ကျနော် ငယ်စဉ်ဘ၀ ဆယ်ကျော်သက်လောက်ကတည်းက ကဗျာရေးသည်။ ပြောမယ်ဆိုရင် ၁၀ တန်း ကျောင်းသားဘ၀မှာ ကျနော်တို့ ကျောင်းသားတွေစုပြီး ကဗျာစာအုပ်ထုတ်ဖို့ လုပ်ခဲ့ဖူးသည်။ နောက် တော်လှန်ရေးဒေသသို့ ရောက်လာသည်။ ရောက်သည့်နေရာက ကဗျာတွေ၊ စာတွေ ရှိသည့်နေရာ။ ကိုတိုက်မောင်းတို့နှင့် ဆုံတွေ့ရသည်။ လက်ရေး ကဗျာစာအုပ်တွေကို ရှေ့တန်းစခန်းတွေမှာပင် ရေးသား ထုတ်ဝေဖြစ်ကြသည်။ “ရဲရင့်ဂလက်စီရဲ့ အထ္ထုပ္ပတ္တိ” …. စသည်။ တော်လှန်ရေး နယ်မြေတွင် ကျနော်ရေးသားခဲ့သည့် ပထမဆုံးကဗျာက “နေညိုညို ဧရာမငိုနဲ့” ဆိုသည့်ကဗျာ။ ထိုကဗျာကို ဒေါင်းအိုးဝေ စာစောင်သို့ပို့ခဲ့သည်။ သို့သော် ပါလာသည့် ထိုကဗျာကား ….. ထားတော့။
နောက်တော့ ပြည်မြိုသား အရှည်ကြီး တောခိုလာသည်။ သူနှင့်အတူ ပြည်မြို့သား ကဗျာဆရာ မောင်ချောနွယ်၏ ကဗျာတွေကို လက်ရေးနှင့် ကူးယူထားသည့် မှတ်စု စာအုပ်ပါလာသည်။ ထိုစာအုပ်သည် တော်လှန်ရေးနယ်မြေထဲရောက်သည့်အချိန်က ပထမဆုံးဖတ်ရသည့် ကဗျာစာအုပ်ဖြစ်သည်။ ပြည်တွင်းတွင် နေစဉ်က ဆရာချောနွယ်ကဗျာတွေကို ဖတ်ရသော်လည်း ဤမျှလောက် တထိုင်တည်း များများ စားစားကို မဖတ်ဖူးခဲ့။ ဆရာချောက ကျနော်တို့ကို ဖမ်းစားသွားခဲ့ပြီ။ ကိုတိုက်မောင်းကတော့ ဆရာချော ကဗျာတွေ ဖတ်ပြီး “ကျနော်တို့တော့ ကျန်ခဲ့ပြီဗျိုးးး” လို့ဆိုလာသည်။ ဆရာချောရဲ့ ကဗျာတွေ ကျနော်တို့အပေါ် ဒုတ်ဒုတ်ထိ စိုက်ဝင်ခဲ့သည်ကတော့ သေချာသည်။
ထိုစဉ်က ကျနော်တို့နေသည့်နေရာက “လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု (လပဒတ)” တည်ရာနေရာ။ ထိုနေရာတွင် နေကြသူများကလည်း စာဖတ်ကြသူတွေ၊ စာဖတ်နာသူတွေ၊ စာစုံဖတ်သူတွေ။ ဂျူးရဲ့ “မရှိမဖြစ်မိုး” လည်း ဖတ်နိုင်သည်။ “ရုပ်ကမ္ဘာ” လည်း ဖတ်နိုင်သည်။ နောက်တော့ ထိုတပ်ပေါင်းစုက “သေနတ်သံ ဂျာနယ်” ဟူ၍ ထုတ်လာသည်။ ထိုဂျာနယ်တွင် စာတွေဝင်ရေးကြသည်။ မှတ်မိနေသည်က ထိုဂျာနယ်ကို ကိုင်တွယ်သူ အယ်ဒီတာက ရဲဘော်အေးသန်း။ ဆောင်းပါးတစောင်ရေးသည်။ “ကျနော်သိသော ကွန်မြူနစ်ဝါဒ”။ ထိုဆောင်းပါးသည် အခြားကျနော်နှင့် အတူရေးသူများကြားမှ တပုဒ်လုံး ပါဝင်ခွင့်ရခဲ့သည့် ဆောင်းပါးဖြစ်သည်။ ဂုဏ်ယူလိုက်မိသည်ကို ရိုးသားစွာ ၀န်ခံလိုပါသည်။ နောက် တအုပ်တွင်တော့ ကဗျာရေးဖြစ်သည်။ “ကမ္ဘာပုတ်ခြင်း”။ ထိုခေါင်းစည်းကို ကျနော်ပေးခဲ့သည်တော့မဟုတ်။ ကျနော့်တောင်းဆိုချက်ဖြင့် အရှည်ကြီးပေးခဲ့သည့် ခေါင်းစည်းဖြစ်သည်။ ထိုကဗျာ ဂျာနယ်သို့ သွားပေးသည့် အခါ အယ်ဒီတာ ရဲဘော်အေးသန်းက “ခင်ဗျားပေးတဲ့ကဗျာကို ကျနော်တော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ကဗျာကောင်းလို့တော့ ထင်တယ်” ဆိုပြီး ပြုံး၍ ပြောသည်။ နောက်စာအုပ်ထွက်တော့လည်း ပါလာပါသည်။ ထိုကိစ္စကို အခု ပြန်စဉ်းစားမိတော့ နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်မိသည်။ “သေနတ်သံ ဂျာနယ်” ကို အယ်ဒီတာလုပ်နေသည့် ရဲဘော်အေးသန်းသည် ကဗျာဆရာအောင်ငြိမ်း ဖြစ်နေသည်ကို နောင် ၁၀ နှစ်လောက်ကြာမှ သူ၏ လုံးချင်း ကဗျာစာအုပ်ထွက်လာတော့မှ သိရတော့သည်။ ကျနော်က ထိုသို့ဖြင့် နုံပါသည်။ မည်သို့ပင် နုံခဲ့သည်ဖြစ်စေ ရဲဘော်အေးသန်းသည် ကျနော်၏ ပထမဆုံး အယ်ဒီတာ ဖြစ်သည်ဆိုသည်ကိုတော့ ယနေ့တိုင် စိတ်ထဲစွဲနေမိသည်။
နောက်တော့ ကျနော်တို့ တပ်ဂွင်ပြောင်းရသည်။ ဒေါင်းဂွင်။ ထိုတွင်လည်း ကဗျာစာအုပ်တွေ ထုတ်ကြပြန်သည်။ “လက်ကျန်ရှင်းတန်း” … စသည်။ ပေါက်သည့် စာအုပ်ဟု ပြောရမည်ထင်သည်။ လူကြိုက်များခဲ့ပါသည်။ ညိုထက် (လမ်းသစ်ဦး) ဆိုသည့် ကလောင်အမည်ကို ထိုစာအုပ်တွင် စတင်ယူခဲ့ခြင်းဖြစ်သည်။ ဒေါင်းဂွင်ရောက်မှ ကဗျာဆရာ ကိုငြိမ်းဝေနှင့် ဆုံဖြစ်ကြသည်။ ကိုငြိမ်းဝေနှင့် ဆုံသည့်အချိန်ထိ ကျနော်က ဆယ်ကျော်သက်။ ကိုတိုက်မောင်းနှင့် သူ အတော်လေးကို အပေးအယူ တည့်ကြသည်။ “နှင်းဆီဝိုင်” ဆိုသည့် ကဗျာဝိုင်းကိုပင် ထူထောင်ခဲ့ကြသည်။ သူတို့ ၂ ယောက် စကားပြောပွဲကို ကိုတိုက်မောင်းခေါ်သွား၍ လိုက်ပါခဲ့ရဖူးသည်။ ထိုအချိန်က ကျနော် ခရမ်းပြာအပျိုမကို ဇာတ်ကောင်တည်ထားသည့် “ခွဲခွာခြင်းရဲ့ ဒီကြွသံ” ကဗျာကို ရေးသား ပြီးစီးချိန်ဖြစ်သည်။ ထိုအချိန်က ဆရာချောကဗျာတွေကို အစုလိုက်ဖတ်နေရပြီဖြစ်သော်လည်း ကျနော့်အပေါ်တကယ်တမ်း လွှမ်းမိုးမှု ရှိနေသူက ဆရာအောင်ဝေး။ ခရမ်းပြာအပျိုမသည် ဆရာအောင်ဝေး၏ “ယာမဟာဂူဂျီ ခင်ဆွေရီ”ကို အားကျ၍ ဖွဲ့နွဲ့ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးဒေသမှာ ဥိးဆုံးရေးဖြစ်ခဲ့သည့် ကဗျာဖြစ်သည့် “နေညိုညို ဧရာမငိုနဲ့” တွင်လည်း ဆရာအောင်ဝေး အသံတွေ၊ အသုံးတွေက လွှမ်းမိုးနေသည်။ “တော်လှန်ခြင်းမြင်းရိုင်းက ကဆုန်ဆိုင်းပြေးလွှား၊ ငါ့အိပ်ကပ်ထဲက အကြောက်တရားအကြွေစေ့တွေ လွင့်စင်ကျသွားပေါ့” ထိုသို့ ဆရာအောင်ဝေးက ကျနော့်ကို လွှမ်းမိုးထားခဲ့ခြင်းဖြစ်သည်။ ဆရာအောင်ဝေး ထံမှ ကျနော် တော်တော်နှင့် မထွက်နိုင်ခဲ့။ ကျနော့် ငယ်ဘ၀ကို လွှမ်းမိုးမှုအရှိဆုံး ကဗျာဆရာကိုး။ အဓိက သူ့ကဗျာတွေထဲမှာ ကျနော်အကြိုက်ဆုံးက “ဝေဖန်ရေးဆရာနှင့် စီးချင်းထိုးခြင်း”။ ဆရာအောင်ဝေး မဲဆောက်သို့ရောက်ချိန်က ကျနော်မရှိ။ စက်တင်ဘာမျိုးဆက်များကို စစ်သင်တန်းသွားပေးနေရသည်။ တွေ့ဆုံဖြစ်လျင် ထိုအကြောင်းများ ပြော၍ ဂါရ၀ ပြုချင်ခဲ့သည်။ နောက်ပြီး “ဒီမိုကရက်တစ် သရုပ်မှန်ဝါဒ” အကြောင်းကိုလည်း နည်းနည်းတော့ ဆွေးနွေးကြည့်ချင်ခဲ့သည်။ ထို “ခွဲခွာခြင်းရဲ့ ဒီကြွသံ” ကဗျာကို ကိုတိုက်မောင်း အင်မတန် အားရကြေနပ်ခဲ့သည်ဟုထင်ပါသည်။ “ခင်ဗျားက ဒီကဗျာနဲ့ ကဗျာဆရာ ဖြစ်သွားတာဗျ” လိုပြောဖူးသည်။ ထိုကဗျာကိုပင် ကိုငြိမ်းဝေအား ကိုတိုက်မောင်းမှ ပေးဖတ်ခဲ့သည်။ သူလည်းပဲ ထိုကဗျာကို သဘောကျဟန်တူသည်။ ထိုသို့ဖြင့် ကျနော်က သူတို့ ၂ ဦးကြားတွင် ကဗျာဆရာ ဖြစ်၍ သွားပါတော့သည်။ ၁၉၉၄။
“ခွဲခွာခြင်းရဲ့ ဒီကြွသံ” သည် လက်လက်ဆက်ဆက် ခွဲခွာခဲ့ပြီးကာစ ကျနော့်မြို့ကလေးနှင့် အခြေချကာစ သူပုန် ဘ၀ကိုယက်ရှယ်ထားသော ကဗျာဖြစ်သည်။ ထို့ကြောင့်ပင် မြစ်ဝကျွန်းပေါ်အသုံးဖြစ်သည့် “ဒီ” ကို ခေါင်းစည်း တင်ခဲ့မိလေသလားတော့မသိပါ။ ရေလှိုင်းကြက်ခွပ်တွေကို လွမ်းသည့်အလွမ်းပါသည်။ တော်လှန်ရေးယုံကြည်ချက်တွေ ပါသည်။ ထိုကဗျာသည် အခြေခံဒေသ ထိုးဖောက်သည့်စစ်ခရီးစဉ်အတွင်း ရန်သူဝိုင်းပတ်ပိတ်စို့မှုကို ထိုးဖောက်ထွက်ရသည့်အချိန်က “ပုန်းတဲ” တွင် မှတ်စုစာအုပ်ထားခဲ့ရင်း ဒေသခံများ တောင်ယာမီးရှို့ချိန်၌ မီးခုန်ကူးရင်း ပါသွားခဲ့သည်။ ထိုကဗျာနှင့် အတူ ကျနော် အခြေခံဒေသ ထိုးဖောက်မှု စစ်ဆင်ရေးကာလတလျောက်ရေးခဲ့သော ကဗျာအားလုံး ပါသွားခဲ့ခြင်းဖြစ်သည်။
ကိုတိုက်မောင်းကျသွားပြီးနောက်ပိုင်းလည်း ကျနော်တို့ ကဗျာစာအုပ်တွေ ဆက်ထုတ်ဖြစ်သည်။ ကျနော် အခြေခံဒေသ ထိုးဖောက်ရေးခရီးမထွက်ခင်အထိ ၃ အုပ် ထုတ်ဖြစ်သည်။ ထိုကဗျာများထဲတွင် “မြို့ပြကို နောက်ဖေးပေါက်က ၀င်ခဲ့ခြင်း” ကဗျာကို လက်တွေ့ခဲ့သည်။
အခြေခံဒေသ ထိုးဖောက်သည့် ကာလများတွင်တော့ ကဗျာများရေးနေသည်မှ အပ ကဗျာစာအုပ်များတော့ မထုတ်ဖြစ်တော့။ ထိုအချိန်က ကျနော်ရေးဖြစ်သော ကဗျာများသည် ဆရာအောင်ဝေးနှင့် ဆရာချောနွယ်တို့ ပေါင်းစပ်ထားသည့် ကဗျာများသာဖြစ်သည်။ ကျောပိုးအိပ်စာကြည့်တိုက်လုပ်ပြီး စာအုပ်များတော့ ၀ယ်ဖတ်ဖြစ်သည်။ လကျော် နောက်ကျပြီး မဂ္ဂဇင်းစာအုပ်များ ၀ယ်ဖတ်သည်။ ထိုအချိန်များက ပြည်တွင်း စာနယ်ဇင်းတွင် မော်ဒန်နှင့် ပို့စ်မော်ဒန်များအကြောင်း အားကောင်းမောင်းသန် ဆွေးနွေးနေကြချိန်ဖြစ်သည်။ ဆရာဇော်ဇော်အောင်၊ ဆရာခင်မောင်ရင်၊ ဆရာမောင်ကြည်သစ် … စသည့် ထိုအချိန်က အားကောင်းမောင်းသန် ဆွေးနွေးနေကြသည့် ဆရာများ၏ စာအုပ်များကိုလည်း ၀ယ်ဖတ်ဖြစ်သည်။ ထိုအချိန်က ထိုဘာသာရပ်ကို အဓိကထားတင်ပေးနေသည့် “သရဖူမဂ္ဂဇင်း၊ စတိုင်သစ်မဂ္ဂဇင်း” တွေလည်း ၀ယ်ဖတ်ဖြစ်သည်။ သူတို့ ပုံစံများကိုလည်း စမ်းသပ်ရေးခဲ့သည်များလည်း ရှိပါသည်။ ဆိုပါစို့ “ပင်လယ်ရေကို သောက်မိခြင်း” ကဗျာ။ ထိုကဗျာတွင် လေးထောင့်ဘောင် အနီကို ခတ်ထားသည်။ ထိုဘောင်ထဲတွင်တော့ စန္ဒာ၊ စန္ဒာ ဆိုသည့် စကားလုံးကို အပြည့်ထည့်ရေးလိုက်တော့သည်။ အောက်က ကလောင်အမည် ညိုထက် (လမ်းသစ်ဥိး) ဟု ထိုးလိုက်သည်။ ကျနော် ပို့စ်မော်ဒန် ကဗျာဆရာဖြစ်သွားပြီဟုလည်း ဘ၀င်မြင့်သွားခဲ့ဖူး သေးသည်။ ကိုဖေသက်နီကတော့ ထိုကဗျာကိုတွေ့သောအခါ ပြုံစိစိဖြင့် တုန့်ပြန်ဖူးသည်။
နောက် အပစ်အခတ်ရပ်စဲရေးဒေသထဲသို့ ရောက်သွားပြန်သည်။ ထိုတွင်လည်း ကဗျာများ ဆက်ေ၇း ဖြစ်သည်။ ထိုနေရာတွင် ကဗျာဆရာ ကိုဌေးအောင်နှင့် ဆုံတွေ့ရသည်။ သူရေးထားသည့် “ကမ္ဘာလောကရဲ့ သမီးပျို” ကဗျာကို သူကိုယ်တိုင် ရွက်ပြသည်ကို ကြားခဲ့ရဖူးသည်။ ကဗျာရွတ်ဆိုမှု အတော်လေးကို ကောင်းသည့်သူဖြစ်သည်။ သမီးလေးရေ …. ဆိုသည့် အသံကို သူရွက်သွားသည်မှာ သူသာလျင် ရွက်နိုင်မည်ဟုထင်ပါသည်။ ကျနော်တိတ်တိတ်လေး သူရွတ်ဆိုသလို လိုက်ရွတ်ကြည့်ဖြစ်သည်။ မအောင်မြင်။ ထိုဒေသတွင် ရေးခဲ့သည့်ကဗျာများထဲမှ “သိကျိပ်” ကဗျာကို ကျနော် ၀ိရောဓိလွင်ပြင်ကို ရောက်ရောက်ခြင်း ထုတ်ဝေသည့် ကဗျာစာအုပ်တွင် ထည့်သွင်းဖေါ်ပြခဲ့ဖူးသည်။ ကဗျာဆရာ ကိုလွမ်းဏီကတော့ ထိုစာအုပ်ထဲတွင် ထိုကဗျာတပုဒ်ပဲ ကဗျာပါသည်ဟု ဦးဂင်ကြီးကို ပြောခဲ့သည်ဟု ပြန်ကြားရသည်။
ကျနော် ၀ိရောဓိလွင်ပြင်ကို ရောက်သည်က ၂၀၀၀။ ရောက်သည့်အချိန်မှစ၍ ကျနော် ကဗျာတပုဒ်ကို ရေးသားခဲ့သည်။ “မချစ်မနှစ်သက်သူတို့နှင့် ကွေကွင်းပြီးနောက်” ကျနော့်ဘ၀တွင် အချိန်အကြာဆုံး ရေးဖြစ်ခဲ့သည့် ကဗျာဖြစ်သည်။ အမှတ် (၄) တပ်ရင်းတွင် စတင်ရေးသားခဲ့သည်မှ ကျနော့်မိသားစု နေထိုင်ရာ “ဟွေးနုကလယ်” ထိုင်းရွာကလေးသို့ ရောက်သည့်အထိ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုကဗျာကို ထုတ်ဝေဖြစ်သည်ကတော့ ၂၀၀၃ ခုနှစ် တွင်မှ ဖြစ်သည်။ ထိုကဗျာတွင် ဆရာချောနွယ်ဟန်များ လုံးဝ ပါဝင်ပတ်သက်နေပြီဟု ပြောရမည်ဖြစ်သည်။ ကွယ်လွန်သူ ကိုမြင့်ဇေကပင် ခင်ဗျား ကဗျာက မောင်ချောနွယ် အရမ်းဆန်လွန်းနေတယ် ဟု ဝေဖန်ခဲ့ဖူးသည်။ ထို့အပြင် ထိုကဗျာထဲတွင် တောင်ယာရနံ့များလည်း ပါဝင်နေပြီ ဖြစ်သည်။
ကျနော်ဝိရောဓိလွင်ပြင်ကို ရောက်သည့်အချိန်တွင် ကျနော့်တွင် ကဗျာနှင့်ပတ်သက်၍ အယူအဆတခု ပါလာသည်။ ကျနော့်အပေါ် ပြည်တွင်း ကဗျာဆရာများ ဆွေးနွေးနေသည့် ကာလပေါ်ကဗျာများသည်လည်း သက်ရောက်မှုရှိသည်။ ကဗျာဆရာ မောင်ချောနွယ်ကလည်း ကျနော့်ကို သိမ်းပိုက်မိနေပြီ။ သို့သော် ကာလပေါ်ကဗျာဆရာများကို ဖမ်းစားခဲ့သည့် (သို့) ကာလပေါ် ကဗျာများကို ဖြစ်ပေါ်စေအောင် လှုံဆော်မှုပေးခဲ့သည့် မြို့ပြလူအဖွဲ့အစည်း၏ အရောင်၊ အရိပ်၊ ရနံ့များကို ကျနော် မခံစားခဲ့ဖူး။ ဆိုလိုသည်မှာ ကျနော့်တွင် မြို့ပြနေထိုင်မှု အတွေ့အကြုံ လောက်လောက်လားလားမရှိဆိုသည်ပင်ဖြစ်သည်။ ထိုကြောင့်ပင် မြို့ပြ အာရုံခံစားမှုကို သူတို့လို ကျနော်ရရှိမည်မဟုတ်။ ကဗျာဖွဲ့စည်းမှုထဲတွင် ပါဝင်လာမည့် သင်္ကေတ၊ နိမိတ်ပုံ တို့သည်လည်း မြို့ပြဘ၀ အရောင်၊ အရုပ်၊ အနံ့များ မဖြစ်နိုင်။ ကျနော် တကယ်တန်း ဖြတ်သန်း ခဲ့ရသည်က နည်းပညာအရ ရွှေ့ပြောင်းတောင်ယာ၊ ပထ၀ီသဘောအရ တော်ပေါ်ကျေးလက်၊ နိုင်ငံရေးအရ စစ်မြေပြင်ကျေးလက်။ ကျနော့်ကို လွှမ်းမိုးနေသည်က ထိုအရောင်၊ အရုပ်၊ ရနံ့များသာဖြစ်သည်။ ကဗျာဖွဲ့စည်းမှုထဲမှ သင်္ကေတ၊ နိမိတ်ပုံ တို့သည် ပြည်တွင်းဆရာများလို မြို့ပြ အာရုံရုပ်များထက် ကျနော့်ရဲ့ တကယ့် ဘ၀ဖြစ်သည့် ကျေးလက်အာရုံရုပ်ကို ကာလပေါ်ကဗျာအမြင်ဖြင့် ထည့်သွင်းဖေါ်ပြရပေမည်။ ဤသည်ကား ကျနော့်ရဲ့ သရုပ်မှန်ဘ၀လည်းဖြစ်သည်။ ကျနော်ဖြတ်သန်းခဲ့သည့် (ထို့ထက်ပို၍ အဓိပ္ပါယ်ဖွင့် ဆိုရလျင်) ကျနော့် သူပုန်ဘ၀တလျောက်လုံး ကြွေးမွေးလာခဲ့ရသည့် တောင်ပေါ်လူထုနှင့် တောင်ပေါ် ကျေးလက်ကို ကဗျာရေးသူတဦးအနေဖြင့် ကျေးဇူးဆပ်ရာလည်း ကျမည်ဖြစ်သည်။ နောက်တခုက ကဗျာရဲ့ စေတနာအပိုင်း။ ကျနော့်အပေါ် လွှမ်းမိုးခဲ့သည့် ကဗျာအယူအဆများတွင် “ညစ်ပတ်သည့် ကဗျာ” အယူအဆသည် အလွှမ်းမိုးဆုံးဖြစ်သည်။ သူ့ဆိုလိုချက်က ကဗျာများတွင် တော၊ တောင်၊ သဘာဝတွေရဲ့ သာယာညှင်းသွဲ့သည် အလှအပများ၊ ရှင်းသန့်မှုများ၊ နန်းဆောင်ထဲက လူတွေရဲ့ ဘ၀တွေရဲ့ အလှအပတွေနဲ့ ရှင်းသန့်နေသည့် ကဗျာများထက်၊ အလုပ်သမား၊ လယ်သမား၊ သာမာန်လက်လုပ်လက်စားများ၏ ချွေးတွေ၊ လုပ်ငန်းခွင်ထဲက မသာယာမှုတွေ၊ သူတို့ရဲ့ ဘ၀အတွေ့အကြုံထဲက ပေါက်ကွဲထွက်လာတဲ့ စကားလုံး ကြမ်းကြမ်းတွေနဲ့ ညစ်ပတ်ပေရေနေတဲ့ ကဗျာတွေရေးကြမယ် ဆိုသည့် အယူအဆပင်ဖြစ်သည်။ ဆရာကြီး ဒဂုန်တာရာ၏ “ကာရံမဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့နဲ့” ဆိုသည့် အယူအဆကိုလည်း လက်ကိုင်ပြုသည်။ ကျနော့်ရဲ့ ဘ၀လည်းဖြစ်သည့် တော်လှန်ရေးနဲ့ တော်လှန်ရေးအတွေ့အကြုံတွေဟာ ကျနော့်ကဗျာရဲ့ အကြောင်းအရာတွေဖြစ်လာတော့သည်။ ထိုသို့ဖြင့် ၂၀၀၀ နောက်ပိုင်း ကျနော်ရေးသည့် ကဗျာများသည် ဆရာမောင်ချောနွယ်ရဲ့ဟန်တွေ၊ ပေါက်ကွဲမှုတွေ၊ တောင်ယာနဲ့ တောင်ပေါ်ကျေးလက်သင်္ကေတတွေ၊ တော်လှန်ရေးနဲ့ တော်လှန်ရေးအတွေ့အကြုံတွေ ပေါင်းစပ်ပါဝင်သည့် ကဗျာများကို ရေးဖြစ်လာတော့သည်။ ဤသည်ပင် ကျနော့်ရဲ့ ကဗျာဟန်ဖြစ်လာတော့သည်။
ပြန်စဉ်းစားမိသည့်များကို ချုပ်ကြည့်လိုက်သောအခါ ကျနော်သည် ပြည်တွင်းထဲက ကဗျာဆရာ ဖြစ်လာသူတော့မဟုတ်။ သူပုန်လုပ်ရင်း ကဗျာရေးလာခဲ့သူဖြစ်သည်။ ထိုသို့ဖြင့် ကလောင်တလုံးပိုင်ဆိုင် လာခြင်းဖြစ်သည်။ ကျနော့်ကိုယ့်ကျနော် “သူပုန်ကဗျာဆရာ” စစ်စစ်ဟု တွေးမိလာသည်။ အမှန်က “သူပုန်ကဗျာဆရာ” ဟူသည်က မိမိကိုယ်ကို ဇန်းတင်ခြင်းဖြစ်သည်။ အရင်းအတိုင်းပြောရလျင် ကျနော်သည် “တောင်ယာဇနပုတ်ထဲက ကဗျာဆရာ”
ညိုထက် (လမ်းသစ်ဦး)

No comments:
Post a Comment