Tuesday, May 12, 2015

အချစ်ချည်းသက်သက်

အချစ်ရေ ….
စီးကရက်မီးခိုးတွေမှာတောင်
မင်းစကားသံတွေက ၀ဲလို့။ - သစ်ကောင်းအိမ်

ကိုယ့်မျက်ဝန်းထဲ
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ချစ်သူရဲ့ နှလုံးသားခြေဖမိုးပေါ်
နှစ်ကာလပုလဲတွေ ကြွေကျနေပုံများ
ကိုယ့်နှလုံးသားရဲ့ ဘာသာစကားပါ။ - ကမာပုလဲ

ငွေ့ရည်ဖွဲ့ခြင်းမှာ
ဒြပ်ထုအစိုင်အခဲတွေရှိကြတယ်
(ဒါပေမယ့် …. ဒါဟာလည်း)
ချစ်ခြင်းရဲ့ သင်္ကေတ
မင်းမြင်ခွင့်ရစေချင်တယ်။ - ရိုးဆက်

အဲဒီ …. ငွေ့ရည်တွေနဲ့
လောင်ကျွမ်းနေတဲ့ကောင်ကြီး
ကဲ …. ပြော
ဘယ်သွားမှာလဲ။ - ပွင့်သစ် (ကရိန်ကန်)

ဒီအချစ်တွေအတွက်
မင်းရဲ့ ရင်ခွင်တုန်ခါနေမလား
(ခွင့်လွှတ်ပါကွယ် ….)
မီးတောင်တွေက
အချိန်အခါေ၇ာက်ရင် ပေါက်ကွဲတယ်
ကိုယ့်အချစ်မီးတောင် ပေါက်ကွဲပေါ့
အချစ်ချည်းသက်သက်။ - ညိုထက် (လမ်းသစ်ဦး)

ကဲ …
ဘယ်သူတွေရိုးရိုးသားသားချစ်ဖူးလဲ
ငါတို့ရဲ့ အပစ်ပယ်ခံ အိပ်မက်တွေ
ရဲရဲရင့်ရင့် ပွင့်နေပုံ။ - ကမာပုလဲ

အချစ်ရေ ….
ခေတ်တွေနဲ့အတူ ငါစီးခဲ့
မြစ်ရေကြီးချိန်မဟုတ်လား
အလွမ်းတွေ ဗေဒါကြပ်ချိန်
အထီးကျန်နှစ်ပေါင်းတရာပေါ်
ငါရပ်လို့။ - ရိုးဆက်

အချစ်ရေ ….
အပြင်မှာ မိုးတွေရွာနေတယ်
ငါ့ရင်ထဲမှာလည်း
အလွမ်းတွေရွာနေပေါ့။ - သစ်ကောင်းအိမ်

ငါတို့ဘယ်အထိနီးမှာလဲ
တေးသီချင်းတပုဒ်ကို
အခါခါဆိုသလိုမျိုး
အဲသလိုနဲ့
တဖြည်းဖြည်း ငါတို့ဝေးကြ
တမြေ့မြေ့ငါတို့ လွမ်းကြ။ - ပွင့်သစ် (ကရိန်ကန်)

ဒီရေမြင့်ပေါ့
ကြည့်စမ်း
ခရာဆူးခြုံ
မျောနက်တွေ တွယ်ပါစေ
ငါ့နှလုံးသွေး
မင်းဆယ်ယူလိုက်ပါကွယ်
အချစ်ချည်းသက်သက်။ - ညိုထက် (လမ်းသစ်ဦး)

(ကဗျာဆရာ ၅ ဦး စုပေါင်းရေးသားသည်။)

၃၁ - ၇ - ၂၀၀၆

No comments: