Thursday, January 1, 2009

ညီမလေး mirror ကို ပေးတဲ့ နှစ်သစ်ကူးလက်ဆောင် (သို့) သူ Tag တဲ့ စိတ်ကူးယဉ်အိပ်မက်

ညီမရေ

တခုခုရေးခဲ့ဖို့ဆိုတာ အမှန်ပဲလိုပါတယ်။
ကျနော် တခုခုရေးဖို့ပြင်ဆင်ကြည့်တယ်။
ဖြစ်စဉ်အတွင်းက တိမ်လိပ်တွေဟာ လေနှင်ရာလွင့်ဝဲရင် ကျနော့်ခေါင်းပေါ်မှာ ပျံဝဲနေတယ်။
ခေတ်ကြီးကိုက ကတိမ်းကပါးဖြစ်လေတော့ ကျနော်တို့ရဲ့ ဆုံတွေ့မှုဟာလည်း ကတိမ်းကပါး ဖြစ်ခဲ့ရတယ်။
နွေအပူမှာတော့ လေအပူပဲတိုက်မှာပေါ့လေ။
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဆက်သွယ်ရေး တံတိုင်းအဟောင်းကြီးကို ရိုက်ချိုးရင်း
ကျနော်တို့ရဲ့ ဆက်ဆံရေးဟာ ရွှေရောင် တောက်ပခဲ့တယ်။
အဲဒါတွေအတွက်
ကျနော့်ရဲ့ ကွန်ပြူတာ အဟောင်းအမြည်းလေးကိုရော၊
ညီမ ထိုင်လေ့ရှိတဲ့ အင်တာနတ်ဆိုင်ကလေးကိုရော၊
သူ့ဘာသာ ကောင်းကင်ထဲမှရှိနေတဲ့ ရေဒီယိုလှိုင်းတွေကို ကြွင်းကျင်ပိုင်နိုင်စွာ အသုံးချသွားခဲ့တဲ့
ပညာရှင်ဆိုသူများကိုရော
ဇော်ဂျီဖောင့်ကို တီထွင်သွားသူကိုရော
ဂျီတော့ စာရိုက်ဘားကလေးကိုပါ ကျေးဇူးတင်လှပါတယ်။
တို့တတွေရဲ့ ဆုံတွေ့ခြင်းဟာ ပုလဲလိုနေတဲ့ လယ်ကွင်းလိုပါပဲ။
ဒီအချိန်ကာလတွေဟာ ဘ၀နဲ့စာရင် ဘတ်စကားစီးရင်း မြင်လိုက်ရတဲ့ ကြော်ငြာကားချပ်လေးလို
အရောင်တွေစုံလင်စွာနဲ့ ဖျတ်ခနဲတွေ့ရတာတွေပါ။
အေးလေ
ဘ၀ဆိုတာလည်း ခဏငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစုအဝေးကြီးပဲ မဟုတ်လား။
တို့တတွေ အဲဒီ ခဏငယ်တွေကို ကောက်သင်းကောက်သလို လိုက်ကောက်ရင်း
ရဲရဲရင့်ရင့် သတိတရဖြစ်လိုက်ကြရအောင်။
လရောင်အောက်က လေညှင်းမှာ မြစ်ဟာ ရင်ခုန်စွာ နိုးကြွလာတဲ့ ရေလှိုင်းကြက်ခွပ်လေးတွေကို လွမ်းတယ်။
လတာပြင် သောင်ကမ်း လူ့အသားဆွေးတွေနဲ့ ပြည်လျှမ်းနေတော့မယ်။
ဟော့ဒီ ဗွတ်ထနေတဲ့ ခေတ်ပြင်ထဲကို ငါးမြွေထိုးချိတ်တန်နဲ့ ချိတ်ချလိုက်လို့ ငါးမြွေထိုးပါလာသလိုမျိုး အလွမ်းတွေဟာ ဖြတ်ဖြတ်လူးရင်းပါလာခဲ့တယ်။
သံသရာဟာ ရှည်လျားလှပါတယ်။
အဲဒီသံသရာထဲက ဟော့ဒီ့ ပဌာန်းဆက်ကိုတော့ အခန်းဆက် ၀ထ္ထုရှည်လေး ရေးလိုက်ချင်ပါသေးတယ်။
ညီမလေးရေ … ရော့
ဟော့ဒီမှာ ပဌာန်းကြိုး
မင်းလည်တိုင်လေးမှာ ဆင်မြန်းလိုက်
ဒါတွေအားလုံးဟာ ငါတို့နှလုံးသားရဲ့ အထက်မှာ ရှိနေလိမ့်မယ်။

ဒါက ကျနော် သူမအတွက် ရေးပေးခဲ့ဖူးတဲ့ ပေးစာကို ပြန်လည်ဖေါ်ပြခဲ့တာပါ။
၂၁ ရာစုရဲ့ ကောင်းမွန်သောအချက်အလက်တွေထဲ အွန်လိုင်းပေါ်မှာ ညီအကို မောင်နှမ ဖြစ်ခွင့်ရခြင်းဟာ ရှေ့တန်းက ပါ ပါတယ်။ ကျနော်တို့ရဲ့ ကောင်းကင်ယံမှာ ချစ်ခြင်းမေတ္တာတွေဟာ ၀ါဂွမ်းသား ငှက်ကလေးတွေလို အုပ်ဖွဲ့ပျံသန်းနေကြတယ်။
ဘလော့ခ် ညီအကိုတော်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

စိတ်ကူးယဉ်အိပ်မက် …
စိတ်ကူးယဉ်ခြင်းနဲ့ပတ်သက်တဲ့ အမြင်တခု ကျနော့်မှာ ရှိခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၉၉၃ ရဲ့ ဝေမှိုင်းတဲ့ နှင်းရောင်တံတိုင်းတွေနဲ့ ရှမ်းရိုးမမှာပေါ့။
ဆရာဒဂုန်တာရာ ကဗျာပန်းချီချယ်ခဲ့ဖူးတဲ့ မဲနယ်တောင်တန်းကြီးရှိရာကို သူပုန်လုပ်ဖို့ ကျနော် ဆိုက်ရောက်သွားတယ်။
ဒါဟာ ကျနော့်ရဲ့ သူရဲကောင်း ရဲဘော်ညိုထွန်အောင်ပြောသလို တိမ်ကိုစီးပြီး သစ္စာရှာတဲ့ခရီးပါ။
ဘ၀မှာ အမှန်ပါလို့ ယုံကြည်တဲ့တရားအတွက် ငယ်ရွယ်နုပျိုမှုတွေကို အပြီးတိုင်ထည့်ဝင်လိုက်မယ်ဆိုတဲ့ ရည်မှန်းချက်ကြီး တခွဲသားနဲ့ပေါ့။
အဲဒီရည်မှန်းချက် အထမြောက် အောင်မြင်ခဲ့ပါတယ်။ အခုကတော့ တဘ၀လုံး ထည့်ဝင်ရလိမ့်မယ်လို့ စိတ်ကူးယဉ်နေမိပါတယ်။
သြော် … ငါတက်ခဲ့တဲ့တောင်တွေကို ပြန်လှည့်ကြည့်လိုက်တော့ မာန နည်းနည်းမြင့်သွားတယ်။
ရှမ်း၊ ကယားနယ်စပ်ရဲ့ လွယ်ဖီတောင်တန်း သူပုန်စခန်းကနေ အဖေ့ကို စာတစောင်ရေးလိုက်ခဲ့ဖူးတယ်။
အဖေက ကျနော်တောခိုမှာကို ကြိုသိပြီး မတားဆီးလိုက်နိုင်သူမဟုတ်လား။
အဲဒီစာက ကျနော် အောင်မြင်စွာ တောခိုလိုက်နိုင်ကြောင်း သတင်းပို့လိုက်တဲ့စာပါ။
အဲဒီစာမှာ စိတ်ကူးယဉ်ခြင်းနဲ့ပတ်သက်လို့ ဟောဒီလိုရေးခဲ့ဖူးပါတယ် …
အဖေ
ကျနော်ဟာ အဖေပြောသလိုပဲ စိတ်ကူးယဉ်တက်တဲ့ ကောင်လေးတယောက်ပါ။
စိတ်ကူးယဉ်တယ်ဆိုတာ အနာဂတ်ကို ဇာတ်တိုက်တာလို့ ကျနော်က ယုံကြည်နေပါတယ်။
ဒါ့ကြောင့် ကျနော် စိတ်ကူးယဉ်တဲ့အလုပ်ကို သေသေချာချာလုပ်ခဲ့မိပါတယ်။
အခု အဲဒီစိတ်ကူးယဉ်ခြင်းတွေကို ဇာတ်စင်ပေါ်ခင်းကျင်းပြသလိုက်ပါပြီ။
အဲဒီကစလို့ ကျနော်ဟာ သူပုန်ပြဇာတ်ကို အခန်းဆက် ကလာလိုက်တာ မိုးလင်းတယ်လို့ကို မရှိသေးပါဘူး။
ဒါပေမယ့် ကျနော်ပျော်ပါတယ်။
ဇာတ်ပိုးထနေသူက ဇာတ်ကနေရရင် ပျော်သလိုမျိုး ….
တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူကို ထောင်ထားခြားနားလိုတဲ့ စိတ်ကူးစိတ်သန်းဟာ ငါးပြား၊ ဆယ်ပြားတန် စိတ်ကူးယဉ်ချက်မှ မဟုတ်ပဲလေ။
ကျနော့်သွေးထဲဝင်နေတဲ့ အဲဒီ မုဒ တွေကိုပဲ တယုတယ ထွေးပွေ့ထားရင်း သူပုန်ဇာတ်ကို မိုးစင်စင်လင်းတဲ့အထိ က ရပါလိမ့်မယ်။
သူပုန်တယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်ဟာ ဘာလည်း …
ကျနော်ရဲ့ အနုလုံ၊ ပဋိလုံ ဆိုတဲ့ကဗျာမှာ ကျနော့်ရဲ့သားကို တိုင်တည်ပြီး ဟော့ဒီလို ရေးခဲ့ဖူးပါတယ်။

ရဲဘော်ဗဟိန်းထက်ရေ …
အဲဒီလို ကံနာ ၀ဋ်နာတွေနဲ့
ဒါဏ်ရာတွေပေပွနေတဲ့ မင်းအဖေမှာကလည်း
ရူးသွပ်မှုကြီး ၂ ခုက ရှိသေးသကွယ့်။
တခုက
တဘ၀စာ ထုဆစ်ခဲ့သမျှ ကဗျာတွေကို
ရွှေတိဂုံဘုရားမှာ ဌာပနာထားချင်တဲ့ကိစ္စ၊
နောက်တခုက
သူပုန်မှော်အောင်ချင်တဲ့ ကိစ္စ။

ကျနော်တို့ဟာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ သူပုန်ထ နေကြသူတွေပါ။
ဒါ့ကြောင့်လည်းပဲ တိုင်းပြည်ရဲ့ ရတနာဖြစ်တဲ့ ရွှေတီဂုံဘုရားမှာ ကျနော့်ရဲ့ ရတနာဖြစ်တဲ့ ကျနော့်ရဲ့ ကဗျာတွေကို ဌာပနာထားခဲ့ချင်တာပါ။
ကျနော်တို့ဟာ မှော်နဲ့ သူပုန်ထနေကြသူတွေပါ။
ဒါ့ကြောင့်လည်းပဲ သူပုန်မှော် အောင်ချင်ခဲ့တာပါ။

ဖိုးညို

1 comment:

mirror said...

ကျေးဇူး (အထူး)တင်ကြောင်းပါ..။
စိတ်ကူးအိမ်မက်တွေ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် နှစ်သစ်ဖြစ်ပါစေလို့ ဆန္ဒြုပုပါတယ်..။

ခင်မင်လျက်