Wednesday, May 27, 2015
တောင်ယာ
ငါ့ဘ၀ကွင်းပြင်တခုလုံးကိုတောင်
ရှာဖွေတွေ့ရှိခွင့်မရနိုင်လောက်အောင်
အမြစ်တွယ်ဆုတ်ကိုင်
လွှမ်းမိုးဖိစီးထားတဲ့
သစ်ပင်ကြီးတွေကို
အတုံးအရုံးခုတ်ချလိုက်။
သင်း (ဒင်း) တို့ကို မီးတိုက်လိုက်ကြ
ဟုန်းဟုန်းလိမ့်လိမ့် မီးတိုက်လိုက်ကြ
သူတို့ရဲ့ ပင်ကိုယ်ဘဝ
မဲနက်မှုတွေ
ပြီးတော့ … ပြာပုံဘ၀ ကျတဲ့အထိ မိးတိုက်လိုက်ကြ။
ပြီးရင် …
ငါဟာ
လူသားအားလုံးအတါက်
စပါပင် … စိမ်းလဲ့
ရင်တခွင်လုံး ရိတ်သိမ်းခွင့်ပေးမယ့်သူပါ။
ညိုထက် (လမ်းသစ်ဦး)
ဝိရောဓိအချစ်
သင်္ကြန်မှာ
ရေမစိုတဲ့အခါ
လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။
ရေမစိုတဲ့သင်္ကြန်တွေနဲ့ စီးချင်းထိုးခဲ့ဖူးတယ်
စစ်မြေပြင်ကျေးလက်မှာ။
“ရှားပါးပွင့်ပေါက်
တောပိတောက်ကို
ဘားတိုက်ဆောက်ဖို့ခုတ်လိုက်ပြီ။” လို့လည်း
တို့မှတ်ခဲ့ဖူးတယ်
စစ်တန်းလျားကျေးလက်မှာ။
တူးပို့တေးသံနဲ့
ရေတွေ … ရေတွေ စိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့
ပုတက်စာတွေ လိုက်ချိုးကြ
ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ
ခါချဉ်ဥတွေ လိုက်ဖွတ်ကြ
မြင်းခွာရွက်တွေ လိုက်နှုတ်ကြ
ပုရစ်တွေ လိုက်တူးကြ
ပုဇင်းရင်ကွဲတွေ လိုက်ဖမ်းကြ။
နွေခေါင်ခေါင်
ရေခေါင်ခေါင်မှာ
ရန်နဲ့ငါ
ကျဉ်ဆန်တွေ လောင်းချကြဖို့
တောင်တန်းတွေပေါ်မှာ
မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။
ရေမစိုတဲ့သင်္ကြန်
သံလွင်
သောင်ရင်း
သောက်ရေခပ်
ပွန်ချောင်း
ပေါင်းလောင်းချောင်းတွေထဲ
ခုန်ခုန်ချကြ
အဲဒီလိုနဲ့ ကျေနပ်ခဲ့ကြရ။
လူထုကိုမှီခိုက
တော်လှန်စစ်နွှဲရမှာ။
သင်္ကြန်မှာရေမစိုစဉ်က
တခုခုကိုလွမ်းခဲ့ပြီး
အခုတော့
ရေမစိုတဲ့သင်္ကြန်တွေကိုပဲ
ပြန်ပြန်လွမ်းနေရ
တောင်ယာကျေးလက်က ရေမကစားတက်ဖူးလေ။
သားရေ …
မင်းရဲ့ ရေသေနတ်လေးနဲ့
မပစ်လိုက်ပါနဲ့
အဖေ့တကိုယ်လုံး
အလွမ်းတွေ ရွှဲရွှဲစိုကုန်မှာစိုး။
ညိုထက် (လမ်းသစ်ဦး)
မော်ကွန်းများ
စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်။
ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ။
ဂုဏ်ယူစရာချည်းပဲ။
ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ။
အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်။
ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ။
သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။
တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ်
တပွဲလုံးနိုင်ခဲ့တယ်။
တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျောက်သူ ဘယ်ကိုမှမရောက်ဘူး။
ညိုထက် (လမ်းသစ်ဦး)
ထောက်လှမ်းရေး ဘောလုံးပွဲ
ဘ၀တပါးသို့ ပြောင်းသွားလေသူ ညွန့်ညွန့်တို့ သနပ်ခါးလိမ်း၊ ပန်းပန်ပြီး ဓာတ်ရှင်မင်းသားလုပ်နေသည့် အခါသမယတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်တည်း။
အသင်စာရှု့သူအား အတူးနှင့် ဦးစွာ မိတ်ဆက်ပေးဦးအံ့။ အတူးက တမီးလ်လူမျိုး၊ ခရစ်ယာဉ်ဘာသာဝင်။ အနှီးအတူးကား အလုပ်ကို သေသေချာချာလုပ်သူမဟုတ်။ ၁၀၉၊ ၁၁၀။ အတူး သေသေချာချာ လုပ်သည်ကား သူ့အဖေ ဈေးထဲမှာ ဖွင့်ထားသည့် ကျူလီယာဆိုင်ကို အမေဖြစ်သူ ချက်ပြုတ်ခူးခပ် ထည့်ပေးလိုက်သည့် ထမင်းချိုင့်ကို သွားပို့သည့် အလုပ်သာလျင်ဖြစ်၏။ ထမင်း သွားပို့တိုင်းလည်း ဈေးနားမှ လက်ဖက်ရည်ဆိုင်တွင် တမေ့တမော ထိုင်တတ်သည့် အတူးတည်း။ သို့ဂလို အတူးတယောက် လက်ဖက်ရည်ဆိုင်ရောက်ပြီဆိုတိုင်း အကြောင်းပေါင်းစုံကို ဟောင်ဖွာ၊ ဟောင်ဖွာနဲ့ ပြောတတ်သည်လည်း တဖုံ။
တနေ့သ၌ ထမင်းပို့ပြီးသော အတူးတယောက် လက်ဖက်ရည်ဆိုင်သို့ ရောလာလေ၏။ ပွားဖက်တော်များ ပေါ်မလာ၊ အမျှော်ကြာလာသဖြင့် ကောင်တာမှာ ၀ပ်လျက်စံပါယ်နေရှာသော တနေတာ အလိမ်အညာ စုစည်းချက်ဟု ခေါ်သော်ရသည့် မြန်မာ့မလင်းသတင်းစာကြီးအား ယူ၍ ဖတ်လိုက်မိ၏။ ဤကား အကုသိုလ် ကိုယ်ထင်ပြခြင်းတည်း။
အကြင်သတင်းစား၌ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ချိုးချိုးဖဲ့ဖဲ့ ဆဲရေးထားသည့် ဆောင်းပါးကိုဖတ်မိပြီး အတူးရဲ့ ထုံးစံအတိုင်း အန်အယ်လ်ဒီပါတီဟာ လူထုပါတီဖြစ်ကြောင်း၊ န ၀ တ သာလျင် နဝေတိမ်တောင်ကောင်တွေ ဖြစ်ကြောင်း သို့ဂလိုအော်ကြီးဟစ်ကျယ် ပွားလိုက်၍မှ မကြာ၊ လွယ်အိပ်ကိုယ်စီလွယ်ထားသည့် လူနှစ်ယောက် အတူးနားရောက်လာပြီး သူတို့နှင့်လိုက်ခဲ့ဖို့ ခေါ်သွားလေသတည်း။ အကြင်နေ့မှစ၍ အတူး လက်ဖက်ရည်ဆိုင်ကို မရောက်တော့။ ၁၅ ရက်လောက်ကြာမှ အတူးသတင်းကို ကြားရသည်ကား “အတူး ဆေးရုံတတ်နေရပြီ”
အထူးအဆန်းဆို ၀ါသနာပါသည့် မောင်ကန့်လန့်တို့ ဆေးရုံအထိလိုက်ပြီး အတူးနဲ့ အင်တာဗျူး လုပ်ပါတော့ တယ်။
အတူးပြောတာတွေကတော့ …
“အနှီး ခေါ်ဆောင်သွားသည့် လူစိမ်း ၂ ဦးမှာ ထောက်လှမ်းရေးများ ဖြစ်ကြောင်း၊ မိမိအား ထောက်လှမ်းရေး သီးသန့် အချုပ်ခန်းထဲတွင် ၁၄ ရက်ခန့် ချုပ်နှောင်ထားကြောင်း၊ အကြင်အရပ်၌ မည်သူမျှမရှိပါကြောင်း၊ မိမိ အား မည်သူမျှလည်း စကားစမြည်လာရောက် ပြောဆိုခြင်းမရှိကြောင်း၊ မနက်စာ - ညစာအား လူတစုံတယောက်မှ မှန်မှန်လာပို့ကြောင်း၊ မိမိအား ဘဇာ့ကြောင့် ချုပ်ထားသည်ကို မိမိမှ သိလိုသဖြင့် မေးသော်လည်း တစုံတရာ ဖွင့်ဟပြောဆိုခြင်းမရှိကြောင်း၊ သို့ကလို ဖြစ်သဖြင့် မိမိမှ ထိုသူအား ဆဲဆိုသောအခါ မည်သည်မျှမပြောမဆိုပဲ ခါးပတ်ချွတ်ကာ ရိုက်နှက်၍ ပြန်လည်ထွက်ခွာသွားပါကြောင်း၊ ဤသို့ဖြင့် ၁၄ ရက်မြောက်နေ့တွင် သကောင့်သား ထောက်လှမ်းရေး ၅ ဦး ရောက်ရှိလာပါကြောင်း၊ မိမိအား “အိမ်ပြန်ချင်ပြီလား”ဟု မေးပါကြောင်း၊ မိမိမှလည်း ရိုးသားစွာဖြင့် “ပြန်ချင်ပြီ”ဟု ဖြေကြားလိုက်ပါကြောင်း၊ သကောင့်သား တဦးမှ “မင်းဘောလုံးကန်တတ်သလား” ဟု မဆီမဆိုင်မေးပါကြောင်း၊ မိမိအနေဖြင့်လည်း ရိုးသားစွာဖြင့် “ကန်တတ်ပါတယ်” ဟု ဖြေဆိုခဲ့ကြောင်း၊ ထိုရောအခါ သကောင့်သားများမှ ဘောလုံးကွင်း ကဲ့သို့ ပြင်ဆင်ထားသော ကွင်းတခုထဲသို့ မိမိအား ခေါ်ဆောင်သွားကြောင်း၊ သကောင့်များမှ “ဂိုးတိုင်ထဲသို့ ဘောလုံးဝင်အောင် ကန်နိုင်ပါ့မလား” ဟု မေးကြောင်း၊ ဂိုးတိုင်အကျယ်ကြီးထဲသို့ သိပ်မဝေးသေနေရာမှ ဘောလုံးကို ကန်သွင်းရမည်ဖြစ်သောကြောင့် “ကန်သွင်းနိုင်ပါတယ်”ဟု မိမိမှ ဖြေဆိုမိပါကြောင်း။ မိမိအား ကန်သွင်းစေပါကြောင်း။ မိမိမှ ကန်သွင်းလိုက်ကြောင်း၊ ဘောလုံးသည် ဂိုးတိုင်ထဲသို့ တည့်တည့်မတ်မတ်ပင် ၀င်ရောက်သွားပါကြောင်း၊ သကောင့်သားများမှ “ဒီလောက်နီးနီးလေးကနေပြီး ဒီလောက်ဂိုးအကျယ်ကြီးထဲ ကန်သွင်းတော့ ၀င်တာပေါ့ကွ၊ မင်းမျက်စိကို အ၀တ်စီးထားရင် ကန်လို့ဝင်ပါမလားဟု” စကားနာထိုးကြောင်း၊ မိမိမှလည်း “ရပါတယ်”ဟု ပိုင်ပိုင်နိုင်နိုင် ဖြေဆိုခဲ့ကြောင်း၊ သကောင့်သားတဦးမှ မိမိမျက်စီအား အ၀တ်စည်း ပေးပါကြောင်း၊ မိမိအနေဖြင့် ဘာမှ မမြင်ရတော့ကြောင်း၊ သို့သော်လည်း မည်သည့်အနေအထားမှဖြစ်စေ မိမိကန်သွင်းလိုက်သည့် ဘောလုံးသည် အနှီး ဂိုးတိုင်ထဲသို့ ၀င်ကို ၀င်ရမည်ဟု ရိုးသားစွာ ယုံကြည်မိပါကြောင်း၊ ထို့အပြင် ဘောလုံးကန်ပြီးလျင် ပြန်ရမည်ဆိုသဖြင့်လည်း ရိုးသားစွာ ၀မ်းသာမိပါကြောင်း၊ သကောင့်သားတဦးမှ “ကန်” ဟု အော်လိုက်ပါကြောင်း၊ မိမိမှလည်း ၀မ်းသာခြင်း ကြီးစွာဖြင့် အားရပါးရ ကန်သွင်းလိုက်ရာ ယခုကဲ့သို့ ဖြစ်သွားပါကြောင်း” အတူးမှ ရှင်းလင်း ပြောကြားခဲ့ပါသည်။
အသို့နည်း။ မျက်စီအ၀တ်စည်းပြီး ဘောလုံးကန်သဖြင့် ခြေထောက်ပတ်တီးစီရသည့်အဖြစ်အား ဆက်စပ် စဉ်းစား၍မရဖြစ်သွားရသည်။ အတူးပြောသည့် နဝေတိမ်တောင်ကောင်တွေထဲ ကိုယ်ပါ ပါသွားပလားဟု တွေးမိရင်း ၀မ်းတောင်နည်းမိရသည်။ အတူးက သတင်းစာဆရာကြီးများအနေဖြင့် မေးမြန်းလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း ကိုယ့်ကိုကိုယ် ညံ့ကြောင်း ၀န်ခံပြီး  မရှင်းသည်များကို အတူးအား မျက်နှာပူပူဖြင့် မေးရတော့သည်။ အတူးဖြေသည်ကား …
“ဒီလို အကိုရ၊
သူတို့က ကန်ဆိုတော့ ကျနော်လည်း အိမ်ပြန်ချင်ဇောနဲ့ တအားကျုံးကန်လိုက်တာ
အားပါးပါး …
သူတို့က ဘောလုံးအစား သံလုံးကြီး ချထားတော့ ကျနော့်ခြေထောက် သွင်သွင်ကျိုးရပါရောလားဗျာ”
မောင်ကန့်လန့်
ဆေးမင်ကြောင်ကို လှီးထုတ်သူများ
သူ့ ဟိတ် ကို ဇစ် ဆွဲပိတ်လိုက်တယ်၊
အဲဒီ ဟိတ် ထဲမှာ
သူ့ရှိသမျှ အကုန်ပါသွားပြီလေ။
သူ့ အတိတ်တခုလုံး
အဲဒီ ဟိတ် တလုံးတည်းနဲ့ ထည့်သွားနိုင်တာကတော့
ရင်သပ် ရှု့မောပါပဲ။
ပိပိရိရိ၊ သေသေသပ်သပ်
ပြီးတော့ …. ကျေကျေနပ်နပ်
နေကာမျက်မှန်တွေဘာတွေတပ်
နက်ကတိုင်တွေ ဘာတွေစည်းလို့
ပေါင်ဒါတွေဘာတွေဖို့
ချွေးနံ့ပျောက်ဆေးတွေဘာတွေလူးလို့
သွားလေရဲ့
ဘယ်တော့မှ
မဆုံဆည်းနိုင်တော့တဲ့အထိတိုင်
ဝေးသွားလေရဲ့။
ထုံးတို့လို့ မှတ်လိုက်ရပြန်ပြီလေ
ပစ်ချထားလိုက်ရတဲ့ တာလီတွေက
ပြန့်ကျဲပြီး
စင်းစင်းကြီးကျဆုံးနေကြပေါ့။
ညိုထက် (လမ်းသစ်ဦး)
ဒေါင်းအိုးဝေ - အတွဲ (၂)၊ အမှတ် (၆)၊ ဇွန် - ဇူလိုင် - ၂၀၀၄
ပုန်ကန်သူ ဈာပန
နင်ပြန်လာမယ်ဆို …
နင်ပြန်လာမယ်ဆိုတော့ ငါမျှော်တာပေါ့
ငါ့ဆီ နင်ပြန်လာရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး …
ဗျာပါဒ စိတ်အလန်းတွေ
ကျယ်လောင်စွာ အော်မြည်နေပေါ့။
မျက်ရည်တွေလည်း ပြုတ်ကျ
စကားလုံးတွေလည်း ပြုတ်ကျ
အသုဘချကာနီး
မြေအိုးကြီးကို ရိုက်ခွဲချလိုက်သလိုမျိုး။
အမွှေးတိုင်တွေရယ်၊
အလွမ်းတွေကို ဝေနေအောင်ခွေထားတဲ့
လွမ်းသူတွေရဲ့ ပန်းခွေတွေရယ်၊
သူ့ရင်ဘတ်ပေါ်စိုက်တင်ထားတဲ့
အလံတလက်ရယ်၊
ပြုံးယောင်ယောင်နဲ့ အားလုံးကိုစိုက်ကြည့်နေတဲ့
ဓါတ်ပုံတပုံဖြစ်တဲ့
ရဲဘော်ထက်မိုး
(၁၉၆၀ - ၂၀၀၅) ရယ်။
အားလုံးကိုကြည့်ရင်းနဲ့
ဆို့နင့်ကြေမွ ကဗျာဆရာရဲ့မိန်းမ
နင့်သားကို စိတ်ချသွားပြီလား ဦးဘုန်းနိုင်ရဲ့။
ရင်ခွင်ထက်က
နာတာရှည် လူမမာသားလေးကိုကြည့်လိုက်
အလောင်းစင်ကိုကြည့်လိုက်
နံဘေးနားမှာ ထိုင်နေတ့ သမီးအကြီးမကိုကြည့်လိုက်။
တခင်းလုံးပိုးကျသွားတဲ့
တောင်ယာကို ငေးကြည့်နေတဲ့
တောင်ပေါ်သူ တောင်ယာပိုင်ရှင်ရဲ့
ပျက်သုံးမှု အကြည့်မျိုးနဲ့။
တောင်ယာခုတ်လို့
အတုန်းအရုန်း ပြိုကျသွားတဲ့
တောစိမ်းကြီးတွေလို။
ဒီမြင်ကွင်း
ကိုထက်မိုးသာမြင်ရင်
ဘယ်လို ထုဆစ်လိုက်လေမလဲ
နင်ကျင်ရပါတယ် … ရဲဘော်ကြီးရယ်။
တဘ၀လုံး
ပြန်ကျမိုးတွေနဲ့သာ
ကမ္ဘာပြုခဲ့သူရဲ့ ဈပန
သူပုန်တယောက်က
သူ့မိသားစုအတွက် ချန်ထားခဲ့နိုင်တာက
သမိုင်းရေး ဂုဏ်ပုဒ်တွေသာ
ကြီးမြတ်နေခဲ့။
မိုဒီလျှာနီဆုံးတော့
ပီကာဆိုရဲ့ မှတ်ချက်စကား
ခေတ်ကြီးကိုရော
သူ့ကိုယ်သူပါ
အရက်စက်ဆုံး လက်စားချေသွားတာ။
ကြိးမြတ်သူရဲ့ ဈာပနမှာ
အလွမ်းတွေ ချွေနေတဲ့ ဒေါ်ကူးရေ …
ခေတ်ကြီးကိုယ်၌ကလည်း
သူ့ကို ရှုံးခဲ့ရတာပါဗျာ
ကြည့်ပါလား …
မိုးတွေရွာနေတာ
အဲဒါ
ခေတ်ကြီးက
ကိုထက်မိုးအတွက် ငိုနေတာပေါ့။
ညိုထက် (လမ်းသစ်ဦး)
Saturday, May 23, 2015
မြို့ရိုင်းရဲ့ ခေါင်း
ကံကြမ္မာရဲ့ ထပ်ခိုးအတွင်း
ပုန်းကွယ်နေသည့် မျဉ်းတကြောင်း၏ မေလအတွင်း၌
(ဦးခေါင်းတလုံး)
ထပ်မံပုန်းကွယ် ၀င်ရောက်လို့နေခဲ့။
ထွန်းပစမ်းသပ်မှု၏ ရောင့်ရဲဖွယ် နေ့ငယ်ငယ်များ
တယောက်ကို ပိုင်စိုးငိုက်လက်တံများ
လှိုင်းပုတ်သလိုဒလဟောစီးဝင် အထွေးလိုက်မျိုချခဲ့ရ
မိုးစက်တို့၏ မွှေးရနံ့များ
သဲတရှုပ်ရှုပ် နှင်းတပေါက်နှင့် ပန်းပွင့်တောင်တန်းများ
မူကွဲအမျိုးမျိုး၏ အရိပ်အမွတ်အဖြစ်
ရင်ခွင်တလျှောက် စိမ်းညိုစွာ အလင်းသိုခဲ့။
ဆန်ခါကျနေမည့် မျဉ်းလယ်ကောင်၌
စိတ်ကူးစိတ်သန်းများ အရိုးဖြူဆွေးချိန်
စဉ်းလဲအိပ်မက်တို့၏ သရေချပ်လွှာတို့အား
ဤကျောက်ဖြူသားများ ပြိုပျက်မြို့ရိုင်းဦးခေါင်းတလုံးစီ
တွင်းတူးမြှုပ်နှံခဲ့ရပေါ့။
ဖြူမွန်
Tuesday, May 12, 2015
ကန့်လန့်
တို့ခေတ်မှာ
ကုလားဖြူုဖစ်ရတာ ဟန်ကျတယ်။
ဒုက္ခသည်စခန်းမှာ လမ်းလျောက်ခိုက်
လူသေတခုကို သားအမိနှစ်ယောက်မြင်တော့
သားဖြစ်သူရဲ့ မှတ်ချက်စကား
ရင်တော့အနာမိသား
အဲဒီလူကို
“ကော်လာဝါး” တွေက ရှင်အောင်လုပ်မပေးဘူးလား “အမိုး”တဲ့။
ကလေးတွေကလည်း ကလေးတွေအလျောက်
လူကြီးတွေကလည်း လူကြီးတွေအလျောက်။
တွေးကြည့်တော့လည်း
ကမ်းတက်လှိုင်းတွေလိုမျိုး
ဝရုန်းသုန်းကား ကမ်းပေါ်ကို ထိုးတက်ကြ
လွှမ်းမိုးကြ … ပြီးတော့လည်း …
ဝရုန်းသုန်းကား
သူ့နေရာသူပြန်သွား
ကမ်းခြေမှာသာ
ရေတွေရွှဲရွှဲစိုလို့
တချို့ချိုင့်တွေဆို ရေတွေတင်ကျန်လို့
(ဒါ့ကြောင့်ထင်ရဲ့
တချို့နိုင်ငံတွေမှာ ကမ်းစပ်အုတ်ရိုးတွေ
ချထားတည်ဆောက်တာ)
ကျောက်ဆောင်တွေဆို တဖုန်းဖုန်းအရိုက်ခံရ
ကျောက်ဆောင်တွေကလည်း တောင့်ခံနေရ
အမာရွက်တွေတောင် ထလို့။
ကမ္ဘာဖလားပွဲမှာ
ပေါ်တူဂီနဲ့ အီရန်ကန်တဲ့ည
နယ်ချဲ့စနစ်ကို စတင်သူနဲ့
နယ်ချဲ့ခံရဖို့ နီးစပ်နေသူ ကန်တဲ့ပွဲလို့ မှတ်ချက်ချ
တို့လူကြီးတယောက်က
ငါ့လူ
ဒီခေတ်မှာ ဒီလိုပြောရင်မှားတယ်
ခေတ်သစ်ကို ထူထောင်သူလို့ပြောမှ မှန်မယ်
အဲဒီလို
လေ့ကျင့်ပျိုးထောင်တာကိုလည်း
ပညာယူနေရပါတယ်။
သေချာပါတယ်
ကမ္ဘာကြီးဟာ တိမ်းစောင်းတယ်။
ဒါ့ကြောင့်လည်းပဲ
ငါတို့အမြင်တွေလည်း
မလွှဲသာ မရှောင်သာ တိမ်းစောင်းချေတော့မယ်။
ဟုတ်တယ်
ကမ္ဘာကြီးက
တိမ်းစောင်းတယ်
ငါ့တို့အမြင်တွေ တိမ်းစောင်းတယ်
ငါ့ကို
ကန့်လန့်လို့ ဆိုကြတယ်
ငါတို့ခေတ်မှာ
ကုလားဖြူဖြစ်ရတာ
ဟန်ကျတယ်။
ညိုထက် (လမ်းသစ်ဦး)
ကော်လာဝါး (ကရင်စကား)  ကုလားဖြူ
အမိုး (ကရင်စကား)           အမေ
အစ္ဇျတ္တ အစီရင်ခံစာ
အလွမ်းတွေ ပေါင်းထူလွန်းတဲ့ ယာခင်းပါကွဲ့။
အမုန်းတွေ၊ ဒါဏ်ရာတွေကိုသာ
တသက်တာ စားသုံးခဲ့ရသူဖြစ်လို့မို့
ကိုယ့်ဝတ်စုံစာ အနီရောင်ဖြစ်ခဲ့တယ်။
(ဒါပေမယ့် …. အဲဒီအနီရောင်ဟာ
ကိုယ့်ဒါဏ်ရာ ဒါဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့ သွေးတွေပါကွယ်။)
အချစ်ရယ် ….
တကယ့် တကယ် ကိုယ်ချစ်တာက - အပြာ။
အရှေ့အလယ်ပိုင်းက သေနတ်သံတွေ ကြားယောင်
ကိုယ့်နိုင်ငံ တောင်ယာထဲက သွေးတွေကို မြင်ယောင်
ကိုယ့်ရင်ထဲက အမှတ်တကယ်အတ္တတွေကို
ယောင်လို့တောင် ဖေါ်ပြခွင့်မရခဲ့။
နေစကြာသဋာ အဖွဲ့အစည်းထဲက
သက်ရှိတွေနေတဲ့ ကမ္ဘာဂြိုလ်တဲ့လား
မီးခိုးမဆုံး၊ မိုးမဆုံး ယမ်းငွေ့တွေ ဖုံးလွှမ်း
စိတ်ငြိမ်းချမ်းရာ ငတ်မွတ်ခေါင်းပါးရပ်ဝန်း။
တရိစ္ဆာန်တွေက တိရိစ္ဆာန်ကိုသတ်
တိရိစ္ဆာန်က လူကိုသတ်
လူက တိရိစ္ဆာန်ကိုသတ်
လူက လူကိုသတ်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ဒါကိုများ ပြောတာလား။
လက်တီကျူ့၊ လောင်တီကျူ့တွေနဲ့
ထိမ်းခတ်ခံထားရတဲ့ အကျဉ်းသားတွေပါကွယ်။
ကိုယ်တိုင်မှာကလည်း
အနေမှန် အရေပြားတွေအောက်က
ဧကန်တရားတွေ ထူးခတ်ခံထားရတဲ့ အကျဉ်းသား
အခိုးငွေ့တွေများလွန်းလို့ထင်ရဲ့
အိုဇုံးလွှာ ပေါက်ပြဲသွားရတယ်တဲ့
ကူးစက်ရောဂါတွေ ထင်တာထက် များပြားနေတယ်။
နှစ်ဆယ့်တရာစုမှာ
ရေရှားပါးမှု အန္တရယ်ရှိသတဲ့
ရင်တွေ ပူလိုက်တာ။
အလွမ်းတွေ ပေါင်းထူလွန်းတဲ့ ယာခင်းပါ
ဗုံးပေါက်ကွဲသံတွေနဲ့ ခြားနားစွာ
ချစ်ရသးတွေရဲ့ ရင်ခုန်သံကို ကြားနာချင်တယ်။
အချစ်ရယ် ….
တကယ့် တကယ် ကိုယ်ချစ်တာက - အပြာ။
ညိုထက် (လမ်းသစ်ဦး)
အချစ်ချည်းသက်သက်
အချစ်ရေ ….
စီးကရက်မီးခိုးတွေမှာတောင်
မင်းစကားသံတွေက ၀ဲလို့။ - သစ်ကောင်းအိမ်
ကိုယ့်မျက်ဝန်းထဲ
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ချစ်သူရဲ့ နှလုံးသားခြေဖမိုးပေါ်
နှစ်ကာလပုလဲတွေ ကြွေကျနေပုံများ
ကိုယ့်နှလုံးသားရဲ့ ဘာသာစကားပါ။ - ကမာပုလဲ
ငွေ့ရည်ဖွဲ့ခြင်းမှာ
ဒြပ်ထုအစိုင်အခဲတွေရှိကြတယ်
(ဒါပေမယ့် …. ဒါဟာလည်း)
ချစ်ခြင်းရဲ့ သင်္ကေတ
မင်းမြင်ခွင့်ရစေချင်တယ်။ - ရိုးဆက်
အဲဒီ …. ငွေ့ရည်တွေနဲ့
လောင်ကျွမ်းနေတဲ့ကောင်ကြီး
ကဲ …. ပြော
ဘယ်သွားမှာလဲ။ - ပွင့်သစ် (ကရိန်ကန်)
ဒီအချစ်တွေအတွက်
မင်းရဲ့ ရင်ခွင်တုန်ခါနေမလား
(ခွင့်လွှတ်ပါကွယ် ….)
မီးတောင်တွေက
အချိန်အခါေ၇ာက်ရင် ပေါက်ကွဲတယ်
ကိုယ့်အချစ်မီးတောင် ပေါက်ကွဲပေါ့
အချစ်ချည်းသက်သက်။ - ညိုထက် (လမ်းသစ်ဦး)
ကဲ …
ဘယ်သူတွေရိုးရိုးသားသားချစ်ဖူးလဲ
ငါတို့ရဲ့ အပစ်ပယ်ခံ အိပ်မက်တွေ
ရဲရဲရင့်ရင့် ပွင့်နေပုံ။ - ကမာပုလဲ
အချစ်ရေ ….
ခေတ်တွေနဲ့အတူ ငါစီးခဲ့
မြစ်ရေကြီးချိန်မဟုတ်လား
အလွမ်းတွေ ဗေဒါကြပ်ချိန်
အထီးကျန်နှစ်ပေါင်းတရာပေါ်
ငါရပ်လို့။ - ရိုးဆက်
အချစ်ရေ ….
အပြင်မှာ မိုးတွေရွာနေတယ်
ငါ့ရင်ထဲမှာလည်း
အလွမ်းတွေရွာနေပေါ့။ - သစ်ကောင်းအိမ်
ငါတို့ဘယ်အထိနီးမှာလဲ
တေးသီချင်းတပုဒ်ကို
အခါခါဆိုသလိုမျိုး
အဲသလိုနဲ့
တဖြည်းဖြည်း ငါတို့ဝေးကြ
တမြေ့မြေ့ငါတို့ လွမ်းကြ။ - ပွင့်သစ် (ကရိန်ကန်)
ဒီရေမြင့်ပေါ့
ကြည့်စမ်း
ခရာဆူးခြုံ
မျောနက်တွေ တွယ်ပါစေ
ငါ့နှလုံးသွေး
မင်းဆယ်ယူလိုက်ပါကွယ်
အချစ်ချည်းသက်သက်။ - ညိုထက် (လမ်းသစ်ဦး)
(ကဗျာဆရာ ၅ ဦး စုပေါင်းရေးသားသည်။)
၃၁ - ၇ - ၂၀၀၆