Monday, April 25, 2011

“ယက်တူရှင်ကို” ကို ကြိုက်တယ်

“မာယာကော့စကီး” ဟာ

ရုရှားပဒေသရာဇ်စနစ်ကို သူပုန်ထ

“လီနင်”တို့ တော်လှန်ကြတဲ့ခေတ်မှာ

ကလောင်ကိုင်ခဲ့တာဖြစ်ပြီး

“ယက်တူရှင်ကို”ကတော့

“စတာလင်”ခေတ်မှာ ကလောင်ကိုင်ခဲ့တာဖြစ်တယ်။

ကဗျာဆရာဆိုတာ

သူတည်ရှိနေတဲ့ခေတ်ကိုပဲ

ကိုယ်စားပြုဖေါ်ထုတ်လေ့ရှိတယ်

ငါ

“ယက်တူရှင်ကို”ကိုကြိုက်တယ်။

“ယက်တူရှင်ကို”ဟာ ကွန်မြူနစ်ဖြစ်တယ်

ဒါပေမယ့်

ဆိုဗီယက်အီလစ်တွေက သူ့ကို မကြိုက်ကြဘူး

“ယက်တူရှင်ကို”ဟာ ကွန်မြူနစ်ဖြစ်တယ်

ဒါပေမယ့်

“စတာလင်”က သူ့ကို မကြိုက်ဘူး

ဒါပေမယ့်

ငါက

“ယက်တူရှင်ကို”ကို ကြိုက်တယ်။

ဘယ်တက်နိုင်မလဲ

“စတာလင်” က “ယက်တူရှင်ကို” ကိုမကြိုက်တာ

ဘယ်တက်နိုင်မလဲ

ငါ က “ယက်တူရှင်ကို” ကြိုက်တာ

ဘယ်တက်နိုင်မလဲ။

ဆိုဗီယက်အီလစ်တွေနဲ့တည့်မှ

ကွန်မြူနစ်ဖြစ်ရမှာတဲ့လား

ကွန်မြူနစ်ဖြစ်ခွင့်လက်မှတ်ကို

အီလစ်တွေဆီမှ တောင်းမှ ရမှာတဲ့လား။

ဒါပဲ

“ယက်တူရှင်ကို”ဆိုတာ

ဒါပဲ။

ပြည်သူနဲ့အတူချီတက်တာ

ကွန်မြူနစ်ဖြစ်တယ်

ပြည်သူနဲ့အတူ ခံစားတာ

ကဗျာဆရာဖြစ်တယ်

ဒါ့ကြောင့်ပဲ

“ယက်တူရှင်ကို” ဟာ

“ဇီးမားလမ်းဆုံ”ကို ရေးခဲ့နိုင်တာဖြစ်တယ်။

ရဲရဲတွေး

ရဲရဲရေး

ရဲရဲတင်ပြ

သတ္တိရှိလို့ ကလောင်ကိုင်တာ

အဲဒါ

ကဗျာဆရာ။

လှံသွားထက်ချွန်မြ

နီလည်းနီ၊ ထက်လည်းထက်ရှ

သူရင်ဆိုင်နေရတဲ့ ခေတ်ရဲ့လောကဓံတွေကို

လှလှပပ ရင်ဆိုင်ပြသွားခဲ့သူ

ဖေါက်ထွက်ပြသွားခဲ့သူ။

တကယ်တော့

“ယက်တူရှင်ကို”ဟာ

“စတာလင်”ခေတ်ရဲ့

ဂုဏ်ယူစရာအကောင်းဆုံး အသီးအပွင့်ပါပဲ။

သူ့အတွက်

ဂုဏ်မယူနိုင်ကြသူတွေကိုတော့

… … … …

ထားလိုက်ပါတော့။

ကမ္ဘာအနှံခရီးတွေထွက်လို့

ကမ္ဘာ့ပြည်သူတွေဆီကို

“စတာလင်”ခေတ် ပြည်သူတွေရဲ့ ရင်ခုန်သံကို

အရောက်ပို့ပေးခဲ့တယ်။

ကမ္ဘာအနှံခရီးတွေထွက်လို့

သူ့မိခင်ဘာသာစကားနဲ့ပဲ

သူ့ကဗျာတွေကို

ဌာန်ကျကျ၊ မာကျကျ

ရွက်ဆိုပြခဲ့တယ်။

သူ့ကဗျာရွက်ဆိုပွဲတွေဟာ

ကမ္ဘာအနှံအောင်မြင်ခဲ့တာပေါ့

ပြည်သူတွေက သူ့အတွက်

ဂုဏ်ယူခဲ့ကြတာပေါ့။

အေးဗျာ …

ကျနော်ကတော့

“ယက်တူရှင်ကို” ကိုကြိုက်တယ်။

ညိုထက် (လမ်းသစ်ဦး)

၉ - ၄ -၂၀၁၁

No comments: