Thursday, June 4, 2015
တမ်းတ
သက်ပြင်းမှုတ်သံတချက်တချက်စီမှာ.....
နှာခေါင်းဝဆီက ထွက်လာတဲ့ခပ်နွေးနွေးအပူငွေ့တွေကို....
သစ်ရွက်စိမ်းတွေဆီက ဇိမ်းရွှေရွှေ(စိမ်းရွှေရွှေ)ရနံ့ကို
နှစ်ခြိုက်နေမိသလား...။
မပြောတတ်တော့ပါ
ဘာကိုမှလဲ ဆက်လက်ပြောကြားလိုစိတ် စိုးစဉ်လေမျှမရှိတော့ပါ။
တိမ်တောက်တဲ့ ညနေ၊
ရေတမာပင်ရိပ်သန်းတဲ့ ညနေ၊
သံလွင်မြစ်ရေစီးသံ သွဲ့သွဲ့ညင်သာတဲ့ ညနေ..၊
သိပ်လှတဲ့ညနေ၊
ဟော့ဒီ အထီးကျန်တဲ့ညနေမှာ......
ဟိုးဘက်သံလွင်မြစ်ဆီ တစ်ရိပ်ရိပ်ကျဆင်းနေတာဟာ
ဆည်းဆာလား..
ကိုယ်ကိုယ်တိုင်လား...
ကျရှုံးမှုမှာ ငါရင်မခုန်နိုင်ဘူး ညနေရေ....
ငါ...မရယ်၊မပြုံးပြနိုင်တဲ့အတွက် ခွင့်လွှတ်တော့လေ...ကွယ်......။
လျှောခနဲ၊လျှောခနဲ နဲ့
လျှောကျနေတဲ့...ဆည်းဆာရေ....
ဒီတစ်ညတော့မင်းလဲ တစ်ထောက်နားလိုက်ဦး..
ငါလဲငါ့နှလုံးသားကို တစ်ညအနားပေးမယ်။
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းထဲမှာ
အပူငွေ့တွေပါသွားပါစေ။
ဇိမ်းရွှင်ရွှင်ရနံ့တွေတော့ ချန်ထားခဲ့ပါဦး။
ငါ့အသက်ရှူသံခပ်ပြင်းပြင်းမှာ.....၀င်ကယ်ထွက်ကယ်နဲ့...
အဲ့ဒါ အပူငွေ့တွေများ။
ဘယ်ရောက်သွားလဲ၊
သူဘယ်ရောက်သွားသလဲ.........
ခင်ဗျားတို့သိထားရမှာက
ပြန်မရတော့တာဟာ
အတိတ်ဆိုတာကိုပါ။
ခင်သန္တာအောင်
Monday, June 1, 2015
* ကျန်းမာရေး ဂရုစိုက်ပါ ကမ္ဘာမြေကြီး *
ဗျို့------ကမ္ဘာမြေကြီး
-----------------------
လူစော်တွေနံပြီး ခများခေါင်းတွေကိုက်နေပြီလား
အရောင်အဆင်းတွေလှသလောက်
မဿတီစရာတွေများလာတဲ့
ဒီခေတ်ကြီးမှာ
ခများလည်း ချာလပတ်လည်ရောပေါ့
ကျန်းမာရေးဂရုစိုက်ပါ ကမ္ဘာမြေကြီး
-------------------------------------
--------------------------------------။
ဗျို့------ကမ္ဘာမြေကြီး
-----------------------
လူတွေကပြောကြတယ်
ခများရဲ့ တုန့်ပြန်မှု့က
ရက်စက်လွန်းတယ်ဆိုပဲ
သူတို့ရဲ့ မျက်ချေးတွေ
သူတို့မမြင်ကြဘူး
သူတို့ ရဲ့အနံ့တွေ
သူတို့မရှူရှိုက်မိကြဘူး
ခင်များပျို့အန်လာတာပဲ
သူတို့မြင်ကြတယ်
ခင်များ ဘာကြောင့်ခေါင်းမူးတာလည်း
သူတို့ မတွေးသိကြတော့ဘူး
ကျန်းမာရေးဂရုစိုက်ပါ ကမ္ဘာမြေကြီး
-------------------------------------
-------------------။
ဗျို့------ကမ္ဘာမြေကြီး
----------------------
ခင်းများထမ်းထားတဲ့ လူတွေ
ခင်းများကို ပြန်ထမ်းဖို့ကြတော့
ဝန်လေးနေကြတယ်
ခင်များထမ်းထားတဲ့လူတွေ
မျက်နှာတော့သစ်ပြီး
စိတ်သန့်ရှင်းရေးလုပ်ဖို့ ဝန်လေးနေကြတယ်
ခင်များထန်းထားတဲ့လူတွေ
အသီးအရွက်တွေခူးပြီး
သစ်ပင်စိုက်ဖို့ဝန်လေးနေကြတယ်
ပေါင်ဒါတွေဖို့ပြီး
ရေချိုးပျင်းတဲ့ ဒီခေတ်ကြီးထဲမှာ
ခင်များကို ဖာထေးဖို့ထက်
ကျင်းတူးမြှိုပ်နှံလိုသူတွေများနေတယ်
ကျန်းမာရေးဂရုစိုက်ပါ ကမ္ဘာမြေကြီး
-------------------------------------
-------------။
လူဖေ(မြေလတ်)
Sunday, May 31, 2015
အတိတ်များ
လှမ်းလာတဲ့ခြေလှမ်းတွေဟာ သိမ်မွေ့လွန်းတယ်။
ဘ၀တွေ ပုံအောပြီး လှမ်းခဲ့ကြတဲ့ ပဲ့တင်သံတွေ
ပန်းချီတွေ ….
ကဗျာတွေ ….
သီချင်းတွေ ….
သရုပ်ဖော်မှု အနုပညာတွေ ….။
အိပ်မက် မြစ်ကမ်းပါးထက်မှာ
တမျှော်တခေါ် ငေးမောရင်း
အတွေးတွေကို ရွက်လွှင့်နေမိ
လရောင်စမ်းတဲ့ ရေလှိုင်းကြက်ခွပ်တွေကို
(ထို့အတူ)
မိုးရေစက်တွေထိကျလို့ လွင့်ဖွာကျလာတဲ့ လမ်းမတွေကို
(ထို့အတူ)
ဝါကြင့်ကြင့် လမ်းဘေးမီးရောင်အောက်က စင်းစင်းလဲလှောင်းနေတဲ့
ညဥ့်နက်သန်းခေါင် ကတ္တရာလမ်းမများ
ညဥ့်နက်သန်းခေါင် လက်ဖက်ရည်ဆိုင်များ
ညဥ့်နက်သန်းခေါင် တေးသီချင်းများ။
လွမ်းမောဖွယ် ….
ကုက္ကိုပင်တန်း
ခရေပန်းနှင့်
ညောင်ညိုပင်ရိပ်
စက်ဘီးစီးနေကြတဲ့ မြို့ကလေးရဲ့ ညနေခင်းတွေ။
တို့အတူ ဂစ်တာတီးခဲ့ကြတယ်
တို့အတူ ကဗျာတွေ ဖတ်ခဲ့ကြတယ်
တို့တတွေ ပတ်ဝန်းကျင်ကိုမေ့ပြီး ငြင်းခုန်ခဲ့ကြတယ်
တို့အတူ ဘ၀ - အလှ - ရသ တွေကို ရှာဖွေခဲ့ကြတယ်။
နေ့စဉ် စကားပွင့်တွေကို ကောက်ယူခဲ့သလိုမျိုး
အချစ်တွေကို ကောက်ယူခဲ့တဲ့နေ့တွေ
အခုအချိန်အထိ ပွင့်ဝေ။
အချစ်ရေ ….
အတိတ်တွေရဲ့ မြားချက်တွေဟာ
ကိုယ့်နှလုံးသားထဲ သိမ်မွေ့စွာ စိမ့်ဝင်လာခဲ့ပြီ
ကွယ် ….
လမ်း အသွယ်သွယ်
ဘ၀ အသွယ်သွယ်
အချစ် အသွယ်သွယ်။
ရင့်မာတဲ့ တမ်းတမှုတွေဟာ
ခြေသံမပေးပဲ
တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေခဲ့ကြတယ်
အကုန်အစင် ပုံအောထားတဲ့ မျှော်လင့်ခြင်းတွေနဲ့။
ငါ့ကတော့ …. အမှုမဲ့ အမှတ်မဲ့။
သူ အခါတရာလွမ်းရင် တခေါက်လောက်တော့ သတိရစေချင်ခဲ့သတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။
တိတ်တိတ်လေး ကြိတ်ပြီး ချစ်ခဲ့ဖူးသလားတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။
ကဗျာလေးတွေတော့ ချန်ထားခဲ့သားပဲတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။
နင် ငါ့ကို မမေ့လိုက်ပါနဲ့ဟာတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။
ဆယ်လမွန်ငါး ပြန်လာမယ့် ရေဆန်လမ်းမှာ သီတင်းကျွတ်ချင်သတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။
ခရမ်းပြာချစ်သူရေ ….
အဲဒီ ပါးချိုမ့်နဲ့ အပြုံးလှလှလေးကို ဒုတ်ဒုတ်ထိမြင်ခဲ့ရတာတောင်မှ
ငါ …. အမှုမဲ့ အမှတ်မဲ့။
ရွှေရောင်နာရီလေးကိုလည်း တွေတွေငေးမော
(တကယ်တမ်းတော့)
ငါ …. အမှုမဲ့ အမှတ်မဲ့။
မာနတွေ ကြွေကျလို့ တမ်းတမ်းတတ ချစ်ခဲ့ရတဲ့သူ
ပန်းကမ္ဘာ
ငါ …. အမှုမဲ့ အမှတ်မဲ့။
ကျနော်က လမ်းဘေးမှာ စိတ်လွတ်ကိုယ်လွတ် တေးချင်းတွေ ဟစ်ကြွေးနေချိန်
ပစ္စည်းမဲ့ဆန်လှတဲ့ အိမ်လေးထဲက ငေးမောနားထောင်နေတက်သူ
ငါ …. အမှုမဲ့ အမှတ်မဲ့။
နှစ်ကာလပေါင်းများစွာ ချစ်ခဲ့ရသူ
အဝေးက နှင်းဆီဖြူ
တပွင့်တည်း ပန်ချင်ခဲ့ကြတယ်
ငါ …. အမှုမဲ့ အမှတ်မဲ့။
ထောင်ထားခြားနားခြင်းတွေနဲ့ ပျော်မွေ့နေခဲ့သူရဲ့
အမှုမဲ့ အမှတ်မဲ့တွေဟာ
ငယ်ငယ် ရွယ်ရွယ်ထဲက ချစ်ခဲ့တဲ့ ချစ်ရမ္မက်တွေ
တမ်းတမ်းတတ အတန်းဖော်ငယ်သူငယ်ချင်း ချစ်သူမလေး
သချာင်္ အတွက် ပြိုင်ဆိုင်မှုတွေ
တခန်းတည်း တတန်းတည်း အညံ့ခြင်းပါ တူခဲ့ကြတာတွေ
ကျောင်းသွားချိန်တိုင်း ကုက္ကိုလ်ပင်တန်း ရေကန်လမ်းမှာ ကြွေကျခဲ့တဲ့ သူမရဲ့ ခြေလှမ်းအမှားတွေ
အထက်တန်း ကျောင်းသားလေးရဲ့ ကျောင်းဆင်း ကျောင်းတက်ချိန်တွေ
စက်ဘီးဘားတန်းထက်က သမင်လည်ပြန်အကြည့်တွေ
နောက်ပြီးတော့ ….
ကျောင်းပြေးချိန် အသုံးပြုခဲ့တဲ့ အိမ်ယာတွေ
ဂစ်တာထမ်း
လမ်းသလား
ဆံပင်ရှည်ရှည်ထားခဲ့တဲ့ ပုလဲစပါယ်နေ့ရက်တွေ
ဆံသဆိုင်အဟောင်းလေးထဲက ငေးမျှော်မှုတွေ ဒေါမနဿတွေ
ပရဟိတ ယက်ကန်းရုံဘက်က စည်းချက်မမှန်တဲ့ ခြေလှမ်းနဲ့ အမှတ်မထင်တွေ့ဆုံမှုတွေ
အကွယ်အဖုံးရှိမှ စောင့်မျှော်ကြည့်ခဲ့တာတွေ
တို့ချစ်မောင် လက်ဖက်ရည်ဆိုင်ကနေ ထိုင်မျှော်ကြည့်ခဲ့ရတဲ့ ချာလီထီးလေးတလက်
ရင်ခွဲရုံလမ်းကြားက ဖြတ်သွားဖြတ်လာ မျက်စောင်းတွေ
ကျနော့်ဆန္ဒအတွက် သူ့ဝတ်လွှာတွေ ဖွင့်ပြဖို့ ၀န်မလေးခဲ့တာတွေ
ရှမ်းတောင်တန်းရဲ့ နီလွင်မှုနှင့် ဂုဏ်သိက္ခာကြီးမှုတွေ
သီတာဒေ၀ီရဲ့ ရုပ်ပုံလွှာကိုမြင်မိရာက စွဲလမ်းခဲ့သလိုမျိုး
သင်္ဘောကုန်ချိန်ထိ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ကလေးထဲက ထွက်ကျလာတက်တဲ့
ဂါဝန်လေးတဖားဖားနဲ့ အမှတ်မထင်ကြည့်သွားခဲ့တဲ့ အကြည့်တွေ။
ပုခုန်းချင်း ခေါင်းအပ်လို့ အိပ်ခဲ့တဲ့အထိ ချစ်ခဲ့ကြတဲ့ သူငယ်ချင်းရဲ့အိမ်
ကျနော့်ရဲ့ စားအိမ် သောက်အိမ်
ကျနော့်အတွက် စာအုပ်တွေ အသိုက်ဖွဲ့ထားတဲ့အိမ်
ကက်ဆက်မရှိတဲ့ ကျနော့်ရဲ့ တေးချင်းတွေနားထောင်တဲ့ နေရာ
ညီမလေးရေ ….
လွမ်းတယ်ကွဲ့
မင်းလည်း ငါ့အတွက် ဟင်းလျာတွေချက်ခဲ့ဖူးမယ်ထင်ရဲ့။
အော် ….
မနက်စောစောရောက်တိုင်း
ကြောင်လျှာပွင့်တွေ ကောက်ခဲ့တယ်
ပန်းပဲဖိုက ဖိုထိုးသံလို မီးလျှံတရဲရဲရင်ခုန်သံတွေ
အမှန်တကယ်ရှိခဲ့တယ်တဲ့လား
ကွယ် ….
တကယ်တော့ ….
အဲဒီလောက်အထိ အချစ်တွေက တံခွန်ထူနေလိမ့်မယ်လို့
ဘယ်တွေးမိခဲ့မှာလည်း။
လွမ်းမောစရာကောင်းလိုက်တာ
အနှစ် ၂၀ ကျော်သည့်တိုင် အခိုင်အမာသိမ်းဆည်းထားခဲ့တဲ့
လွယ်အိပ်နီလေးတလုံး
ဂစ်တာတလက်
အပြာရောင် ဂျင်းဂျက်ကက်လေးတထည်
အပြာရောင် ဂျင်းဘောင်းဘီလေးတထည်
ခေါက်ထီးတလက်
ကျနော့်အမည်ရေးထိုးထားတဲ့
ဂေါ်ဂီရဲ့ အမေ
ကွန်မြူနစ်ကြေငြာစာတမ်း
ခေတ်ပေါ်ကဗျာရှည်သုံးပုဒ်
သုံးယောက် ကောင်းကင်
…… …… …… ……
…… …… …… ……။
အမြဲတမ်း သုန်သုန်မှုန်မှုန်နဲ့
တမြို့လုံးကို အိပ်သွန်ဖာမှောက် လျှောက်သွားတက်တဲ့
ခပ်ပေပေ ခပ်တေတေ ကောင်လေးတယောက်
ပစ္စည်းမဲ့ဒေါသတွေ သိပ်များတဲ့ ကောင်လေးလို့
သူမတို့တတွေရဲ့ မှတ်ချက်ပေးခြင်းခံခဲ့ရသူ။
ပြောကြတယ်
အဝေးရောက် ဘီလူးတကောင်ရဲ့ အလွမ်းကို  သီဖွဲ့ထားတဲ့
မာဃဒေ၀ ကဗျာကို ရွတ်ဆိုပြလိုက်ချင်ကြသတဲ့
အဲဒီကဗျာလေးဟာ တို့ဘ၀နဲ့အတူ အသားကျ
ကျနော်က
ခေတ်ရဲ့ခေါ်ရာ လိုက်ပါသွားခဲ့တယ်
မြို့ငယ်လေးရဲ့ အပျော်တမ်း တီးဝိုင်းနဲ့အတူ
ဆီမီးတွေ မြိုင်ဆိုင်နေတဲ့ တန်ဆောင်မုန်းလပြည့်နေ့။
အကြီးရဲ့ မြေပုံလေးကိုထားခဲ့တယ်
လမ်းသစ်ဦးဆိုတဲ့ စာဖတ်ဝိုင်းကို ထားခဲ့တယ်
ခရမ်းပြာ အပျိုမသို့ တမ်းချင်းဆိုတဲ့ ကဗျာလေးကို ထားခဲ့တယ်
ကမ္မဇလေရဲ့ ရင်ခုန်သံများဆိုတဲ့ စုပေါင်းလက်ရေးကဗျာစာအုပ်လေးကို ထားခဲ့တယ်
ဖောင်တိန်လေးတချောင်းကိုထားခဲ့တယ်
အချစ်တွေကိုထားခဲ့တယ်
သူငယ်ချင်းတွေကို ထားခဲ့တယ်
လေဆိုင်ဆုံလို့ အမည်ပေးထားတဲ့ လက်ဖက်ရည်ဆိုင်တွေကို ထားခဲ့တယ်
ကျနော် ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေကို ထားခဲ့တယ်
မှတ်စု အတိုအထွာတွေကို ထားခဲ့တယ်
ကဗျာလေးတွေ ထားခဲ့တယ်
အပြန့်ပြန့် အကျဲကျဲ။
မဲနယ်တောင်တန်းပေါ်က တော်လှန်သောကျောင်းသား
ရှေ့ကြည့် - သတိ - သက်သာ မှသည်
အခြေခံဒေသ ထိုးဖောက်တဲ့အထိ
ရှမ်း
ပအို့ဝ်
ကရင်နီ
ကရင်
ဒေါင်းဂွင်
အထူးဒေသ
ကယမ်း
ထိုမှသည် ….
ဝိရောဓိလွင်ပြင်။
ယုံကြည်ချက်ကိုထမ်းလို့
တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း
စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း
အ၀ါရောင်ပန်းကလေးက
ယိမ်းခါ နွဲ့ခါ ပွင့်လာခဲ့တယ်
တောင်ပေါ်သူလေးရေ …. ဆရာမလေးရေ
ဒီရင်မှာလေ မိုးဖွဲ မိုးဖွဲလေးရွာစွေ။
အတိတ်တွေက တမျှော်တခေါ်
သူပုန်မှော်အောင်ဖို့အတွက် တဘ၀လုံး ပုံအောခဲ့သူအတွက်
တဘ၀လုံး ပုံအောပြီး ချစ်ခဲ့တဲ့ အချစ်တွေ
ရင့်မာစွာ။
ညိုထက် (လမ်းသစ်ဦး)
၃၁ - ၅ - ၂၀၁၅
Wednesday, May 27, 2015
တောင်ယာ
ငါ့ဘ၀ကွင်းပြင်တခုလုံးကိုတောင်
ရှာဖွေတွေ့ရှိခွင့်မရနိုင်လောက်အောင်
အမြစ်တွယ်ဆုတ်ကိုင်
လွှမ်းမိုးဖိစီးထားတဲ့
သစ်ပင်ကြီးတွေကို
အတုံးအရုံးခုတ်ချလိုက်။
သင်း (ဒင်း) တို့ကို မီးတိုက်လိုက်ကြ
ဟုန်းဟုန်းလိမ့်လိမ့် မီးတိုက်လိုက်ကြ
သူတို့ရဲ့ ပင်ကိုယ်ဘဝ
မဲနက်မှုတွေ
ပြီးတော့ … ပြာပုံဘ၀ ကျတဲ့အထိ မိးတိုက်လိုက်ကြ။
ပြီးရင် …
ငါဟာ
လူသားအားလုံးအတါက်
စပါပင် … စိမ်းလဲ့
ရင်တခွင်လုံး ရိတ်သိမ်းခွင့်ပေးမယ့်သူပါ။
ညိုထက် (လမ်းသစ်ဦး)
ဝိရောဓိအချစ်
သင်္ကြန်မှာ
ရေမစိုတဲ့အခါ
လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။
ရေမစိုတဲ့သင်္ကြန်တွေနဲ့ စီးချင်းထိုးခဲ့ဖူးတယ်
စစ်မြေပြင်ကျေးလက်မှာ။
“ရှားပါးပွင့်ပေါက်
တောပိတောက်ကို
ဘားတိုက်ဆောက်ဖို့ခုတ်လိုက်ပြီ။” လို့လည်း
တို့မှတ်ခဲ့ဖူးတယ်
စစ်တန်းလျားကျေးလက်မှာ။
တူးပို့တေးသံနဲ့
ရေတွေ … ရေတွေ စိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့
ပုတက်စာတွေ လိုက်ချိုးကြ
ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ
ခါချဉ်ဥတွေ လိုက်ဖွတ်ကြ
မြင်းခွာရွက်တွေ လိုက်နှုတ်ကြ
ပုရစ်တွေ လိုက်တူးကြ
ပုဇင်းရင်ကွဲတွေ လိုက်ဖမ်းကြ။
နွေခေါင်ခေါင်
ရေခေါင်ခေါင်မှာ
ရန်နဲ့ငါ
ကျဉ်ဆန်တွေ လောင်းချကြဖို့
တောင်တန်းတွေပေါ်မှာ
မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။
ရေမစိုတဲ့သင်္ကြန်
သံလွင်
သောင်ရင်း
သောက်ရေခပ်
ပွန်ချောင်း
ပေါင်းလောင်းချောင်းတွေထဲ
ခုန်ခုန်ချကြ
အဲဒီလိုနဲ့ ကျေနပ်ခဲ့ကြရ။
လူထုကိုမှီခိုက
တော်လှန်စစ်နွှဲရမှာ။
သင်္ကြန်မှာရေမစိုစဉ်က
တခုခုကိုလွမ်းခဲ့ပြီး
အခုတော့
ရေမစိုတဲ့သင်္ကြန်တွေကိုပဲ
ပြန်ပြန်လွမ်းနေရ
တောင်ယာကျေးလက်က ရေမကစားတက်ဖူးလေ။
သားရေ …
မင်းရဲ့ ရေသေနတ်လေးနဲ့
မပစ်လိုက်ပါနဲ့
အဖေ့တကိုယ်လုံး
အလွမ်းတွေ ရွှဲရွှဲစိုကုန်မှာစိုး။
ညိုထက် (လမ်းသစ်ဦး)
မော်ကွန်းများ
စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်။
ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ။
ဂုဏ်ယူစရာချည်းပဲ။
ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ။
အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်။
ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ။
သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။
တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ်
တပွဲလုံးနိုင်ခဲ့တယ်။
တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျောက်သူ ဘယ်ကိုမှမရောက်ဘူး။
ညိုထက် (လမ်းသစ်ဦး)
ထောက်လှမ်းရေး ဘောလုံးပွဲ
ဘ၀တပါးသို့ ပြောင်းသွားလေသူ ညွန့်ညွန့်တို့ သနပ်ခါးလိမ်း၊ ပန်းပန်ပြီး ဓာတ်ရှင်မင်းသားလုပ်နေသည့် အခါသမယတွင် ဖြစ်ခဲ့သည့် ဖြစ်ရပ်တည်း။
အသင်စာရှု့သူအား အတူးနှင့် ဦးစွာ မိတ်ဆက်ပေးဦးအံ့။ အတူးက တမီးလ်လူမျိုး၊ ခရစ်ယာဉ်ဘာသာဝင်။ အနှီးအတူးကား အလုပ်ကို သေသေချာချာလုပ်သူမဟုတ်။ ၁၀၉၊ ၁၁၀။ အတူး သေသေချာချာ လုပ်သည်ကား သူ့အဖေ ဈေးထဲမှာ ဖွင့်ထားသည့် ကျူလီယာဆိုင်ကို အမေဖြစ်သူ ချက်ပြုတ်ခူးခပ် ထည့်ပေးလိုက်သည့် ထမင်းချိုင့်ကို သွားပို့သည့် အလုပ်သာလျင်ဖြစ်၏။ ထမင်း သွားပို့တိုင်းလည်း ဈေးနားမှ လက်ဖက်ရည်ဆိုင်တွင် တမေ့တမော ထိုင်တတ်သည့် အတူးတည်း။ သို့ဂလို အတူးတယောက် လက်ဖက်ရည်ဆိုင်ရောက်ပြီဆိုတိုင်း အကြောင်းပေါင်းစုံကို ဟောင်ဖွာ၊ ဟောင်ဖွာနဲ့ ပြောတတ်သည်လည်း တဖုံ။
တနေ့သ၌ ထမင်းပို့ပြီးသော အတူးတယောက် လက်ဖက်ရည်ဆိုင်သို့ ရောလာလေ၏။ ပွားဖက်တော်များ ပေါ်မလာ၊ အမျှော်ကြာလာသဖြင့် ကောင်တာမှာ ၀ပ်လျက်စံပါယ်နေရှာသော တနေတာ အလိမ်အညာ စုစည်းချက်ဟု ခေါ်သော်ရသည့် မြန်မာ့မလင်းသတင်းစာကြီးအား ယူ၍ ဖတ်လိုက်မိ၏။ ဤကား အကုသိုလ် ကိုယ်ထင်ပြခြင်းတည်း။
အကြင်သတင်းစား၌ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ချိုးချိုးဖဲ့ဖဲ့ ဆဲရေးထားသည့် ဆောင်းပါးကိုဖတ်မိပြီး အတူးရဲ့ ထုံးစံအတိုင်း အန်အယ်လ်ဒီပါတီဟာ လူထုပါတီဖြစ်ကြောင်း၊ န ၀ တ သာလျင် နဝေတိမ်တောင်ကောင်တွေ ဖြစ်ကြောင်း သို့ဂလိုအော်ကြီးဟစ်ကျယ် ပွားလိုက်၍မှ မကြာ၊ လွယ်အိပ်ကိုယ်စီလွယ်ထားသည့် လူနှစ်ယောက် အတူးနားရောက်လာပြီး သူတို့နှင့်လိုက်ခဲ့ဖို့ ခေါ်သွားလေသတည်း။ အကြင်နေ့မှစ၍ အတူး လက်ဖက်ရည်ဆိုင်ကို မရောက်တော့။ ၁၅ ရက်လောက်ကြာမှ အတူးသတင်းကို ကြားရသည်ကား “အတူး ဆေးရုံတတ်နေရပြီ”
အထူးအဆန်းဆို ၀ါသနာပါသည့် မောင်ကန့်လန့်တို့ ဆေးရုံအထိလိုက်ပြီး အတူးနဲ့ အင်တာဗျူး လုပ်ပါတော့ တယ်။
အတူးပြောတာတွေကတော့ …
“အနှီး ခေါ်ဆောင်သွားသည့် လူစိမ်း ၂ ဦးမှာ ထောက်လှမ်းရေးများ ဖြစ်ကြောင်း၊ မိမိအား ထောက်လှမ်းရေး သီးသန့် အချုပ်ခန်းထဲတွင် ၁၄ ရက်ခန့် ချုပ်နှောင်ထားကြောင်း၊ အကြင်အရပ်၌ မည်သူမျှမရှိပါကြောင်း၊ မိမိ အား မည်သူမျှလည်း စကားစမြည်လာရောက် ပြောဆိုခြင်းမရှိကြောင်း၊ မနက်စာ - ညစာအား လူတစုံတယောက်မှ မှန်မှန်လာပို့ကြောင်း၊ မိမိအား ဘဇာ့ကြောင့် ချုပ်ထားသည်ကို မိမိမှ သိလိုသဖြင့် မေးသော်လည်း တစုံတရာ ဖွင့်ဟပြောဆိုခြင်းမရှိကြောင်း၊ သို့ကလို ဖြစ်သဖြင့် မိမိမှ ထိုသူအား ဆဲဆိုသောအခါ မည်သည်မျှမပြောမဆိုပဲ ခါးပတ်ချွတ်ကာ ရိုက်နှက်၍ ပြန်လည်ထွက်ခွာသွားပါကြောင်း၊ ဤသို့ဖြင့် ၁၄ ရက်မြောက်နေ့တွင် သကောင့်သား ထောက်လှမ်းရေး ၅ ဦး ရောက်ရှိလာပါကြောင်း၊ မိမိအား “အိမ်ပြန်ချင်ပြီလား”ဟု မေးပါကြောင်း၊ မိမိမှလည်း ရိုးသားစွာဖြင့် “ပြန်ချင်ပြီ”ဟု ဖြေကြားလိုက်ပါကြောင်း၊ သကောင့်သား တဦးမှ “မင်းဘောလုံးကန်တတ်သလား” ဟု မဆီမဆိုင်မေးပါကြောင်း၊ မိမိအနေဖြင့်လည်း ရိုးသားစွာဖြင့် “ကန်တတ်ပါတယ်” ဟု ဖြေဆိုခဲ့ကြောင်း၊ ထိုရောအခါ သကောင့်သားများမှ ဘောလုံးကွင်း ကဲ့သို့ ပြင်ဆင်ထားသော ကွင်းတခုထဲသို့ မိမိအား ခေါ်ဆောင်သွားကြောင်း၊ သကောင့်များမှ “ဂိုးတိုင်ထဲသို့ ဘောလုံးဝင်အောင် ကန်နိုင်ပါ့မလား” ဟု မေးကြောင်း၊ ဂိုးတိုင်အကျယ်ကြီးထဲသို့ သိပ်မဝေးသေနေရာမှ ဘောလုံးကို ကန်သွင်းရမည်ဖြစ်သောကြောင့် “ကန်သွင်းနိုင်ပါတယ်”ဟု မိမိမှ ဖြေဆိုမိပါကြောင်း။ မိမိအား ကန်သွင်းစေပါကြောင်း။ မိမိမှ ကန်သွင်းလိုက်ကြောင်း၊ ဘောလုံးသည် ဂိုးတိုင်ထဲသို့ တည့်တည့်မတ်မတ်ပင် ၀င်ရောက်သွားပါကြောင်း၊ သကောင့်သားများမှ “ဒီလောက်နီးနီးလေးကနေပြီး ဒီလောက်ဂိုးအကျယ်ကြီးထဲ ကန်သွင်းတော့ ၀င်တာပေါ့ကွ၊ မင်းမျက်စိကို အ၀တ်စီးထားရင် ကန်လို့ဝင်ပါမလားဟု” စကားနာထိုးကြောင်း၊ မိမိမှလည်း “ရပါတယ်”ဟု ပိုင်ပိုင်နိုင်နိုင် ဖြေဆိုခဲ့ကြောင်း၊ သကောင့်သားတဦးမှ မိမိမျက်စီအား အ၀တ်စည်း ပေးပါကြောင်း၊ မိမိအနေဖြင့် ဘာမှ မမြင်ရတော့ကြောင်း၊ သို့သော်လည်း မည်သည့်အနေအထားမှဖြစ်စေ မိမိကန်သွင်းလိုက်သည့် ဘောလုံးသည် အနှီး ဂိုးတိုင်ထဲသို့ ၀င်ကို ၀င်ရမည်ဟု ရိုးသားစွာ ယုံကြည်မိပါကြောင်း၊ ထို့အပြင် ဘောလုံးကန်ပြီးလျင် ပြန်ရမည်ဆိုသဖြင့်လည်း ရိုးသားစွာ ၀မ်းသာမိပါကြောင်း၊ သကောင့်သားတဦးမှ “ကန်” ဟု အော်လိုက်ပါကြောင်း၊ မိမိမှလည်း ၀မ်းသာခြင်း ကြီးစွာဖြင့် အားရပါးရ ကန်သွင်းလိုက်ရာ ယခုကဲ့သို့ ဖြစ်သွားပါကြောင်း” အတူးမှ ရှင်းလင်း ပြောကြားခဲ့ပါသည်။
အသို့နည်း။ မျက်စီအ၀တ်စည်းပြီး ဘောလုံးကန်သဖြင့် ခြေထောက်ပတ်တီးစီရသည့်အဖြစ်အား ဆက်စပ် စဉ်းစား၍မရဖြစ်သွားရသည်။ အတူးပြောသည့် နဝေတိမ်တောင်ကောင်တွေထဲ ကိုယ်ပါ ပါသွားပလားဟု တွေးမိရင်း ၀မ်းတောင်နည်းမိရသည်။ အတူးက သတင်းစာဆရာကြီးများအနေဖြင့် မေးမြန်းလိုသည်များကို မေးမြန်းနိုင်ပါကြောင်း ထည့်သွင်းပြောကြားခြင်းမရှိသော်လည်း ကိုယ့်ကိုကိုယ် ညံ့ကြောင်း ၀န်ခံပြီး  မရှင်းသည်များကို အတူးအား မျက်နှာပူပူဖြင့် မေးရတော့သည်။ အတူးဖြေသည်ကား …
“ဒီလို အကိုရ၊
သူတို့က ကန်ဆိုတော့ ကျနော်လည်း အိမ်ပြန်ချင်ဇောနဲ့ တအားကျုံးကန်လိုက်တာ
အားပါးပါး …
သူတို့က ဘောလုံးအစား သံလုံးကြီး ချထားတော့ ကျနော့်ခြေထောက် သွင်သွင်ကျိုးရပါရောလားဗျာ”
မောင်ကန့်လန့်
ဆေးမင်ကြောင်ကို လှီးထုတ်သူများ
သူ့ ဟိတ် ကို ဇစ် ဆွဲပိတ်လိုက်တယ်၊
အဲဒီ ဟိတ် ထဲမှာ
သူ့ရှိသမျှ အကုန်ပါသွားပြီလေ။
သူ့ အတိတ်တခုလုံး
အဲဒီ ဟိတ် တလုံးတည်းနဲ့ ထည့်သွားနိုင်တာကတော့
ရင်သပ် ရှု့မောပါပဲ။
ပိပိရိရိ၊ သေသေသပ်သပ်
ပြီးတော့ …. ကျေကျေနပ်နပ်
နေကာမျက်မှန်တွေဘာတွေတပ်
နက်ကတိုင်တွေ ဘာတွေစည်းလို့
ပေါင်ဒါတွေဘာတွေဖို့
ချွေးနံ့ပျောက်ဆေးတွေဘာတွေလူးလို့
သွားလေရဲ့
ဘယ်တော့မှ
မဆုံဆည်းနိုင်တော့တဲ့အထိတိုင်
ဝေးသွားလေရဲ့။
ထုံးတို့လို့ မှတ်လိုက်ရပြန်ပြီလေ
ပစ်ချထားလိုက်ရတဲ့ တာလီတွေက
ပြန့်ကျဲပြီး
စင်းစင်းကြီးကျဆုံးနေကြပေါ့။
ညိုထက် (လမ်းသစ်ဦး)
ဒေါင်းအိုးဝေ - အတွဲ (၂)၊ အမှတ် (၆)၊ ဇွန် - ဇူလိုင် - ၂၀၀၄
ပုန်ကန်သူ ဈာပန
နင်ပြန်လာမယ်ဆို …
နင်ပြန်လာမယ်ဆိုတော့ ငါမျှော်တာပေါ့
ငါ့ဆီ နင်ပြန်လာရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး …
ဗျာပါဒ စိတ်အလန်းတွေ
ကျယ်လောင်စွာ အော်မြည်နေပေါ့။
မျက်ရည်တွေလည်း ပြုတ်ကျ
စကားလုံးတွေလည်း ပြုတ်ကျ
အသုဘချကာနီး
မြေအိုးကြီးကို ရိုက်ခွဲချလိုက်သလိုမျိုး။
အမွှေးတိုင်တွေရယ်၊
အလွမ်းတွေကို ဝေနေအောင်ခွေထားတဲ့
လွမ်းသူတွေရဲ့ ပန်းခွေတွေရယ်၊
သူ့ရင်ဘတ်ပေါ်စိုက်တင်ထားတဲ့
အလံတလက်ရယ်၊
ပြုံးယောင်ယောင်နဲ့ အားလုံးကိုစိုက်ကြည့်နေတဲ့
ဓါတ်ပုံတပုံဖြစ်တဲ့
ရဲဘော်ထက်မိုး
(၁၉၆၀ - ၂၀၀၅) ရယ်။
အားလုံးကိုကြည့်ရင်းနဲ့
ဆို့နင့်ကြေမွ ကဗျာဆရာရဲ့မိန်းမ
နင့်သားကို စိတ်ချသွားပြီလား ဦးဘုန်းနိုင်ရဲ့။
ရင်ခွင်ထက်က
နာတာရှည် လူမမာသားလေးကိုကြည့်လိုက်
အလောင်းစင်ကိုကြည့်လိုက်
နံဘေးနားမှာ ထိုင်နေတ့ သမီးအကြီးမကိုကြည့်လိုက်။
တခင်းလုံးပိုးကျသွားတဲ့
တောင်ယာကို ငေးကြည့်နေတဲ့
တောင်ပေါ်သူ တောင်ယာပိုင်ရှင်ရဲ့
ပျက်သုံးမှု အကြည့်မျိုးနဲ့။
တောင်ယာခုတ်လို့
အတုန်းအရုန်း ပြိုကျသွားတဲ့
တောစိမ်းကြီးတွေလို။
ဒီမြင်ကွင်း
ကိုထက်မိုးသာမြင်ရင်
ဘယ်လို ထုဆစ်လိုက်လေမလဲ
နင်ကျင်ရပါတယ် … ရဲဘော်ကြီးရယ်။
တဘ၀လုံး
ပြန်ကျမိုးတွေနဲ့သာ
ကမ္ဘာပြုခဲ့သူရဲ့ ဈပန
သူပုန်တယောက်က
သူ့မိသားစုအတွက် ချန်ထားခဲ့နိုင်တာက
သမိုင်းရေး ဂုဏ်ပုဒ်တွေသာ
ကြီးမြတ်နေခဲ့။
မိုဒီလျှာနီဆုံးတော့
ပီကာဆိုရဲ့ မှတ်ချက်စကား
ခေတ်ကြီးကိုရော
သူ့ကိုယ်သူပါ
အရက်စက်ဆုံး လက်စားချေသွားတာ။
ကြိးမြတ်သူရဲ့ ဈာပနမှာ
အလွမ်းတွေ ချွေနေတဲ့ ဒေါ်ကူးရေ …
ခေတ်ကြီးကိုယ်၌ကလည်း
သူ့ကို ရှုံးခဲ့ရတာပါဗျာ
ကြည့်ပါလား …
မိုးတွေရွာနေတာ
အဲဒါ
ခေတ်ကြီးက
ကိုထက်မိုးအတွက် ငိုနေတာပေါ့။
ညိုထက် (လမ်းသစ်ဦး)
Saturday, May 23, 2015
မြို့ရိုင်းရဲ့ ခေါင်း
ကံကြမ္မာရဲ့ ထပ်ခိုးအတွင်း
ပုန်းကွယ်နေသည့် မျဉ်းတကြောင်း၏ မေလအတွင်း၌
(ဦးခေါင်းတလုံး)
ထပ်မံပုန်းကွယ် ၀င်ရောက်လို့နေခဲ့။
ထွန်းပစမ်းသပ်မှု၏ ရောင့်ရဲဖွယ် နေ့ငယ်ငယ်များ
တယောက်ကို ပိုင်စိုးငိုက်လက်တံများ
လှိုင်းပုတ်သလိုဒလဟောစီးဝင် အထွေးလိုက်မျိုချခဲ့ရ
မိုးစက်တို့၏ မွှေးရနံ့များ
သဲတရှုပ်ရှုပ် နှင်းတပေါက်နှင့် ပန်းပွင့်တောင်တန်းများ
မူကွဲအမျိုးမျိုး၏ အရိပ်အမွတ်အဖြစ်
ရင်ခွင်တလျှောက် စိမ်းညိုစွာ အလင်းသိုခဲ့။
ဆန်ခါကျနေမည့် မျဉ်းလယ်ကောင်၌
စိတ်ကူးစိတ်သန်းများ အရိုးဖြူဆွေးချိန်
စဉ်းလဲအိပ်မက်တို့၏ သရေချပ်လွှာတို့အား
ဤကျောက်ဖြူသားများ ပြိုပျက်မြို့ရိုင်းဦးခေါင်းတလုံးစီ
တွင်းတူးမြှုပ်နှံခဲ့ရပေါ့။
ဖြူမွန်