ဆရာဂါရဲ့ ဆောင်းပါးဆိုလိုရင်းကို သဘောပေါက်အောင် တခေါက်လောက် သေသေချာချာ ပြန်ဖတ်စေချင်ပါတယ် ကိုကန့်လန့်။ ဆရာဂါ ဘာပြောချင်တယ် ဆိုတာကိုပေါ့။ ဆရာဂါ ပေးချင်တာနဲ့ ကိုကန့်လန့် ရနေတာ လွဲနေတယ်ထင်တယ်။
ကျနော် ဒီကဗျာကို ဒေါက်တာလွဏ်းဆွေဘလော့ခ်ကို အရင်ပို့တာပါ။ သူ့က ဒေါက်တာလွဏ်းဆွေက အထက်ပါအတိုင်း သဘောထားပေးခဲ့ပါတယ်။ ကျနော်ကပဲ စာရေးဆရာ - ဂါမဏိရဲ့ ဆောင်းပါးအပေါ် အမြင်လွဲခဲ့တာလား၊ စာရေးဆရာ - ဂါမဏိကပဲ ဆရာဒဂုန်တာရာရဲ့ တရားကို တလွဲသုံးခဲ့တာလား။ ကျနော်မှားတယ်ဆိုရင် ကျနော်တာဝန်ခံပါတယ်။ အမှားအမှန်ကို စာဖတ်သူများက ဆုံးဖြတ်ပေးရမှာပါပဲ။ ဒါ့ကြောင့် ဒိကဗျာကိုတင်ပြလိုက်ပါတယ်။
ဖြစ်ခဲ့ဖူးပါတယ်။ ပြည်တွင်းမှာ မြတ်ခိုင်က မော်နီတာဂျာနယ် အမှတ် (၁) မှာ ဆရာဒဂုန်တာရာကို ဦးချစ်လှိုင်တို့၊ သခင်တင်မြတို့နဲ့ တွဲပြီးတော့ စကားဝိုင်းလုပ်ခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး ဗကပ ကြေငြာချက်မှာ မြတ်ခိုင်တို့က ဆရာ ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်တယ်” ဆိုတာကို လိုရာဆွဲပြီး အသုံးချခဲ့တာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ အခုလည်း စာရေးဆရာ - ဂါမဏိက ဆရာ ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်တယ်” ဆိုတာကို လိုရာဆွဲ အသုံးချနေတယ်လို့ မြင်လို့ ဒီကဗျာကို ရေးခဲ့တာပါ။ နည်းနာဆိုတာ တခုတည်းမဟုတ်ဘူးဆိုတာက စာရေးဆရာ - ဂါမဏိ ဆိုလိုရင်းပါ။ ဒါကို ပြောတာ ဒဂုန်တာရာကို အသုံးချစရာမလိုပါဘူး။ ဒဂုန်တာရာက ငြိမ်းချမ်းရေးဝါဒီပါ။ ဆင်ကြုံးသွင်းရေးသမားမဟုတ်ပါဘူး။ ကိုယ့်တရားကိုယ် ထူထောင်ခွင့်ရှိပါတယ်။ ဥပမာဗျာ - “စားပွဲဝိုင်းထိုင်ဆွေးနွေးဖို့ နည်းနာအားလုံးသုံးကြစို့” ဆိုလည်း ရပါတယ်။
ဒီမှာသေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမော်ကားရေးနေတာတွေကို ၂ ဖက်အမြင်သိရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေေ၀စာစာဖော်ပြနေတဲ့ ဒေါက်တာလွဏ်းဆွေဟာ စာရေးဆရာ - ဂါမဏိကို ဝေဖန်တဲ့ ကဗျာကိုတော့ ၂ ဖက်အမြင်သိရအောင် ဖေါ်ပြသင့်ပါလျက် မဖေါ်ပြခဲ့တဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ဖေါ်ပြချက်ကို တွေ့လိုက်ရတာပါပဲ။ ရန်ကုန်မှာ မြားနတ်မောင်လုပ်စဉ်က စစ်အုပ်စုကို မဝေဖန်ရဲသလိုမျိုးပေါ့။ နီးရာဓါးတော့ ကြောက်တဲ့ပုံပါပဲ။ မဲဆောက်မှာ နေတဲ့အခါကြတော့လည်း မိခင်စိတ်ရှိတဲ့၊ အာဃာတမရှိတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် စာရေးဆရာ - ဂါမဏိကို ကြောက်ပုံရပါတယ်။ ဒေါက်တာလွဏ်းဆွေလည်း မဲဆောက်မြို့က မြတ်ခိုင် ဖြစ်မှန်းမသိဖြစ်နေပြီ။
ဒီကဗျာဟာ ဒဂုန်တာရာအတွက် ခုခံကာကွယ်တာဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ခုခံကာကွယ်တာဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ညိုထက် (လမ်းသစ်ဦး) လည်း တတပ်၊ တအား ဖြစ်တယ်ဆိုတာ ဖေါ်ပြတာလည်းဖြစ်ပါတယ်။
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း
ကြံကြံဖန်ဖန်
ဆင်ကြုံးသွင်းနည်းနဲ့မှ
မိတ်ဆွေဖွဲ့ရတယ်လို့။
တန်းတူ
ချစ်ကြည်
နားလည်မှုရှိပါမှ
မိတ်ဆွေဖြစ်ကြမှာ မဟုတ်လား။
ဥပမာပေးစရာရှားလို့
ဆရာဂါလည်းဖတ်ဖူးမှာပေါ့
“လွမ်းတေး”
ဟုတ်ပါ့
ဆရာဇော်ဇော်အောင်ရဲ့ “လွမ်းတေး”ပေါ့။
ဒီလိုရှိတယ်ဆရာဂါ
ဆရာဇော်ဇော်အောင်ရဲ့ငယ်ဘဝ
(ဆိုကြပါစို့)
ဇော် (သလ္လာ) ဘ၀ကတည်းက
ကွန်မြူနစ်တွေအပေါ်ထားခဲ့တဲ့
အညိုးအတေး
အာဃာတ
အမုန်းတရားများ
ကြေပါပြီ
ပြေပါပြီ
ပြီးပါပြီတဲ့။
အဲဒါ “လွမ်းတေး” ပေါ့
အဲဒါ “ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း” ပေါ့
အဲဒါ “ကြီးမြတ်တဲ့ နိုင်ငံရေး” ပေါ့။
“မတူတာတွေ ပေါင်းစည်းတဲ့အခါ အသစ်ဖြစ်တယ်” တဲ့
“လူဆိုတာ အချစ်တွေနဲ့ မွေးလာတာ” တဲ့
ဒဂုန်တာရာက
သူ့အတွေးအခေါ်ကို အဲဒီနေရာကစခဲ့တယ်
ဘယ်မှာ ဆင်ကြုံးသွင်းတာ ပါလို့လည်း
ကျနော်တော့ဖြင့် အချစ်ကိုပဲတွေ့ရတယ်။
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ၊ ချစ်သူသာရှိ
အဲဒါ
ဆရာဂါရေးသလို
ငါနဲ့မတူ၊ မိတ်ဆွေမဟုတ်
မိတ်ဆွေမဟုတ်သူဖယ်ရှား
ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဖြစ်သွားသတဲ့
ရယ်စရာတော့လည်းအကောင်းသား
ဒီအတိုင်းသွားနေလို့ကတော့
ချစ်သူမရှိ၊ မုန်းသူသာရှိ ဖြစ်သွားမပေါ့ ဆရာဂါ။
ပန်းပေါင်းတရာပွင့်ပါစေ
ပညာရှိတိုင်း ငြင်းခုန်ပါစေ
သူ့အပင်မှာ သူ့အပွင့် ပွင့်မယ်
ကိုယ့်အပင်မှာ ကိုယ့်အပွင့် ပွင့်မယ်။
မိတ်ဆွေကို ကြုံးသွင်း ဖွဲ့လို့မရသလိုမျိုး
အဘိဓမ္မာကိုလည်း ကြုံးသွင်းလို့မရဘူး။
ကိုယ့်စကားနားထောင်မှ မိတ်ဆွေ
ကိုယ့်တရားနာခံမှ မိတ်ဆွေ
ဆရာဂါရေ …
အဲဒီအသိလောက်နဲ့
ဒဂုန်တာရာကိုလည်း ကြုံးသွင်းလို့မရဘူး။
ဒဂုန်တာရာဆိုတာ
စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့သူ
သခင်ကိုယ်တော်မှိုင်းကို ဆက်ခံသူ
ကိုယ်ပိုင်အဘိဓမ္မာရှိတဲ့ ငြိမ်းချမ်းရေးဝါဒီ
မိမိကိုယ်ကို ရွေးချယ်တက်တဲ့ ကဗျာဆရာ
နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ယုံသူ
မတူတာတွေပေါင်းတဲ့အခါ အသစ်ဖြစ်တယ်လို့ ယုံသူ
အချစ်ကို ယုံသူ။
ဒဂုန်တာရာက သူ့ဘ၀တလျောက်လုံး
ငြိမ်းချမ်းရေးအဘိဓမ္မာကို ကိုင်ဆွဲခဲ့တယ်
ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးခရီးတလျောက်လုံး
တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ကိုင်ဆွဲခဲ့တယ်
ဒဂုန်တာရာက “ဗဟုဝါဒ” ကိုပြောတယ်
ဒေါ်အောင်ဆန်းစုကြည်က “ပါတီစုံ ဒီမိုကရေစီ” ကိုပြောတယ်
သူတို့ ၂ ယောက်လုံးက ပြည်တွင်းစစ်ကို မလိုလားကြဘူး။
ရပ်တည်ချက်
အမြင်
နည်းနာ
ဆရာဂါရေ …
ရပ်တည်ချက်က အဆုံးအဖြတ်မဟုတ်လား။
လက်နက်ကိုင်တိုက်တာပဲဖြစ်ဖြစ်
စေ့စပ်ဆွေးနွေးအဖြေရှာတာပဲဖြစ်ဖြစ်
နည်းနာတွေပဲမဟုတ်လား။
ကျနော်တို့ အဓိက ဆုပ်ကိုင်ရမှာ
ရည်မှန်းချက်လား
နည်းနာလား။
ဂဋုန်ဦးစောက
ဗိုလ်ချုပ်အောင်ဆန်းကို
လက်နက်ပုန်းတွေနဲ့ လုပ်ကြံသတ်ဖြတ်သလိုမျိုး
ဂဋုန်ဦးစောလက်သစ် အက်ဆစ်က
ဒေါ်အောင်ဆန်းစုကြည်ကို
ကလောင်ပုန်းနဲ့ လုပ်ကြံသတ်ဖြတ်တဲ့အချိန်နဲ့
ဆရာဂါ့ဆောင်းပါး မရှေးမနှောင်းထွက်လာတယ်
ဖွဟဲ့ … လွဲပါစေ - ဖယ်ပါစေ
မတော်တဆ တိုက်ဆိုင်တာပဲဖြစ်ပါစေ။
အချစ် - ဝေဖန်ရေး - အချစ်
ဆရာဂါရေ …
ကျနော့်မှာတော့
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ၊ ချစ်သူသာရှိ။
ဆရာဂါ - စာရေးဆရာ ဂါမဏိ
ညိုထက် (လမ်းသစ်ဦး)
၂၃ - ၄ - ၁၁
No comments:
Post a Comment