Monday, April 11, 2011

ကျနော့်အဖေ

သောကထည်သွား
နင်းချေခံထားရတဲ့ လယ်ကွက်ဟာ
ကျနော့်အဖေပေါ့။

လယ်သမားမိသားစုကမွေးတဲ့ ပညာတတ်အဖေ
ပန်းချီတွေလည်း ရေးဖူးတယ် တယောထိုးလည်း ပိုင်နိုင်တယ်
ဇာတ်ဆရာလည်း ဖြစ်ဖူးတယ်
အဲဒီလိုနဲ့
အငြိမ့်သမလေး “စောရီ”နဲ့ အကြောင်းပါခဲ့ကြတယ်။

ကျနော်တို့ဆွေမျိုးတွေကပဲ “ကွန်ဆာဗေးတစ်” ဆန်တယ်ပြောရမလား
ကျနော့်အမေကပဲ “ဇာတ်သမ” သိပ်ဆန်လွန်းတယ်ပြောရမလား
သားသမီး ၄ ယောက်ရဲ့အမေဟာ
အပျိုမလေးတယောက်လို အိမ်ပေါ်က ဆင်းသွားခဲ့တယ်
ကျနော့်အသက် ၃ နှစ်အရွယ်
လူမမယ် (၁၉၇၆)။

ခံစားခဲ့ရမှာပေါ့
ခံစားခဲ့ရတာပေါ့
သေချာတာကတော့
ကျနော်သိတတ်သလောက်အရွယ်ကတည်းကိုက
အဖေဟာ
ပန်းချီိဆရာမဟုတ်တော့ဘူး
တူရိယာလုလင် မဟုတ်တော့ဘူး
ဇာတ်ဆရာ မဟုတ်တော့ဘူး
ဆေးလိပ်တွေပဲ လှိမ့်ဖွာနေတဲ့ တောကျောင်းဆရာ။

ဖျတ်ခနဲ
အဖေရေးခဲ့တဲ့ သီချင်းရယ်လို့
ခပ်သဲ့သဲ့ကြားဖူးတာလေးကို သတိရသွားမိတယ်
“ကြာနွယ်ရိုးလေး ချိုးကြည့်ပါ”
ကျနော်နားထောင်ကြည့်လိုက်တော့
အလွမ်းတွေပဲ
သူ့ရင်ဘတ်ထဲ
ထည်သွားရာအထပ်ထပ်နဲ့
နှစ်ပေါင်း ၃၀ လောက်အထိ စိုက်ပျိုးထားတဲ့ အလွမ်းတွေ
မီးရောင်အောက်က ဇာတ်စင်ပေါ်မှာ
ဗလာထမီလေးခတ်ခတ်ပြီး ကနေတဲ့
အငြိမ့်သမလေး “စောရီ”ကို လွမ်းနေတဲ့အလွမ်းတွေ
အဲဒီလို
ကြာနွယ်ရိုး ချိုးသလိုမျိုး
အပင်ပြတ်ပေမယ့် အမျှင်မပြတ်စတမ်း အဖေလွမ်းခဲ့တဲ့
အငြိမ့်သမလေး “စောရီ” ဟာ
အခုအချိန်မှာတော့ “ဒေါ်သီသီလှိုင်” ဖြစ်နေခဲ့ပါပြီ
“ဖြစ်တည်မှုပဓာန” ၀ါဒီတွေရေးလေ့ရှိတဲ့ ၀ထ္ထုတွေလိုပါပဲလား
ကျနော်တို့ မိသားစုရဲ့ ဖြစ်ပုံများ ပြောပါတယ်။

ရွာသူကြီးမျိုးရိုး
မြေရှင်တပိုင်း ချမ်းသာလယ်သမား
အဲဒီလိုမိသားစုက မွေးဖွားခဲ့ပေမယ့်
ကျနော့်အဖေကတော့
အနုပညာကိုချစ်
သားသမီးတွေကိုချစ်
ကျောင်းသားတွေကိုချစ်
သူ့အမျိုးတွေထဲမှာ အမွဲတေဆုံးလူဖြစ်ခဲ့ရတယ်။

အဖေဟာ
သူ့သားသမီးတွေကို
သူ့အမ အပျိုကြီးဆီမှာ အပ်ထားပြီး
တောကျောင်းဆရာ သွားလုပ်နေခဲ့သူ
သူ့သားသမီးတွေကိုတော့
သူ့အမ “ဒေါ်အေးကျင်” က ဈေးရောင်းကြွေးခဲ့ရတယ်။

တကယ်ပါပဲ
အဖေဟာ ပင်ကိုယ်သြဇာကြီးသူပဲပြောရမလား
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်များသူပဲ ပြောရမလား
သူရောက်လေရာရွာကလေးတွေနဲ့
ရွာသူရွာသားတွေနဲ့
ကျောင်းသားတွေနဲ့
တသားတည်းကျခဲ့
သူ့ဂုဏ်သိက္ခာဟာ ကြီးကျယ်ခန်းနားနေခဲ့
အညတရဆန်ဆန်။

အဖေဟာ
အားမာန်တွေနဲ့လည်း ပြည့်လျှမ်းနေခဲ့သူ။

ဒါပေမယ့်ဗျာ
အသေအချာစဉ်းစားကြည့်လိုက်တော့
အဖေဟာ ပန်းချီကားတချပ်ဆိုရင်
သောကဗျာပါဒ ဆေးသားတွေ ထူပျစ်နေတဲ့ ပန်းချီကား
အဖေဟာ ပြဇာတ်တပုဒ်ဆိုရင်
ဇာတ်နာစရာတွေ ပြည့်လျှမ်းနေတဲ့ ဆင်းရဲသားသရုပ်မှန်ပြဇာတ်
အဖေဟာ တေးချင်းတပုဒ်ဆိုရင်
အလွမ်းအဆွေးတွေများလွန်းတဲ့ ရိုမန်တစ်တေးချင်းတပုဒ်။

အဲဒီလိုနဲ့ လူလုပ်သွားခဲ့ရသူအဖေ
သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေဟာ
သူ့ဘ၀ရဲ့ ဇာတ်အနာဆုံးအချိန်တွေဖြစ်ခဲ့။

သူ့ အမလည်းဖြစ်
သူ့ ရဲဘော်ရဲဘက်လည်းဖြစ်
သူ့ တပ်မှူးလည်းဖြစ်
သူ့ သားသမီးတွေရဲ့ အားထားရာ ပင်မပင်စည်လည်းဖြစ်သူ
ဒေါ်အေးကျင်ကွယ်လွန် (၁၉၉၁)။

သားသမီးတွေကို သိပ်ချစ်တဲ့ အဖေ့ရင်ခွင်ထဲကနေ
သူသိပ်ချစ်တဲ့ သားသမီးတွေ
တယောက်ပြီးတယောက် ထွက်ခွာသွားခဲ့ကြ (၁၉၉၂ - ၉၄)
အဖေဟာ
ကိုင်းအားလုံး အချိုင်ခံလိုက်ရတဲ့ သစ်ပင်တပင်လို။

သူ့တသက်လုံး ထိမ်းသိမ်းလာခဲ့တဲ့
ငွေကြေးဆိုင်ရာ ဂုဏ်သိက္ခာကို
သူ့ သူငယ်ချင်းတယောက်က ရိုက်ချိုးဖျက်ဆီးခဲ့တယ် (၁၉၉၅)
ဂိုဏ်းတူညီအကိုလိုနေခဲ့တဲ့ သူငယ်ချင်းရဲ့
အရေးမလုပ် အေးစက်မှုတွေနဲ့ ပစ်ပေါက်တာကို ခံခဲ့ရတယ် (၁၉၉၆)
ကိုင်းချိုင်ခံထားရတဲ့သစ်ပင်ကို ထပ်မံ သင်းသတ်လိုက်သလိုမျိုး။

အဲဒီလို … အဲဒီလို …
ချစ်ဦးသူနဲ့ ကွေကွင်းရ
တပ်မှူးကိုလည်း ပေးလိုက်ရ
သားသမီးတွေကို လက်လွှတ်ဆုံးရှုံးရ
သူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုကိုလည်း ခံခဲ့ရ
အဲဒီလို အဖေ့ကိုမှ
ထပ်၍ … ထပ်မံ၍
ခေတ်ပေါ့ …
ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပေါ့
အဲဒီခေတ်က
အဲဒီ ပြည်တွင်းစစ်က
မြေနိမ့်ရာ လှံစိုက်ဆိုသလိုမျိုး
ခြုံခိုတိုက်ပွဲတွေအဖြစ်ရော
စခန်းသိမ်းတိုက်ပွဲတွေအဖြစ်ပါ
ဒရောသောပါး လှိမ့်ဝင်လာ။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပေါ့ဗျာ
မြေနိမ့်ရာလှံစိုက်လိုက်ပုံက
သားတယောက်က ပြည်တွင်းစစ်ကို တိုက်နေသူ
သားငယ်သူပုန် (၁၉၉၂)
သားတယောက်က ပြည်တွင်းစစ်ဒဏ်ကို ခံနေရသူ
သားကြီးမိုင်းထိ (၁၉၉၇)။

အဲဒီလိုနဲ့
သင်းသတ်ခံထားရတဲ့အဖေဟာ
သူ့ သားငယ်က
တော်လှန်ရေး အခြေခံဒေသတည်ဆောက်မယ်ဆိုတဲ့
စိတ်ဓာတ်တွေတဟုန်းဟုန်းနဲ့ တော်လှန်စစ်ကိုနွှဲနေတဲ့ အချိန်မှာပဲ
ပြည်တွင်းစစ်ဒဏ်ကို ခံနေရသူ
သူ့ သားကြီးကို ခြေထောက်ဖြတ်နေတဲ့အချိန်မှာပဲ
အဲဒီ
သူ့သားကြီးကို ခြေထောက်ဖြတ်ပေးတဲ့ ဆေးရုံမှာပဲ
နှလုံးရောဂါနဲ့ ဘုန်းဘုန်းလဲခဲ့ရတော့တယ်
ကိုင်းချိုင် သင်းသတ်
အဖေ့ဘ၀ အမြစ်ပါပျက်ခဲ့ရတယ် (၁၉၉၇)။

သေချာပါတယ်
အဖေဟာ
သောကထည်သွား
နင်း ချေ ခံထားရတဲ့ လယ်ကွက်
ကျနော်တို့ကို
စိုက်ပျိုးထားရစ်ခဲ့။

ညိုထက် (လမ်းသစ်ဦး)

No comments: