Sunday, January 4, 2009

ဘိသိတ်ခံယူပွဲ

ညိုထက် (လမ်းသစ်ဦး)

(၁)
စစ်မြေပြင် ထောက်လှမ်းရေးတာဝန်ယူထားသည့် ရဲဘော်များပြန်ရောက်လာကြပြီ။ သူတို့ထွက်သွားတာ တောင် ရက်အနည်းငယ်ရှိခဲ့ပြီပဲ။ တိုက်ပွဲတခုဖေါ်ဖို့ ပြင်ဆင်ထောက်လှမ်းနေတာဆိုတော့ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ တပ်စုမှူးဖြစ်သူ ရဲဘြော်ကီးကြွေနှင့် မဟာမိတ် ရလလဖ (ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့)မှ တပ်စုမှူး ဗိုလ်လေးထွန်းတို့ဆီတန်းသွားသည်။ သတင်းထူးမည်ထင်သည်။ ရဲဘော်အားလုံးက ကိုကြွေကြီးပြန်အလာကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ သူတို့စကားပြောနေကြသည်က အကြာကြီး။ အားလုံးက အဖြေကိုသိချင်နေကြသည်။ လည်တဆန့်ဆန့်။ ထိုအထဲတွင် စိတ်လှုပ်ရှားမှု အပြင်းထန်ဆုံးက ကျနော်နှင့် ရဲဘော်ထူးအောင်။ ဟုတ်သည်။ ကျနော်တို့နှစ်ယောက်က လက်နက်ကိုင် တော်လှန်ရေးကို ရောက်ရှိလာသည်မှာ မကြာသေး။ စစ်သင်တန်း ဆင်းခဲ့သည်မှာလည်း မကြာသေး။ အခြေအနေကောင်း၍တိုက်ပွဲဖေါ်ဖြစ်ပါကဤပွဲသည် ကျတော်တို့ကျောင်းသားများကို ဓါးကို ဓါးခြင်း၊ လှံကို လှံခြင်း ရင်ဆိုင်သွားမည်ဆိုသည့် ရန်သူစစ်အုပ်စုအပေါ် ပထမဦးဆုံး လက်တုန့်ပြန်ရမည့်ပွဲ။ ထိုင်မရ။ ထမရ။ ထိုအချိန် ဗိုလ်လေးထွန်းက သူ့ရဲဘော်တယောက်ကိုလှမ်းခေါ်ပြီး ကျတော်တို့ရှိရာကိုပြရင်း တစုံတခု ပြောနေသည်။ ထိုရဲဘော်ရောက်လာပြီး ပြောလိုက်သည့်စကားက တန်ဖိုးရှိပါဘိ။ “တပ်စိတ်ကေဒါတွေ ဆွေးနွေးပွဲတက်ဖို့ ခေါ်တယ်” ကျနော်တို့အားလုံး တိုင်ပင်မထားပဲ “ဟေး”ခနဲ့ အော်ဖြစ်သွားမိသည်။ ကိုကြွေကြီးက ရှူတည်တည်လှမ်းကြည့်မှ မျက်နှာပိုးသပ် သေနတ်ဖြုတ်ပြီး တိုက်နေလိုက်ရသည်။ သေချာသွားပြီ။

(၂)
ကျနော်တို့ တောခိုလာတော့ တပ်ရင်းနောက်တန်းကိုရော။ ဗဟိုနောက်တန်းစခန်းကိုပါမရောက်။ ထိုအချိန်က တပ်ရင်းတရင်းလုံးကလည်း ရှေ့မှာ။ စစ်သင်တန်းကိုပင် လပဒတ (လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု) ဗဟိုစခန်းတွင် တက်ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုဗဟိုစခန်းက စခန်းသေမဟုတ်။ ပြောက်ကျားစစ် သေနင်္ဂဗျူဟာနှင့်အညီ ရွေ့လျားပြောင်းလဲ နေသောစခန်း။ မှတ်မှတ်ရရ ထိုစဉ်က လပဒတဗဟိုက “လွယ်ဖီ တောင်တန်း”ပေါ်မှာ။ စစ်သင်တန်းပင် မတက်လိုက်ရပဲ ရန်သူ့စစ်ကြောရေးမှ ရရှိခဲ့တဲ့ဒဏ်တွေကြောင့် ကွယ်လွန်သွားသည့် ရဲဘော်ကြီး နိုင်မိုးအောင်ကိုဤတောင်တန်းပေါ်မှာပဲ ထားခဲ့ရခြင်း ဖြစ်သည်။

စစ်သင်တန်းပြီးသည်နှင့် တပ်စိတ်များနှင့်တွဲရသည်။ နောက်တော့ မဟာမိတ် စစ်ကြောင်းများနှင့်အတူ နယ်မြေရင်းနှီးမှု။ လူထုရင်းနှီးမှုရရှိရေးအတွက် စစ်ကြောင်းထွက်ကြသည်။ ထိုခရီးက နယ်မြေလေ့လာရေး ခရီးဖြစ်သလို နိုင်ငံရေးခရီး။ စည်းရုံးရေးခရီးလည်း ဖြစ်သည်။ နယ်မြေစုံသည့်အခါတွင်မှ ရလလဖ - အမှတ် (၁) တပ်ရင်း လှုပ်ရှားဒေသကို တပ်စုမူး ရဲဘော်ကြွေဦးဆောင်သော တပ်စိတ်တစိတ်လိုက်ပါသွားရန် တာဝန် ပေးသည်။ ဤခရီးကတော့ နယ်မြေလေ့လာရေးခရီး မဟုတ်တော့။ တိုက်ခိုက်ရေးအမိန့်ပါ ထည့်ပေး လိုက်သည်။ ကြည်လင်အေးမြသည့် ပွန်ချောင်းကိုဖြတ်ပြီး အရှေ့ဘက်ကမ်းကို သွားနေသူများက တက်ကြွလန်းဆန်း နေကြသည်။ တိုက်ခိုက်ရေးအမိန့် ရခဲ့ပြီကိုး။ ကျနော်တို့အစုအဖွဲ့တွင်ပါဝင်ကြသူများက တပ်စုမှူး ရဲဘော် စိုးမိုကြင်(ကိုကြွေ)။ တပ်စိတ်မှူး ရဲဘော်စံလှ။ ဒုစိတ်မှူး ရဲဘော်ပီလီ။ ဆေးမှူး မင်းမောင်မောင်။ ရဲဘော်ဝင်းလှိုင်။ ရဲဘော်ဖွတ်။ ရဲဘော်ထူးအောင်နှင့် ကျနော်။ အနောက်ဖက်ကမ်းမှာ ကျန်ခဲ့သူများကတော့ မအီမသာ။

တပ်ရင်း (၁) ဂွင်။ ပွန်ချောင်း။ လွယ်မောတောင်နှင့် မဲနယ်တောင်တို့ကားကျန်ခဲ့ပြီ။ ရှမ်းပြည်မြောက်ပိုင်း၊ MTA/ UWSA နယ်မြေများနှင့် နီးကပ်သွားပြီဖြစ်သည်။ ရှမ်းရွာတွေကများသည်။ တိုက်ပွဲတွေပြင်းထန်ချိန်က ဖြတ်လေးဖြတ်ဒဏ်ကို အကြီးအကျယ် ခံထားရသည့် ရွာတွေ။ တချို့ရွာတွေက ယခုမှ ပြန်လည်ထူထောင်ကာစ။ ရွာနှင့်မတူ။ ဒျှုသည်စခန်းတွေနှင့် ပှိုတူသည်။ အစစ ချို့တဲ့လွန်းလှသည်။ လူထုဆင်းရဲလျင် ကျနော်တို့လည်း ဆင်းရဲသည်။ ရှမ်းပဲပုတ်ဆိုသော်လည်း ပဲပုတ်မရှိ။ လူလေးယောက်အတွက် ပဲပုတ်နှစ်ချပ်ကို ထောင်းပြီး ရေချိုးပေးလိုက်သည်။ ထိုပဲပုတ်ရေကျဲသည် ဟင်း။ ရွာအများစုက ကြက်သွန်ဖြူစိုက်ကြသည်။ စားစရာ ဘာမှမရှိတော့သောအခါ ကြက်သွန်ဖြူတွေကို ထောင်းပြီး ဟင်းချက်စားကြသည်။ အနံက မွှန်ပြီး အရသာက စပ်ဖျင်းဖျင်း။

နောက်တော့ မဟာမိတ်ပင်မစစ်ကြောင်းက လူထုလုပ်ငန်းနှင့် နိုင်ငံရေးလုပ်ငန်းများလုပ်ရန် ထွက်ခွာသွားသည်။ ကျနော်တို့နှင့်အတူ ဗိုလ်လေးထွန်းတို့တပ်စု။ ထိုအစုအဖွဲက အင်မတန်ညီသည်။ တပ်မှူးတွေလည်း လူငယ်တွေ။ အပြန်အလှန် နားလည်မှုလည်း ရှိကြသည်။ အစုအဖွဲ့က လူမများတော့လို့ထင်။ တယောက်ခြင်း ရင်းနှီးမှုလည်း အတော်ကလေးရကြသည်။ အစုအဖွဲ့ ရင်းနှီးမှုအပြင် လူထုနဲ့လည်း အတော်လေး ရင်းနှီးနေပေပြီ။ နယ်မြေအနေအထားကိုလည်း အတော်ကလေး တွက်ချက်နိုင်လာပေပြီ။ နယ်မြေခံဖြစ်သည့် ဗိုလ်လေးထွန်းတို့တပ်စုကလည်း အင်မတန်မြေပိုင်သည့်ရဲဘော်တွေ။ လက်နက်ဖွဲ့စည်းပုံကလည်း ကောင်းသည်။ ကျနော်တို့ အစုအဖွဲ့တွင် M 23 စက်လက်ပါသလို ဗိုလ်လေးထွန်းတို့ တပ်စုတွင် RPG 2 နှင့် M 79။

ထိုအချိန်ကတည်းက ရန်သူသတင်းကို မပြတ်စုံစမ်းနေခဲ့သည်။ သိပ်တော့မကြာ။ သတင်းရပြီ။ နမ့်ဆမ် ကားလမ်းပေါ်က လမ်းကင်း။ ကိုယ့်အင်အားနှင့်ဆိုလျင် ရန်သူကို ချေမှုန်းရေးပင်လုပ်နိုင်သည်။ ဒေသခံလူထုက လည်း ကူညီရန်အသင့်။ လူရွေးပြီး အခိုင်အမာအချက်အလက် ထောက်လှမ်းစုံစမ်းရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ယခု သူတို့ ပြန်လာကြပြီ။

ကျနော် သေနက်တိုက်ပြီးလို အစိတ်အပိုင်းများ ပြန်လည်တပ်ဆင်နေစဉ်မှာပင် ကိုကြွေနှင့် ကိုစံလှတို့ ပြန်လာကြသည်။ ရဲဘော်အားလုံးကို စုရန်ပြောသဖြင့် သေနက်ကိုအမြန်ဆင်လိုက်ပြီး သူတို့နှင့် ၀င်ထိုင် လိုက်သည်။ ရည်မှန်းထားသည့် လမ်းကင်းကို တိုက်မည်။ အပေါ့ပါးဆုံးဖြစ်စေရန် မလိုအပ်သောပစ္စည်းများကို ထားခဲ့ကြမည်။ ညပိုင်းချီတက်မည်။ အသံမမြည်စေရန် အီးကွေးမန့်ကို ပြင်ဆင်ထားရမည် --- စသည် အခြေအနေ၊ အချက်အလက်နှင့် စုရပ်၊ စုံရပ်၊ စကားဝှက်တို့ကို ပြောကြားသည်။ ရဲဘော်များကား ခဏအတွင်းမှာပင် ထမင်းချက်သူ။ ပစ္စည်းသိမ်းသူ။ အီကွေးမန့်ပြင်သူတို့နှင့် ရှုပ်ထွေးသွားကြ၊ မျက်နှာတွေက ၀င်းပ။

(၃)
တညလုံး ချီတက်ခဲ့ကြရသည်။ ရွာတွေကို ကွင်းပြီးရှောင်ခဲ့ရသဖြင့် ခရီးက ပမ်းလွန်းလှသည်။ သို့သော် ကျနော်တို့အားလုံး ပျော်ရွှင်ကြသည်။ ရလျင်ရ၊ မရလျင်ချ။ မရ၍ချကြမည်။ ထိုစိတ်ဓါတ်က ကျနော်တို့ကို နတ်ဖမ်းစားသလို ဖမ်းစားထားသည်။ လမိုက်ညအမှောင်ထုအတွင်းထဲမှာ အလဲလဲ၊ အကွဲကွဲဖြင့် ချီတက်နေကြခြင်းဖြစ်သည်။ သတ်မှတ်နေရာကို သုံးနာရီခွဲလောက်မှ ရောက်သည်။ အလင်းက ပြိုးတပျပျ။ ပါလာသည့် ထမင်းထုတ်များကို ဖြေ၍စားသူများက စားနေကြပြီ။ ကျနော်တို့ကတော့ မောပန်းမှုကြောင့်ရော။ စိတ်လှုပ်ရှားမှုကြောင့်ပါ မစားနိုင်။

ပြီး --- တိုက်ပွဲအတွက်နေရာချကြသည်။ မူလက ကားလမ်းဘေးရှိ ကုန်းကလေးတခုတွင် နေရာ ယူရန်ဖြစ်သော်လည်း အစီအစဉ်ပြောင်းလိုက်သည်။ ကျနော်တို့ရောက်နေသည့်နေရာက မိုးနဲ – မောက်မယ် ကြားမှ ကားလမ်း။ ထိုကားလမ်း. တဖတ်တချက်ပိုင်ဆိုင်မှုက လမ်းတောင်ဖက်ပိုင်းသည် ရလလဖ။ မြောက်ဖက် က MTA။ ကုန်းကလေးတည်ရှိနေတာက မြောက်ဖက်မှာ။ ဆုတ်လမ်းမကောင်း။ ဒါ့အပြင် ထိုကုန်းကလေးမှာ မကြာခဏရန်သူကိုစောင့်ပြစ်လေ့ရှိသည့်နေရာ။ ရန်သူအာရုံစိုက်သောနေရာ။ ထိုနေရာကိုရှောင်ပြီး ခပ်လှမ်း လှမ်းရှိ နေရာတခုကိုရွေးလိုက်သည်။ ထိုနေရာက ကားလမ်းထက်တော့နိုမ့်သည်။ မျက်ကွယ်ကောင်းသည်။ ရန်သူအာရုံစိုက်သည့်နေရာမဟုတ်။ အစုအဖွဲ့တခုကို စက်တလုံးနှင့်အတူ ရှေ့ကြိုလွှတ်ထားသည်။ ရန်သူ လာလျင် ကြိုသိနေရန်ဖြစ်သည်။ ကျနော်တို့က ကားလမ်းအတိုင်း နေရာယူလိုက်ကြသည်။ ကျနော်က ကိုကြွေနှင့် ကိုစံလှကြားမှာ။

သတ်မှတ်နေရာ။ ပြစ်ပိုင်နက် ကိုယ်စီသက်မှတ်ပြီး ကိုယ်နေရာမှ ကိုယ်ငြိမ်သက်ပြီးနေကြသည်။ မကြာမီ ရွာသားများ လုပ်ငန်းခွင်ဝင်ရန် ကားလမ်းအတိုင်းထွက်လာကြသည်။ ကျနော်တို့က သူတို့ကို တွေ့နေ သော်လည်း သူတို့က ကျနော်တို့ကို မတွေ့ရန်လိုသည်။ ပုလိုင်း။ ပေါက်ပြား။ ကျောင်းသွားသူတချို့။ အချိန်များက တဖြေးဖြေးကုန်။ အလင်းက အမှောင်ထုကို ကျော်တက်လာပြီ။
လမ်းကိုလည်း မျက်ချည်မပျက်ကြည့်ရင်း စက်ကိုင်ထားသည့် တပ်မှူးကိုလည်းကြည့်နေကြရသည်။ ရှေ့ကြိုလွှတ်ထားသည့် အစုအဖွဲ့က သတင်းပို့မည်မဟုတ်လား။

ရှမ်းပြည်၏ နံနက်ခင်းက အေးလွန်းလှသည်။ ထိုအအေးနှင့် ကျနော်တို့၏ စိတ်လှုပ်ရှားမှု ပေါင်းပြီး ခံစားနေရတာက တမျိုးတမည်။ ကိုယ့်သေနတ်ကိုယ် စုတ်ချည်။ ဖြန့်ချည်။ တိုက်ပွဲ။ ပစ်ရင်မှန်အောင် ပစ်တယ် ဆိုသော ဖက်ဆစ်စစ်တပ်ကို တည့်တည့်မှန်အောင် ပစ်ရတော့မည့် တိုက်ပွဲ။ ကိုယ့်လက်ထဲကိုင်ထားတဲ့ သေနတ်နဲ့ မိစ္ဆာတို့၏ ၀ိဉာဉ်ကိုနှုတ်ရပေတော့မည်။ ရှစ်ဆယ့်ရှစ်မြင်ကွင်းတွေက ပျိုးတပြတ်ပြတ်။ ကျနော်တို့က လက်စားချေတုန့်ပြန်ရေးသမားတော့ မဟုတ်။ သမိုင်းကြွေးတော့ တောင်းရပေမည်။ တိတ်ဆိတ်ခြင်းက ကြီးစိုးနေသည်။ တိတ်ဆိတ်စွာ တိုက်ပွဲခေါ်နေကြခြင်းလည်းဖြစ်သည်။ ထိုအချိန်၏ တိတ်ဆိတ်မှုက ကျယ်ပြန့်လှ၏။
တပ်စုမှူးဖြစ်သူနှင့် မလှမ်းလှသောကြောင့် စက်သံတရှဲရှဲကို မသဲမကွဲကြားနေရသည်။ ထိုစဉ် စက်ထဲမှ အသံပေါ်လာ.။

“ရောင်နီပေါ်ပြီ”

ထိုသတင်းပို့ချက်က အားလုံးထံ လက်ဆင့်ကမ်း ရောက်သွားသည်။ အားလုံး ခေါင်းထောင်သွားသည်။ ရန်သူရောက်နေပြီ။ လှုပ်ရှားမှုတိုင်း ရင်နှင့်အမျှ။ သမိုင်းကြွေး။ အတွေ့အကြုံသစ်။ ကျနော့်ရဲ့ စစ်ဦး။ လက်တကမ်းအကွာ။ ကားသံကို ကြားနေရ။ ရင်ခုန်သံကို ကြားနေရ။ သေနက်ကို ကိုင်ထားတဲ့လက်က ပိုမိုတင်းကြပ်လာ။ လက်နက်ကိုင်တော်လှန်ရေး။ ချေဂွေဗာရား။ ၀င်းမော်ဦး။ ရှစ်ဆယ့်ရှစ်။ အံကြိတ်။ ဆေ့ဖြုတ်။ သေနက်ကို တင်းတင်းပိုက်ထား။ ကားသံ။ ပြီးနီးကပ်လာသည့် ကားသံ။ ကားသံ --- ကားသံ --- ပြီးတော့ --- သေနက်သံ။ ကျနော်တို့၏ ပွိုင့်အဖွဲ့က ပစ်လွှတ်လိုက်သည့် သေနက်သံ။ နောက်တော့ ဆိတ်ငြိမ်စွာ စောင့်နေသူများ ဆီမှထွက်လာသည့် သေနက်သံများ။ သေနက်သံများနှင့်အတူ ကားသည် ကျနော်တို့နှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားသည်။

ကားရပ်သွားသည့်နေရာနှင့် ကျနော်နေရာယူထားသည့် နေရာကမဝေး။ ကားကနှစ်စီး။ ကားရပ်သွားသည်နှင့် ယူနီဖောင်းဝတ်များ လွှားကနဲ ခုန်ဆင်းနေကြသည်။ တချို့ လမ်းပေါ်ကို တလိမ့်ခေါက်ကွေး။ ကားထဲ ပြန်လန်ကျသွားသူများ။ ကျနော်က အကုန်မြင်နေရသည်။ ကားထဲတွင် အထွေးလိုက်ရှိနေသည်ကို မြင်နေရသည်။ ကျနော့်သေနက်ကို ရှေ့က ကားထဲထိုးချိန်ပြီး ပစ်ချထည့်လိုက်သည်။ ကျနော့် သေနက်ထဲက ကျည်ထွက်သွားသည့် အသံနှင့်အတူ ယမ်းကန်သည့်အရသာကို ခံစားလိုက်ရသည်။ တင်းကြပ်နေသည့် ခံစားမှုနေရာတွင် ပေါက်ကွဲခြင်းတွေက အစားထိုးဝင်လာသည်။ သေနက်နှင့်အတူ ကျနော်လည်း ပေါက်ကွဲနေသည်။ အံကိုတင်းတင်းကြီတ်ကာ တတောင့်ခြင်းပစ်ထည့်နေလိုက်သည်။
ကျနော်တို့ အစစအရာရာလက်ဦးမှု ရနေသည်။ ရန်သူ လုံးဝအလစ်အငိုက်မိသွားသည်။ ကျနော်တို့ကို လုံးဝပြန်မပစ်နိုင်။ တတောင့်ခြင်းပစ်နေရာမှ ကျနော့်အမြင်တွေဝါးလာသည်။ မှန်သည်။ ကျနော် မျက်ရည်များ ကျနေသည်။ ကတ္တရာလမ်းပေါ်က မြင်ကွင်းက ရှစ်ဆယ့်ရှစ်နှင့် ပြောင်းပြန်။ ဟိုတုန်းက လမ်းပေါ်မှာ ကျနော်တို့ အပစ်အခက်ခံခဲ့ရသည်။ အခု အဝေးပြေးလမ်းမမှာ သင်းတို့ကို သမိုင်းကြွေး ပြန်တောင်းနေရပြီ။ ကတ္တရာ လမ်းပေါ်မှာ သေနေသူတွေ။ ဒဏ်ရာရနေသူတွေ။ သေနက်မှန်ပြီး လန်ကျသွားသူတွေ။ အော်ဟစ် နေသူတွေ။ ကျနော်တို့ အောင်ပွဲခံနေသည့်မြင်ကွင်းကို ကျဆုံးသွားရသူ ရဲဘော်သူငယ်ချင်းတွေကို မြင်စေချင် နေသည်။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံခဲ့ရသူ ကျနော်တို့ပြည်သူတွေကို မြင်စေချင်နေသည်။ ကျနော်တို့ အောင်ပွဲသည် လူထုအောင်ပွဲ။ ကျနော်တို့အောင်ပွဲသည် သမိုင်း၏ အောင်ပွဲ။

အောင်ပွဲခံ သေနက်သံတို့က တောလုံးညံနေသည်။ ကျနော်တို့. ပစ်ခတ်သံတို့က ကမြိာံပတော်လဲသံလို တုန်ဟည်းနေသည်။ အဖိနှိပ်ခံအားလုံးအတွက် ကိုယ်စားပြုနေသည့် သေနက်သံတွေ။ ဖက်ဆစ်တို့. ၀ိဉာဉ်တွေကို ခေဋ္ဌချနေသည့် ကျည်ဆံတွေ။ ကျနော်တို့ပစ်လွှတ်လိုက်သည့် ကျည်ဆံတွေထဲကို ကျဆုံးသူတို့၏ ၀ိဉာဉ်တွေ ခိုတွဲပါဝင်နေသလား။ ကျနော်ကတော့ ထိုအတိုင်းပင် ယုံကြည်နေသည်။ ကျနော်၏ စစ်ဦးတိုက်ပွဲက အောင်ပွဲ၏ တံပိုးခရာသံတို့ဖြင့် ခြိမ့်ခြိမ့်ညံနေတော့သည်။ မှန်သည်။ ကြားနေရသည့် သေနက်သံတို့က ဘိသိပ်မင်္ဂလာမှာ ပုဏားဖြူ။ ပုဏားညိုတို့ မှုတ်သည့် ခရုသင်းသံ အလား ---။

ညိုထက် (လမ်းသစ်ဦး)
(မှတ်ချက်။ ။ ထိုတိုက်ပွဲတွင် ဒုရင်းမှူးတဦးအပါအ၀င် ရန်သူ ၁၁ ဦးကျဆုံးခဲ့သည်။)

Friday, January 2, 2009

တိမ်ကိုစီး၍ သစ္စာရှာသူ

ညိုထက် (လမ်းသစ်ဦး)

ဒီနေရာက ကျနော်တို့ရဲ့လှုပ်ရှားဂွင် “အထူးဒေသ” ရဲ့ အခြေအစပ်၊ ပြောက်ကြားတပ်ဖွဲ့များ စစ်ကစာှးု ကောင်းသည့်နေရာတော့ မဟုတ်၊ ဒေသအနေအထားအရကိုကလည်း စစ်ရေးအခေါ်အရ “ရန်ဝင်။ ငါဝင်ဒေသ”၊ ရန်သူ့စိုးမိုးဂွင် မြေပြန့်နှင့် မိမိတို့ခြေကုတ်ဒေသတို့ ထိစပ်နယ်မြေ၊ ဤနေရာကို ရောက်လာခဲ့ကြသည်က အလုပ်အဖွဲ့ငယ်တခုဖြစ်သည့် ရဲဘော်ထူးအောင်နှင့် ကျနော်၊ ထို့အပြင် ရွာသားတချို့၊ ကျနော်တို့အဖွဲ့တွင် ထူးထူးခြားခြား မှတ်တိုင်တခုကို ထမ်းထားသည်၊ ထိုမှတ်တိုင်တွင် ရေးထားသည်က …
ရဲဘော်ညိုထွန်းအောင်
အသက် (၃၈) နှစ်
၃၀ – ၉ – ၉၅

(၁)
ချောင်းကလေးက သာမိတိုက်ရွာဖြစ်သည့် သာစည်ရွာကလေးကို ၀ိုက်ခွေပြီး စီးဆင်းနေသည်၊ ကျနော်တို့ ရွာထဲသို့မ၀င်၊ ကွင်းကွေ့ပြီး ချောင်းကိုဖြတ်ကျော်ကြမည်၊ ချောင်းဖြတ်၍ပြီးသည်နှင့် တွေ့ရမည့်လမ်းက အရေးကြီးသည်၊ ၆ ပေလမ်း၊ ထိုလမ်းမျိုးက စစ်သုံးမြေပုံတွင်ပါသောကြောင့် ရန်သူ့ စစ်ကြောင်းများ အသုံးပြုလေ့ရှိသည့် လမ်း၊ လက်ဆင့်ကမ်း သတင်းစနစ်အရတော့ ရန်သူရှင်းသည်၊ သို့သော် ပေါ့၍မရ၊ ရှေ့မှာရှိနေသည့်ဒေသက ကိုယ့်ဒေသမဟုတ်၊ ရုတ်ချည်းရောက်လာလျင် တုန့်ပြန်နိုင်ရန် ပြင်ဆင်ထားရမည်၊ လမ်းကိုတွေ့နေရပြီ၊ သတိနှင့်ရှေ့ကို မျှော်ကြည့်သည်၊ ထူးခြားမှုမရှိ၊ လမ်းကို အပြေးဖြတ်ပြီး တောစပ်သို့ တိုးဝင်လိုက်ကြသည်၊ ရွာသားတယောက်ရှေ့တက်လာသည်၊ သူက နေရာသိသူ၊

သွားနေရသည်က တောထဲတောင်ထဲကိုပင် နောက်ဖေးပေါက်က ၀င်နေရသလိုမျိုး၊ တောကိုတိုး။ တောင်ကိုဖြတ်၊ ခြုံနွယ်ပိတ်ပေါင်းကြားမှာ၊ ရောက်ပြီ၊
သူရဲကောင်း၊ တော်လှန်တဲ့သူရဲကောင်းဝိဥာာဉ် ကိန်းဝပ်ရာမြေပုံမို့မို့၊ တောင်ဆင်ခြေလျောမှစီးဆင်းသော ရေစီးကြောင်းများကြောင့် မြေပုံအနေအထားပင် ပျက်လု့ပျက်ခင်၊ မနည်းရှာယူရသည်၊ ကြေကွဲစရာ၊ တော်လှန်သော အညတရ သူရဲကောင်း. မခမ်းနားသော အာဇာနည်ဗျွိာန်၊ ဟုတ်သည်၊ မခမ်းနား၊ အမြင်မခမ်းနား၊ လုံးဝကို အမြင်မခမ်းနား၊ သို့သော် မဟာပထ၀ီမြေသားထုလို သိပ်သည်းသည့်ကြီးမြတ်မှုတွေကတော့ ထည်ဝါခမ်းနားလွန်းလှသည့် တောကြိုအုံကြားကမြေပုံ၊ ဆို့နစ်သောခံစားမှုက ကျနော့်တကိုယ်လုံးကို ဖြစ်ညှစ်ပြစ်နေသလို၊
ဦးစွာ မြေပုံကို ပြုပြင်ရဦးမည်၊ ပါလာသည့် ပေါက်တူးဖြင့် မြေပုံကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်ကြသည်၊ ထို့နောက် မှတ်တိုင်ကို ခေါင်းရင်းဘတ်နေရာတွင် အသေအချာစိုက်ထူပေးသည်၊ ၀ါးခုတ်ပြီး မြေပုံကို ကာရန်ပေးလိုက်ကြသည်၊ တိရိစာန်များ မဖြတ်ဆီးမိစေရန်၊ စည်းရိုးအပြင်မှနေပြီး ရေဆင်း ကောင်းအောင် မြောင်းပေါက်ပေးလိုက်ကြသည်၊ ဒေသခံရွာသားများကလည်း သူ့မြေပုံပြုပြင်ရာတွင် စိတ်အားထက်သန်စွာ လုပ်ပေးခဲ့သည်၊ မှန်သည်၊ သူသည် လူထုအကျိုးအတွက် ရန်သူ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သက်ဖြတ်မှုကို ရင်စီးခံခဲ့သူ၊ နီးစပ်ရာ တောပန်းများကိုဆွတ်ခူးပြီး မဟာသူရဲကောင်း. မြေပုံပေါ်မှာ ခင်းဖြန့်ပေးကြသည်၊
လေးပင်သော အလေးပြုရန် အမိန့်ပေးသံ၊ လေးပင်သော လက်တင်အလေးပြု လှုပ်ရှားမှုများ၊ လေးပင်သော သက်ပြင်းချသံများ၊

(၂)
သူနှင့် ကျနော် စတင်တွေ့ဆုံဖြစ်ကြသည်က ဆရာဒဂုန်တာရာ ကဗျာဖြင့် ပန်းချီရေးခဲ့သည့် မဲနယ်တောင်မှာ၊ ထိုအချိန်က မဲနယ်တောင်တွင် ကျောင်းသားတပ်မတော်က အလုပ်အဖွဲ့တဖွဲ့ ရှိနေသည်၊ ထိုအထဲတွင် သူလည်းပါသည်၊ မကြာသေးခင်က ဖြစ်ခဲ့သည့် ထိတွေ့မှုတွင် ဒဏ်ရာရထားသော ရဲဘော် (၂)ဦးလည်း ရှိနေသည်၊ ရဲဘော်အောင်ဒင်နှင့် ရဲဘော်မိုးကျော်၊ ကျနော်တို့ရဲ့ တောအ၀င်ခရီးကို လှိုက်လှဲမှုဖြင့် နွေးထွေးစွာ ကြိုဆိုကြသည်၊ သူထိုအချိန်က တပ်စိတ်မှုးတာဝန်နှင့်အတူ ဆက်သွယ်ရေးတာဝန်ကိုပါ တွဲယူနေသည့် အချိန်၊ ကျနော်တို့ရောက်သည့်နေ့မှာပင် နောက်တန်းသို့ သတင်းပို့သည်၊

“ညီနောင်အားသစ် ကျောင်းသားနှစ်ဦး ရောက်ရှိ”
ထိုအချိန်ကတည်းက စတင်ခဲ့သော သူနှင့် ကျနော့်ကြားက ဆက်ဆံရေးတွင် အဖုအထစ်မရှိခဲ့၊ ကျနော်တို့ကြားတွင် ရိုးရှင်းသော တကြောင်းသွားဆက်ဆံရေးသာ ရှိခဲ့သည်၊ သူနှင့် ကျနော်က ညီရင်းအကိုတွေလို နေခဲ့ကြသူတွေ၊ ကျနော်က အင်မတန် အမေးအမြန်းထူသည်၊ မသိတာ။ မရှင်းတာ။ မကြေညက်တာရှိလျင် နှေးနေ။ တွေနေတာတွေမရှိ၊ ချက်ချင်းပင် တဲ့တိုးမေးလေ့ ရှိသည်၊ ထို့ကြောင့်ပင် သူက ကျနော့်ကို “မောင်လူမွှေး”ဟု ခေါ်ခဲ့သည်၊ သူကတော့ သူ့ကိုယ်သူ “မောင်လူအေး” ယခုတော့ ကျနော့်ရဲ့ မောင်လူအေးလည်း မရှိတော့ပြီ၊ ကျနော်တွင်လည်း မသိတာ။ မရှင်းတာ။ မကြေညတ်တာရှိလျင် ယခင်ကလို တဲ့တိုးမေးတက်တဲ့ အလေ့က ပျောက်သလောက်ပင်၊ နိုင်ငံရေးလောကဓံတွေကြားမှာ “ဗေဒါပျံ အံခဲ”ခဲ့ရတာတွေက တနင့်တပိုးရှိခဲ့ပြီ မဟုတ်လား၊

သူက လူချစ်။ လူခင်အင်မတန် များသည့်လူဖြစ်သည်၊ သူရဲ့ရိုးရှင်းပြီး မာန်မာနကင်းစင်သည့်ပုံရိပ်နှင့် စိတ်ရှည်သည်းခံတက်သည့် အရိပ်သြဇာတို့က ကျနော်တို့အပေါ် လွမ်းမိုးခဲ့ပုံရသည်၊ တပ်ရင်းတွင် အဆိုးဆုံးရဲဘော်များပင် သူ့တပ်စိတ်ရောက်လျင် ထိန်းထိန်းသိမ်းသိမ်းဖြစ်သွားလေ့ရှိသည်၊ ရဲဘော်များက သူ့ကိုကြောက်၍မဟုတ်၊ သူက အာဏာပြ၍ ရဲဘော်ထိမ်းသည့်နည်းကို ဘယ်တော့မှ မသုံး၊ စိတ်ရှည်လက်ရှည် ပညာပေးလေ့ရှိသည်၊
သူ့မျက်နှာက သုန်သုန်မှုန်မှုန် ရှူတည်တည် မရှိ၊ အင်မတန်လည်း စိတ်ဆိုး စိတ်တိုခဲသည့်လူ၊ စံပြရဲဘော်ဖြစ်ရေးအတွက် ကိုယ့်ကိုယ်ကိုတောင်းဆိုခဲ့သလို။ အခြားရဲဘော်များကိုလည်း တောင်းဆိုသူ၊ အားပေးကူညီ ထိမ်းကြောင်းပေးလေ့ရှိသည့်သူ၊ အနစ်နာခံရေးမူကို လက်တွေ့ကျင့်သုံးသူ၊ ဝေဖန်ရေးလည်း ညင်သာသူ၊

သူ အရက်သောက်သည်ကို ကျနော်တကြိမ်သာ တွေ့ဖူးသည်၊ ထိုတကြိမ်သည်လည်း မှတ်မှတ်ရရ၊ ၁၉၉၄၊ အတာသင်္ကြန်ပွဲ၊ တောခိုပြီးကတည်းက သင်္ကြန်ကို နောင်ကောင်ကီမှာညကံလိုက်။ ပွန်ချောင်းမှာ ညကံလိုက်။ လွယ်ဖီမှာ ညကံလိုက်။ မဲနယ်တောင်ခြေမှာ ညကံလိုက်၊ ရန်သူနှင့် စစ်ကစားနေရသည့် နေရာများတွင်သာ ဆုံဖြစ်ကြသည်၊ လွတ်လပ်သော မိမိနယ်မြေ နောက်တန်းစခန်းမှာ ညကံရသည်ကွှအကြိမ် ပထမ၊ ဖြစ်ချင်တော့ ဗဟိုဒေသ၊ ပွဲလည်းရှိနေသည်၊ ပြဇာတ်။ သံချပ်။ သီချင်းသီဆိုမှု။ ယိမ်းအက...စသည်၊ ထိုပွဲတွင် ရဲဘော်များသုံးစွဲရန် တပ်ရင်းမှူးက မုန့်ဖိုးပေးသည်၊ တယောက် ၅ ဘတ်၊ ၅ ဘတ်ရသည်ကိုပင် ကျနော်တို့မှာ ပျော်မဆုံး၊ ညနေရောက်တော့ အလျှိုလျှို၊ သောက်တက်သူများရော။ မသောက်တက်သူများပါ သံလွင်ကမ်းဘေးက ကျောက်ဆောင်တွေပေါ်မှာ၊ ထိုအချိန်က ကျနော်ရောသူပါ မသောက်သူများစာရင်းဝင်၊ ကျနော်တို့ မသောက်တက်သူများချည်း ၀ိုင်းဖွဲ့သည်၊ ပြီးတော့ သင်္ကြန်ပွဲသို့ ချီတတ်ကြသည်၊ ထို့နောက် ကျနော်တို့ ကကြသည်၊ ကွေးနေအောင် ကကြသည်၊ ကကြရင်း ပို၍မူးလာပြီး နှစ်ယောက်စလုံး ထိုးအန်လိုက်ကြတော့သည်၊ ပြီးတော့ ချာချာလည်၊ ရဲဘော်များကတွေ့ပြီး ၀ိုင်းဝန်းပြုစုကြ၍သာ တော်တော့သည်၊ နောက်နေ့မှသိရတာက ကျနော်တို့နှစ်ယောက် “We are the World” ကို ကဗျာလွတ်ဆိုရင်း ထိုးအန်သွားကြတာ ဆိုပဲ၊


(၃)
သူ့ကို ရဲဘော်များက “အမေကြည်”ဟု ချစ်စနိုး ခေါ်ကြသည်၊ ဟုတ်လည်း ဟုတ်သည်၊ သူက လှုပ်ရှားပဲဖြစ်ဖြစ်။ အထိုင်ပဲဖြစ်ဖြစ် အိပ်ရာစောစောထပြီး တပ်စစ်ဆေးမှုလုပ်သည်၊ ပြီးလျင် တပ်စိတ် ရဲဘော်များကို လိုက်နှိုးပြီး stand by အနေအထားပြင်ခိုင်းသည်၊ သူနှင့် ရဲဘော်တချို့က မီးမွှေးပြီး ထမင်းချက်ဖို့ပြင်တော့သည်၊ ပါးစပ်ကြီးဟပြီး ထမင်းကို စိတ်ဝင်တစားချက်နေသည့် သူပုံက ရယ်လည်း ရယ်ချင်စရာ၊ ပြီး...သူ့ကို ၀ိုင်းကူချက်ပြုပ်နေသူများထဲတွင် ကျနော်တို့လို ရဲဘော်ငယ်များပါလာလျင် စစ်ရေး။ နိုင်ငံရေး ဆုံးမမှုများကို ပြောနေလိုက်သေးသည်၊ ထိုမြင်ကွင်းကို တွေ့ရဖန်များလာသောအခါ ထိုအမည်တွင်သွားတော့သည်၊

သူ့အမည်ရင်းက “ကိုကြည်ဆန်း”၊ ပြည်မြို့သား၊ ငယ်စဉ်က စစ်တပ်အ၀န်းအ၀ိုင်းထဲတွင် နေခဲ့ဖူးသည်၊ မှော်ဘီ တပ်ဝင်းထဲတွင်၊ သူ့အဖေက မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁) ကျောင်းဆင်း၊ မဆလခေတ်တွင် နှစ်တချို့သာတာဝန်ယူခဲ့ပြီး နှုတ်ထွက်ကာ ပြည်မှာအခြေချခဲ့သည်၊ မဆလ အညှိုးသိုခံရသူ စစ်အရာရှိ၊ သူ၏ အကိုသည်လည်း ရှစ်လေးလုံးအရေးတော်ပုံ မတိုင်မီလေးမှာတင် မဆလမှ ဖမ်းဆီးခေါ်ဆောင်သွားသည်မှ သတင်းအစအနမရ၊ နောက်နှစ်တချို့ကြာမှ သိရသည်က ထောင်အနှစ် ၂၀ ချလိုက်သည်ဟူ၍။ ထပ်သိရသည်က သူတို့၏ မိသားစုစီးပွားရေးလုပ်ငန်းများကိုပင် စစ်အုပ်စု နှောက်ယှက်မှုကြောင့် အခြေရိုင်နေရသောအနေအထား၊ လူထုအတွင်းမှာကတော့ သူရဲကောင်းမိသားစုဝင်များ၊

သူက လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်၊ ပြည်မြို့ကိုရောက်ဖူးသော လူ့ဘောင်သစ်ပါတီဝင်တိုင်း သူ့အိမ်တွင် စားဖူး။ သောက်ဖူး။ နေဖူးကြသူချည်းပင်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို ခေါင်းအေးအေးဖြင့် ပါဝင်နိုင်ခဲ့သူ၊ ရှစ်လေးလုံး တိုက်ပွဲ။ စက်တင်ဘာ သဘောတူညီချက်။ ၁၉၈၉ ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ အာဇာနည်နေ့ လွမ်းသူပန်းခွေချပွဲ။ ဒီချုပ် – တစည စီးချင်းထိုးမူ။ မေ – ၉၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး။ ၂/၉၀ ဖီဆန်ရေး။ သာဓုကန်အစည်းအဝေး။ လက်နက်ကိုင် တော်လှန်ရေး၊

ပြည်မြို့သားတို့ထုံးစံအတိုင်း ခင်ဝမ်း။ မောင်ချောနွယ်နှင့် ကိုဆွေတို့အတွက် အလွန်ဂုဏ်ယူတက်ပြီး ပြည်မြို့၏ ဂုဏ်ထူးဆောင်တွေအဖြစ် ပြောလေ့ရှိသူ၊ ယခုတော့ သူကိုယ်တိုင်သည်ပင် ပြည်မြို့ရဲ့ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်ဖြစ်ခဲ့သည်ကို သိမသွားခဲ့သူ။ အနုပညာကိုမြတ်နိုးသူ။ ကိုယ်တိုင်လည်း ရံခါကဗျာဖန်တီးတက်ပြီး တပ်ရင်းမှထုတ်ဝေသော ကဗျာစာအုပ်များတွင် ရေးသားခဲ့သူ။ တော်လှန်ရေးကို ထွက်ခါနီး စက်မှုကျေးလတ်တွင် ဆရာဒဂုန်တာရာအား ၀င်ရောက်ဂါရ၀ပြုခွင့်ရခဲ့သည်ကို တသသပြောတက်သူ၊

(၄)
ကျနော်တို့တပ်ဦး နုစဉ်ဘ၀က ကိစ္စလေးတခုရှိခဲ့ဖူးသည်၊ ၁၉၈၈ ကတည်းက လက်နက်ကိုင် တော်လှန်ရေးကို ရောက်နေသူများနှင့် နိုင်ငံရေးပါတီ (လဘသ၊ ဗကသ...စသည်)မှ လက်နက်ကိုင် တော်လှန်ရေးကို ကူးပြောင်းလာသူများကြား စစ်ရေးသက်သက်။ နိုင်ငံရေးသက်သက်ဟူ၍ အချင်းပွားခဲ့ကြသည့် ကာလတခု ရှိခဲ့ဖူးသည်၊ ထိုကာလကို ကျော်လွားရန်ကြိုးစားသည့် ဖြစ်စဉ်တွင် သူ၏ တရားပြည့်မှုနှင့် နိုင်ငံရေး စိတ်ရှည်မှုများက တပ်ရင်းအတွင်း အရေးပါအရာရောက်ခဲ့သည်၊

သူက ကျနော်တို့တပ်ရင်းရှိ နိုင်ငံရေးပါတီမှလာသူများထဲတွင် ထူးခြားစွာ စစ်ရေးကိုစိတ်ဝင်တစားရှိသူ။ တပ်ကိုင်ကောင်းသူအဖြစ် တပ်ရင်းက အသိအမှတ်ပြုကြသည်၊ ထို့ကြောင့်လည်းပဲ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးကို ၀င်ရောက်ကြသည့်အခါတွင် သူက စစ်သင်တန်းမှူးပင်ဖြစ်နေပြီ၊ ထို့ကြောင့် သူက ကျနော်၏ ရဲဘော် ရဲဘက်သာလျင်မက ဆရာလည်း ဖြစ်သည်၊ သူ သင်တန်းပေးခဲ့သည်က တပ်ရင်းတွင်း သင်တန်းသာလျင်မဟုတ်၊ လ ပ ဒ တ(လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု) မှပေးသော ကေဒါ သင်တန်းတွင်လည်း စစ်သင်တန်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
သူက ထင်းခွေ၊ ရေခပ်၊ ထမင်းချက်။ ရိက္ခာရှာသည့် အသေးစိတ်လုပ်ငန်းမှသည် ပေါ်လစီရေးရာဆွေးနွေးမှုအထိ စိတ်အားထက်သန်စွာလုပ်လေ့ရှိသည်၊ ကျနော်တို့တပ်များ လှုပ်ရှားစစ်ထွက်လျင် ကိုယ့်ရက္ခာ ကိုယ်သယ်ကြ ရသည်၊ အခြေခံရျှိာများဖြစ်သည့် ဆန်။ ဆီ။ ဆား။ ဟင်းချိုမှုန့်...စသည့်၊ ထိုအထဲတွင် အလေးဆုံးက ဆန်၊ ကျနော်တို့ အီကွေးမန့်ခါးပတ်တွင် လုံချည်ကို ဖြတ်ချုပ်ထားသော ဆန်ကြိုးရှိသည်၊ ခရီးဝေးလျင် ဝေးသလို ၂၄ ဗူးအထိလွယ်ရသည်၊ စစ်ကြောင်းနားသည့်နေရာရောက်လျင် ထိုဆန်ကြိုးထဲမှ ဆန်ယူပြီးချက်သည်၊ ခရီးကဝေး။ တောင်တွေကိုတတ်ရနှင့် ဆန်ကြိုးက လေးသောအခါ အတော်မလွယ်သည့်ကိစ္စ၊ ထိုအခြေအနေမျိုးတွင် သူက အခြားရဲဘော်များ၏ ဆန်ကို အရင်ယူသည်၊ နောက်ဆုံးမှ သူ့ဆန်ကြိုးကို အသုံးပြုသည်၊ ထိုသို့ အသေးစိတ်မှ စပြီး စည်းရုံးရေးမူကို ကျင့်သုံးသည့်သူ၊

၁၉၉၃ - ရလလဖနယ်မြေတွင် မကဒတ၏ နိုင်ငံရေးလမ်းစဉ်မိတ်ဆက်နှင့် လူထုစည်းရုံးရေးခရီးအဖြစ် ပအို့ဝ် ကျေးရွာများကို လှည့်လည်ကြစဉ်ကလည်း တပ်ရင်းမှချမှတ်ထားသော လူထုအား အကူအညီပေးရေးလုပ်ဟန်ကို မောပန်းနေသည့်ကြားမှ ရဲဘော်တိုင်းနှင့် ရင်ဘောင်တန်းလုပ်နိုင်ရန် ကြိုးစားခဲ့သည်၊ လုပ်လည်း လုပ်နိုင်ခဲ့သည်၊ ထိုသို့ဖြင့် ကျနော်တို့အကြား နားလည်မှု တည်ဆောက်နိုင်ခဲ့ကြသည်၊
သူနှင့် ကျနော် နောက်ဆုံးသွားခဲ့ရသည့်စစ်ကြောင်းခရီးက ဗဟိုလုံခြုံရေးတိုက်ကင်းထွက်သည့် ခရီးပင်၊ သိပ်မကြာ သူနှင့် ရဲဘော်ဆေး အလယ်ပိုင်းဒေသ အခြေခံဒေသထိုးဖေါက်ရေးတပ်ဖွဲနှင့်အတူ လိုက်ပါရန် တာဝန်ပေးအပ်ခံရသည်၊

(၅)
အဖြစ်အပျက်များက မယုံကြည်နိုင်စရာကောင်းလောက်အောင် ဇယ်ဆက်နေသည်၊ မာနယ်ပလော ကျသည်၊ ကျနော်တို့ဗဟိုလည်း ဆုတ်ပေးလိုက်ရသည်၊ ကျနော်တို့ရဲ့ ပင်မတပ်ရင်းအင်အား အများစုက KNPP (ကရင်နီပြည် တိုးတတ်ရေးပါတီ) ဒေသဘက်ကို ပြောင်းရွှေ့သွားရပြီ၊ ကိုတိုက်မောင်းနှင့် အပါအ၀င်ကျနော်တို့ တပ်စိတ်တစိတ်ကျန်ခဲ့သည်၊ အလယ်ပိုင်းဒေသကို ထွက်ခွာရန်၊ ကျနော်တို့မသွားဖြစ်၊ ကိုတိုက်မောင်း ကွယ်လွန်သည်၊ (၂၆ – ၄ – ၉၅) နှမြောတသမှုတွေမှ အနည်မထိုင်သေး အလယ်ပိုင်းအလုပ်အဖွဲမှ ကြေးနန်စာရောက်လာသည်၊ “ရဲဘော် ကြည်ဆန်းအား ရန်သူမှ လက်ရဖမ်းမိ” (၂၈ - ၉ – ၉၅) နှစ်ရက်သာကြာသည်၊ နောက်ထပ်ကြေးနန်း၊ “ရဲဘော်ကြည်ဆန်း ယနေ့ပင် ကျဆုံး” (၃၀ – ၉ – ၉၅) သွားပြီ၊ ကျနော့်အချစ်တွေ အဆုပ်လိုက်ကြွေ၊ လွတ်မြောက်ရေးဗဟို။ တော်လှန်ရေးဆုံရပ်။ တော်လှန်စစ်ရဲ့ ကွပ်ကဲရေးဌာန။ မိမိဗဟို။ မိမိတပ်ရင်း။ လေးစားအားထားရသည့် တပ်မှုး။ ညီရင်းအကိုလို ချစ်ခဲ့ရသော နောင်တော်ရဲဘော်ကြီး၊

ကျနော့်ရဲဘော်ကြီး ရန်သူ့လက်အတွင်း အသက်ရှင်လျက်ဆင်းသက်ခဲ့ရသည့် နှစ်ရက်တာခရီး၊ ဖြစ်ကာစမှာတော့ သိုးသိုးသန့်သန့်၊ စက်လိုင်းပေါ်မှ စကားများ၊ သိပ်တော့ဖြင့် ရုပ်လုံးမကြွ၊ မပီပြင်သေး၊
နောက်တော့ အလယ်ပိုင်းအလုပ်အဖွဲ့မှ ဗဟိုသို့ပြန်လာကြသူများ ရောက်လာသည်၊ ကျနော် ကိုယ်တိုင်လဲ ထိုဒေသကိုရောက်သွားဖြစ်ခဲ့သည်၊ ပီပြင်လာပြီ၊ ရုပ်လုံးကြွလာပြီ၊ ကြားရသည့်သတင်းများက ကြက်သီးပင်ထမိသည်၊

“သူရဲကောင်းဆန်ခဲ့တယ်” “တော်လှန်ရေးသမားပီသတယ်” “ဒေသခံလူထုအားလုံးက စုပ်တသပ်သပ်နဲ့ ချီးကျူးဂုဏ်ပြုကြတယ်” “ရန်သူတွေ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရတယ်” သူနဲ့ပတ်သက်တဲ့ အနှစ်ချုပ်၊ ကြည့်စမ်း၊ တော်လှန်တဲ့သူရဲကောင်းတယောက် ကိုယ်အနီးအနားမှာ ကိုယ်နဲ့အတူတူရှိနေခဲ့တာ၊ ဂုဏ်ရောင်ပြောင်ခဲ့ပါတယ် ရဲဘော်ကြီး၊
ရန်သူက သူ့ကို ကျွဲကျအောက်ရွာနှင် လှည်းစခန်းရွာအကြားတွင် ဖမ်းမိသွားခြင်းဖြစ်သည်၊ သူနဲ့အတူ ရဲဘော်ရဲထိုက် (အဘ)လည်းပါသည်၊ ရဲဘော် ရဲထိုက်ကထိုနေရာတွင်ပင် ကျဆုံးသွားသည်၊ သူ့ကိုတော့ အရှင်မိသွားသည်၊ ၀ိုင်းဝန်းထိုးကြိတ်ကန်ကျောက်ပြီး တုတ်နှောင်ခေါ်ဆောင်သွားကြသည်၊ ပြောခဲ့ပြီးသလို ထိုဒေသက ရန်ဝင်။ ငါဝင်ဒေသ၊ တဖက်နှင့် တဖက် အပြီးတိုင်ဖယ်ရှားရေးအတွက် လူထုအားကို ထူထောင်ရသည်၊ တော်လှန်ရေးအပေါ် ထောက်ခံသည့် လူထုကို အခိုင်အမာအင်အားစုဖြစ်အောင် တည်ဆောက်ရသည်၊ ထိုကိစ္စကို အရပ်ဝတ်ဖြင့် လှုပ်ရှားသွားလာနေသည့် သူအပါအ၀င် အလုပ်အဖွဲ့များက အသိဆုံး၊

သူ့ကို ရန်သူက အရှင်မိသွားတော့ အကြီးအကျယ် စစ်ဆေးတော့သည်၊ အတွင်းခံဘောင်းဘီတိုကလွဲပြီး အ၀တ်အားလုံးကို ချွတ်သည်၊ ကြိုးနဲ့တုတ်ပြီး ထိုးကြိတ်ကန်ကျောက်ကြသည်၊ ခါးပတ်နှင့် ရိုက်သည်၊ သေနက်ဒင်နှင့် ထုကြပြီး လူထုနှင့် တော်လှန်ရေးကို သစ္စာဖေါက်အောင်လုပ်ကြသည်၊ မရ၊ ရွာစဉ်လှည့်ပြီး ရွာထဲက တော်လှန်ရေးသစ္စာခံ လူထုအမာခံများကို ဖေါ်ထုတ်ခိုင်းသည်၊ သူလုံးဝမပြော၊ သူ့ကို ဓါးဖြင့်မွှမ်းသည်ဟုပင်သိရသည်၊ အံကြိတ်ခံခဲ့သည်၊ ရန်သူကို သူပြောတဲ့စကားတွေက “မသိဘူး” “မရှိဘူး” “ငါကိုသတ် ဘာမှမပြောဘူး” လူထုနှင့် တော်လှန်ရေးသစ္စာကို အသက်ထက်တန်ဖိုးထားခဲ့သည်၊ ဖြစ်သမျှကိစ္စမှန်သမျှကို သူတဦးတည်း ခါးစီးခံခဲ့သည်၊ တော်လှန်သော တာဝန်ခံစိတ်ဓါတ်။ မှန်ကန်သော လူထုအတွေးအခေါ်။ နောက်ဆုံးအချိန်အထိ လူထုကို အလုပ်အကြွေးပြုရေး လမ်းစဉ်၊
ကြည့်နေကြရသည့် လူထုထဲမှာ သူ့ရဲ့မိတ်ဆွေတွေရှိနေသည်၊ သူလည်းသိသည်၊ သို့သော် ဘယ်လိုပင်နှိပ်စက်ပါစေ သူတို့ကို ယောင်လို့တောင်မှ လှည့်မကြည့်၊ တကိုယ်လုံး ယောင်ကိုင်း။ ညိုမည်း။ သွေးအလိမ်းလိမ်း၊ မြင်ရသူတိုင်း နှလုံးသည်းပွတ် ဆွဲယူလွှင့်ပစ်ခံရသည့်ပမာ နာကျင်ကြေမွ၊ သူကို မြင်မိသူတိုင်း ငိုမိကြ၊ လူစိတ်မရှိတဲ့ စစ်ဝါဒီတွေကို အသည်းနာမိကြ၊ “တော်တော့်ကို လူမဆန်အောင် နှိပ်စက်လိုက်ကြတာဗျာ။ အဲဒီကောင်တွေ လူမှဟုတ်သေးရဲ့လားလို့တောင် စဉ်းစားကြည့်မိတယ်၊ ကျနော်ဆိုရင် သူ့ကိုကြည့်ရင်း တော်တော်စိတ်ထိခိုက်လာလို့ ဖေါ်ချင်လည်းဖေါ်ပါစေဆိုပြီး သူနဲ့တည့်တည့်မှာသွားရပ်နေတာ၊ ကျနော့်ကိုလည်း တွေ့တယ်၊ လုံးဝကို ဖေါ်မသွားဘူးဗျာ၊ ဒီလောက်သစ္စာရှိပြီး သတ္တိရှိတဲ့လူမျိုး လုံးဝမတွေ့ဖူးသေးဘူး၊” ဟူ၍ သူ့မိတ်ဆွေတဦးက ကျနော့်ကို ပြောပြသည်၊
အဆုံးတွင်တော့ ရန်သူလက်လျော့သွားရသည်၊ လူထုကိုသစ္စာခံပြီး ရန်သူကို ထီမထင်ခဲ့သူ။ သံဓိဌာန် ပြတ်သားသူ။ အခက်အခဲကို စိန်ခေါ်ရဲသူ။ အသက်စွန့်ရန် ၀န်မလေးသူကို ရန်သူ အရှုံးပေးလိုက်ရသည်၊ သေမိန့်၊ သေခြင်းကိုတောင်းခံနေသူအတွက် သေမိန့်သည် တုန်လှုပ်စရာမဟုတ်၊ ဆုလာဒ်၊ ရန်သူတောင်းဆိုသည့် သတင်းကိုသူကမပေး၊ သူတောင်းဆိုသည့် သေမိန့်ကိုသာ ရန်သူက ပေးလိုက်ရသည်၊

ရန်သူက သူ့ကို လက်ခုတ်ထဲက ရေလို့ထင်ခဲ့သည်၊ ထိုထင်မြင်ချက်ကို သူ၏ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ရဲသည့် သတ္တိက တော်လှန်ပြောင်းလဲပြစ်နိုင်ခဲ့သည်၊ ရန်သူတို့ ကြောက်ဒူးတုန်ခဲ့ရပြီ၊ နောက်ဆက်တွဲအဖြစ် သူ့ကို တာဝန်ခံနှိပ်စက်ခဲ့သူ တပ်ကြပ်ကြီးမှာ စိတ်ချောက်ခြားပြီး စိတ္တဇဆေးရုံသို့ ပို့လိုက်ရသည့်သတင်းက ဖုံးမရအောင် ပွင့်ထွက်လာသည်၊

(၆)
ရဲဘော် ညိုထွန်းအောင်က ရန်သူ၏ လူမဆန်သော ရက်စက်မှုကြားမှ ယုံကြည်ချက်ကို အလံထူရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီ၊ သို့သော် တန်ဖိုးရှိသော...၊ သူ၏တန်ဖိုးနှင့် ဂုဏ်ပုဒ်တွေကို ပြန်ပြောင်းတသ ဂုဏ်ယူမိဖြစ်ရင်းမှ သူကိုယ်တိုင်ရေးခဲ့သည့် ကဗျာတပုဒ်က ကျနော့်ရင်ထဲ တလှပ်လှပ်တိုးဝင်လာတော့သည်၊

“တိမ်ကိုစီး၍”
တောင်တန်းတွေဆီကနေ
ဧရာဝတီနှင့် ချင်းတွင်းကို
လွမ်းမောရင်း
ဆရာကြည်အောင်က
သစ္စာရှာဖို့ “ငါ” မြင်းစီးတယ်တဲ့၊

ကျနော်တို့လေ
သေနတ်ထမ်း၍
ရှမ်းတောင်တန်းရဲ့
အမြင့်ဆုံးတနေရာမှာ
သစ္စာရှာဖို့
တိမ်စီးနေတယ်။
ဟုတ်ပါတယ် ကိုညိုထွန်းအောင်၊ ရဲဘော်ကြီးဟာ မြင့်မြတ်စွာတိမ်ကိုစီးပြီး သစ္စာခရီးထွက်နိုင်ခဲ့ပါပြီ၊ ဒါဟာ သစ္စာတရားက တိမ်သားတိမ်ဆိုင်တွေအဖြစ် ပြောင်းလဲပြီး ရဲဘော်ကြီးကို သူရဲကောင်းဗိမ္မာန်ဆီ ခရီးနှင်နေတာပါ၊ အဖိနှိပ်ခံတို့ရဲ့ သူရဲကောင်းမှတ်တမ်းမှာ ရဲဘော်ကြီးဟာ ပြန်တမ်းဝင်ခဲ့ပါပြီ၊ အဆိုးဆုံးအခြေအနေမှာပင် တော်လှန်ရေးကို သစ္စာခံ။ လူထုကို အလုပ်ကြွေးပြု။ ရန်သူအပေါ်ပြတ်သား ဆန့်ကျင်တော်လှန်ရဲတဲ့စိတ်ဓါတ်၊ အဲဒီစိတ်ဓါတ်ဟာ ဦးညွှတ်အပ်တဲ့ “ညိုထွန်းအောင် စိတ်ဓါတ်”

ညိုထက် (လမ်းသစ်ဦး)

Thursday, January 1, 2009

ညီမလေး mirror ကို ပေးတဲ့ နှစ်သစ်ကူးလက်ဆောင် (သို့) သူ Tag တဲ့ စိတ်ကူးယဉ်အိပ်မက်

ညီမရေ

တခုခုရေးခဲ့ဖို့ဆိုတာ အမှန်ပဲလိုပါတယ်။
ကျနော် တခုခုရေးဖို့ပြင်ဆင်ကြည့်တယ်။
ဖြစ်စဉ်အတွင်းက တိမ်လိပ်တွေဟာ လေနှင်ရာလွင့်ဝဲရင် ကျနော့်ခေါင်းပေါ်မှာ ပျံဝဲနေတယ်။
ခေတ်ကြီးကိုက ကတိမ်းကပါးဖြစ်လေတော့ ကျနော်တို့ရဲ့ ဆုံတွေ့မှုဟာလည်း ကတိမ်းကပါး ဖြစ်ခဲ့ရတယ်။
နွေအပူမှာတော့ လေအပူပဲတိုက်မှာပေါ့လေ။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဆက်သွယ်ရေး တံတိုင်းအဟောင်းကြီးကို ရိုက်ချိုးရင်း
ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ ရွှေရောင် တောက်ပခဲ့တယ်။
အဲဒါတွေအတွက်
ကျနော့်ရဲ့ ကွန်ပြူတာ အဟောင်းအမြည်းလေးကိုရော၊
ညီမ ထိုင်လေ့ရှိတဲ့ အင်တာနတ်ဆိုင်ကလေးကိုရော၊
သူ့ဘာသာ ကောင်းကင်ထဲမှရှိနေတဲ့ ရေဒီယိုလှိုင်းတွေကို ကြွင်းကျင်ပိုင်နိုင်စွာ အသုံးချသွားခဲ့တဲ့
ပညာရှင်ဆိုသူများကိုရော
ဇော်ဂျီဖောင့်ကို တီထွင်သွားသူကိုရော
ဂျီတော့ စာရိုက်ဘားကလေးကိုပါ ကျေးဇူးတင်လှပါတယ်။
တို့တတွေရဲ့ ဆုံတွေ့ခြင်းဟာ ပုလဲလိုနေတဲ့ လယ်ကွင်းလိုပါပဲ။
ဒီအချိန်ကာလတွေဟာ ဘ၀နဲ့စာရင် ဘတ်စကားစီးရင်း မြင်လိုက်ရတဲ့ ကြော်ငြာကားချပ်လေးလို
အရောင်တွေစုံလင်စွာနဲ့ ဖျတ်ခနဲတွေ့ရတာတွေပါ။
အေးလေ
ဘ၀ဆိုတာလည်း ခဏငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစုအဝေးကြီးပဲ မဟုတ်လား။
တို့တတွေ အဲဒီ ခဏငယ်တွေကို ကောက်သင်းကောက်သလို လိုက်ကောက်ရင်း
ရဲရဲရင့်ရင့် သတိတရဖြစ်လိုက်ကြရအောင်။
လရောင်အောက်က လေညှင်းမှာ မြစ်ဟာ ရင်ခုန်စွာ နိုးကြွလာတဲ့ ရေလှိုင်းကြက်ခွပ်လေးတွေကို လွမ်းတယ်။
လတာပြင် သောင်ကမ်း လူ့အသားဆွေးတွေနဲ့ ပြည်လျှမ်းနေတော့မယ်။
ဟော့ဒီ ဗွတ်ထနေတဲ့ ခေတ်ပြင်ထဲကို ငါးမြွေထိုးချိတ်တန်နဲ့ ချိတ်ချလိုက်လို့ ငါးမြွေထိုးပါလာသလိုမျိုး အလွမ်းတွေဟာ ဖြတ်ဖြတ်လူးရင်းပါလာခဲ့တယ်။
သံသရာဟာ ရှည်လျားလှပါတယ်။
အဲဒီသံသရာထဲက ဟော့ဒီ့ ပဌာန်းဆက်ကိုတော့ အခန်းဆက် ၀ထ္ထုရှည်လေး ရေးလိုက်ချင်ပါသေးတယ်။
ညီမလေးရေ … ရော့
ဟော့ဒီမှာ ပဌာန်းကြိုး
မင်းလည်တိုင်လေးမှာ ဆင်မြန်းလိုက်
ဒါတွေအားလုံးဟာ ငါတို့နှလုံးသားရဲ့ အထက်မှာ ရှိနေလိမ့်မယ်။

ဒါက ကျနော် သူမအတွက် ရေးပေးခဲ့ဖူးတဲ့ ပေးစာကို ပြန်လည်ဖေါ်ပြခဲ့တာပါ။
၂၁ ရာစုရဲ့ ကောင်းမွန်သောအချက်အလက်တွေထဲ အွန်လိုင်းပေါ်မှာ ညီအကို မောင်နှမ ဖြစ်ခွင့်ရခြင်းဟာ ရှေ့တန်းက ပါ ပါတယ်။ ကျနော်တို့ရဲ့ ကောင်းကင်ယံမှာ ချစ်ခြင်းမေတ္တာတွေဟာ ၀ါဂွမ်းသား ငှက်ကလေးတွေလို အုပ်ဖွဲ့ပျံသန်းနေကြတယ်။
ဘလော့ခ် ညီအကိုတော်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

စိတ်ကူးယဉ်အိပ်မက် …
စိတ်ကူးယဉ်ခြင်းနဲ့ပတ်သက်တဲ့ အမြင်တခု ကျနော့်မှာ ရှိခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၉၉၃ ရဲ့ ဝေမှိုင်းတဲ့ နှင်းရောင်တံတိုင်းတွေနဲ့ ရှမ်းရိုးမမှာပေါ့။
ဆရာဒဂုန်တာရာ ကဗျာပန်းချီချယ်ခဲ့ဖူးတဲ့ မဲနယ်တောင်တန်းကြီးရှိရာကို သူပုန်လုပ်ဖို့ ကျနော် ဆိုက်ရောက်သွားတယ်။
ဒါဟာ ကျနော့်ရဲ့ သူရဲကောင်း ရဲဘော်ညိုထွန်အောင်ပြောသလို တိမ်ကိုစီးပြီး သစ္စာရှာတဲ့ခရီးပါ။
ဘ၀မှာ အမှန်ပါလို့ ယုံကြည်တဲ့တရားအတွက် ငယ်ရွယ်နုပျိုမှုတွေကို အပြီးတိုင်ထည့်ဝင်လိုက်မယ်ဆိုတဲ့ ရည်မှန်းချက်ကြီး တခွဲသားနဲ့ပေါ့။
အဲဒီရည်မှန်းချက် အထမြောက် အောင်မြင်ခဲ့ပါတယ်။ အခုကတော့ တဘ၀လုံး ထည့်ဝင်ရလိမ့်မယ်လို့ စိတ်ကူးယဉ်နေမိပါတယ်။
သြော် … ငါတက်ခဲ့တဲ့တောင်တွေကို ပြန်လှည့်ကြည့်လိုက်တော့ မာန နည်းနည်းမြင့်သွားတယ်။
ရှမ်း၊ ကယားနယ်စပ်ရဲ့ လွယ်ဖီတောင်တန်း သူပုန်စခန်းကနေ အဖေ့ကို စာတစောင်ရေးလိုက်ခဲ့ဖူးတယ်။
အဖေက ကျနော်တောခိုမှာကို ကြိုသိပြီး မတားဆီးလိုက်နိုင်သူမဟုတ်လား။
အဲဒီစာက ကျနော် အောင်မြင်စွာ တောခိုလိုက်နိုင်ကြောင်း သတင်းပို့လိုက်တဲ့စာပါ။
အဲဒီစာမှာ စိတ်ကူးယဉ်ခြင်းနဲ့ပတ်သက်လို့ ဟောဒီလိုရေးခဲ့ဖူးပါတယ် …
အဖေ
ကျနော်ဟာ အဖေပြောသလိုပဲ စိတ်ကူးယဉ်တက်တဲ့ ကောင်လေးတယောက်ပါ။
စိတ်ကူးယဉ်တယ်ဆိုတာ အနာဂတ်ကို ဇာတ်တိုက်တာလို့ ကျနော်က ယုံကြည်နေပါတယ်။
ဒါ့ကြောင့် ကျနော် စိတ်ကူးယဉ်တဲ့အလုပ်ကို သေသေချာချာလုပ်ခဲ့မိပါတယ်။
အခု အဲဒီစိတ်ကူးယဉ်ခြင်းတွေကို ဇာတ်စင်ပေါ်ခင်းကျင်းပြသလိုက်ပါပြီ။
အဲဒီကစလို့ ကျနော်ဟာ သူပုန်ပြဇာတ်ကို အခန်းဆက် ကလာလိုက်တာ မိုးလင်းတယ်လို့ကို မရှိသေးပါဘူး။
ဒါပေမယ့် ကျနော်ပျော်ပါတယ်။
ဇာတ်ပိုးထနေသူက ဇာတ်ကနေရရင် ပျော်သလိုမျိုး ….
တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူကို ထောင်ထားခြားနားလိုတဲ့ စိတ်ကူးစိတ်သန်းဟာ ငါးပြား၊ ဆယ်ပြားတန် စိတ်ကူးယဉ်ချက်မှ မဟုတ်ပဲလေ။
ကျနော့်သွေးထဲဝင်နေတဲ့ အဲဒီ မုဒ တွေကိုပဲ တယုတယ ထွေးပွေ့ထားရင်း သူပုန်ဇာတ်ကို မိုးစင်စင်လင်းတဲ့အထိ က ရပါလိမ့်မယ်။
သူပုန်တယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်ဟာ ဘာလည်း …
ကျနော်ရဲ့ အနုလုံ၊ ပဋိလုံ ဆိုတဲ့ကဗျာမှာ ကျနော့်ရဲ့သားကို တိုင်တည်ပြီး ဟော့ဒီလို ရေးခဲ့ဖူးပါတယ်။

ရဲဘော်ဗဟိန်းထက်ရေ …
အဲဒီလို ကံနာ ၀ဋ်နာတွေနဲ့
ဒါဏ်ရာတွေပေပွနေတဲ့ မင်းအဖေမှာကလည်း
ရူးသွပ်မှုကြီး ၂ ခုက ရှိသေးသကွယ့်။
တခုက
တဘ၀စာ ထုဆစ်ခဲ့သမျှ ကဗျာတွေကို
ရွှေတိဂုံဘုရားမှာ ဌာပနာထားချင်တဲ့ကိစ္စ၊
နောက်တခုက
သူပုန်မှော်အောင်ချင်တဲ့ ကိစ္စ။

ကျနော်တို့ဟာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ သူပုန်ထ နေကြသူတွေပါ။
ဒါ့ကြောင့်လည်းပဲ တိုင်းပြည်ရဲ့ ရတနာဖြစ်တဲ့ ရွှေတီဂုံဘုရားမှာ ကျနော့်ရဲ့ ရတနာဖြစ်တဲ့ ကျနော့်ရဲ့ ကဗျာတွေကို ဌာပနာထားခဲ့ချင်တာပါ။
ကျနော်တို့ဟာ မှော်နဲ့ သူပုန်ထနေကြသူတွေပါ။
ဒါ့ကြောင့်လည်းပဲ သူပုန်မှော် အောင်ချင်ခဲ့တာပါ။

ဖိုးညို

Wednesday, December 31, 2008

မကဒတ အပေါ်သုံးသပ်ချက်

(မကဒတ ဒုတိယမျိုးဆက်ဝင်တဦးမှဆွေးနွေးသည်)

“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစား အားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။
ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ် ၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) ၏ အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။
ABSDF အနှစ် ၂၀ အား သုံးသပ်ခြင်းသည် ABSDF ပထမမျိုးဆက်အား သုံးသပ်ခြင်းပင်ဖြစ်သည်။
ABSDF ၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေ ဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိ နေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်း နိုင်ခဲ့သည်။
- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော် သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိ နိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည် ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင် တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်း ဖွဲ့စည်း နိုင်ခဲ့သည်။
- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြော သဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက် အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခဏာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ “ရေး” မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် …
- ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂုဏ်သိက္ခာတက်စေခဲ့သည်။
ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။
ဆက်လက်၍ မကဒတ ပထမမျိုးဆက်၏ မကောင်းမှုများအား ဆွေးနွေးပါမည်။
- အုပ်စုဝါဒ၊ ဂိုဏ်းဂဏ၀ါဒ အထွဋ်အထိပ်ရောက်ရှိခဲ့သည်။ (ဖွဲ့တည်မှု့စကတည်းကပင် မြို့၊ နယ်၊ သပိတ်စခန်း၊ စသည့် အစုအဖွဲ့များမှ အုပ်စုဖွဲ့ တောခိုခဲ့ကြသည် အလေ့အထမှ မြစ်ဖျားခံခဲ့သည်။)
- အုပ်စုဖွဲ့ ဗိုလ်ကျသည့် အလေ့အထ အားကောင်းခဲ့သည်။ (ဤနေရာမှစ၍ တလျောက်လုံး ဖြစ်ခဲ့သည့် စီမံခန့်ခွဲမှုအမှားများ ဖြစ်ခဲ့ခြင်းဖြစ်သည်။)
- ရန်သူစစ်အုပ်စုအပေါ် ပြတ်သားသည့် အတွေးအခေါ်အားနည်းခဲ့သည်။ (ဤအချက်သည် ရေရှည်အားဖြင့် ယနေ့တိုင်ဖြစ်ပေါ်နေသည့် ရန်သူကို ရန်သူလို့မခေါ်နဲ့၊ တိုက်မရရင် ရန်သူ့ အောက်လျှိုဝင်ဟူသည့် အတွေးအခေါ်အား ဖြစ်ပေါ်စေခဲ့သည်။)
- တဦးချင်း အတတ်ပညာဖြည့်စည်းမှုကိုသာ အလေးသာပြီး တပ်တည်ဆောက်ရေးကို အလေးနည်း ခဲ့သည်။ (ဤသို့ဖြင့် ခေါင်းဆောင်ကြီးများ ဟားဗတ်သို့ အပြေးပြိုင်ကြလေတော့သတည်း။)
- ဘာသာရပ်တခုချင်းအလိုက် ကြွမ်းကျင်မှုကို အခြေခံပြီး ပညာရှင်များဟု အမည်ခံကာ လူထု တရပ်လုံးကို မှားယွင်းသည့် အတွေးအခေါ်ပေးခဲ့သည်။
- ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ် ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်အမှားကို ကိုင်စွဲခဲ့ကြသည်။
- လူထုကို အထင်အမြင်သေးသည့် အတွေးအခေါ်ရှိခဲ့သည်။
- နိုင်ငံရေး၊ နိုင်ငံရေးရပ်ခံမှုနှင့် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအစဉ်အလာအား ဗဟိုပြုသည့် ခေါင်းဆောင်မှု ရွေးချယ်ရမည့်အစား ငွေရှာနိုင်မှုကို ဗဟိုပြုကာ ခေါင်းဆောင်မှုရွေးချယ်သည့် အလေ့အထ ထွန်းကားခဲ့သည်။
- ကိုယ်ပိုင်စီးပွားရေး စာကြက်များကို ခိုင်မာတောင့်တင်းအောင်လုပ်ပြီး ရဲဘော်ထုအား ငွေဖြင့်ဖျားယောင်းကာ လက်အောက်ခံဖြစ်စေ၍ ကြွေးတာယူ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုသည့် အတွေးအခေါ်အမှား တင်သွင်းခဲ့သည်။
- ငွေရှင်၊ ကြေးရှင်များအပေါ် အလိုလိုက်မှုများခဲ့သည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် ငွေရှင်၊ ကြေးရှင်များ၏ လက်အောက်ခံဖြစ်ခဲ့ရသည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် ပရိုပိုဆယ် နိုင်ငံရေးသမားများဖြစ်ခဲ့ရသည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် လက်နက်နှင့် ဒေါ်လာလဲသည့်အနေအထားသို့ ဆိုက်ရောက် သွားခဲ့သည်။
ယနေ့ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆက်လက် ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက်တဆက်ဖြစ်သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက်တဆက်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယမျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
- ပထမမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၀ ရာစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၁ ရာစု၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အင်အားစု ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအား ပထမမျိုးဆက်နှင်အတူဆက်ခံလိုက်ပါပြီး ပထမမျိုးဆက်၏ ဦးဆောင်မှုအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့ကြသည့် အင်အားစု ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီး၏ “ကောင်းမွေ (ပါရမီသက်)” အားလုံး (လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်မြေ၊ လက်နက်၊ တပ် အားကောင်းမောင်းသန်ဖြစ်သည့် အင်အား၊ ၉၀ - မေ ရွေးကောက်ပွဲရလာဒ်) ကို လက်ခံရယူပြီး တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့် ရခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ကောင်းမွေ (ပါရမီသက်) အကြွင်းအကျန်များကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး ဆိုးမွေများ (ဥပမာ - အကြမ်းမဖက်ရေးအပါအ၀င် တိုက်လို့မရရင် သူ့အောက်ကိုဝင်လုပ် ဆိုသည့်အလျှော့ပေးရေးအတွေးအခေါ်များ၊ အင်အား ကိုယ်ရေစစ်မှု) ကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး “အားထုတ်မှု - ပညာသက်” ဖြင့် တော်လှန်သည့်နိုင်ငံရေးကျန်းမာမှုကို ဆက်ရမည့်သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်မှုမရှိပဲ စစ်အုပ်စုအဖြစ် ဗြောင် ရပ်တည်နေရသည့် ရန်သူနှင့် အခြေခံဥပဒေမရှိပဲ အစိုးရလုပ်နေရသည့် ရန်သူအား နိုင်ငံရေးအသာ စီးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့်ရခဲ့သူများဖြစ်သည်။
- ဒုတိယမျိုးဆက်သည် စစ်အုပ်စုမှစိတ်ကြိုက်ရေးစွဲထားသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပြီး အခြေအနေနှင့် စစ်ဗိုလ်တမတ်သားပါလီမန်ဖြင့် တရားဝင်အစိုးရလုပ်မည့်ရန်သူအား နိုင်ငံရေး ဗလုံးဗထွေးအခြေအနေဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာ အခြေအနေအရ လူအခွင့်အရေး၊ အကြမ်းမဖက်ရေး၊ ဒီမိုကရေစီရေး … စသည်များကို သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေတွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိသိမီသလောက် တင်ပြသွားပါမည် …
- အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊
- အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း
- လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သင်တန်း
- သတင်းထောက်သင်တန်း
- နိုင်ငံခြားရေးသင်တန်း၊
- အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း
- ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း
- လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း
- (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
- ဒုတိယမျိုးဆက်သည် နိုင်ငံတကာအခြေအနေအရ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲအား သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။
- “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း
- အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း
- အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း
- ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း …
စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
- ပထမမျိုးဆက်သည် စစ်အေးလွန်ခေတ်တွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ဒုတိယစစ်အေးခေတ် (၂၀၀၅ - ကစ်ဆင်းဂျား၏ စာအုပ်တွင် “ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုဆွဲအားသည် အတ္တလန်တစ်မှ ပစိဖိတ်သို့ ရွှေ့လာပြီ”ဟု ရေသားခဲ့ပြီး ကတည်းက စတင်ခဲ့သည်။ နာဂစ်တွင် အမေရိကန်စစ်သင်္ဘောများ ပင်လယ်ဝရောက်မှ ပြန်ထွက်သွားခြင်းသည် ထိုအခြေအနေ၏ ဖေါ်ပြချက်ဖြစ်သည်။) တွင် တော်လှန်သည့် နိုင်ငံရေး တာဝန်များထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာသံတမန်ရေးတိုက်ပွဲကို အားပြုခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ပြည်တွင်းလူထုကိုမှီခိုကာ တော်လှန်စစ်နွဲရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် ရှစ်လေးလုံး အရေးတော်ပုံနှင့် စတင်ခဲ့ပြီး ရွှေဝါရောင်အကြွေးဖြင့် အဆုံးသတ် ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ရွှေဝါရောင်အကြွေးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များကို စတင် ထမ်းဆောင်ရမည့် မျိုးဆက်ဖြစ်သည်။
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။
ဆက်လက်၍ မျိုးဆက် ၂ ဆက်၏ ချိတ်ဆက်မှုနှင့် ကျရောက်မည့် တာဝန်အသီးသီးကို ဆွေးနွေးပါမည်။ တပ်ဦး၏ စုဖွဲ့ပုံကို ဤသို့ချိတ်ဆက် တာဝန်ခွဲဝေရမည်ဟုမြင်သည်။
“ပထမမျိုးဆက်သည် မဏ္ဍိုင်အင်အား၊ ဒုတိယမျိုးဆက်သည် အဓိက အင်အား။”
ထိုသို့ အဘယ့်ကြောင့်ပြောသနည်း။ သမိုင်းဆိုင်ရာမုချလက္ခဏာအရ ပထမမျိုးဆက်သည် ရပ်တန့်နေသည့် မျိုးဆက်ဖြစ်သည်။ ဒုတိယမျိုးဆက်သည် အခိုင်အမာအချက်အလက်များအရ မုချတိုးပွားလာမည့် မျိုးဆက် ဖြစ်သည်။
ဒုတိယမျိုးဆက် မည်သို့တိုးပွားမည်နည်း။ မရှိရာမှာ ရှိရာသို့ တိုးပွားမည်။ အရေအတွက်မှ အရည်အချင်းသို့ တိုးပွားမည်။
ပထမမျိုးဆက် အဘယ့်ကြောင့် မဏ္ဍိုင်အင်အားစုဖြစ်သနည်း။ မကဒတ၏ပထမမျိုးဆက်သည် မကဒတ ဖွဲ့စည်းဖြစ်တည်မှုနှင့် ပတ်သက်လျင် ပဓာနကာယကံရှင်များဖြစ်သည်။ ၎င်းတာဝန်ကို မကဒတတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည့် ပထမမျိုးဆက်ဝင်များမှ ငြင်းပါယ်ခွင့်မရှိ။ မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များ၏ တာဝန်ကြီးလေးမှုသည် ထိုနေရာမှ စတင်သည်။
မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များသည်
- ရှစ်လေးလုံးတိုက်ပွဲမှထားခဲ့သည့် တိုက်ပွဲအမွေအနှစ်များအား ဆက်လက် ကာကွယ်ထိမ်းသိမ်းရေး၊
- မကဒတ တည်တံ့ခိုင်မာရေး၊
- မကဒတ တပ်ဦးအခန်းပြန်လည် ရောက်ရှိရေး၊
- ကျောင်းသားထု ညီညွတ်ရေး၊
- ပြည်သူလူထုအတွင်း တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေးနှင့်
- မကဒတ၏ ဦးတည်ချက် ၄ ရပ် အထမြောက်အောင်မြင်စေရေး
စသည့် လုပ်ငန်းတာဝန်များအား မကဒတ၏ ပထမမျိုးဆက်များမှ ပဓာနကျသည့် မဏ္ဍိုင်အခန်းမှ နေ၍ အဓိကအင်အားစုဖြစ်သည့် ဒုတိယမျိုးဆက်နှင့်လက်တွဲကာ တက်ကြွသည့်တာဝန်ယူတာဝန်ခံ စိတ်ဓာတ်ဖြင့် ဆက်လက်ထမ်းဆောင် ရမည်ဖြစ်သည်။
မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များလုပ်ဆောင်ရမည့် တာဝန်များတွင် မကဒတ တည်တံ့ရေး၊ ခိုင်မာရေးသည် အခရာ အကျဆုံး ဖြစ်သည်။ မကဒတ တည်တံ့ရေး၊ ခိုင်မာရေးအတွက် မကဒတ ပထမမျိုးဆက်၏ နိုင်ငံရေးဟောင်း နိုင်ငံရေးအမှားများအားလုံးကို အကြွင်းမဲ့ဆန့်ကျင်သွားရန် လိုသည်။ အထူးအားဖြင့် ဂိုဏ်းဂဏ၀ါဒလုပ်ဟန်သည် မကဒတအား နင်းချေရာတွင် အဆုံးအဖြတ် ကျခဲ့သည်။ ၎င်းအား အကုန်အစင်တိုက်ဖျက်သွားရန်လိုသည်။
ဗဟိုဦးစီး ဒီမိုကရေစီကို အားကောင်း တောင့်တင်းသည့် လုပ်ဟန်ကို ထူထောင်ရန်လိုသည်။ လူကို ဗဟိုပြုစဉ်းစားသည်ထက် မူကို ဗဟိုပြုစဉ်းစားသည့် လုပ်ဟန်ကို ထူထောင်ရမည်။ တဦးချင်း (သို့) အစုအဖွဲ့တခု၏ စဉ်းစားချက်အား လက်တွေ့လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည်ထက် အစည်းအဝေး ဆုံးဖြတ်ချက်များအား လက်တွေ့ လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည့် လုပ်ဟန်ကို ထူထောင်ရမည်။ ဗဟိုဦးစီး ဒီမိုကရေစီစနစ်ကို အားကောင်းရန် ထူထောင်လုပ်ဆောင်ခြင်းသည် ကျောင်းသားတပ်မတော်အား စေတနာအပါဆုံး တပ်တည်ဆောက်ရေးလုပ်ဟန်ဖြစ်သည်။ ဗဟိုဦးစီး ဒီမိုကရေစီပျက်ခြင်းသည် အဖွဲ့အစည်းပျက်စီးခြင်းပင် ဖြစ်သည်။
မကဒတသည် ဗမာပြည်ကျောင်းသားထုနှင့် ကျောင်းသားအဖွဲ့အစည်းများအားလုံး၏ လက်နက်ကိုင် တော်လှန်ရေးစစ်ကြောင်းဖြစ်ကြောင်းကို အခိုင်အမာ ထုထောင်ရမည်။ မကဒတ၏ တပ်ဦးဖြစ်မှုသည် လက်နက်ကိုင်တော်လှန်ရေးတာဝန်ကို မည်မျှတာဝန်ကျေအောင်ထမ်းဆောင်နိုင်သည် ဆိုသည့် အပေါ်တွင် မူတည်သည်။ ကျောင်းသားနှင့် နိုင်ငံရေးဆောင်ရွက်မှုအပိုင်းအား ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့မှ ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ယခုဆက်လက်ရှင်းလင်းရန်လိုသည်မှာ ကျောင်းသားများ လက်နက်ကိုင်တော်လှန် ရေးလုပ်သည့် အဆင်အလာရှိ၊ မရှိဆိုသည့် ကိစ္စဖြစ်သည်။
ကျောင်းသားသမဂ္ဂအစဉ်အလာတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သည့် အစဉ်အလာများရှိကြောင်း အခိုင်အမာဆိုပါသည်။ ကျောင်းသားသမဂ္ဂများသည် အကြမ်းမဖက်သော နိုင်ငံရေးတိုက်ပွဲများသာ ဆောင်ရွက်ကြောင်း ပြောကြားချက်များသည် ကျောင်းသားများအား တိုက်ပွဲလမ်းမှားသို့ ပို့ဆောင်နေသည့် အယူအဆသာလျှင်ဖြစ်သည်။ တနည်းအားဖြင့် အကြမ်းမဖက်ရေး နိုင်ငံရေးမီးရှုးမီးပန်းများလွှတ်ကာ စီးပွားဖြစ်နေသူများ၏ နိုင်ငံရေး မှိုင်းတိုက်မှုသာလျှင် ဖြစ်သည်။ အစဉ်အလာအရ ကျောင်းသားများသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်မှုများနှင့် လက်တွေ့အရ ပါဝင်မှုများရှိခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့အား လက်နက်စွဲကိုင်တိုက်ပွဲဝင်ရန်အတွက် ဗကသ သည် “ကျောင်းသားသံမဏိတပ်” အားဖွဲ့စည်းခဲ့သည်။ ထို “ကျောင်းသားသံမဏိတပ်”၏ ဖွဲ့စည်းမှု၊ သင်တန်းပေးမှုအားလုံးသည် စစ်တပ်တခု၏ ဖွဲ့စည်းမှုနှင့် သင်တန်းများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အခိုင်အမာအချက်အလက်အရ ပြောရလျင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်သည် ကျောင်းသားသံမဏိတပ် အားစတင် ထူထောင်သူပင်ဖြစ်ပြီး သံမဏိ ထွန်းရှိန်ဟု ပင်တွင်သည်။ လက်တွေ့ အချက်အလက်အရလည်း နယ်ချဲ့အား လက်နက်ကိုင် တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ် စုစည်းသောအခါ ကျောင်းသားသမဂ္ဂ၀င် ၃ ဦး ပါဝင်ခဲ့သည်။ ဗကသဥက္ကဖြစ်သည် ကိုလှမောင် (ဗိုလ်ဇေယျ)၊ ဗကသ အတွင်းရေးမှူးဖြစ်သည် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် ကိုလှ (ဗိုလ်ကျော်ဇော)တို့ဖြစ်သည်။
ထို့အချက်အလက်များအရ ကောက်ချက်ချရလျှင် ကျောင်းသားတပ်မတော်သည် ကျောင်းသားသံမဏိတပ် ၏ အဆက်ပင်ဖြစ်သည်။ ကျောင်းသားများ လက်နက်ကိုင်တော်လှန်ခြင်းသည် ကျောင်းသားသမဂ္ဂများ သမိုင်းအစဉ်အလာနှင့် ညီညွတ်သည်။ ထိုတရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီရမည်ဖြစ်သည်။ ယနေ့ လုပ်ရမည့် ကျောင်းသားဝတ္တရားဆိုင်ရာ ၀ါဒဖြန့်ချီရေးလုပ်ငန်းလည်းဖြစ်သည်။ မကဒတအား တပ်ဦးအခန်း ပြန်လည်မြင့်တင်ရေး၏ အတွေးအခေါ်ဆိုင်ရာ၊ တရားဆိုင်ရာ၊ အစဉ်အလာဆိုင်ရာ လှုပ်ရှားမှုလည်း ဖြစ်သည်။
မကဒတသည် ကျောင်းသားသမဂ္ဂများ တရားဝင်တည်ရှိနိုင်ခွင့်မရှိခြင်းဆိုသည့် အခြေအနေမှ ပေါ်ထွက်လာ ရခြင်းဖြစ်သည်။ ဗမာပြည်ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားလှုပ်ရှားမှုများ၏ သမိုင်းအစဉ်အလာအား ပြန်လည်ကြည့်ဆိုပါက ကျောင်းသားထုညီညွတ်ရေးအတွက် တစိုက်မက်မက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့အခြေအနေအရ မကဒတသည် ကျောင်းသားအဖွဲ့အစည်းအားလုံးတွင် အခိုင်အမာဆုံးတည်ရှိနေသည့် ကျောင်းသားအင်အားစုဖြစ်သည်။ အခိုင်အမာ အချက်အလက်များအရ ကျောင်းသားညီညွတ်ရေးတာဝန်အား မကဒတမှ မုချထမ်းဆောင်ရမည်ဖြစ်သည်။
ကျောင်းသားညီညွတ်ရေးတာဝန်အား ထမ်းဆောင်ခြင်းသည် မကဒတ တည်တံ့ခိုင်မာရေးအတွက် သော့ချက်ဖြစ်သလို မကဒတ တပ်ဦးအခန်းပြန်လည်ရရှိရေးအတွက်လည်း အရေးကြီးသည့် လုပ်ငန်း ဖြစ်သည်။ ထိုအပြင် မကဒတအနေဖြင့် ရှေ့ဆက်လက်သွားရမည့် နိုင်ငံရေးခြေလှမ်းများအတွက်လည်း အသက်တမျှ အရေးကြီးသည်။
မကဒတ ဆက်လက်သွားသင့်သည့် နိုင်ငံရေးခြေလှမ်း (၂) လှမ်းအား ဆက်လက်ဆွေးနွေးပါမည်။
- ကျောင်းသားထု ညီညွတ်ရေး၊
- တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေး တို့ပင်ဖြစ်သည်။
ကျောင်းသားထုညီညွတ်ရေးနှင့်ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများညီညွတ်ရေးကို ဆောင်ရွက်ရမည် ဖြစ်သည်။ ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်တွင် ကျောင်းသားသမဂ္ဂ ၃ ကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၈၈ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့မှ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂ၊ ၁၉၉၃ အိုးဝေဇော် (ရဲဘော် ထက်မိုး) နှင့် ရဲဘော်များမှ ဖွဲ့စည်းခဲ့သည့် ဗကသ (ယာယီ)နှင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသည့် မျိုးဆက်သစ် (ဗကသ) တို့ပင်ဖြစ်သည်။ ၈၈ ကျောင်သားသမဂ္ဂသည် ကျောင်းသားတပ်မတော်အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။ ၉၃ ဗကသ (ယာယီ) သည် ဗကသ နိုင်ငံခြားရေးကော်မတီအဖြစ် ရပ်တည်လျှက်ရှိသည်။ အနီးဆုံးနေရာမှစတင်ကာ ညီညွတ်ရေးကို ဖေါ်ဆောင် ရမည်။ ထိုညီညွတ်ရေးဖြင့် ပြည်တွင်းအင်အားစုဖြစ်သည့် မျိုးဆက်သစ် ဗကသအား ဆက်လက်၍ ညီညွတ်ရေးကို ဖေါ်ဆောင်ရမည်။
ပြည်တွင်းကျောင်းသားအင်အားစုများထဲတွင် အသစ်ဖြစ်သော ၂၁ ရာစု ဗမာပြည်ယဉ်ကျေးမှုအခင်းအကျင်း အတွင်းမှ ပေါ်ထွက်လာသည့် အသစ်ဖြစ်သော ကျောင်းသားအင်အားစုကို အထူးပြုပြောလိုပါသည်။ ၂၁ ရာစု ဗမာပြည်တွင် ယခင်နှင့်မတူသည့် ပညာရေး အဆောက်အဦသစ်တခုပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာ တက္ကသိုလ်။ ၂၀၀၇ လှုပ်ရှားမှု၌ သံဃာတော်များ၏ “သောသုဇန ဘိက္ခူ” ဟူသော စည်းရုံးရေးကို သတိထားမိမည် ထင်ပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာတက္ကသိုလ်မှ စာသင်သား သံဃာများ၏ အစည်းအရုံးဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ၏ ကျောင်းသားသမဂ္ဂဟု ကောက်ချက်ချပါသည်။ ထို့အစည်းအရုံးအားလည်း ကျောင်းသားအင်အားစုအဖြစ် သတ်မှတ်သင့်ပါသည်။ ကျောင်းသားညီညွတ်ရေး လှုပ်ရှားမှုတွင် ထို “သောသုဇန ဘိက္ခူ” အဖွဲ့အားထည့်သွင်းရမည်ဟု မြင်ပါသည်။
ဤသည် မကဒတ ရှေ့ဆက်လက်လှမ်းရမည့် နိုင်ငံရေးခြေလှမ်းများထဲမှ ပထမခြေလှမ်းပင်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးမှတဆင့် တိုက်ပွဲဝင်အင်အားစုများညီညွတ်ရေးကို လှမ်းရပါမည်။ ယနေ့ဗမာပြည်၏ တိုက်ပွဲသော့ချက်သည် တိုက်ပွဲဝင်အင်အားစုများ ညီညွတ်ရေးပင်ဖြစ်သည်။ စစ်အာဏာရှင်တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် ဘုံတူညီချက်ရှာကာ စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်အင်အားစုများအား ညီညွတ် ရေးတည်ဆောက်ရမည်ဖြစ်သည်။ တိုက်မရရင်သူ့အောက်ဝင်ဆိုသည့် အယူအမြင်ရှိသူများနှင့်၊ ကယ်တင်ရှင် မျှော်သူများနှင့်တော့ ညီညွတ်ရေးတည်ဆောက်ရန်မလိုပါ။ တတ်ကြွသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ်ဟန်ရှိသည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမဆိုနှင့် ညီညွတ်ရေးတည်ဆောက်ရမည်။ အဓိက အားဖြင့် ပြည်တွင်းရှိ တိုက်ပွဲဝင်အင်အားစုများနှင့် ညီညွတ်ရေးကို တည်ဆောက်ရမည်ဖြစ်သည်။
၂၁ ရာစု၏ ပထမမျိုးဆက်သည် အားကောင်းမောင်းသန်သော နိုးကြားမှုများဖြင့် ဗမာပြည်နိုင်ငံရေး စာမျက်နှာတွင် ရောက်ရှိလာချေပြီ။ ကမ္ဘာလောကတွင် ဖြစ်တည်နေသမျှအရာအားလုံးသည် သင်္ခါရ ဓမ္မသာလျှင် တည်မြဲသည်။ အဟောင်းချုပ်ငြိမ်းလျှင် အသစ်ဖြစ်တည်ပါသည်။ ဟောင်းနွမ်းဆွေးမြေ့နေသည့် အဟောင်း၏နေရာတွင် အသစ်သည် လက်ဆက်အားကောင်းစွာ အစားထိုးလေ့ရှိပါသည်။ ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ်ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်သည် ခေတ်မမီတော့ပါ။ သခင်မျိုးဆက် နယ်ချဲ့ဆန့်ကျင်ရေး ကွင်းသို့ ၀င်ရောက်လာသောအခါ ၀ံဿနုမျိုးဆက် ဖယ်ပေးရပါသည်။ သမိုင်းသံဝေဂ သည် ယူတတ်လျင် မြတ်ပါသည်။
တသီးတခြား အလေးပြုချင်သူ ရှိပါသည်။ ကျောင်းသားလှုပ်ရှားမှု ၇၀ စုနှစ်များ မျိုးဆက်ဖြစ်သည့် ရဲဘော် မောင်မောင်တိတ်ကို အလေးပြုပါသည်။ သူသည် ကျောင်းသားတိုက်ပွဲအားလုံးကို အဆက်မပြတ်တမ်း တတ်ကြွသည့် အခန်းမှ လိုက်ပါခဲ့သူဖြစ်ပါသည်။ ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာရှိပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

တပ်ဦးအခန်းကို မြင့်တင်ကြ
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီအရေးတော်ပုံအောင်ရမည်

ရဲဘော် မြင့်ဘုန်းနိုင်
(ဒုတိယ မျိုးဆက်ဝင်တဦး)

Friday, December 26, 2008

ကမ်းတတ်တိုက်ပွဲ

လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)

Thursday, December 25, 2008

ဝမ်းစာရှာကြသူများ

ငါ့ကို
ကောက်စိုက်သမတွေ ကောက်စိုက်ကြသလိုမျိုး
တစစီဖဲ့ပြီး ရွှံ့မြေထဲနှစ်လိုက်ကြတယ်။

နောက်ပြီး
နှင်းမှုံဖွေးလွှ ဆောင်းဦးစရောက်ရင်လည်း
အသီးအပွင့်တွေကို ရိတ်သိမ်းကြဦးမယ်တဲ့။

၁၆၊ ၆၊ ၂၀၀၀

အဖေ

ဒီလက ကျနော့်သားမွေးတဲ့ လ ပါ။ အဖေ့ကို သတိရသွားလို့ ကျနော် ၂၀၀၀ လောက်က ရေးထားတဲ့ ကဗျာလေးကို ပြန်တင်လိုက်ပါတယ်။ ကျနော်ဒီကဗျာကို ဒေါင်းအိုးဝေရဲ့ ၀ထ္ထုတိုတပုဒ်ထဲမှာ ထည့်သုံးထားတာတော့ရှိပါတယ်။ သီးခြားကဗျာအဖြစ်တင်တာကတော့ ဒါ ပထမဆုံးပါ။ ၁၉၉၇ မှာ အဖေဆုံးပါတယ်။ အဲဒီအချိန်က ကျနော် အခြေခံဒေသထိုးဖောက်ရေးခရီးစဉ်ထွက်ခဲ့တဲ့ ထိုးစစ်ခရီးစဉ်အတွင်း ပျဉ်းမနား အရှေ့ဖက် တောင်တွေပေါ်မျာပါ။ ကျနော် အဖေဆုံးကြောင်း သိတာကတော့ ၂၀၀၀ မှာ ဖြစ်ပါတယ်။ ပထမအပုဒ်က (၁၉၉၄) ကျနော့်မွေးနေ့ မှာ ရေးခဲ့တာဖြစ်ပြီး ဒုတိယအပုဒ်ကတော့ အဖေဆုံးကြောင်းကြားတဲ့ ၂၀၀၀ မှာရေးခဲ့တာပါ။ အမှတ်တရလေးတင်ထားချင်လို့ပါ။

အဖေ

၁
လောကဓံရိုင်း
လေကြမ်း လှိုင်းထန်
ကျောက်ဆူးရန်ကြား
ဖောက်လမ်းမထင်၊ သမုဒ်ပြင်၌
ပဲ့ဦးညွန်နှင် မာလိန်ရှင်။

၂
မာလိန်မှူးမဲ့
ကမ်းဝေးခဲ့ပြီ
ကြွေးဟောင်းအသို့ဆပ်မည်နည်း။

၁၁၊ ၇၊ ၂၀၀၀

Saturday, December 6, 2008

မတူသောအစိမ်း

ပျဉ်းမနားဆိုတာ
ကဗျာမြို့
အနုပညာဂုဏ်ပုဒ်တွေနဲ့
တောက်ပြောင်ဝင်းလက်ခဲ့။

ကဗျာနဲ့စစ်
သဟဇာတမဖြစ်နိုင်။
အခုတော့
ကဗျာနဲ့စစ်
ဂူတဂူထဲနှစ်ကောင်အောင်းသလိုဖြစ်ခဲ့ရ။

`အချစ်ရေ …
ရိုးမစိမ်းစိမ်း၊ ပျဉ်းမနားအစိမ်းတွေကြားမှာ
အခုဆို
စူဠသု့ဘဒ္ဒါမုန်းတဲ့
ပန်းတွေဝေနေရောပေါ့´

မဟုတ်တော့ပါဘူးဆရာ
ဆန္ဒန်ဆင်မင်းကို အညိုးသိုနေတဲ့
စူဠသု့ဘဒ္ဒါလိုလူတွေ
ဘုရားဗိုက်ဖေါက်ပြီး
အသိုက်ဆောက်နေတဲ့အဖြစ်ပါ။

အခုတော့ …
အင်ကြင်းပန်းတွေ … ကြွေ …။

ပျဉ်းမနား ကြပ်ပြေးကို ရန်သူက နေပြည်တော်ဆိုပြီး ပြောင်းစဉ်ကာက ရေးထားတဲ့ကဗျာ အဲဒီကာက ခေတ်ပြိုင်ဝဘ်ဆိုက်မှာ တင်ခဲ့ဖူးပါတယ်။

ညိုထက် (လမ်းသစ်ဦး)

အစ္ဇျတ္တ အစီရင်ခံစာ

အလွမ်းတွေပေါင်းထူလွန်းတဲ့ ယာခင်းပါကွဲ့။

အမုန်းတွေ၊ ဒါဏ်ရာတွေကိုသာ
တသက်တာ စားသုံးခဲ့ရသူဖြစ်လို့မို့
ကိုယ့်ဝတ်စုံဟာ အနီရောင်ဖြစ်ခဲ့တယ်။
(ဒါပေမယ့် … အဲဒီအနီရောင်ဟာ
ကိုယ့်ဒါဏ်ရာဒါဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့ သွေးတွေပါကွယ်။)

အချစ်ရယ် …
တကယ့်တကယ် ကိုယ်ချစ်တာက - အပြာ။

အရှေ့အလယ်ပိုင်းက သေနတ်သံတွေ ကြားယောင်
ကိုယ့်နိုင်ငံ တောင်ယာထဲက သွေးတွေကို မြင်ယောင်
ကိုယ့်ရင်ထဲက အမှန်တကယ်အတ္တတွေကို
ယောင်လို့တောင် ဖေါ်ပြခွင့်မရခဲ့။

နေစကြ၀ဌာအဖွဲ့အစည်းထဲက
သက်ရှိတွေနေတဲ့ ကမ္ဘာဂြိုလ်တဲ့လား
မီးခိုးမဆုံး၊ မိုးမဆုံး ယမ်းငွေ့တွေဖုံးလွှမ်း
စိတ်ငြိမ်းချမ်းရာ ငတ်မွတ်ခေါင်းပါးရပ်ဝန်း။

တိရိစ္ဆာန်က တိရိစ္ဆာန်ကိုသတ်
တိရိစ္ဆာက လူကိုသတ်
လူက တိရီစ္ဆာန်ကိုသတ်
လူက လူကိုသတ်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ဒါကိုများပြောတာလား။

လက်တီကျူ့၊ လောင်တီကျူ့တွေနဲ့
ထိမ်းခတ်ခံထားရတဲ့ အကျဉ်းသားတွေပါကွယ်။
ကိုယ်တိုင်မှာကလည်း
အနေမှန် အရေပြားတွေအောက်က
ဧကန်တရားတွေ ထူးခတ်ခံထားရတဲ့ အကျဉ်းသား
အခိုးအငွေတွေများလွန်းလို့ထင်ရဲ့
အိုဇုံးလွှာပေါက်ပြဲသွားရတယ်တဲ့
ကူးဆက်ရောဂါတွေ ထင်တာထက် များပြားနေတယ်။
နှစ်ဆယ့်တရာစုမှာ
ရေရှားပါးမှုအန္တရယ်ရှိသတဲ့
ရင်တွေပူလိုက်တာ။

အလွမ်းတွေ ပေါင်းထူလွန်းတဲ့ယာခင်းပါ
ဗုံးပေါက်ကွဲသံတွေနဲ့ခြားနားစွာ
ချစ်ရသူတွေရဲ့ ရင်ခုံသံကို ကြားနာချင်တယ်။
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက - အပြာ

ညိုထက် (လမ်းသစ်ဦး)

Sunday, November 30, 2008

ဆန်တီယာဂိုကြီးလို ဘယ်သူအရေးနိမ့်ဖူးသလဲ

`အောင်မြင်မှုဟာ ဘယ်ခလုပ်ကို နှိပ်နှိပ်မီးလင်းတယ်´ ဟန်သစ်ထဲက ဖတ်ဖြစ်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ ဟုတ်ခဲ့ပါတယ်။ အောင်မြင်မှုဟာ အမိန့်ရ ထန်းရည်ဆိုင်လို တရားဝင် သောက်စားပျော်ပါးခွင့်ရှိပါတယ်။ ဒါပေမယ့် ဟော့ဒီ သတ္တကမ္ဘာ ထဲ အောင်မြင်မှုကို လူဘယ်နှစ်ယောက်ကများ ကန်ထရိုက်စွဲထားနိုင်ခဲ့လိုလည်း။ တချိန်တခါကတော့ ဟော့ဒီလို တွေးခဲ့ဖူးတယ်။ လူ ၂ မျိုး ၂ စားရှိတယ်လို့။ ကမ်းပါးလိုလူ၊ ရေးစီးကြောင်းလိုလူ။ အဲဒီ နှစ်မျိုးထဲမှာမှ ရေစီးကြောင်းလိုလူထက် ကမ်းပါးလိုလူက ပိုမိုလို့ အများသားကလား။ ကဲ … တွေးကြည့်ရအောင်။

ကျနော်တို့ဟာ တိုက်စားနေတာလား။ တိုက်စားခံနေရတာလား။ သေချာသလောက်ရှိတဲ့ ကောက်ချက်ကတော့ များရာစုကြီးဟာ တိုက်စားခံနေရတာပါ။ ဘ၀တွေ၊ အတွေးအခေါ်တွေ၊ အချိန်တွေ၊ အသက်တွေ။ တ၀ုန်းဝုန်းပြိုကျ။ တနည်းအားဖြင့် ကျနော်တို့နှိပ်မိတဲ့ ခလုပ်တိုင်းဟာ ဖြူးစ် (Fuse) ပျက်နေခဲ့တာပေါ့။ ဆရာဖော်ဝေး ရေးခဲ့ဖူးသလို `ဘ၀ဟာ မီးလောင်ငုတ်၊ လဆုတ်ရက်တွေ ပွယောင်းရဲ့´

အဲဒီလိုဆန်ဆန် တွေးခေါ်ခဲ့ဖူးတဲ့ ဒဿနဆရာတယောက်ရှိခဲ့ဖူးတယ်။ နစ်ရှေး။ လူတွေဟာ Will to Power လို့ခေါ်တဲ့ တန်ခိုးသြဇာကြီးထွားလိုခြင်းဆိုတဲ့ ဆန္ဒနဲ့ အသက်ရှင်နေကြသတဲ့။ ကိုယ်က တန်ခိုးသြဇာကြီးအောင်မလုပ်နိုင်ရင် တန်ခိုးသြဇာကြီးထွားကြသူတွေရဲ့ လက်အောက်ခံဘ၀အဖြစ် ကြွမ်းထိုးမှောက်ခုံ ရောက်သွားစေလိမ့်မယ်လို့ ဟောခဲ့ ပြောခဲ့တာပါ။

ကံလား၊ ကတ္တားလား။ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဟာ ပါးလွှာတဲ့ နံရံလေးပဲ ခြားပါတယ်။

`ဟုတ်တယ်
ကျုပ်တို့ လှေနိုင် နိုင်ခဲ့ပါတယ်
ရှုံးတော့လည်း ပြေးလိုက်ရ
နိုင်ပြန်တော့လည်း ပြေးလိုက်ရနဲ့
နိုင်တယ်ဆိုတာ
ပြေးနေရတာကိုပဲ ခေါ်လေသလားမသိ´ … ဆရာမောင်သင်းခိုင်ရဲ့ ကဗျာတပိုင်းတစပါ။ ခံစားထိရှရပါတယ်။ အချက်အလက် ၈ ခုနဲ့ ဖွဲ့စည်းထားတဲ့ လောကဓံဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်တော့လည်း အထက် ၄ ပါး၊ အောက် ၄ ပါးနဲ့ ဖွဲ့စည်းထားတာမဟုတ်လား။

ရှုံးတာလည်း လောကဓံ၊ နိုင်တာလည်း လောကဓံ။

မြန်မာစကားမှာတော့ `တူဖြစ်တုန်းနှံ၊ ပေဖြစ်တုန်း ခံ´ ဆိုတဲ့ စကားရှိပါတယ်။ အများတကာ ဘယ်လိုတွေးကြမယ် ဆိုတာ ကျနော်မသိ။ ကျနော်ကတော့ နှံသမျှ၊ ထုသမျှ သူ့ရင်ဘတ်ကြီးနဲ့ ရင်ဖွင့်တောင့်ခံနေတဲ့ ပေတုန်းတွေကို ချစ်မိပါတယ်။ ပေစစ်စစ်ကြီး ဖြစ်ဖို့ဆိုတာ နည်းတဲ့ပါရမီမှ မဟုတ်ပဲလေ။ ခံနိုင်လေ အဓိပ္ပါယ်ရှိလာလေ။ ခံရလေ သွေးလေ မှန်လေ။
ဒါ့ကြောင့်ပဲလို့ထင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်က `ခံရဲတာ သတ္တိ´ လို့ ပြောတာ။ ဟုတ်ပါတယ်။ လူဆိုတာ အောင်မြင်မှုကို ရေမကူပဲ သောက်တက်ကြပေမယ့် အရေးနိမ့်လာတဲ့အခါ ရေခဲလေး၊ ဆိုဒါလေး ရောချင်ကြပါတယ်။ အရေးနိမ့်မှုတွေကို သောက်ဖေါ်စားဖက်တွေလို လည်ပင်းဖက်ပေါင်းတက်ဖိုလိုပါတယ်။

အဲဒီလိုအချိန်မှာ လူအတော်များများဟာ `အကယ်၍´ ဆိုတဲ့ စဉ်းစားချက်တွေ ရှိလာတက်ပါရော။ လူ့ဘ၀မှာ အကယ်၍ဆိုတဲ့ ဖြည့်စွပ်မျှော်မှန်း စဉ်းစားနည်းဟာ အင်မတန်မှ တက္ကဗေဒ ဆန်လွန်းလှပါတယ်။ တကယ်တော့လည်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသာ အာရုံပြုသင့်တာ မဟုတ်လား။ ဒါ့ကြောင့်လည်း ဗုဒ္ဓက ပစ္စုပ္ပန်မှာ တည့်တည့်နေ လို့ ဟောကြားခဲ့တာပါ။ တမ်းတချက်တွေက စိတ်ကူးယဉ်ဆန်နေတယ်ဆိုရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေ့ရှု့ဦးတည် မျက်မှောက်ပြုရပါလိမ့်မယ်။

ရင်ဆိုင်နေရမယ့် ကိစ္စကို ရင်ဆိုင်လိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ပြဿနာနဲ့ တွေ့တဲ့အခါ ထွက်ပြေးရေးဝါဒကို ကျင့်သုံးလို့မရပါ။ ပြဿနာနဲ့တွေ့တဲ့အခါ ပိုမိုကြံ့ခိုင်ရပါမယ်။ မရှိတဲ့သူဟာ မရှိတဲ့ အခြေအနေကိုပဲ အားကိုးရပါမယ်။ အကြပ်အတည်းကြားမှာ ကြံ့ကြံ့ခံပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို စေ့စပ်သေချာစွာ တုန်ပြန်တက်ဖိုလိုပါတယ်။ အာကြပ်အတည်းနဲ့တွေ့ရင် ခေါင်းအေးအေးထားရပါမယ်။ စေံစပ်သေချာဖို့လိုပါတယ်။

တခါတရံမှာ ဘာကိုဘယ်လို ရှုံးလိုက်ရမှန်းမသိတာတွေကို တွေ့ဖူးမှာပါ။ ကျနော်တို့ဘ၀တွေထဲကို လောကဓံလေးမြားတွေ၊ အနိဌာရုံ မိုးကြိုးမုန်တိုင်းတွေ တည့်တည့်မတ်မတ်ကြီး၊ နောက်ပြီး ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀ါးလုံးထိုး ပြေးဝင် လာတာတွေကို ရင်ဆိုင်ခဲ့ရဖူးမှာပါ။ နတ်နေကိုင်း အချိုးခံရတာတွေကိုလည်း ကြုံခဲ့ရဖူးမှာပါ။ ဒါပေမယ့် ဘ၀ဆိုတာ အတိမ်းအစောင်းတွေရှိသလို၊ အလှည့်အပြောင်းတွေလည်း ရှိတယ်။ ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် ဖန်တီးလို့ရပါတယ်။ ဖြစ်လာတော့လည်း လုပ်နိုင်တဲ့နည်းတွေက အများကြီးပါ။ အရှုံးပေးလိုက်သူသာလျှင် တကယ့် အရှုံး ဖြစ်ပါတယ်။

လူနဲ့တိရိစ္ဆာန်ကြားက ကွာခြားချက်ဟာ သိပ်များများစားစားရှိလှတာ မဟုတ်ပါဘူး။ လူဆိုတာ အခြေအနေတွေရဲ့ လက်အောက်ခံ မဟုတ်ပါဘူး။ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေတိုင်းမှာ ထောင်ထားခြားနားတက်တဲ့ လူရဲ့သဘောသဘာဝကို တွေ့ရမှာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေလို တိရိစ္ဆာန်တွေကို လိုက်လံသတ်ဖြတ် ရှာဖွေစားသောက်နေရတဲ့ အရိုင်းအစိုင်းခေတ်ကနေ ဒီကနေ့မြင့်တက်လာတဲ့ ယဉ်ကျေးမှု ကွန်ပြူတာ၊ အီလက်ထရောနစ်ခေတ်အထိ အဆင့်ဆင့်သော ဖြစ်ပေါ်တိုးတတ်မှုတိုင်းမှာ တော်လှန်ပုန်ကန်တက်တဲ့ လူ့သဘာဝကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် အဆက်ဆက်သော လူသားမျိုးနွယ်စုကြီးဟာ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရင်း တိုးတတ်ရေးအတွက် ရုန်းကန်ခဲ့ကြပါတယ်။

ဒီဖေါ်ပြချက်ဟာ သဘာဝနယ်ပါယ်မှာရော၊ လူမှုဆက်ဆံရေးနယ်ပါယ်မှပါ သက်ရောက်မှုရှိခဲ့တယ်။ လူသားအဆက်အနွယ်တွေက သဘာဝတရားကို တော်လှန်ပုန်ခဲ့ရာကနေပြီး တော်ဖလာတို့ပြောကြဆိုကြတဲ့ လှိုင်း ၃ လှိုင်း ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ သဘာဝတရားကို လူတွေက တဖြေးဖြေးအနိုင်ရလာတဲ့အခါ ကုန်ထုတ်လုပ်တဲ့ ပုံသဏ္ဍန် ပေါ်လာပါတယ်။ ကုန်လုပ်ကိရိယာတွေ ဆန်းသစ်လာပါတယ်။ ကုန်လုပ်ဆက်ဆံရေးပုံသဏ္ဍန်လည်း ပေါ်လာပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ် (တနည်း) ကုန်လုပ်ဆက်ဆံရေးနယ်ကို တော်လှန်ပုန်ကန်ရာမှ ခေတ်ကြီး ၅ ခေတ် တိုးတက်လာရတာပါ။

ကျနော်တို့ဟာ အခြေအနေတွေရဲ့ လက်အောက်ခံမဟုတ်ခဲ့ပါဘူး။ လက်ခုတ်ထဲက ရေမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ပြောခဲ့သလိုပါပဲ။ ကျနော်တို့ဟာ လက်ခုတ်ထဲက ဖန်ကွဲစတွေပါ။ ဟော့ဒီမြေကမ္ဘာမှာ သက်ရှိလောကဆိုပြီး ဖြစ်တည်လာကတည်းက တိရိစ္ဆာန် အနွယ်ပေါင်းများစွာ၊ လူသားအမျိုးအနွယ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ရတာပါ။ မနည်းလှတဲ့ သတ္တမျိုးနွယ်ပေါင်းများစွာ ကျေပြုန်းခဲ့ရပါတယ်။ ဒါဟာ တိုက်ပွဲဝင်စိတ်ဓာတ် မလုံလောက်ခဲ့လို့ ဒီလိုဖြစ်ရတယ် ဆိုတဲ့အကြောင်းတကြောင်းလည်း ပါခဲ့ပါတယ်။ အရှုံးမပေးတဲ့လူ မရှုံးပါဘူး။

အခုခေါင်းစဉ်တပ်ထားတဲ့ ဆန်တီယာဂိုဆိုတာ ၀ထ္ထုတပုဒ်ရဲ့ ဇာတ်ကောင်အမည်ပါ။ အားနက်ဟဲမင်းဝေး ရေးခဲ့တဲ့ ကမ္ဘာကျော် `ပင်လယ်ပြာနဲ့ တံငါအို´ ၀ထ္ထုထဲက တံငါအိုကြီးပါ။ ဒီဝထ္ထုထဲက ဆန်တီယာဂိုကြီးဟာ အိုကြီးအိုမမှာ အဖေါ်မပါပဲ သူစီးလာတဲ့လှေထက်ကြီးတဲ့ ငါးကြီးတကောင်ကို ခက်ခဲပင်ပန်းစွာ ဖမ်းခဲ့နိုင်ပါတယ်။ အဲဒီငါးကြီးကို လှေပေါ်မတင်နိုင်တော့ ငါးမန်းတွေ ၀ိုင်းဆွဲစားသောက်ခဲ့လို့ သူမိလာတဲ့ငါးဟာ အရိုးနဲ့ ခေါင်းပဲကျန်ခဲ့ပါတယ်။ သူ့စကားနဲ့ပြောရရင်တော့ ပျစ်ပျစ်နှစ်နှစ်ကြီးကို အရေးနိမ့်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဆန်တီယာဂိုကြီးက အရှုံးပေးခဲ့သလားဆိုတော့ မဟုတ်ပါဘူး။ နောက်တပွဲအတွက် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ပါတယ်။

`ငါတို့မှာ ငါးထိုးမှိန်းတချောင်း ကောင်းကောင်းရှိဖို့လိုတယ်ကွ´

ကျနော်တို့ရဲ့ဘ၀ ကာလတခုခုမှာ တစုံတခုကို ဆုံးရှုံးခဲ့ဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ ကျနော်တို့ ဘာလုပ်ကြမလဲ။ လူ၊ စိတ်ဓာတ်၊ လက်နက်။ လူရှိဖို့က အရင်ပါ။ နောက်တော့ စိတ်ဓာတ်၊ တိုက်ပွဲဝင် စိတ်ဓာတ်ရှိရင် လက်နက်ရှိလာပါလိမ့်မယ်။ တိုက်ပွဲမှန်သမျှ အညှာအတာကင်းပါတယ်။ ထိုးနှက်မှုတိုင်းဟာ ချေမှုန်းရေးအသွင် ဆန်ပါတယ်။ အရေးနိမ့်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးရေးဝါဒကို မကျင့်သုံးနဲ့။ ဘယ်သူ ဆန်တီယာဂိုကြီးလို အရေးနိမ့်ခဲ့ဖူးလို့လည်း။ လုပ်ရမှာက နောက်ထပ် ငါးထိုးမှိန်းကောင်းကောင်းတလက် ရအောင်ရှာဖို့ပါပဲ။ ဟုတ်ပါတယ်။ ကျနော်ထပ်ပြောပါမယ်။

အရေးနိမ့်မှုကြုံတဲ့အခါ ငါးထိုးမှိန်းကောင်းကောင်းတလက်ရအောင်ရှာ။

ညိုထက် (လမ်းသစ်ဦး)