိုလည်း စမ်းကြည့်တဲ့ကဗျာဖြစ်တယ်။

၂၃ - ၆ - ၂၀၁၄
ညိုထက် (လမ်းသစ်ဦး)

ရ - ရက် ကို လှမ်းကြည့်ခြင်း

ချောတိုင်တက်သလိုပ
အောင်လံရဖို့
အကြိမ်ကြိမ်ပြန်ကျ
အကြိမ်ကြိမ်ပြန်ထ
တော်လှန်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းသား
အကွေ့အကောက်များလှတယ်။

ရောနိသော မနသီကာရ တရားနဲ့အညီ
တိုက်ပွဲလမ်းစဉ် ခိုင်မာသစ်လွင်ရေးအတွက်
ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့
တရားမှန်ရင် ကူသူများသတဲ့။

နိုင်ငံရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်း
ထိုယုံကြည်ချက်အတိုင်း
ကမ်းတက်တိုက်ပွဲတွေ အလီလီ
ရန်သူ့ပစ်ချက်တွေကြားက
အသေခံပြီး စခန်းသိမ်းခဲ့ကြ
တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးတဲ့
D Day အတွက် စုစည်းကြမယ်။

ညိုထက် (လမ်းသစ်ဦး)
၂၂ - ၂ - ၂၀၁၄
(ပင်လယ်ဝကို လှေကလေးနဲ့ ထွက်ခဲ့ - ဆရာဒဂုန်တာရာ၏ ကဗျာစာသားဖြစ်ပါသည်။)

အောင်ပွဲခံမည့် နေ့ရက်များ

တိုက်ရဲရမယ်
ပြီးတော့ … တိုက်တက်ရမယ်။

အချက်အလက်မပြည့်စုံပဲ မ၀ိုင်းနဲ့
ဝိုင်း ပြီဆို မလွတ်စေနဲ့။

ရဟန်းရှင်လူ ကျောင်းသားပြည်သူ
မြေပြန့်တောင်ပေါ် ပင်လယ်သားမကျန်။

ဒီရေလှိုင်းဆင့်၊ ရွက်ကုန်ဖွင့်လော့
အောင်ပွဲခေါ်ရာ လိုက်ကြမည်။

ညိုထက် (လမ်းသစ်ဦး)
၇ -၂ -၂၀၁၄

အရက်

ဒီကနေ့ အရက်ဆာတယ်
အဲဒါနဲ့ အရက် သွားဝယ်လိုက်တယ်။

ပြန်စဉ်းစားတော့
ကယန်းပြည်သစ်ပါတီရဲ့
ပြည်ရန်အေးစခန်းကို သတိရမိသွားတယ်။
အဲဒီမှာ အရက်စသောက်တယ်
အဲဒီလိုနဲ့ ကလေးသူပုန်လေးဟာ လူကြီးဖြစ်လာတယ်။

ရွှေ့ပြောင်းတောင်ယာ
တော်လှန်စစ်သည်
ကစမ်းနဲ့ ကာကီပေါင်းစပ်
ပေါင်းလောင်းချပ်မြှုပ်ရာအရပ်မှာ အရက် သောက်ခဲ့တယ်။

ပြည်သူ့အကျိုးဆောင်ကြ ဆိုတဲ့ ဆောင်ပုဒ်ကို
ရင်ဘတ်မှာ ချိပ်လို့ အရက် သောက်တယ်
လူထုကိုမှိခိုကာ တော်လှန်စစ်နွဲရမှာ ဆိုတဲ့
တေးချင်းကိုသိလို့ အရက် သောက်တယ်
မောင်းပြန်ကို ဒေါင်းအလံနဲ့ တိုက်မယ် ဆိုတဲ့
စိတ်ဓာတ်နဲ့ အရက် သောက်တယ်
ငယ်ရွယ်နုပျိုမှုတွေ အတိုက်အစားခံပြီး အရက် သောက်တယ်
ဒီမိုကရေစီတော်လှန်ရေး ပေါင်းစည်းပေးမည်
တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေး
အဲဒီ ယုံကြည်စိတ်နဲ့ အရက် သောက်တယ်။

သူပုန်တွင်းနက်နက် အချစ်တွေနဲ့
တယောက်ကို တယောက် အရက်တွေ ငှဲ့လို့
သံသာလေ ကမ်းတိုင်
တူပြိုင်ကာ သောက်ကြတယ်။

ဆီးပူးဆိုတဲ့ ရွာလေးမှာ သောက်တယ်
နောင်ထော်မှာ သောက်တယ်
တောင်ယာတွေမှာ သောက်တယ်
သူပုန်စခန်းတွေမှာ သောက်တယ်
ဒုက္ခသည်စခန်းတွေမှာ သောက်တယ်
ဖိုးထွန်းကျော်ရဲ့ တဲကလေးမှာ သောက်တယ်
ထုံထောင်းမှာ သောက်တယ်
ကျောက်ခုံမှာ သောက်တယ်
၄၈ မှာ သောက်တယ်
အမေရိကားမှာ သောက်တယ်
အရက် သောက်ကြတယ်။

ပါဏာတိပါတ ကံတွေကို လက်ညှိုးနဲ့ ကုတ် ညှစ်ထုတ်ခဲ့သူပါ
ဓါး ဓါး ချင်း
လှံ လှံ ချင်း စိတ်ဓာတ်ကို
လက်မောင်းမှာ ကပ်ပြီး ကြီးခဲ့ရသူပါ
ပြုစု ပျိုးထောင်လာခဲ့ရတဲ့ ဘဝ
ကြီးပေါင်းထ
လှပတဲ့ သူပုန်ယဉ်ကျေးမှု
ဦးညွတ်။

တော်လှန်ကျောင်းသား ဘ၀များ အလီလီ
ငါတက်ခဲ့တဲ့ တောင်တွေကို ပြန်လှည့်ကြည့်လိုက်တော့
မာန ကြီးကြီးမြင့်သွားတယ် ဆိုသလိုမျိုး …..။

ကရင်နီ အရက် သောက်တယ်
ကောက်ညှင်း အရက် သောက်တယ်
ဆန် အရက် သောက်တယ်
သကြား အရက်သောက်တယ်
ဇ၀က်သာ အရက် သောက်တယ်
လောက်ခေါင်ကို အချိုရည်ရောပြီး သောက်တယ်
မိုက်ခေါင် အရက် သောက်တယ်
ပုလွေဆရာ တရာ အရက် သောက်တယ်
ရေဂျင်စီ အရက် သောက်တယ်
…. သောက်တယ်
…. သောက်တယ်
ငါအခု သောက်နေတာ
Red Label
အရက် ဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)
၂၈ - ၂ - ၂၀၁၄

Friday, August 1, 2014

မုဆိုးမ


ခင်မွန်းသည်ကတော့ ဆုံးပါးသွားခဲ့ပါပြီ
မုဆိုးမပေါ့။
အဲဒီ မုဆိုးမဟာ
မိသားစုအတွက် ရုန်းကန်ခဲ့ရတယ်။

ဘက်ပေါင်းစုံကပါပဲ
ဘယ်သူရယ်တော့ မပြောချင်တော့ဘူး
ထားပါတော့ နာမ်စားတခုသုံးလိုက်မယ်
လောကဓံပေါ့။

အဲဒီလောကဓံက
မုဆိုးမကြီးကို
မုဆိုးမဆိုပြီး အထင်သေးတယ်
မုဆိုးမဆိုပြီး ရိသဲ့သဲ့လုပ်တယ်
မုဆိုးမဆိုပြီး ညွတ်ကွင်းထောင်တယ်
မုဆိုးမဆိုပြီး သွားပုတ်လေလွင့်တွေပြောတယ်
မုဆိုးမဆိုပြီး ကောလဟာလတွေလွှင့်တယ်
မုဆိုးမဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်တယ်
မုဆိုးမဆိုပြီး … … …။

ထားပါတော့ ဘယ်သူရယ်တော့မပြောချင်တော့ဘူး
လောကဓံပေါ့
အဲဒီ လောကဓံ ဟိုလူ ဒီလူတွေရဲ့ကြားမှာ မုဆိုးမကြီးဟာ
ရဲရဲ ရင့်ရင့် ရပ်တည်ခဲ့တယ်
အဲဒီလောကဓံတွေဟာ အိမ်ထောင်ဦးစီးဖြစ်ချင်လို့တဲ့
မုဆိုးမကို ဖိအားတွေပေးကြတယ်
ထားပါတော့ သူတို့စကားနဲ့ ပြောရရင် ထမိန်လုပွဲပေါ့
လောကဓံအသီးသီးကပြောတယ်
ငါခိုင်းတာလုပ်ရမယ်တဲ့
ငါ့စကားနားထောင်ရမယ်တဲ့
အဲဒီလောကဓံတွေက
သူတို့ခိုင်းတာ မလုပ် သူတို့စကားကို နားမထောင်တဲ့အခါ
အဲဒီမုဆိုးမကို အရပ်ပျက်မလိုလို
ဖောက်ပြန်ရေးသမ လိုလို
အဲဒီလောကဓံတွေဟာ တဖက်နဲ့ တဖက်
ဟိုလူက ထမိန်ရသွားတယ်
ဒီလူက ထမိန်ရသွားတယ်လို့ ပြောနေကြတယ်
တကယ်တော့ မုဆိုးမဟာ
ဘယ်သူ့ကိုမှ သူ့ ထမိန်ကို ပေးလိုက်တာမရှိပါဘူး
မုဆိုးမကြီးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ
သူ့မိသားစုကို ဂုဏ်သိက္ခာ မြင့်တင်ချင်တယ်
မိသားစု ဂုဏ်သိက္ခာမြင့်ဖို့ သူ့ဂုဏ်သိက္ခာဟာ အရေးကြီးသတဲ့။
မုဆိုးမကြီး ပြောတာက ရိုးရိုးရှင်းရှင်းလေးပါပဲ
သူလည်း မနိုင်ချင်သလို
လောကဓံတွေကိုလည်း မနိုင်စေချင်ဘူး
သူတကယ် သူ့ထမိန်ကိုပေးခဲ့ချင်တာက
သူ့မိသားစု
သူ့သားသမီးတွေကိုပါပဲတဲ့။

ခင်မွန်းသည်ကတော့ ဆုံးပါးသွားခဲ့ပါပြီ
မုဆိုမကြီးဟာ
ခင်မွန်းသည် ဆုံးပါးလို့ မုဆိုးမဖြစ်နေတာအပြင်
ပရိယာယ်တွေ များလှတဲ့
မာယာတွေ များလှတဲ့
စိုင် ဆိုတဲ့သတ္တ၀ါကို
အောင်မြင်စွာ ရင်ဆိုင်နိုင်လောက်အောင်
မုဆိုးကိစ္စပြီးသူဖြစ်လို့လည်း မုဆိုးမလို့ခေါ်တာဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)
၂၈ - ၁၂ - ၂၀၁၁

ဆရာကြီး


တကယ်တော့
မဖြစ်ဘူးဆိုတာ မရှိဘူး။

တချိန်က
သမုဒ္ဒရာဆိုတာ
ကမ်းမမြင် - လမ်းမမြင်လို့
အယူရှိခဲ့ကြတယ်။

လမ်းထွင်ခဲ့လို့
ကမ်းမြင်ခဲ့ပြီ
အခု သမုဒ္ဒရာ နှုတ်ခမ်းသားချင်း
ရေကူးလို့ရပြီ။

တချို့က
ကျနော့်ကို ရိသဲ့သဲ့ ပြောကြ
“ငြိမ်းချမ်းရေး ဆရာကြီး” တဲ့
ကျနော်ကလည်း ခပ်တည်တည်ပဲ ပြန်ပြောလိုက်တယ်
“ဟုတ်တယ်
ငြိမ်းချမ်းရေးဆိုတာ ဆရာကြီး”

ညိုထက် (လမ်းသစ်ဦး)
၁၆ - ၁၂ - ၂၀၁၁

“ပဒတ်စာခြောက်တွေနဲ့ ဟင်းချိုချက်သောက်ဖြစ်တယ်”


ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
ငါ
တောင်ယာရနံ့ကို ရလိုက်တယ်
ငါ
တောင်ယာတွေနဲ့ဝေးနေခဲ့တာ အတော်ကြာပါပေါ့လား။

ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
နီးခြင်း
ဝေးခြင်း ထက်
ချစ်ခြင်းက ပိုမိုလို့ အဓိကကျ
အဲဒီလိုနဲ့
ဖြေဆေးကြွေးမိ။

ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
တောင်ယာ ရနံ့
တောင်ယာ ပုံရိပ်
တောင်ယာ သင်္ကေတ
ခေတ်ပြိုင် အာရုံခံစားမှု။

ရဲဘော်ကြီးတယောက်က ကားမောင်းသင်ပေးတယ်
“မှန်ပေမယ့်လည်း ဇွတ်မောင်းလို့မရဘူး”
ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်
ကျနော်မှန်တိုင်း ဇွတ် မမောင်းခဲ့ပါဘူး
ပန်းနုရောင်အို။

တကယ်တော့
လတ်လတ်ဆတ်ဆတ် ပဒတ်စာတွေနဲ့သာ
ဟင်းချိုချက်သောက်ချင်သူပါ။

ဟိုလို လမ်းခွဲ
ဒီလို လမ်းခွဲ … အဲဒီလိုပြောမယ့်အစား
ဒီမိုကရက်တစ် ဘာသာစကားအရ
“ကွဲလွဲရင်း ပေါင်းစည်း - ပေါင်းစည်းရင်းကွဲလွဲ” ဆိုတာလိုမျိုး။

ပဒတ်စာခြောက်တွေကို ဟင်းချို ချက်သောက်တော့
တောင်ယာနံ့တွေရတယ်
ဘာမှားလို့လဲ
လက်နက်ကိုင်တော်လှန်ရေးသမား
တိုင်းချစ်ပြည်ချစ်ဝါဒီ။

ဘာမှားလို့လဲ
အဘိဓမ္မာ မီးကျိုးမောင်းပျက်တွေနဲ့
ငါ့ကို ပစ်ဖို့မကြိုးစားနဲ့
တရားသေမဟုတ်ဘူး လမ်းညွှန်။

ဘာမှားလို့လဲ
တိုင်းချစ်ပြည်ချစ်ဝါဒ
ခြေလှမ်း ၃ လှမ်းအယူအဆ
သူငယ်နာမဖြစ်စေနဲ့
ရှစ်ပူးမဟုတ်ဘူး
ရှစ်လေးလုံးအရေးတော်ပုံဖြစ်တယ် … မငြင်းနဲ့။

ညိုထက် (လမ်းသစ်ဦး)
၂၅ - ၁ - ၁၃

လှေကလေးနဲ့ ရေးတဲ့ကဗျာ

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

ဆရာရေ …

မုန်းသူမရှိ၊ ချစ်သူသာရှိ။

ဆရာဟာ …
အေးမြတဲ့ ရာသီဥတုရဲ့ အရသာကို ခံစားရင်း
အမျိုးသားအောင်ပွဲ အကြောင်း
တွေးမိနေရောမယ်။

ဆရာဟာ …
“သခင်မျိုးဟေ့ … တို့ဗမာ” ဆိုတဲ့
ကြွေးကြော်သံကို ကြားယောင်ရင်း
တလိမ့်လိမ့်တက်လာတဲ့ မိတိအဟုန်နဲ့
သူ့နှုတ်ခမ်းတွေဟာ ပြုံးနေရောမယ်။

စန္ဒယား တီးချင်သလိုလို …
ပန်းချီရေးချင်သလိုလို …
ကဗျာရေးချင်သလိုလို …။

သမိုင်းအတွေး၊ ရေးရေးလိမ့်လိမ့်
လွပ်လပ်ရေးနဲ့အတူ
ညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ခဲ့ကြတယ်
သခင်ကိုယ်တော်မှိုင်း
သခင်အောင်ဆန်း
သခင်နု
ပြီးတော့ … သူ၊ ဒဂုန်တာရာ
အခု ဒေါ်အောင်ဆန်းစုကြည်
“အရိုင်း”
ပြီးတော့ …
“အယဉ်”

ယုံကြည်ခဲ့တယ်
ညီညွတ်ရေးဟာ ငြိမ်းချမ်းရေးလို့ …
ယုံကြည်ခဲ့တယ်
ငြိမ်းချမ်းရေးဟာ လွတ်လပ်ရေးလို့ …
ယုံကြည်ခဲ့တယ်
လွတ်လပ်ရေးဟာ ဒီမိုကရေစီရေးလို့ …
ယုံကြည်ခဲ့တယ်
ဒီမိုကရေစီရေးဟာ လူမျိုးစုံချစ်ကြည်ရေးလို့ …
အဲဒီလိုနဲ့ သူ့ အဘိဓမ္မာဟာ
“ရန်သူမရှိ မိတ်ဆွေသာရှိ” ဖြစ်ခဲ့တယ်
အဲဒီလိုနဲ့ သူပြောခဲ့တယ်
“ကာရံမဲချင်မဲ့ အဘီဓမ္မာ မမဲ့စေနဲ့”လို့။

တောင်ပေါ်လေအေး
တနွဲ့နွဲ့နော့
ချိုးငှက်ရဲ့တေး တကြော့ကြော့။

လေနုအေးတွင်
စန္ဒယားသံက စွတ်ပျံ့နေသည်
ထိုစန္ဒယားသံနှင့်အတူ ကဗျာကျူးသံ
ထိုသည်တို့က ဒြပ်မဲ့ပန်းချီ
ထိုပန်းချီတွင် အများဆုံးသုံးထားသည့်အရောင်က
“ဝေါဒစ္စနေ အပြာ”။

ဗမာပြည်နိုင်ငံရေးက
“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့” ကြပြီ။

ညိုထက် (လမ်းသစ်ဦး)
၁၁ - ၁၁ - ၁၁