Wednesday, December 31, 2008

မကဒတ အပေါ်သုံးသပ်ချက်

(မကဒတ ဒုတိယမျိုးဆက်ဝင်တဦးမှဆွေးနွေးသည်)

“ပါရမီသက်ကုန်သွားလျှင် ပညာသက်ဖြင့် ဆက်ရမည်” ဟူသော စကားရပ်ကို ကြားဖူးသည်။ မကဒတ၏ လက်ရှိအခြေအနေသည်လည်း ထိုအတိုင်းပင်။ ဤနေရာတွင် “ပါရမီသက်” ဆိုသည်မှာ ၁၃၅၀ ပြည့် ဒီမိုကရေစီအရေးတော်ပုံကို ရည်ညွန်းခြင်းဖြစ်သည်။ “ရှစ်လေးလုံး - ပါရမီသက်” အစား “ကျိုးစား အားထုတ်မှု - ပညာသက်” ဖြင့် ဆက်ရမည့် အခြေအနေအချိန်အခါသို့ ဆိုက်ရောက်လာပြီဟု သုံးသပ်ယူဆသည်။ “ပညာသက်” ဘာဖြစ်သင့်သနည်း။ ထိုသည်ကို ဗမာပြည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားအဖွဲ့အစည်းများ (အထူးသဖြင့် ဗကသ) တိုက်ပွဲစဉ်ဆက်၊ သမိုင်းအစဉ်အလာများနှင့်အညီ ရှာဖွေရမည်ဖြစ်သည်။
ယခုနှစ်သည် ၁၃၅၀ ပြည့်အရေးတော်ပုံ အနှစ် ၂၀ ပြည့်နှစ် ဖြစ်သလို ABSDF (ကျောင်းသားတပ်မတော်) ၏ အနှစ် ၂၀ ပြည့်နှစ်လည်း ဖြစ်သည်။ အနှစ် ၂၀ ဟူသည် မျိုးဆက်တဆက်ဖြစ်သည်။
ABSDF အနှစ် ၂၀ အား သုံးသပ်ခြင်းသည် ABSDF ပထမမျိုးဆက်အား သုံးသပ်ခြင်းပင်ဖြစ်သည်။
ABSDF ၏ အနှစ် ၂၀ ခရီးအား ပြန်ကြည့်သောအခါ --- ABSDF ပထမမျိုးဆက်၏ ကောင်းမှုများအဖြစ် ---
- ABSDF အား ၁၃၅၀ ပြည့်အရေးတော်ပုံ မျိုးဆက်၏ တပ်ဦးအဖွဲ့အစည်းအဖြစ် သမိုင်းအမွေ ဆက်ခံကာ ဖွဲ့စည်းနိုင်ခဲ့သည်။
- ဗမာပြည်အနှံ့အပြားရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးဒေသအသီးသီးသို့ ရောက်ရှိ နေသော ၁၃၅၀ ပြည့် အရေးတော်ပုံ ကျောင်းသားအများစုအား စုစည်း၍ ABSDF အား ဖွဲ့စည်း နိုင်ခဲ့သည်။
- ၁၃၅၀ ပြည့်အရေးတော်ပုံ၏ အမြင့်ဆုံးကြွေးကြော်သံဖြစ်သည့် “ရ ရင် ရ။ မရ ရင် ချ” ကြွေးကြော် သံအား လူထုလမ်းညွှန်ချက်အဖြစ်သဘောထားကာ ABSDF (ကျောင်းသားတပ်မတော်) ကို ဖွဲ့စည်းထူထောင်နိုင်ခဲ့သည်။
- စစ်အုပ်စု၏လက်အောက်တွင် ငြိမ်းချမ်းသောနည်းဖြင့် ဒီမိုကရေစီအခွင့်အရေးများကို ရရှိ နိုင်လိမ့်မည် မဟုတ် (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၄ မှ) --- ဟု ယုံကြည် ခံယူကာ နေ၀င်းစစ်အုပ်စုအား အပြီးအပြတ် ချေမှုန်းဖျောက်ဖျက်မည့် လက်နက်ကိုင် တော်လှန်ရေးကြီးကို အောင်မြင်သည်အထိ ဆင်နွှဲသွားမည်ဖြစ်ကြောင်း (ABSDF ကြေညာချက် (၁) ၇ - ၁၁ - ၈၈။ အပိုဒ်ခွဲ ၅ မှ) --- ကြေငြာချက် (၁) တွင် ဖေါ်ပြ၍ ABSDF အား ရှစ်လေးလုံး အရေးတော်ပုံ၏ လက်နက်ကိုင်တော်လှန်ရေး တပ်ဦးအဖွဲ့အစည်းအဖြစ် အတိအလင်း ဖွဲ့စည်း နိုင်ခဲ့သည်။
- ဗမာပြည်ကျောင်းထုတရပ်လုံးနှင့် ကျောင်းသားလှုပ်ရှားမှုတလျောက်လုံးကိုင်စွဲခဲ့သည့် အမျိုးသား နိုင်ငံရေးလမ်းကြောင်းအား ABSDF ၏ ဦးဆောင်နိုင်ငံရေးအတွေးအခေါ်လမ်းစဉ်ဖြစ်သည့် အမျိုးသား နိုင်ငံရေးလမ်းစဉ်အဖြစ် တရားဝင် ပြဌာန်း ကိုင်စွဲနိုင်ခဲ့သည်။
- လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတရပ်အနေဖြင့် မရှိမဖြစ်လိုအပ်၍ အသက်သွေးကြော သဖွယ် ဖြစ်သော နိုင်ငံရေးလမ်းစဉ်။ စစ်ရေးလမ်းစဉ်တို့အား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
- ABSDF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ကျောင်းသားတပ်မတော်ဥပဒေ။ နည်းဥပဒေ အစရှိသော ဥပဒေများအား ရေးဆွဲပြဌာန်းပေးနိုင်ခဲ့သည်။
ဤကောင်းမှုများအတွက် ပထမမျိုးဆက်ကို ကျေးဇူးတင်ရမည်ပင်။ ထို့အပြင် ABSDF ပထမမျိုးဆက် အနှစ် ၂၀ အတွင်း တနိုင်ငံလုံးလက္ခဏာဆောင်သည့် ထိုးစစ်ကြီးများအဖြစ် အောက်ပါတို့ကို တွေ့ရမည်ဖြစ်သည်။
- DAB ပူးတွဲစစ်ဆင်ရေးလှုပ်ရှားမှု (၁၉၉၀) - တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် လက်တွဲ၍ “ရေး” မြို့သိမ်းတိုက်ပွဲအထိဆင်နွှဲနိုင်ခဲ့သည်။
- အခြေခံဒေသထိုးဖောက်ရေးလှုပ်ရှားမှု (၁၉၉၂) - ၁၉၉၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ကိုယ်ပိုင်ဒေသရရှိရေးအတွက် ဆင်နွှဲသည့် စစ်ဆင်ရေးဖြစ်သည်။
တနိုင်ငံလုံးသဘောဆောင်သည့် စစ်ရေးအောင်မြင်မှုအဖြစ် …
- ရန်သူစစ်အုပ်စု၏ “နဂါးမင်းထိုးစစ် - ၁၉၉၂ (မာနယ်ပလောထိုးစစ်)” အား ABSDF အပါအ၀င် လက်ဝဲလက်ယာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ စုပေါင်းကာ ခုခံကာကွယ်ခြင်းဖြင့် တော်လှန်ရေး ဂုဏ်သိက္ခာတက်စေခဲ့သည်။
ဤသည်လည်း ABSDF ပထမမျိုးဆက်၏ ကောင်းမှုဟုပင် ယူသော်ရမည်ထင်သည်။
ဆက်လက်၍ မကဒတ ပထမမျိုးဆက်၏ မကောင်းမှုများအား ဆွေးနွေးပါမည်။
- အုပ်စုဝါဒ၊ ဂိုဏ်းဂဏ၀ါဒ အထွဋ်အထိပ်ရောက်ရှိခဲ့သည်။ (ဖွဲ့တည်မှု့စကတည်းကပင် မြို့၊ နယ်၊ သပိတ်စခန်း၊ စသည့် အစုအဖွဲ့များမှ အုပ်စုဖွဲ့ တောခိုခဲ့ကြသည် အလေ့အထမှ မြစ်ဖျားခံခဲ့သည်။)
- အုပ်စုဖွဲ့ ဗိုလ်ကျသည့် အလေ့အထ အားကောင်းခဲ့သည်။ (ဤနေရာမှစ၍ တလျောက်လုံး ဖြစ်ခဲ့သည့် စီမံခန့်ခွဲမှုအမှားများ ဖြစ်ခဲ့ခြင်းဖြစ်သည်။)
- ရန်သူစစ်အုပ်စုအပေါ် ပြတ်သားသည့် အတွေးအခေါ်အားနည်းခဲ့သည်။ (ဤအချက်သည် ရေရှည်အားဖြင့် ယနေ့တိုင်ဖြစ်ပေါ်နေသည့် ရန်သူကို ရန်သူလို့မခေါ်နဲ့၊ တိုက်မရရင် ရန်သူ့ အောက်လျှိုဝင်ဟူသည့် အတွေးအခေါ်အား ဖြစ်ပေါ်စေခဲ့သည်။)
- တဦးချင်း အတတ်ပညာဖြည့်စည်းမှုကိုသာ အလေးသာပြီး တပ်တည်ဆောက်ရေးကို အလေးနည်း ခဲ့သည်။ (ဤသို့ဖြင့် ခေါင်းဆောင်ကြီးများ ဟားဗတ်သို့ အပြေးပြိုင်ကြလေတော့သတည်း။)
- ဘာသာရပ်တခုချင်းအလိုက် ကြွမ်းကျင်မှုကို အခြေခံပြီး ပညာရှင်များဟု အမည်ခံကာ လူထု တရပ်လုံးကို မှားယွင်းသည့် အတွေးအခေါ်ပေးခဲ့သည်။
- ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ် ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်အမှားကို ကိုင်စွဲခဲ့ကြသည်။
- လူထုကို အထင်အမြင်သေးသည့် အတွေးအခေါ်ရှိခဲ့သည်။
- နိုင်ငံရေး၊ နိုင်ငံရေးရပ်ခံမှုနှင့် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအစဉ်အလာအား ဗဟိုပြုသည့် ခေါင်းဆောင်မှု ရွေးချယ်ရမည့်အစား ငွေရှာနိုင်မှုကို ဗဟိုပြုကာ ခေါင်းဆောင်မှုရွေးချယ်သည့် အလေ့အထ ထွန်းကားခဲ့သည်။
- ကိုယ်ပိုင်စီးပွားရေး စာကြက်များကို ခိုင်မာတောင့်တင်းအောင်လုပ်ပြီး ရဲဘော်ထုအား ငွေဖြင့်ဖျားယောင်းကာ လက်အောက်ခံဖြစ်စေ၍ ကြွေးတာယူ၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုသည့် အတွေးအခေါ်အမှား တင်သွင်းခဲ့သည်။
- ငွေရှင်၊ ကြေးရှင်များအပေါ် အလိုလိုက်မှုများခဲ့သည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် ငွေရှင်၊ ကြေးရှင်များ၏ လက်အောက်ခံဖြစ်ခဲ့ရသည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် ပရိုပိုဆယ် နိုင်ငံရေးသမားများဖြစ်ခဲ့ရသည်။
- ထိုသည်၏ နောက်ဆက်တွဲအဖြစ် လက်နက်နှင့် ဒေါ်လာလဲသည့်အနေအထားသို့ ဆိုက်ရောက် သွားခဲ့သည်။
ယနေ့ရောက်ရှိနေသည့် တပ်ဦး၏ မျိုးဆက်လက္ခဏာအား ဆက်လက် ဆွေးနွေးပါမည်။ မျိုးဆက်တွက်ချက်မှု နှစ်ကာလအရ အနှစ် ၂၀ လျှင် မျိုးဆက်တဆက်ဖြစ်သည်။ မကဒတသည် ၂၀၀၈ သို့ရောက်သောအခါ မျိုးဆက်တဆက်သို့ ကူးပြောင်းသွားပြီဖြစ်သည်။ မကဒတ ပထမမျိုးဆက်နှင့် မကဒတ ဒုတိယမျိုးဆက်ဟူ၍ ဖြစ်သည်။ ထိုမျိုးဆက် ၂ ခုသည် သီးခြားလက္ခဏာများကိုယ်စီ ရှိနေကြသည့် မျိုးဆက်များဖြစ်သည်။ ထိုသီးခြားလက္ခဏာများအား ဆွေးနွေးပါမည်။
- ပထမမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၀ ရာစု၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် တခွင်တပြင်လုံး လက္ခဏာအရ ၂၁ ရာစု၏ ပထမဦးဆုံးမျိုးဆက်ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးမှ တိုက်ရိုက်ထွက်ပေါ်လာသည့် အင်အားစု ဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီးအား ပထမမျိုးဆက်နှင်အတူဆက်ခံလိုက်ပါပြီး ပထမမျိုးဆက်၏ ဦးဆောင်မှုအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခဲ့ကြသည့် အင်အားစု ဖြစ်သည်။
- ပထမမျိုးဆက်သည် ၁၃၅၀ ပြည့် အရေးတော်ပုံကြီး၏ “ကောင်းမွေ (ပါရမီသက်)” အားလုံး (လက်နက်ကိုင်တော်လှန်ရေးအတွက် နယ်မြေ၊ လက်နက်၊ တပ် အားကောင်းမောင်းသန်ဖြစ်သည့် အင်အား၊ ၉၀ - မေ ရွေးကောက်ပွဲရလာဒ်) ကို လက်ခံရယူပြီး တော်လှန်သည့် နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့် ရခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ကောင်းမွေ (ပါရမီသက်) အကြွင်းအကျန်များကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး ဆိုးမွေများ (ဥပမာ - အကြမ်းမဖက်ရေးအပါအ၀င် တိုက်လို့မရရင် သူ့အောက်ကိုဝင်လုပ် ဆိုသည့်အလျှော့ပေးရေးအတွေးအခေါ်များ၊ အင်အား ကိုယ်ရေစစ်မှု) ကိုသာ လက်ခံရယူနိုင်မည် ဖြစ်ပြီး “အားထုတ်မှု - ပညာသက်” ဖြင့် တော်လှန်သည့်နိုင်ငံရေးကျန်းမာမှုကို ဆက်ရမည့်သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံရေးပါတီအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းနိုင်မှုမရှိပဲ စစ်အုပ်စုအဖြစ် ဗြောင် ရပ်တည်နေရသည့် ရန်သူနှင့် အခြေခံဥပဒေမရှိပဲ အစိုးရလုပ်နေရသည့် ရန်သူအား နိုင်ငံရေးအသာ စီးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခွင့်ရခဲ့သူများဖြစ်သည်။
- ဒုတိယမျိုးဆက်သည် စစ်အုပ်စုမှစိတ်ကြိုက်ရေးစွဲထားသည့် အခြေခံဥပဒေ အတည်ပြုနိုင်ခဲ့ပြီး အခြေအနေနှင့် စစ်ဗိုလ်တမတ်သားပါလီမန်ဖြင့် တရားဝင်အစိုးရလုပ်မည့်ရန်သူအား နိုင်ငံရေး ဗလုံးဗထွေးအခြေအနေဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် သူများ ဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာ အခြေအနေအရ လူအခွင့်အရေး၊ အကြမ်းမဖက်ရေး၊ ဒီမိုကရေစီရေး … စသည်များကို သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေတွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် အနှစ် ၂၀ ကာလ တပ်ဦးအတွင်း ပေးခဲ့သည် နိုင်ငံရေးသင်တန်း အမျိုးအစားများအား မိမိသိမီသလောက် တင်ပြသွားပါမည် …
- အမေရိကန်သံတမန်ဂုရုကြီး ကစ်ဆင်းဂျား၏ နာမည်ကျော် လွန်းပြန် သံတမန်နည်းနာသင်တန်း၊
- အကြမ်းမဖက်နိုင်ငံရေးအန်တုမှု (PD) သင်တန်း
- လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေ၊ ဖက်ဒရယ်သင်တန်း
- သတင်းထောက်သင်တန်း
- နိုင်ငံခြားရေးသင်တန်း၊
- အသွင်ကူးပြောင်းရေးကာ တရားဥပဒေ စိုးမိုးမှုသင်တန်း
- ပဋိပက္ခ ညှိနှိုင်းအဖြေရှာခြင်းသင်တန်း
- လူထုအဓိက လူ့အဖွဲ့အစည်းသင်တန်း
- (CO) သင်တန်း … စသည် လက်နက်ကိုင်တော်လှန်ရေးကို အားမပေးသည့် အတွေးအခေါ် အခင်းအကျင်းကို ဖန်တီးပေးမည့် နိုင်ငံရေးသင်တန်းများကိုသာ တွေ့ရမည်ဖြစ်သည်။)
- ဒုတိယမျိုးဆက်သည် နိုင်ငံတကာအခြေအနေအရ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ပွဲအား သွင်းကုန်အဖြစ်တင်သွင်းနေသည့် ကမ္ဘာ့အခြေအနေအောက်တွင် တော်လှန်သည့် နိုင်ငံရေးတာဝန်များအား ထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
(ဤနေရာတွင် အလျှင်းသင့်သဖြင့် ထိုကမ္ဘာ့အခင်းအကျင်းမှ ဖန်တီးလိုက်သည့် ထင်ရှားထူးခြား သည့် နိုင်ငံတကာ အခြေအနေအား မိမိသိမီသမျှ တင်ပြပါမည်။
- “ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွင် ကြားမရှိ ရန်သူနိုင်ငံနှင့် မိတ်ဆွေနိုင်ငံ သာရှိသည်” ဟူသော နိုင်ငံတကာတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် ပေါ်လစီအား အမေရိကန်မှ ထုတ်ပြန်ကြေငြာခြင်း
- အာဖဂန်နစ္စတန်ကို ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- မိစ္ဆာဝန်ရိုးစွန်း ၃ နိုင်ငံ စာရင်းအား တင်သွင်း ကြေညာခြင်း
- အီရတ်နိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲ၍ သိမ်းပိုက်ခြင်း
- ပါကစ္စတန်နိုင်ငံ စစ်အာဏာသိမ်းပွဲအား အမေရိကန်မှ ထောက်ခံလိုက်ခြင်း
- ထိုင်းအာဏာသိမ်းပွဲအား အမေရိကန်မှကန့်ကွက်မှုမပြုခြင်း …
စသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အကြမ်းမဖက်ရေးစံများမှ ခွဲထွက်လာသည့် အခင်းအကျင်းများကို တွေ့ရမည် ဖြစ်သည်။)
- ပထမမျိုးဆက်သည် စစ်အေးလွန်ခေတ်တွင် နိုင်ငံရေးလုပ်ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ဒုတိယစစ်အေးခေတ် (၂၀၀၅ - ကစ်ဆင်းဂျား၏ စာအုပ်တွင် “ကမ္ဘာ့နိုင်ငံရေး၏ ဗဟိုဆွဲအားသည် အတ္တလန်တစ်မှ ပစိဖိတ်သို့ ရွှေ့လာပြီ”ဟု ရေသားခဲ့ပြီး ကတည်းက စတင်ခဲ့သည်။ နာဂစ်တွင် အမေရိကန်စစ်သင်္ဘောများ ပင်လယ်ဝရောက်မှ ပြန်ထွက်သွားခြင်းသည် ထိုအခြေအနေ၏ ဖေါ်ပြချက်ဖြစ်သည်။) တွင် တော်လှန်သည့် နိုင်ငံရေး တာဝန်များထမ်းဆောင်ရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် နိုင်ငံတကာသံတမန်ရေးတိုက်ပွဲကို အားပြုခဲ့သည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ပြည်တွင်းလူထုကိုမှီခိုကာ တော်လှန်စစ်နွဲရမည့် အင်အားစုဖြစ်သည်။
- ပထမမျိုးဆက်သည် ရှစ်လေးလုံး အရေးတော်ပုံနှင့် စတင်ခဲ့ပြီး ရွှေဝါရောင်အကြွေးဖြင့် အဆုံးသတ် ခဲ့ရသည့် အင်အားစုဖြစ်သည်။
- ဒုတိယမျိုးဆက်သည် ရွှေဝါရောင်အကြွေးဖြင့် တော်လှန်သည့်နိုင်ငံရေးတာဝန်များကို စတင် ထမ်းဆောင်ရမည့် မျိုးဆက်ဖြစ်သည်။
ဤသည်များသည် မျိုးဆက် ၂ ဆက်၏ အခြေခံကွဲပြားသည့် ကြင်အင်လက္ခဏာများဖြစ်သည်။
ဆက်လက်၍ မျိုးဆက် ၂ ဆက်၏ ချိတ်ဆက်မှုနှင့် ကျရောက်မည့် တာဝန်အသီးသီးကို ဆွေးနွေးပါမည်။ တပ်ဦး၏ စုဖွဲ့ပုံကို ဤသို့ချိတ်ဆက် တာဝန်ခွဲဝေရမည်ဟုမြင်သည်။
“ပထမမျိုးဆက်သည် မဏ္ဍိုင်အင်အား၊ ဒုတိယမျိုးဆက်သည် အဓိက အင်အား။”
ထိုသို့ အဘယ့်ကြောင့်ပြောသနည်း။ သမိုင်းဆိုင်ရာမုချလက္ခဏာအရ ပထမမျိုးဆက်သည် ရပ်တန့်နေသည့် မျိုးဆက်ဖြစ်သည်။ ဒုတိယမျိုးဆက်သည် အခိုင်အမာအချက်အလက်များအရ မုချတိုးပွားလာမည့် မျိုးဆက် ဖြစ်သည်။
ဒုတိယမျိုးဆက် မည်သို့တိုးပွားမည်နည်း။ မရှိရာမှာ ရှိရာသို့ တိုးပွားမည်။ အရေအတွက်မှ အရည်အချင်းသို့ တိုးပွားမည်။
ပထမမျိုးဆက် အဘယ့်ကြောင့် မဏ္ဍိုင်အင်အားစုဖြစ်သနည်း။ မကဒတ၏ပထမမျိုးဆက်သည် မကဒတ ဖွဲ့စည်းဖြစ်တည်မှုနှင့် ပတ်သက်လျင် ပဓာနကာယကံရှင်များဖြစ်သည်။ ၎င်းတာဝန်ကို မကဒတတွင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသည့် ပထမမျိုးဆက်ဝင်များမှ ငြင်းပါယ်ခွင့်မရှိ။ မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များ၏ တာဝန်ကြီးလေးမှုသည် ထိုနေရာမှ စတင်သည်။
မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များသည်
- ရှစ်လေးလုံးတိုက်ပွဲမှထားခဲ့သည့် တိုက်ပွဲအမွေအနှစ်များအား ဆက်လက် ကာကွယ်ထိမ်းသိမ်းရေး၊
- မကဒတ တည်တံ့ခိုင်မာရေး၊
- မကဒတ တပ်ဦးအခန်းပြန်လည် ရောက်ရှိရေး၊
- ကျောင်းသားထု ညီညွတ်ရေး၊
- ပြည်သူလူထုအတွင်း တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေးနှင့်
- မကဒတ၏ ဦးတည်ချက် ၄ ရပ် အထမြောက်အောင်မြင်စေရေး
စသည့် လုပ်ငန်းတာဝန်များအား မကဒတ၏ ပထမမျိုးဆက်များမှ ပဓာနကျသည့် မဏ္ဍိုင်အခန်းမှ နေ၍ အဓိကအင်အားစုဖြစ်သည့် ဒုတိယမျိုးဆက်နှင့်လက်တွဲကာ တက်ကြွသည့်တာဝန်ယူတာဝန်ခံ စိတ်ဓာတ်ဖြင့် ဆက်လက်ထမ်းဆောင် ရမည်ဖြစ်သည်။
မကဒတတွင် ဆက်လက်ကျန်ရှိနေသည့် ပထမမျိုးဆက်ဝင်များလုပ်ဆောင်ရမည့် တာဝန်များတွင် မကဒတ တည်တံ့ရေး၊ ခိုင်မာရေးသည် အခရာ အကျဆုံး ဖြစ်သည်။ မကဒတ တည်တံ့ရေး၊ ခိုင်မာရေးအတွက် မကဒတ ပထမမျိုးဆက်၏ နိုင်ငံရေးဟောင်း နိုင်ငံရေးအမှားများအားလုံးကို အကြွင်းမဲ့ဆန့်ကျင်သွားရန် လိုသည်။ အထူးအားဖြင့် ဂိုဏ်းဂဏ၀ါဒလုပ်ဟန်သည် မကဒတအား နင်းချေရာတွင် အဆုံးအဖြတ် ကျခဲ့သည်။ ၎င်းအား အကုန်အစင်တိုက်ဖျက်သွားရန်လိုသည်။
ဗဟိုဦးစီး ဒီမိုကရေစီကို အားကောင်း တောင့်တင်းသည့် လုပ်ဟန်ကို ထူထောင်ရန်လိုသည်။ လူကို ဗဟိုပြုစဉ်းစားသည်ထက် မူကို ဗဟိုပြုစဉ်းစားသည့် လုပ်ဟန်ကို ထူထောင်ရမည်။ တဦးချင်း (သို့) အစုအဖွဲ့တခု၏ စဉ်းစားချက်အား လက်တွေ့လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည်ထက် အစည်းအဝေး ဆုံးဖြတ်ချက်များအား လက်တွေ့ လုပ်ငန်းစဉ်အဖြစ် လုပ်ကိုင်သည့် လုပ်ဟန်ကို ထူထောင်ရမည်။ ဗဟိုဦးစီး ဒီမိုကရေစီစနစ်ကို အားကောင်းရန် ထူထောင်လုပ်ဆောင်ခြင်းသည် ကျောင်းသားတပ်မတော်အား စေတနာအပါဆုံး တပ်တည်ဆောက်ရေးလုပ်ဟန်ဖြစ်သည်။ ဗဟိုဦးစီး ဒီမိုကရေစီပျက်ခြင်းသည် အဖွဲ့အစည်းပျက်စီးခြင်းပင် ဖြစ်သည်။
မကဒတသည် ဗမာပြည်ကျောင်းသားထုနှင့် ကျောင်းသားအဖွဲ့အစည်းများအားလုံး၏ လက်နက်ကိုင် တော်လှန်ရေးစစ်ကြောင်းဖြစ်ကြောင်းကို အခိုင်အမာ ထုထောင်ရမည်။ မကဒတ၏ တပ်ဦးဖြစ်မှုသည် လက်နက်ကိုင်တော်လှန်ရေးတာဝန်ကို မည်မျှတာဝန်ကျေအောင်ထမ်းဆောင်နိုင်သည် ဆိုသည့် အပေါ်တွင် မူတည်သည်။ ကျောင်းသားနှင့် နိုင်ငံရေးဆောင်ရွက်မှုအပိုင်းအား ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်းတို့မှ ရှင်းလင်းခဲ့ပြီး ဖြစ်သည်။ ယခုဆက်လက်ရှင်းလင်းရန်လိုသည်မှာ ကျောင်းသားများ လက်နက်ကိုင်တော်လှန် ရေးလုပ်သည့် အဆင်အလာရှိ၊ မရှိဆိုသည့် ကိစ္စဖြစ်သည်။
ကျောင်းသားသမဂ္ဂအစဉ်အလာတွင် လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သည့် အစဉ်အလာများရှိကြောင်း အခိုင်အမာဆိုပါသည်။ ကျောင်းသားသမဂ္ဂများသည် အကြမ်းမဖက်သော နိုင်ငံရေးတိုက်ပွဲများသာ ဆောင်ရွက်ကြောင်း ပြောကြားချက်များသည် ကျောင်းသားများအား တိုက်ပွဲလမ်းမှားသို့ ပို့ဆောင်နေသည့် အယူအဆသာလျှင်ဖြစ်သည်။ တနည်းအားဖြင့် အကြမ်းမဖက်ရေး နိုင်ငံရေးမီးရှုးမီးပန်းများလွှတ်ကာ စီးပွားဖြစ်နေသူများ၏ နိုင်ငံရေး မှိုင်းတိုက်မှုသာလျှင် ဖြစ်သည်။ အစဉ်အလာအရ ကျောင်းသားများသည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲတွင် လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်မှုများနှင့် လက်တွေ့အရ ပါဝင်မှုများရှိခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့အား လက်နက်စွဲကိုင်တိုက်ပွဲဝင်ရန်အတွက် ဗကသ သည် “ကျောင်းသားသံမဏိတပ်” အားဖွဲ့စည်းခဲ့သည်။ ထို “ကျောင်းသားသံမဏိတပ်”၏ ဖွဲ့စည်းမှု၊ သင်တန်းပေးမှုအားလုံးသည် စစ်တပ်တခု၏ ဖွဲ့စည်းမှုနှင့် သင်တန်းများဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ အခိုင်အမာအချက်အလက်အရ ပြောရလျင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်သည် ကျောင်းသားသံမဏိတပ် အားစတင် ထူထောင်သူပင်ဖြစ်ပြီး သံမဏိ ထွန်းရှိန်ဟု ပင်တွင်သည်။ လက်တွေ့ အချက်အလက်အရလည်း နယ်ချဲ့အား လက်နက်ကိုင် တော်လှန်ရန်အတွက် ရဲဘော်သုံးကျိပ် စုစည်းသောအခါ ကျောင်းသားသမဂ္ဂ၀င် ၃ ဦး ပါဝင်ခဲ့သည်။ ဗကသဥက္ကဖြစ်သည် ကိုလှမောင် (ဗိုလ်ဇေယျ)၊ ဗကသ အတွင်းရေးမှူးဖြစ်သည် ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ နယ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ဖြစ်သည့် ကိုလှ (ဗိုလ်ကျော်ဇော)တို့ဖြစ်သည်။
ထို့အချက်အလက်များအရ ကောက်ချက်ချရလျှင် ကျောင်းသားတပ်မတော်သည် ကျောင်းသားသံမဏိတပ် ၏ အဆက်ပင်ဖြစ်သည်။ ကျောင်းသားများ လက်နက်ကိုင်တော်လှန်ခြင်းသည် ကျောင်းသားသမဂ္ဂများ သမိုင်းအစဉ်အလာနှင့် ညီညွတ်သည်။ ထိုတရားကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချီရမည်ဖြစ်သည်။ ယနေ့ လုပ်ရမည့် ကျောင်းသားဝတ္တရားဆိုင်ရာ ၀ါဒဖြန့်ချီရေးလုပ်ငန်းလည်းဖြစ်သည်။ မကဒတအား တပ်ဦးအခန်း ပြန်လည်မြင့်တင်ရေး၏ အတွေးအခေါ်ဆိုင်ရာ၊ တရားဆိုင်ရာ၊ အစဉ်အလာဆိုင်ရာ လှုပ်ရှားမှုလည်း ဖြစ်သည်။
မကဒတသည် ကျောင်းသားသမဂ္ဂများ တရားဝင်တည်ရှိနိုင်ခွင့်မရှိခြင်းဆိုသည့် အခြေအနေမှ ပေါ်ထွက်လာ ရခြင်းဖြစ်သည်။ ဗမာပြည်ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားလှုပ်ရှားမှုများ၏ သမိုင်းအစဉ်အလာအား ပြန်လည်ကြည့်ဆိုပါက ကျောင်းသားထုညီညွတ်ရေးအတွက် တစိုက်မက်မက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ယနေ့အခြေအနေအရ မကဒတသည် ကျောင်းသားအဖွဲ့အစည်းအားလုံးတွင် အခိုင်အမာဆုံးတည်ရှိနေသည့် ကျောင်းသားအင်အားစုဖြစ်သည်။ အခိုင်အမာ အချက်အလက်များအရ ကျောင်းသားညီညွတ်ရေးတာဝန်အား မကဒတမှ မုချထမ်းဆောင်ရမည်ဖြစ်သည်။
ကျောင်းသားညီညွတ်ရေးတာဝန်အား ထမ်းဆောင်ခြင်းသည် မကဒတ တည်တံ့ခိုင်မာရေးအတွက် သော့ချက်ဖြစ်သလို မကဒတ တပ်ဦးအခန်းပြန်လည်ရရှိရေးအတွက်လည်း အရေးကြီးသည့် လုပ်ငန်း ဖြစ်သည်။ ထိုအပြင် မကဒတအနေဖြင့် ရှေ့ဆက်လက်သွားရမည့် နိုင်ငံရေးခြေလှမ်းများအတွက်လည်း အသက်တမျှ အရေးကြီးသည်။
မကဒတ ဆက်လက်သွားသင့်သည့် နိုင်ငံရေးခြေလှမ်း (၂) လှမ်းအား ဆက်လက်ဆွေးနွေးပါမည်။
- ကျောင်းသားထု ညီညွတ်ရေး၊
- တိုက်ပွဲဝင်အင်အားများ စုစည်းညီညွတ်စေရေး တို့ပင်ဖြစ်သည်။
ကျောင်းသားထုညီညွတ်ရေးနှင့်ပတ်သက်၍ ကျောင်းသားအဖွဲ့အစည်းများညီညွတ်ရေးကို ဆောင်ရွက်ရမည် ဖြစ်သည်။ ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဗမာပြည်တွင် ကျောင်းသားသမဂ္ဂ ၃ ကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၈၈ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့မှ ဖွဲ့စည်းခဲ့သည့် ကျောင်းသားသမဂ္ဂ၊ ၁၉၉၃ အိုးဝေဇော် (ရဲဘော် ထက်မိုး) နှင့် ရဲဘော်များမှ ဖွဲ့စည်းခဲ့သည့် ဗကသ (ယာယီ)နှင့် ၂၀၀၇ စက်တင်ဘာ လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသည့် မျိုးဆက်သစ် (ဗကသ) တို့ပင်ဖြစ်သည်။ ၈၈ ကျောင်သားသမဂ္ဂသည် ကျောင်းသားတပ်မတော်အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။ ၉၃ ဗကသ (ယာယီ) သည် ဗကသ နိုင်ငံခြားရေးကော်မတီအဖြစ် ရပ်တည်လျှက်ရှိသည်။ အနီးဆုံးနေရာမှစတင်ကာ ညီညွတ်ရေးကို ဖေါ်ဆောင် ရမည်။ ထိုညီညွတ်ရေးဖြင့် ပြည်တွင်းအင်အားစုဖြစ်သည့် မျိုးဆက်သစ် ဗကသအား ဆက်လက်၍ ညီညွတ်ရေးကို ဖေါ်ဆောင်ရမည်။
ပြည်တွင်းကျောင်းသားအင်အားစုများထဲတွင် အသစ်ဖြစ်သော ၂၁ ရာစု ဗမာပြည်ယဉ်ကျေးမှုအခင်းအကျင်း အတွင်းမှ ပေါ်ထွက်လာသည့် အသစ်ဖြစ်သော ကျောင်းသားအင်အားစုကို အထူးပြုပြောလိုပါသည်။ ၂၁ ရာစု ဗမာပြည်တွင် ယခင်နှင့်မတူသည့် ပညာရေး အဆောက်အဦသစ်တခုပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာ တက္ကသိုလ်။ ၂၀၀၇ လှုပ်ရှားမှု၌ သံဃာတော်များ၏ “သောသုဇန ဘိက္ခူ” ဟူသော စည်းရုံးရေးကို သတိထားမိမည် ထင်ပါသည်။ ၎င်းသည် ဗုဒ္ဓဘာသာတက္ကသိုလ်မှ စာသင်သား သံဃာများ၏ အစည်းအရုံးဖြစ်သည်။ ထိုအဖွဲ့သည် သံဃာတော်များ၏ ကျောင်းသားသမဂ္ဂဟု ကောက်ချက်ချပါသည်။ ထို့အစည်းအရုံးအားလည်း ကျောင်းသားအင်အားစုအဖြစ် သတ်မှတ်သင့်ပါသည်။ ကျောင်းသားညီညွတ်ရေး လှုပ်ရှားမှုတွင် ထို “သောသုဇန ဘိက္ခူ” အဖွဲ့အားထည့်သွင်းရမည်ဟု မြင်ပါသည်။
ဤသည် မကဒတ ရှေ့ဆက်လက်လှမ်းရမည့် နိုင်ငံရေးခြေလှမ်းများထဲမှ ပထမခြေလှမ်းပင်ဖြစ်သည်။ ကျောင်းသားညီညွတ်ရေးမှတဆင့် တိုက်ပွဲဝင်အင်အားစုများညီညွတ်ရေးကို လှမ်းရပါမည်။ ယနေ့ဗမာပြည်၏ တိုက်ပွဲသော့ချက်သည် တိုက်ပွဲဝင်အင်အားစုများ ညီညွတ်ရေးပင်ဖြစ်သည်။ စစ်အာဏာရှင်တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် ဘုံတူညီချက်ရှာကာ စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲဝင်အင်အားစုများအား ညီညွတ် ရေးတည်ဆောက်ရမည်ဖြစ်သည်။ တိုက်မရရင်သူ့အောက်ဝင်ဆိုသည့် အယူအမြင်ရှိသူများနှင့်၊ ကယ်တင်ရှင် မျှော်သူများနှင့်တော့ ညီညွတ်ရေးတည်ဆောက်ရန်မလိုပါ။ တတ်ကြွသည့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လုပ်ဟန်ရှိသည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမဆိုနှင့် ညီညွတ်ရေးတည်ဆောက်ရမည်။ အဓိက အားဖြင့် ပြည်တွင်းရှိ တိုက်ပွဲဝင်အင်အားစုများနှင့် ညီညွတ်ရေးကို တည်ဆောက်ရမည်ဖြစ်သည်။
၂၁ ရာစု၏ ပထမမျိုးဆက်သည် အားကောင်းမောင်းသန်သော နိုးကြားမှုများဖြင့် ဗမာပြည်နိုင်ငံရေး စာမျက်နှာတွင် ရောက်ရှိလာချေပြီ။ ကမ္ဘာလောကတွင် ဖြစ်တည်နေသမျှအရာအားလုံးသည် သင်္ခါရ ဓမ္မသာလျှင် တည်မြဲသည်။ အဟောင်းချုပ်ငြိမ်းလျှင် အသစ်ဖြစ်တည်ပါသည်။ ဟောင်းနွမ်းဆွေးမြေ့နေသည့် အဟောင်း၏နေရာတွင် အသစ်သည် လက်ဆက်အားကောင်းစွာ အစားထိုးလေ့ရှိပါသည်။ ငါတို့လုပ်မှရမယ်၊ ငါတို့ခေါင်းဆောင်မှ ရမယ်ဟူသည့် ကယ်တင်ရှင်ဝါဒ အတွေးအခေါ်သည် ခေတ်မမီတော့ပါ။ သခင်မျိုးဆက် နယ်ချဲ့ဆန့်ကျင်ရေး ကွင်းသို့ ၀င်ရောက်လာသောအခါ ၀ံဿနုမျိုးဆက် ဖယ်ပေးရပါသည်။ သမိုင်းသံဝေဂ သည် ယူတတ်လျင် မြတ်ပါသည်။
တသီးတခြား အလေးပြုချင်သူ ရှိပါသည်။ ကျောင်းသားလှုပ်ရှားမှု ၇၀ စုနှစ်များ မျိုးဆက်ဖြစ်သည့် ရဲဘော် မောင်မောင်တိတ်ကို အလေးပြုပါသည်။ သူသည် ကျောင်းသားတိုက်ပွဲအားလုံးကို အဆက်မပြတ်တမ်း တတ်ကြွသည့် အခန်းမှ လိုက်ပါခဲ့သူဖြစ်ပါသည်။ ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာရှိပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

တပ်ဦးအခန်းကို မြင့်တင်ကြ
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်
ဒီအရေးတော်ပုံအောင်ရမည်

ရဲဘော် မြင့်ဘုန်းနိုင်
(ဒုတိယ မျိုးဆက်ဝင်တဦး)

Friday, December 26, 2008

ကမ်းတတ်တိုက်ပွဲ

လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)

Thursday, December 25, 2008

ဝမ်းစာရှာကြသူများ

ငါ့ကို
ကောက်စိုက်သမတွေ ကောက်စိုက်ကြသလိုမျိုး
တစစီဖဲ့ပြီး ရွှံ့မြေထဲနှစ်လိုက်ကြတယ်။

နောက်ပြီး
နှင်းမှုံဖွေးလွှ ဆောင်းဦးစရောက်ရင်လည်း
အသီးအပွင့်တွေကို ရိတ်သိမ်းကြဦးမယ်တဲ့။

၁၆၊ ၆၊ ၂၀၀၀

အဖေ

ဒီလက ကျနော့်သားမွေးတဲ့ လ ပါ။ အဖေ့ကို သတိရသွားလို့ ကျနော် ၂၀၀၀ လောက်က ရေးထားတဲ့ ကဗျာလေးကို ပြန်တင်လိုက်ပါတယ်။ ကျနော်ဒီကဗျာကို ဒေါင်းအိုးဝေရဲ့ ၀ထ္ထုတိုတပုဒ်ထဲမှာ ထည့်သုံးထားတာတော့ရှိပါတယ်။ သီးခြားကဗျာအဖြစ်တင်တာကတော့ ဒါ ပထမဆုံးပါ။ ၁၉၉၇ မှာ အဖေဆုံးပါတယ်။ အဲဒီအချိန်က ကျနော် အခြေခံဒေသထိုးဖောက်ရေးခရီးစဉ်ထွက်ခဲ့တဲ့ ထိုးစစ်ခရီးစဉ်အတွင်း ပျဉ်းမနား အရှေ့ဖက် တောင်တွေပေါ်မျာပါ။ ကျနော် အဖေဆုံးကြောင်း သိတာကတော့ ၂၀၀၀ မှာ ဖြစ်ပါတယ်။ ပထမအပုဒ်က (၁၉၉၄) ကျနော့်မွေးနေ့ မှာ ရေးခဲ့တာဖြစ်ပြီး ဒုတိယအပုဒ်ကတော့ အဖေဆုံးကြောင်းကြားတဲ့ ၂၀၀၀ မှာရေးခဲ့တာပါ။ အမှတ်တရလေးတင်ထားချင်လို့ပါ။

အဖေ


လောကဓံရိုင်း
လေကြမ်း လှိုင်းထန်
ကျောက်ဆူးရန်ကြား
ဖောက်လမ်းမထင်၊ သမုဒ်ပြင်၌
ပဲ့ဦးညွန်နှင် မာလိန်ရှင်။


မာလိန်မှူးမဲ့
ကမ်းဝေးခဲ့ပြီ
ကြွေးဟောင်းအသို့ဆပ်မည်နည်း။

၁၁၊ ၇၊ ၂၀၀၀

Saturday, December 6, 2008

မတူသောအစိမ်း

ပျဉ်းမနားဆိုတာ
ကဗျာမြို့
အနုပညာဂုဏ်ပုဒ်တွေနဲ့
တောက်ပြောင်ဝင်းလက်ခဲ့။

ကဗျာနဲ့စစ်
သဟဇာတမဖြစ်နိုင်။
အခုတော့
ကဗျာနဲ့စစ်
ဂူတဂူထဲနှစ်ကောင်အောင်းသလိုဖြစ်ခဲ့ရ။

`အချစ်ရေ …
ရိုးမစိမ်းစိမ်း၊ ပျဉ်းမနားအစိမ်းတွေကြားမှာ
အခုဆို
စူဠသု့ဘဒ္ဒါမုန်းတဲ့
ပန်းတွေဝေနေရောပေါ့´

မဟုတ်တော့ပါဘူးဆရာ
ဆန္ဒန်ဆင်မင်းကို အညိုးသိုနေတဲ့
စူဠသု့ဘဒ္ဒါလိုလူတွေ
ဘုရားဗိုက်ဖေါက်ပြီး
အသိုက်ဆောက်နေတဲ့အဖြစ်ပါ။

အခုတော့ …
အင်ကြင်းပန်းတွေ … ကြွေ …။

ပျဉ်းမနား ကြပ်ပြေးကို ရန်သူက နေပြည်တော်ဆိုပြီး ပြောင်းစဉ်ကာက ရေးထားတဲ့ကဗျာ အဲဒီကာက ခေတ်ပြိုင်ဝဘ်ဆိုက်မှာ တင်ခဲ့ဖူးပါတယ်။

ညိုထက် (လမ်းသစ်ဦး)

အစ္ဇျတ္တ အစီရင်ခံစာ

အလွမ်းတွေပေါင်းထူလွန်းတဲ့ ယာခင်းပါကွဲ့။

အမုန်းတွေ၊ ဒါဏ်ရာတွေကိုသာ
တသက်တာ စားသုံးခဲ့ရသူဖြစ်လို့မို့
ကိုယ့်ဝတ်စုံဟာ အနီရောင်ဖြစ်ခဲ့တယ်။
(ဒါပေမယ့် … အဲဒီအနီရောင်ဟာ
ကိုယ့်ဒါဏ်ရာဒါဏ်ချက်တွေထဲက
စိမ့်ထွက်လာတဲ့ သွေးတွေပါကွယ်။)

အချစ်ရယ် …
တကယ့်တကယ် ကိုယ်ချစ်တာက - အပြာ။

အရှေ့အလယ်ပိုင်းက သေနတ်သံတွေ ကြားယောင်
ကိုယ့်နိုင်ငံ တောင်ယာထဲက သွေးတွေကို မြင်ယောင်
ကိုယ့်ရင်ထဲက အမှန်တကယ်အတ္တတွေကို
ယောင်လို့တောင် ဖေါ်ပြခွင့်မရခဲ့။

နေစကြ၀ဌာအဖွဲ့အစည်းထဲက
သက်ရှိတွေနေတဲ့ ကမ္ဘာဂြိုလ်တဲ့လား
မီးခိုးမဆုံး၊ မိုးမဆုံး ယမ်းငွေ့တွေဖုံးလွှမ်း
စိတ်ငြိမ်းချမ်းရာ ငတ်မွတ်ခေါင်းပါးရပ်ဝန်း။

တိရိစ္ဆာန်က တိရိစ္ဆာန်ကိုသတ်
တိရိစ္ဆာက လူကိုသတ်
လူက တိရီစ္ဆာန်ကိုသတ်
လူက လူကိုသတ်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ဒါကိုများပြောတာလား။

လက်တီကျူ့၊ လောင်တီကျူ့တွေနဲ့
ထိမ်းခတ်ခံထားရတဲ့ အကျဉ်းသားတွေပါကွယ်။
ကိုယ်တိုင်မှာကလည်း
အနေမှန် အရေပြားတွေအောက်က
ဧကန်တရားတွေ ထူးခတ်ခံထားရတဲ့ အကျဉ်းသား
အခိုးအငွေတွေများလွန်းလို့ထင်ရဲ့
အိုဇုံးလွှာပေါက်ပြဲသွားရတယ်တဲ့
ကူးဆက်ရောဂါတွေ ထင်တာထက် များပြားနေတယ်။
နှစ်ဆယ့်တရာစုမှာ
ရေရှားပါးမှုအန္တရယ်ရှိသတဲ့
ရင်တွေပူလိုက်တာ။

အလွမ်းတွေ ပေါင်းထူလွန်းတဲ့ယာခင်းပါ
ဗုံးပေါက်ကွဲသံတွေနဲ့ခြားနားစွာ
ချစ်ရသူတွေရဲ့ ရင်ခုံသံကို ကြားနာချင်တယ်။
အချစ်ရယ် …
တကယ့် တကယ် ကိုယ်ချစ်တာက - အပြာ

ညိုထက် (လမ်းသစ်ဦး)

Sunday, November 30, 2008

ဆန်တီယာဂိုကြီးလို ဘယ်သူအရေးနိမ့်ဖူးသလဲ

`အောင်မြင်မှုဟာ ဘယ်ခလုပ်ကို နှိပ်နှိပ်မီးလင်းတယ်´ ဟန်သစ်ထဲက ဖတ်ဖြစ်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ ဟုတ်ခဲ့ပါတယ်။ အောင်မြင်မှုဟာ အမိန့်ရ ထန်းရည်ဆိုင်လို တရားဝင် သောက်စားပျော်ပါးခွင့်ရှိပါတယ်။ ဒါပေမယ့် ဟော့ဒီ သတ္တကမ္ဘာ ထဲ အောင်မြင်မှုကို လူဘယ်နှစ်ယောက်ကများ ကန်ထရိုက်စွဲထားနိုင်ခဲ့လိုလည်း။ တချိန်တခါကတော့ ဟော့ဒီလို တွေးခဲ့ဖူးတယ်။ လူ ၂ မျိုး ၂ စားရှိတယ်လို့။ ကမ်းပါးလိုလူ၊ ရေးစီးကြောင်းလိုလူ။ အဲဒီ နှစ်မျိုးထဲမှာမှ ရေစီးကြောင်းလိုလူထက် ကမ်းပါးလိုလူက ပိုမိုလို့ အများသားကလား။ ကဲ … တွေးကြည့်ရအောင်။

ကျနော်တို့ဟာ တိုက်စားနေတာလား။ တိုက်စားခံနေရတာလား။ သေချာသလောက်ရှိတဲ့ ကောက်ချက်ကတော့ များရာစုကြီးဟာ တိုက်စားခံနေရတာပါ။ ဘ၀တွေ၊ အတွေးအခေါ်တွေ၊ အချိန်တွေ၊ အသက်တွေ။ တ၀ုန်းဝုန်းပြိုကျ။ တနည်းအားဖြင့် ကျနော်တို့နှိပ်မိတဲ့ ခလုပ်တိုင်းဟာ ဖြူးစ် (Fuse) ပျက်နေခဲ့တာပေါ့။ ဆရာဖော်ဝေး ရေးခဲ့ဖူးသလို `ဘ၀ဟာ မီးလောင်ငုတ်၊ လဆုတ်ရက်တွေ ပွယောင်းရဲ့´

အဲဒီလိုဆန်ဆန် တွေးခေါ်ခဲ့ဖူးတဲ့ ဒဿနဆရာတယောက်ရှိခဲ့ဖူးတယ်။ နစ်ရှေး။ လူတွေဟာ Will to Power လို့ခေါ်တဲ့ တန်ခိုးသြဇာကြီးထွားလိုခြင်းဆိုတဲ့ ဆန္ဒနဲ့ အသက်ရှင်နေကြသတဲ့။ ကိုယ်က တန်ခိုးသြဇာကြီးအောင်မလုပ်နိုင်ရင် တန်ခိုးသြဇာကြီးထွားကြသူတွေရဲ့ လက်အောက်ခံဘ၀အဖြစ် ကြွမ်းထိုးမှောက်ခုံ ရောက်သွားစေလိမ့်မယ်လို့ ဟောခဲ့ ပြောခဲ့တာပါ။

ကံလား၊ ကတ္တားလား။ အောင်မြင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဟာ ပါးလွှာတဲ့ နံရံလေးပဲ ခြားပါတယ်။

`ဟုတ်တယ်
ကျုပ်တို့ လှေနိုင် နိုင်ခဲ့ပါတယ်
ရှုံးတော့လည်း ပြေးလိုက်ရ
နိုင်ပြန်တော့လည်း ပြေးလိုက်ရနဲ့
နိုင်တယ်ဆိုတာ
ပြေးနေရတာကိုပဲ ခေါ်လေသလားမသိ´ … ဆရာမောင်သင်းခိုင်ရဲ့ ကဗျာတပိုင်းတစပါ။ ခံစားထိရှရပါတယ်။ အချက်အလက် ၈ ခုနဲ့ ဖွဲ့စည်းထားတဲ့ လောကဓံဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်တော့လည်း အထက် ၄ ပါး၊ အောက် ၄ ပါးနဲ့ ဖွဲ့စည်းထားတာမဟုတ်လား။

ရှုံးတာလည်း လောကဓံ၊ နိုင်တာလည်း လောကဓံ။

မြန်မာစကားမှာတော့ `တူဖြစ်တုန်းနှံ၊ ပေဖြစ်တုန်း ခံ´ ဆိုတဲ့ စကားရှိပါတယ်။ အများတကာ ဘယ်လိုတွေးကြမယ် ဆိုတာ ကျနော်မသိ။ ကျနော်ကတော့ နှံသမျှ၊ ထုသမျှ သူ့ရင်ဘတ်ကြီးနဲ့ ရင်ဖွင့်တောင့်ခံနေတဲ့ ပေတုန်းတွေကို ချစ်မိပါတယ်။ ပေစစ်စစ်ကြီး ဖြစ်ဖို့ဆိုတာ နည်းတဲ့ပါရမီမှ မဟုတ်ပဲလေ။ ခံနိုင်လေ အဓိပ္ပါယ်ရှိလာလေ။ ခံရလေ သွေးလေ မှန်လေ။
ဒါ့ကြောင့်ပဲလို့ထင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်က `ခံရဲတာ သတ္တိ´ လို့ ပြောတာ။ ဟုတ်ပါတယ်။ လူဆိုတာ အောင်မြင်မှုကို ရေမကူပဲ သောက်တက်ကြပေမယ့် အရေးနိမ့်လာတဲ့အခါ ရေခဲလေး၊ ဆိုဒါလေး ရောချင်ကြပါတယ်။ အရေးနိမ့်မှုတွေကို သောက်ဖေါ်စားဖက်တွေလို လည်ပင်းဖက်ပေါင်းတက်ဖိုလိုပါတယ်။

အဲဒီလိုအချိန်မှာ လူအတော်များများဟာ `အကယ်၍´ ဆိုတဲ့ စဉ်းစားချက်တွေ ရှိလာတက်ပါရော။ လူ့ဘ၀မှာ အကယ်၍ဆိုတဲ့ ဖြည့်စွပ်မျှော်မှန်း စဉ်းစားနည်းဟာ အင်မတန်မှ တက္ကဗေဒ ဆန်လွန်းလှပါတယ်။ တကယ်တော့လည်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသာ အာရုံပြုသင့်တာ မဟုတ်လား။ ဒါ့ကြောင့်လည်း ဗုဒ္ဓက ပစ္စုပ္ပန်မှာ တည့်တည့်နေ လို့ ဟောကြားခဲ့တာပါ။ တမ်းတချက်တွေက စိတ်ကူးယဉ်ဆန်နေတယ်ဆိုရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ရှေ့ရှု့ဦးတည် မျက်မှောက်ပြုရပါလိမ့်မယ်။

ရင်ဆိုင်နေရမယ့် ကိစ္စကို ရင်ဆိုင်လိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ပြဿနာနဲ့ တွေ့တဲ့အခါ ထွက်ပြေးရေးဝါဒကို ကျင့်သုံးလို့မရပါ။ ပြဿနာနဲ့တွေ့တဲ့အခါ ပိုမိုကြံ့ခိုင်ရပါမယ်။ မရှိတဲ့သူဟာ မရှိတဲ့ အခြေအနေကိုပဲ အားကိုးရပါမယ်။ အကြပ်အတည်းကြားမှာ ကြံ့ကြံ့ခံပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို စေ့စပ်သေချာစွာ တုန်ပြန်တက်ဖိုလိုပါတယ်။ အာကြပ်အတည်းနဲ့တွေ့ရင် ခေါင်းအေးအေးထားရပါမယ်။ စေံစပ်သေချာဖို့လိုပါတယ်။

တခါတရံမှာ ဘာကိုဘယ်လို ရှုံးလိုက်ရမှန်းမသိတာတွေကို တွေ့ဖူးမှာပါ။ ကျနော်တို့ဘ၀တွေထဲကို လောကဓံလေးမြားတွေ၊ အနိဌာရုံ မိုးကြိုးမုန်တိုင်းတွေ တည့်တည့်မတ်မတ်ကြီး၊ နောက်ပြီး ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀ါးလုံးထိုး ပြေးဝင် လာတာတွေကို ရင်ဆိုင်ခဲ့ရဖူးမှာပါ။ နတ်နေကိုင်း အချိုးခံရတာတွေကိုလည်း ကြုံခဲ့ရဖူးမှာပါ။ ဒါပေမယ့် ဘ၀ဆိုတာ အတိမ်းအစောင်းတွေရှိသလို၊ အလှည့်အပြောင်းတွေလည်း ရှိတယ်။ ကိစ္စဆိုးကို ကိစ္စကောင်းအဖြစ် ဖန်တီးလို့ရပါတယ်။ ဖြစ်လာတော့လည်း လုပ်နိုင်တဲ့နည်းတွေက အများကြီးပါ။ အရှုံးပေးလိုက်သူသာလျှင် တကယ့် အရှုံး ဖြစ်ပါတယ်။

လူနဲ့တိရိစ္ဆာန်ကြားက ကွာခြားချက်ဟာ သိပ်များများစားစားရှိလှတာ မဟုတ်ပါဘူး။ လူဆိုတာ အခြေအနေတွေရဲ့ လက်အောက်ခံ မဟုတ်ပါဘူး။ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေတိုင်းမှာ ထောင်ထားခြားနားတက်တဲ့ လူရဲ့သဘောသဘာဝကို တွေ့ရမှာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေလို တိရိစ္ဆာန်တွေကို လိုက်လံသတ်ဖြတ် ရှာဖွေစားသောက်နေရတဲ့ အရိုင်းအစိုင်းခေတ်ကနေ ဒီကနေ့မြင့်တက်လာတဲ့ ယဉ်ကျေးမှု ကွန်ပြူတာ၊ အီလက်ထရောနစ်ခေတ်အထိ အဆင့်ဆင့်သော ဖြစ်ပေါ်တိုးတတ်မှုတိုင်းမှာ တော်လှန်ပုန်ကန်တက်တဲ့ လူ့သဘာဝကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင် အဆက်ဆက်သော လူသားမျိုးနွယ်စုကြီးဟာ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရင်း တိုးတတ်ရေးအတွက် ရုန်းကန်ခဲ့ကြပါတယ်။

ဒီဖေါ်ပြချက်ဟာ သဘာဝနယ်ပါယ်မှာရော၊ လူမှုဆက်ဆံရေးနယ်ပါယ်မှပါ သက်ရောက်မှုရှိခဲ့တယ်။ လူသားအဆက်အနွယ်တွေက သဘာဝတရားကို တော်လှန်ပုန်ခဲ့ရာကနေပြီး တော်ဖလာတို့ပြောကြဆိုကြတဲ့ လှိုင်း ၃ လှိုင်း ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ သဘာဝတရားကို လူတွေက တဖြေးဖြေးအနိုင်ရလာတဲ့အခါ ကုန်ထုတ်လုပ်တဲ့ ပုံသဏ္ဍန် ပေါ်လာပါတယ်။ ကုန်လုပ်ကိရိယာတွေ ဆန်းသစ်လာပါတယ်။ ကုန်လုပ်ဆက်ဆံရေးပုံသဏ္ဍန်လည်း ပေါ်လာပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ် (တနည်း) ကုန်လုပ်ဆက်ဆံရေးနယ်ကို တော်လှန်ပုန်ကန်ရာမှ ခေတ်ကြီး ၅ ခေတ် တိုးတက်လာရတာပါ။

ကျနော်တို့ဟာ အခြေအနေတွေရဲ့ လက်အောက်ခံမဟုတ်ခဲ့ပါဘူး။ လက်ခုတ်ထဲက ရေမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ပြောခဲ့သလိုပါပဲ။ ကျနော်တို့ဟာ လက်ခုတ်ထဲက ဖန်ကွဲစတွေပါ။ ဟော့ဒီမြေကမ္ဘာမှာ သက်ရှိလောကဆိုပြီး ဖြစ်တည်လာကတည်းက တိရိစ္ဆာန် အနွယ်ပေါင်းများစွာ၊ လူသားအမျိုးအနွယ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ရတာပါ။ မနည်းလှတဲ့ သတ္တမျိုးနွယ်ပေါင်းများစွာ ကျေပြုန်းခဲ့ရပါတယ်။ ဒါဟာ တိုက်ပွဲဝင်စိတ်ဓာတ် မလုံလောက်ခဲ့လို့ ဒီလိုဖြစ်ရတယ် ဆိုတဲ့အကြောင်းတကြောင်းလည်း ပါခဲ့ပါတယ်။ အရှုံးမပေးတဲ့လူ မရှုံးပါဘူး။

အခုခေါင်းစဉ်တပ်ထားတဲ့ ဆန်တီယာဂိုဆိုတာ ၀ထ္ထုတပုဒ်ရဲ့ ဇာတ်ကောင်အမည်ပါ။ အားနက်ဟဲမင်းဝေး ရေးခဲ့တဲ့ ကမ္ဘာကျော် `ပင်လယ်ပြာနဲ့ တံငါအို´ ၀ထ္ထုထဲက တံငါအိုကြီးပါ။ ဒီဝထ္ထုထဲက ဆန်တီယာဂိုကြီးဟာ အိုကြီးအိုမမှာ အဖေါ်မပါပဲ သူစီးလာတဲ့လှေထက်ကြီးတဲ့ ငါးကြီးတကောင်ကို ခက်ခဲပင်ပန်းစွာ ဖမ်းခဲ့နိုင်ပါတယ်။ အဲဒီငါးကြီးကို လှေပေါ်မတင်နိုင်တော့ ငါးမန်းတွေ ၀ိုင်းဆွဲစားသောက်ခဲ့လို့ သူမိလာတဲ့ငါးဟာ အရိုးနဲ့ ခေါင်းပဲကျန်ခဲ့ပါတယ်။ သူ့စကားနဲ့ပြောရရင်တော့ ပျစ်ပျစ်နှစ်နှစ်ကြီးကို အရေးနိမ့်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဆန်တီယာဂိုကြီးက အရှုံးပေးခဲ့သလားဆိုတော့ မဟုတ်ပါဘူး။ နောက်တပွဲအတွက် စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ပါတယ်။

`ငါတို့မှာ ငါးထိုးမှိန်းတချောင်း ကောင်းကောင်းရှိဖို့လိုတယ်ကွ´

ကျနော်တို့ရဲ့ဘ၀ ကာလတခုခုမှာ တစုံတခုကို ဆုံးရှုံးခဲ့ဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ ကျနော်တို့ ဘာလုပ်ကြမလဲ။ လူ၊ စိတ်ဓာတ်၊ လက်နက်။ လူရှိဖို့က အရင်ပါ။ နောက်တော့ စိတ်ဓာတ်၊ တိုက်ပွဲဝင် စိတ်ဓာတ်ရှိရင် လက်နက်ရှိလာပါလိမ့်မယ်။ တိုက်ပွဲမှန်သမျှ အညှာအတာကင်းပါတယ်။ ထိုးနှက်မှုတိုင်းဟာ ချေမှုန်းရေးအသွင် ဆန်ပါတယ်။ အရေးနိမ့်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ထွက်ပြေးရေးဝါဒကို မကျင့်သုံးနဲ့။ ဘယ်သူ ဆန်တီယာဂိုကြီးလို အရေးနိမ့်ခဲ့ဖူးလို့လည်း။ လုပ်ရမှာက နောက်ထပ် ငါးထိုးမှိန်းကောင်းကောင်းတလက် ရအောင်ရှာဖို့ပါပဲ။ ဟုတ်ပါတယ်။ ကျနော်ထပ်ပြောပါမယ်။

အရေးနိမ့်မှုကြုံတဲ့အခါ ငါးထိုးမှိန်းကောင်းကောင်းတလက်ရအောင်ရှာ။

ညိုထက် (လမ်းသစ်ဦး)

Tuesday, November 18, 2008

ချစ်ရသူတို့မြေ

အဲဒီမှာ
ဒီအချိန်ဆို
တောင်တွေမှာ ရေညှိတက်နေသလိုမျိုး
တောင်ယာခင်းတွေဟာ
မစို့မပို့လေး စိမ်းနေရော့မယ်။

အဲဒီမှာ
ဒီအချိန်ဆို
တောင်ယာခုတ်သားတွေကို
မီးရှို့ထားတဲ့ပြာတွေ
မိုးရေနဲ့အတူ စီးမြောနေရာမယ်။

အဲဒီမှာ
ဒီအချိန်ဆို
ရေစိုတောင်တန်းတွေနဲ့
အရိုင်းဆန်တဲ့ မြေသင်းနံ့တွေ
ထုံသင်းမွှေးပြန့်နေရောမယ်။

အဲဒီမှာ
ဒီအချိန်ဆို
ပလိုင်းကိုယ်စီလွယ်လို့
ပေါင်းလိုက်သူတွေ
ဟင်းစားခူးသူတွေနဲ့
နိုးထ အသက်ဝင်နေရောမယ်။

အဲဒီမှာ
ဒီအချိန်ဆို
မီးခိုးလေးတွေ လူလွင့်နေတဲ့
တောင်ယာတဲကလေးတွေဟာ
သရုပ်မှန်ပန်းချီကားတချပ်လို
ဆွတ်ပျံ့လှပနေရောမယ်။

လွမ်းတယ်ကွယ် …
ဒါဟာ တနည်းအားဖြင့်၊
ကိုယ်ဟာတောသားပါကွယ် …
ဒါဟာတနည်းအားဖြင့်၊
မျှစ်တွေကို ပြုတ်ပြီးရောင်းတဲ့အရပ်က မျှစ်ဟာ
ကိုယ်တိုင်ချိုးပြီးစားရတဲ့ မျှစ်လောက်မချိုပါဘူးကွယ် …
ဒါဟာတနည်းအားဖြင့်၊
တိုက်အိမ်တွေကြားက ဖြာထွက်လာတဲ့
တိမ်ရောင်တွေဟာ
တောင်တန်းတွေကြားက ဖြာဆင်းလာတဲ့
တိမ်တောက်ချိန်လောက်မလှဘူး …
ဒါဟာတနည်းအားဖြင့်၊
နီယွန်မီးတွေ လင်းပနေတာဟာ
ဇာတ်စင်ပေါ်မီးထွန်းထားသလိုလင်းနေတဲ့
လရောင်လောက်မလှဘူး …
ဒါဟာတနည်းအားဖြင့်၊
စကားလက်က မြိုင်သာယာကို ချစ်ခင်သလိုမျိုး
မျှစ်စို့နံ့၊ တောင်ယာနံ့တွေ သင်းမြတဲ့
အရိုင်းလေကိုသာ
တ၀ရှူရှိုက်လိုက်ရရင်
ငါ့တော်လှန်ရေး ရင်ခွင်ကြီးဟာ
ဖွံ့ထွားလာလိမ့်မယ်
လွမ်းတယ်ကွယ် …
ဒါဟာတနည်းအားဖြင့်
ချစ်တယ်ကွယ် … တောင်တန်းတွေကို။

ညိုထက် (လမ်းသစ်ဦး)

ဖိုးညိုတို့ရဲ့ သူပုန်စခန်း





စက်တင်ဘာအမဲ

ပြဿနာရဲ့
စတစ်ကာတွေ ဖုံးဖိထားတဲ့ မှန်တံခါးကို
ခြေထောက်နဲ့ ကန်ဖွင့်လိုက်ခြင်းပါပဲ။

ဟော့ဒီ
မြေကျော ရေကျောထဲ
အကြမ်းဖက်မှုတွေက လမ်းမပေါ်အန်ကျလာတယ်။
စက်တင်ဘာ ၁၁
စက်တင်ဘာ ၁၈
နောက်ပြီး စက်တာဘာကြီး တခုလုံး။

အလွမ်းတွေက အမောတကော
အတိတ်ကိုလွမ်းဖို့ထက်
အနာဂတ်ကို လှမ်းရမယ်
ပစ္စုပ္ပန်ကို ထမ်းရမယ်။

နှင်းဖြူဖြူတွေ ပိန်းနေတဲ့ နံနက်ခင်းလား
ကျနော်တို့ရဲ့ နှလုံးသားက
အဲဒီ
နှင်းခါးခါးတွေကိုလည်း ခါးသည်းလှရဲ့။

နေရာင်ခြည်တွေကွန့်မြူးနေတဲ့ အာရုံဦးမှာ
အသက်တ၀ကြီး ရှူပစ်လိုက်ဖို့ပါပဲ
သိပ်အများကြီးတော့ မဟုတ်ဘူး
ရင်ဘတ်ကြီး လွတ်လွတ်ကျွတ်ကျွတ်ပွင့်ခွင့်
တခုတည်းရယ်။

ညိုထက် (လမ်းသစ်ဦး)