Tuesday, April 12, 2011

ကျနော်နဲ့ ကဗျာ

ကျနော် ငယ်စဉ်ဘ၀ ဆယ်ကျော်သက်လောက်ကတည်းက ကဗျာရေးသည်။ ပြောမယ်ဆိုရင် ၁၀ တန်း ကျောင်းသားဘ၀မှာ ကျနော်တို့ ကျောင်းသားတွေစုပြီး ကဗျာစာအုပ်ထုတ်ဖို့ လုပ်ခဲ့ဖူးသည်။ နောက် တော်လှန်ရေးဒေသသို့ ရောက်လာသည်။ ရောက်သည့်နေရာက ကဗျာတွေ၊ စာတွေ ရှိသည့်နေရာ။ ကိုတိုက်မောင်းတို့နှင့် ဆုံတွေ့ရသည်။ လက်ရေး ကဗျာစာအုပ်တွေကို ရှေ့တန်းစခန်းတွေမှာပင် ရေးသား ထုတ်ဝေဖြစ်ကြသည်။ “ရဲရင့်ဂလက်စီရဲ့ အထ္ထုပ္ပတ္တိ” …. စသည်။ တော်လှန်ရေး နယ်မြေတွင် ကျနော်ရေးသားခဲ့သည့် ပထမဆုံးကဗျာက “နေညိုညို ဧရာမငိုနဲ့” ဆိုသည့်ကဗျာ။ ထိုကဗျာကို ဒေါင်းအိုးဝေ စာစောင်သို့ပို့ခဲ့သည်။ သို့သော် ပါလာသည့် ထိုကဗျာကား ….. ထားတော့။

နောက်တော့ ပြည်မြိုသား အရှည်ကြီး တောခိုလာသည်။ သူနှင့်အတူ ပြည်မြို့သား ကဗျာဆရာ မောင်ချောနွယ်၏ ကဗျာတွေကို လက်ရေးနှင့် ကူးယူထားသည့် မှတ်စုစာအုပ်ပါလာသည်။ ထိုစာအုပ်သည် တော်လှန်ရေးနယ်မြေထဲရောက်သည့်အချိန်က ပထမဆုံး ဖတ်ရသည့် ကဗျာစာအုပ်ဖြစ်သည်။ ပြည်တွင်းတွင် နေစဉ်က ဆရာချောနွယ်ကဗျာတွေကို ဖတ်ရသော်လည်း ဤမျှလောက် တထိုင်တည်း များများစားစားကို မဖတ်ဖူးခဲ့။ ဆရာချောက ကျနော်တို့ကို ဖမ်းစားသွားခဲ့ပြီ။ ကိုတိုက်မောင်းကတော့ ဆရာချော ကဗျာ တွေဖတ်ပြီး “ကျနော်တို့တော့ ကျန်ခဲ့ပြီဗျိုးးး” လို့ဆိုလာသည်။ ဆရာချောရဲ့ ကဗျာတွေ ကျနော်တို့အပေါ် ဒုတ်ဒုတ်ထိ စိုက်ဝင်ခဲ့သည်ကတော့ သေချာသည်။

ထိုစဉ်က ကျနော်တို့နေသည့်နေရာက “လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု (လပဒတ)” တည်ရာနေရာ။ ထိုနေရာတွင် နေကြသူများကလည်း စာဖတ်ကြသူတွေ၊ စာဖတ်နာသူတွေ၊ စာစုံဖတ်သူတွေ။ ဂျူးရဲ့ “မရှိမဖြစ်မိုး” လည်း ဖတ်နိုင်သည်။ “ရုပ်ကမ္ဘာ” လည်း ဖတ်နိုင်သည်။ နောက်တော့ ထိုတပ်ပေါင်းစုက “သေနတ်သံ ဂျာနယ်” ဟူ၍ ထုတ်လာသည်။ ထိုဂျာနယ်တွင် စာတွေဝင်ရေးကြသည်။ မှတ်မိနေသည်က ထိုဂျာနယ်ကို ကိုင်တွယ်သူ အယ်ဒီတာက ရဲဘော်အေးသန်း။ ဆောင်းပါးတစောင်ရေးသည်။ “ကျနော်သိသော ကွန်မြူနစ်ဝါဒ”။ ထိုဆောင်းပါးသည် အခြားကျနော်နှင့် အတူရေးသူများကြားမှ တပုဒ်လုံး ပါဝင်ခွင့်ရခဲ့သည့် ဆောင်းပါးဖြစ်သည်။ ဂုဏ်ယူလိုက်မိသည်ကို ရိုးသားစွာဝန်ခံလိုပါသည်။ နောက်တအုပ်တွင်တော့ ကဗျာရေးဖြစ်သည်။ “ကမ္ဘာပုတ်ခြင်း”။ ထိုခေါင်းစည်းကို ကျနော်ပေးခဲ့သည်တော့မဟုတ်။ ကျနော့်တောင်းဆိုချက်ဖြင့် အရှည်ကြီးပေးခဲ့သည့် ခေါင်းစည်းဖြစ်သည်။ ထိုကဗျာ ဂျာနယ်သို့ သွားပေးသည့်အခါ အယ်ဒီတာ ရဲဘော်အေးသန်းက “ခင်ဗျားပေးတဲ့ကဗျာကို ကျနော်တော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ကဗျာကောင်းလို့တော့ ထင်တယ်” ဆိုပြီး ပြုံး၍ပြောသည်။ နောက်စာအုပ်ထွက်တော့လည်း ပါလာပါသည်။ ထိုကိစ္စကို အခု ပြန်စဉ်းစား မိတော့ နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်မိသည်။ “သေနတ်သံ ဂျာနယ်” ကို အယ်ဒီတာလုပ်နေသည့် ရဲဘော်အေးသန်းသည် ကဗျာဆရာအောင်ငြိမ်း ဖြစ်နေသည်ကို နောင် ၁၀ နှစ်လောက်ကြာမှ သူ၏ လုံးချင်း ကဗျာစာအုပ်ထွက်လာတော့မှ သိရတော့သည်။ ကျနော်က ထိုသို့ဖြင့် နုံပါသည်။ မည်သို့ပင် နုံခဲ့သည်ဖြစ်စေ ရဲဘော်အေးသန်းသည် ကျနော်၏ ပထမဆုံး အယ်ဒီတာ ဖြစ်သည်ဆိုသည်ကိုတော့ ယနေ့တိုင် စိတ်ထဲစွဲနေမိသည်။

နောက်တော့ ကျနော်တို့ တပ်ဂွင်ပြောင်းရသည်။ ဒေါင်းဂွင်။ ထိုတွင်လည်း ကဗျာစာအုပ်တွေ ထုတ်ကြပြန်သည်။ “လက်ကျန်ရှင်းတန်း” … စသည်။ ပေါက်သည့် စာအုပ်ဟု ပြောရမည်ထင်သည်။ လူကြိုက်များခဲ့ပါသည်။ ညိုထက် (လမ်းသစ်ဦး) ဆိုသည့် ကလောင်အမည်ကို ထိုစာအုပ်တွင် စတင်ယူခဲ့ခြင်းဖြစ်သည်။ ဒေါင်းဂွင်ရောက်မှ ကဗျာဆရာ ကိုငြိမ်းဝေနှင့် ဆုံဖြစ်ကြသည်။ ကိုငြိမ်းဝေနှင့် ဆုံသည့်အချိန်ထိ ကျနော်က ဆယ်ကျော်သက်။ ကိုတိုက်မောင်းနှင့် သူ အတော်လေးကို အပေးအယူ တည့်ကြသည်။ “နှင်းဆီဝိုင်” ဆိုသည့် ကဗျာဝိုင်းကိုပင် ထူထောင်ခဲ့ကြသည်။ သူတို့ ၂ ယောက် စကားပြောပွဲကို ကိုတိုက်မောင်းခေါ်သွား၍ လိုက်ပါခဲ့ရဖူးသည်။ ထိုအချိန်က ကျနော် ခရမ်းပြာအပျိုမကို ဇာတ်ကောင်တည်ထားသည့် “ခွဲခွာခြင်းရဲ့ ဒီကြွသံ” ကဗျာကို ရေးသား ပြီးစီးချိန်ဖြစ်သည်။ ထိုအချိန်က ဆရာချောကဗျာတွေကို အစုလိုက်ဖတ်နေရပြီဖြစ်သော်လည်း ကျနော့်အပေါ်တကယ်တမ်း လွှမ်းမိုးမှု ရှိနေသူက ဆရာအောင်ဝေး။ ခရမ်းပြာအပျိုမသည် ဆရာအောင်ဝေး၏ “ယာမဟာဂူဂျီ ခင်ဆွေရီ”ကို အားကျ၍ ဖွဲ့နွဲ့ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးဒေသမှာ ဥိးဆုံးရေးဖြစ်ခဲ့သည့် ကဗျာဖြစ်သည့် “နေညိုညို ဧရာမငိုနဲ့” တွင်လည်း ဆရာအောင်ဝေး အသံတွေ၊ အသုံးတွေက လွှမ်းမိုးနေသည်။ “တော်လှန်ခြင်းမြင်းရိုင်းက ကဆုန်ဆိုင်းပြေးလွှား၊ ငါ့အိပ်ကပ်ထဲက အကြောက်တရားအကြွေစေ့တွေ လွင့်စင်ကျသွားပေါ့” ထိုသို့ ဆရာအောင်ဝေးက ကျနော့်ကို လွှမ်းမိုးထားခဲ့ခြင်းဖြစ်သည်။ ဆရာအောင်ဝေး ထံမှ ကျနော် တော်တော်နှင့် မထွက်နိုင်ခဲ့။ ကျနော့် ငယ်ဘ၀ကို လွှမ်းမိုးမှုအရှိဆုံး ကဗျာဆရာကိုး။ အဓိက သူ့ကဗျာတွေထဲမှာ ကျနော်အကြိုက်ဆုံးက “ဝေဖန်ရေးဆရာနှင့် စီးချင်းထိုးခြင်း”။ ဆရာအောင်ဝေး မဲဆောက်သို့ရောက်ချိန်က ကျနော်မရှိ။ စက်တင်ဘာမျိုးဆက်များကို စစ်သင်တန်းသွားပေးနေရသည်။ တွေ့ဆုံဖြစ်လျင် ထိုအကြောင်းများ ပြော၍ ဂါရ၀ ပြုချင်ခဲ့သည်။ နောက်ပြီး “ဒီမိုကရက်တစ် သရုပ်မှန်ဝါဒ” အကြောင်းကိုလည်း နည်းနည်းတော့ ဆွေးနွေးကြည့်ချင်ခဲ့သည်။ ထို “ခွဲခွာခြင်းရဲ့ ဒီကြွသံ” ကဗျာကို ကိုတိုက်မောင်း အင်မတန် အားရကြေနပ်ခဲ့သည်ဟုထင်ပါသည်။ “ခင်ဗျားက ဒီကဗျာနဲ့ ကဗျာဆရာ ဖြစ်သွားတာဗျ” လိုပြောဖူးသည်။ ထိုကဗျာကိုပင် ကိုငြိမ်းဝေအား ကိုတိုက်မောင်းမှ ပေးဖတ်ခဲ့သည်။ သူလည်းပဲ ထိုကဗျာကို သဘောကျဟန်တူသည်။ ထိုသို့ဖြင့် ကျနော်က သူတို့ ၂ ဦးကြားတွင် ကဗျာဆရာ ဖြစ်၍ သွားပါတော့သည်။ ၁၉၉၄။

“ခွဲခွာခြင်းရဲ့ ဒီကြွသံ” သည် လက်လက်ဆက်ဆက် ခွဲခွာခဲ့ပြီးကာစ ကျနော့်မြို့ကလေးနှင့် အခြေချကာစ သူပုန် ဘ၀ကိုယက်ရှယ်ထားသော ကဗျာဖြစ်သည်။ ထို့ကြောင့်ပင် မြစ်ဝကျွန်းပေါ်အသုံးဖြစ်သည့် “ဒီ” ကို ခေါင်းစည်း တင်ခဲ့မိလေသလားတော့မသိပါ။ ရေလှိုင်းကြက်ခွပ်တွေကို လွမ်းသည့်အလွမ်းပါသည်။ တော်လှန်ရေးယုံကြည်ချက်တွေ ပါသည်။ ထိုကဗျာသည် အခြေခံဒေသ ထိုးဖောက်သည့်စစ်ခရီးစဉ်အတွင်း ရန်သူဝိုင်းပတ်ပိတ်စို့မှုကို ထိုးဖောက်ထွက်ရသည့်အချိန်က “ပုန်းတဲ” တွင် မှတ်စုစာအုပ်ထားခဲ့ရင်း ဒေသခံများ တောင်ယာမီးရှို့ချိန်၌ မီးခုန်ကူးရင်း ပါသွားခဲ့သည်။ ထိုကဗျာနှင့် အတူ ကျနော် အခြေခံဒေသ ထိုးဖောက်မှု စစ်ဆင်ရေးကာလတလျောက်ရေးခဲ့သော ကဗျာအားလုံး ပါသွားခဲ့ခြင်းဖြစ်သည်။

ကိုတိုက်မောင်းကျသွားပြီးနောက်ပိုင်းလည်း ကျနော်တို့ ကဗျာစာအုပ်တွေ ဆက်ထုတ်ဖြစ်သည်။ ကျနော် အခြေခံဒေသ ထိုးဖောက်ရေးခရီးမထွက်ခင်အထိ ၃ အုပ် ထုတ်ဖြစ်သည်။ ထိုကဗျာများထဲတွင် “မြို့ပြကို နောက်ဖေးပေါက်က ၀င်ခဲ့ခြင်း” ကဗျာကို လက်တွေ့ခဲ့သည်။

အခြေခံဒေသ ထိုးဖောက်သည့် ကာလများတွင်တော့ ကဗျာများရေးနေသည်မှ အပ ကဗျာစာအုပ်များတော့ မထုတ်ဖြစ်တော့။ ထိုအချိန်က ကျနော်ရေးဖြစ်သော ကဗျာများသည် ဆရာအောင်ဝေးနှင့် ဆရာချောနွယ်တို့ ပေါင်းစပ်ထားသည့် ကဗျာများသာဖြစ်သည်။ ကျောပိုးအိပ်စာကြည့်တိုက်လုပ်ပြီး စာအုပ်များတော့ ၀ယ်ဖတ်ဖြစ်သည်။ လကျော် နောက်ကျပြီး မဂ္ဂဇင်းစာအုပ်များ ၀ယ်ဖတ်သည်။ ထိုအချိန်များက ပြည်တွင်း စာနယ်ဇင်းတွင် မော်ဒန်နှင့် ပို့စ်မော်ဒန်များအကြောင်း အားကောင်းမောင်းသန် ဆွေးနွေးနေကြချိန်ဖြစ်သည်။ ဆရာဇော်ဇော်အောင်၊ ဆရာခင်မောင်ရင်၊ ဆရာမောင်ကြည်သစ် … စသည့် ထိုအချိန်က အားကောင်းမောင်းသန် ဆွေးနွေးနေကြသည့် ဆရာများ၏ စာအုပ်များကိုလည်း ၀ယ်ဖတ်ဖြစ်သည်။ ထိုအချိန်က ထိုဘာသာရပ်ကို အဓိကထားတင်ပေးနေသည့် “သရဖူမဂ္ဂဇင်း၊ စတိုင်သစ်မဂ္ဂဇင်း” တွေလည်း ၀ယ်ဖတ်ဖြစ်သည်။ သူတို့ ပုံစံများကိုလည်း စမ်းသပ်ရေးခဲ့သည်များလည်း ရှိပါသည်။ ဆိုပါစို့ “ပင်လယ်ရေကို သောက်မိခြင်း” ကဗျာ။ ထိုကဗျာတွင် လေးထောင့်ဘောင် အနီကို ခတ်ထားသည်။ ထိုဘောင်ထဲတွင်တော့ စန္ဒာ၊ စန္ဒာ ဆိုသည့် စကားလုံးကို အပြည့်ထည့်ရေးလိုက်တော့သည်။ အောက်က ကလောင်အမည် ညိုထက် (လမ်းသစ်ဥိး) ဟု ထိုးလိုက်သည်။ ကျနော် ပို့စ်မော်ဒန် ကဗျာဆရာဖြစ်သွားပြီဟုလည်း ဘ၀င်မြင့်သွားခဲ့ဖူး သေးသည်။ ကိုဖေသက်နီကတော့ ထိုကဗျာကိုတွေ့သောအခါ ပြုံစိစိဖြင့် တုန့်ပြန်ဖူးသည်။

နောက် အပစ်အခတ်ရပ်စဲရေးဒေသထဲသို့ ရောက်သွားပြန်သည်။ ထိုတွင်လည်း ကဗျာများ ဆက်ေ၇း ဖြစ်သည်။ ထိုနေရာတွင် ကဗျာဆရာ ကိုဌေးအောင်နှင့် ဆုံတွေ့ရသည်။ သူရေးထားသည့် “ကမ္ဘာလောကရဲ့ သမီးပျို” ကဗျာကို သူကိုယ်တိုင် ရွက်ပြသည်ကို ကြားခဲ့ရဖူးသည်။ ကဗျာရွတ်ဆိုမှု အတော်လေးကို ကောင်းသည့်သူဖြစ်သည်။ သမီးလေးရေ …. ဆိုသည့် အသံကို သူရွက်သွားသည်မှာ သူသာလျင် ရွက်နိုင်မည်ဟုထင်ပါသည်။ ကျနော်တိတ်တိတ်လေး သူရွတ်ဆိုသလို လိုက်ရွတ်ကြည့်ဖြစ်သည်။ မအောင်မြင်။ ထိုဒေသတွင် ရေးခဲ့သည့်ကဗျာများထဲမှ “သိကျိပ်” ကဗျာကို ကျနော် ၀ိရောဓိလွင်ပြင်ကို ရောက်ရောက်ခြင်း ထုတ်ဝေသည့် ကဗျာစာအုပ်တွင် ထည့်သွင်းဖေါ်ပြခဲ့ဖူးသည်။ ကဗျာဆရာ ကိုလွမ်းဏီကတော့ ထိုစာအုပ်ထဲတွင် ထိုကဗျာတပုဒ်ပဲ ကဗျာပါသည်ဟု ဦးဂင်ကြီးကို ပြောခဲ့သည်ဟု ပြန်ကြားရသည်။

ကျနော် ၀ိရောဓိလွင်ပြင်ကို ရောက်သည်က ၂၀၀၀။ ရောက်သည့်အချိန်မှစ၍ ကျနော် ကဗျာတပုဒ်ကို ရေးသားခဲ့သည်။ “မချစ်မနှစ်သက်သူတို့နှင့် ကွေကွင်းပြီးနောက်” ကျနော့်ဘ၀တွင် အချိန်အကြာဆုံး ရေးဖြစ်ခဲ့သည့် ကဗျာဖြစ်သည်။ အမှတ် (၄) တပ်ရင်းတွင် စတင်ရေးသားခဲ့သည်မှ ကျနော့်မိသားစု နေထိုင်ရာ “ဟွေးနုကလယ်” ထိုင်းရွာကလေးသို့ ရောက်သည့်အထိ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုကဗျာကို ထုတ်ဝေဖြစ်သည်ကတော့ ၂၀၀၃ ခုနှစ် တွင်မှ ဖြစ်သည်။ ထိုကဗျာတွင် ဆရာချောနွယ်ဟန်များ လုံးဝ ပါဝင်ပတ်သက်နေပြီဟု ပြောရမည်ဖြစ်သည်။ ကွယ်လွန်သူ ကိုမြင့်ဇေကပင် ခင်ဗျား ကဗျာက မောင်ချောနွယ် အရမ်းဆန်လွန်းနေတယ် ဟု ဝေဖန်ခဲ့ဖူးသည်။ ထို့အပြင် ထိုကဗျာထဲတွင် တောင်ယာရနံ့များလည်း ပါဝင်နေပြီ ဖြစ်သည်။

ကျနော်ဝိရောဓိလွင်ပြင်ကို ရောက်သည့်အချိန်တွင် ကျနော့်တွင် ကဗျာနှင့်ပတ်သက်၍ အယူအဆတခု ပါလာသည်။ ကျနော့်အပေါ် ပြည်တွင်း ကဗျာဆရာများ ဆွေးနွေးနေသည့် ကာလပေါ်ကဗျာများသည်လည်း သက်ရောက်မှုရှိသည်။ ကဗျာဆရာ မောင်ချောနွယ်ကလည်း ကျနော့်ကို သိမ်းပိုက်မိနေပြီ။ သို့သော် ကာလပေါ်ကဗျာဆရာများကို ဖမ်းစားခဲ့သည့် (သို့) ကာလပေါ် ကဗျာများကို ဖြစ်ပေါ်စေအောင် လှုံဆော်မှုပေးခဲ့သည့် မြို့ပြလူအဖွဲ့အစည်း၏ အရောင်၊ အရိပ်၊ ရနံ့များကို ကျနော် မခံစားခဲ့ဖူး။ ဆိုလိုသည်မှာ ကျနော့်တွင် မြို့ပြနေထိုင်မှု အတွေ့အကြုံ လောက်လောက်လားလားမရှိဆိုသည်ပင်ဖြစ်သည်။ ထိုကြောင့်ပင် မြို့ပြ အာရုံခံစားမှုကို သူတို့လို ကျနော်ရရှိမည်မဟုတ်။ ကဗျာဖွဲ့စည်းမှုထဲတွင် ပါဝင်လာမည့် သင်္ကေတ၊ နိမိတ်ပုံ တို့သည်လည်း မြို့ပြဘ၀ အရောင်၊ အရုပ်၊ အနံ့များ မဖြစ်နိုင်။ ကျနော် တကယ်တန်း ဖြတ်သန်း ခဲ့ရသည်က နည်းပညာအရ ရွှေ့ပြောင်းတောင်ယာ၊ ပထ၀ီသဘောအရ တော်ပေါ်ကျေးလက်၊ နိုင်ငံရေးအရ စစ်မြေပြင်ကျေးလက်။ ကျနော့်ကို လွှမ်းမိုးနေသည်က ထိုအရောင်၊ အရုပ်၊ ရနံ့များသာဖြစ်သည်။ ကဗျာဖွဲ့စည်းမှုထဲမှ သင်္ကေတ၊ နိမိတ်ပုံ တို့သည် ပြည်တွင်းဆရာများလို မြို့ပြ အာရုံရုပ်များထက် ကျနော့်ရဲ့ တကယ့် ဘ၀ဖြစ်သည့် ကျေးလက်အာရုံရုပ်ကို ကာလပေါ်ကဗျာအမြင်ဖြင့် ထည့်သွင်းဖေါ်ပြရပေမည်။ ဤသည်ကား ကျနော့်ရဲ့ သရုပ်မှန်ဘ၀လည်းဖြစ်သည်။ ကျနော်ဖြတ်သန်းခဲ့သည့် (ထို့ထက်ပို၍ အဓိပ္ပါယ်ဖွင့် ဆိုရလျင်) ကျနော့် သူပုန်ဘ၀တလျောက်လုံး ကြွေးမွေးလာခဲ့ရသည့် တောင်ပေါ်လူထုနှင့် တောင်ပေါ် ကျေးလက်ကို ကဗျာရေးသူတဦးအနေဖြင့် ကျေးဇူးဆပ်ရာလည်း ကျမည်ဖြစ်သည်။ နောက်တခုက ကဗျာရဲ့ စေတနာအပိုင်း။ ကျနော့်အပေါ် လွှမ်းမိုးခဲ့သည့် ကဗျာအယူအဆများတွင် “ညစ်ပတ်သည့် ကဗျာ” အယူအဆသည် အလွှမ်းမိုးဆုံးဖြစ်သည်။ သူ့ဆိုလိုချက်က ကဗျာများတွင် တော၊ တောင်၊ သဘာဝတွေရဲ့ သာယာညှင်းသွဲ့သည် အလှအပများ၊ ရှင်းသန့်မှုများ၊ နန်းဆောင်ထဲက လူတွေရဲ့ ဘ၀တွေရဲ့ အလှအပတွေနဲ့ ရှင်းသန့်နေသည့် ကဗျာများထက်၊ အလုပ်သမား၊ လယ်သမား၊ သာမာန်လက်လုပ်လက်စားများ၏ ချွေးတွေ၊ လုပ်ငန်းခွင်ထဲက မသာယာမှုတွေ၊ သူတို့ရဲ့ ဘ၀အတွေ့အကြုံထဲက ပေါက်ကွဲထွက်လာတဲ့ စကားလုံး ကြမ်းကြမ်းတွေနဲ့ ညစ်ပတ်ပေရေနေတဲ့ ကဗျာတွေရေးကြမယ် ဆိုသည့် အယူအဆပင်ဖြစ်သည်။ ဆရာကြီး ဒဂုန်တာရာ၏ “ကာရံမဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့နဲ့” ဆိုသည့် အယူအဆကိုလည်း လက်ကိုင်ပြုသည်။ ကျနော့်ရဲ့ ဘ၀လည်းဖြစ်သည့် တော်လှန်ရေးနဲ့ တော်လှန်ရေးအတွေ့အကြုံတွေဟာ ကျနော့်ကဗျာရဲ့ အကြောင်းအရာတွေဖြစ်လာတော့သည်။ ထိုသို့ဖြင့် ၂၀၀၀ နောက်ပိုင်း ကျနော်ရေးသည့် ကဗျာများသည် ဆရာမောင်ချောနွယ်ရဲ့ဟန်တွေ၊ ပေါက်ကွဲမှုတွေ၊ တောင်ယာနဲ့ တောင်ပေါ်ကျေးလက်သင်္ကေတတွေ၊ တော်လှန်ရေးနဲ့ တော်လှန်ရေးအတွေ့အကြုံတွေ ပေါင်းစပ်ပါဝင်သည့် ကဗျာများကို ရေးဖြစ်လာတော့သည်။ ဤသည်ပင် ကျနော့်ရဲ့ ကဗျာဟန်ဖြစ်လာတော့သည်။

ပြန်စဉ်းစားမိသည့်များကို ချုပ်ကြည့်လိုက်သောအခါ ကျနော်သည် ပြည်တွင်းထဲက ကဗျာဆရာ ဖြစ်လာသူတော့မဟုတ်။ သူပုန်လုပ်ရင်း ကဗျာရေးလာခဲ့သူဖြစ်သည်။ ထိုသို့ဖြင့် ကလောင်တလုံးပိုင်ဆိုင် လာခြင်းဖြစ်သည်။ ကျနော့်ကိုယ့်ကျနော် “သူပုန်ကဗျာဆရာ” စစ်စစ်ဟု တွေးမိလာသည်။ အမှန်က “သူပုန်ကဗျာဆရာ” ဟူသည်က မိမိကိုယ်ကို ဇန်းတင်ခြင်းဖြစ်သည်။ အရင်းအတိုင်းပြောရလျင် ကျနော်သည် “တောင်ယာဇနပုတ်ထဲက ကဗျာဆရာ”

ညိုထက် (လမ်းသစ်ဦး)

တို့လည်း လွမ်းတယ် စိတ္တရလေခါ

စိတ္တရလေခါ ကို
ဆရာပါ က ဘာသာပြန်ခဲ့တယ်
စိတ္တရလေခါ ကို
ကျနော့်အဖေက ကြိုက်ခဲ့တယ်
စိတ္တရလေခါကို
အဖေ့စာအုပ်စင်ကနေ
ကျနော် ဖတ်ခွင့်ရခဲ့တယ်။


ဟုတ်တယ်ဆရာ
စိတ္တရလေခါကို
ကျနော်တို့သားအဖ ကြိုက်ခဲ့ကြ
အကြိုက်ခြင်းတော့မတူ
အဖေက
ကုမာရဂီရိကို ကြိုက်သည့်သူ။

အနုပညာ
ဒဿန
အရှေ့တိုင်း ဒီမိုကရေစီ - ဂဏ
ပန်းပုဆရာရဲ့ ဇာတ်ကောင် စရိုက်ထဲမှာ ထည့်သွင်းထားတဲ့
အရှေ့တိုင်း ဖြစ်တည်မှုဝါဒ။

ကျေးဇူးကြီးလှတယ် ဆရာရယ်
ကမ္ဘာ့ ဒဿနခရီးသည်ကြီး
ရာဟုလာ သံကစ္စည်းနဲ့ မိတ်ဆက်ပေးခဲ့တာ
နောက်ပြီး ...
ဗော်လဂါမှ ဂင်္ဂါသို့
မဟာလူသား သိဒ္ဓတ္ထ
သိဒ္ဓတ္ထ
ဗုဒ္ဓဒိုင်ယာယီ
ဗုဒ္ဓဘာသာနှင့် မာက်စ်ဝါဒ
ဝေသာလီ
သီဟသေနာပတိ
ယယာတိ
အမ္မပါလီ
... ... ...
... ... ...
... ... ...။

ကိုရင်ဘ၀နဲ့
တို့ဗမာအစည်းအရုံးကို သွားလေ့ရှိခဲ့သူ
သခင်ပါရဂူ
သူ
အခု ဆုံးပြီ
ဆရာပါရေ ...
ဟစ်လို့သာ ငိုလိုက်ချင်။

ညိုထက် (လမ်းသစ်ဦး)

Monday, April 11, 2011

ကျနော့်အဖေ

သောကထည်သွား
နင်းချေခံထားရတဲ့ လယ်ကွက်ဟာ
ကျနော့်အဖေပေါ့။

လယ်သမားမိသားစုကမွေးတဲ့ ပညာတတ်အဖေ
ပန်းချီတွေလည်း ရေးဖူးတယ် တယောထိုးလည်း ပိုင်နိုင်တယ်
ဇာတ်ဆရာလည်း ဖြစ်ဖူးတယ်
အဲဒီလိုနဲ့
အငြိမ့်သမလေး “စောရီ”နဲ့ အကြောင်းပါခဲ့ကြတယ်။

ကျနော်တို့ဆွေမျိုးတွေကပဲ “ကွန်ဆာဗေးတစ်” ဆန်တယ်ပြောရမလား
ကျနော့်အမေကပဲ “ဇာတ်သမ” သိပ်ဆန်လွန်းတယ်ပြောရမလား
သားသမီး ၄ ယောက်ရဲ့အမေဟာ
အပျိုမလေးတယောက်လို အိမ်ပေါ်က ဆင်းသွားခဲ့တယ်
ကျနော့်အသက် ၃ နှစ်အရွယ်
လူမမယ် (၁၉၇၆)။

ခံစားခဲ့ရမှာပေါ့
ခံစားခဲ့ရတာပေါ့
သေချာတာကတော့
ကျနော်သိတတ်သလောက်အရွယ်ကတည်းကိုက
အဖေဟာ
ပန်းချီိဆရာမဟုတ်တော့ဘူး
တူရိယာလုလင် မဟုတ်တော့ဘူး
ဇာတ်ဆရာ မဟုတ်တော့ဘူး
ဆေးလိပ်တွေပဲ လှိမ့်ဖွာနေတဲ့ တောကျောင်းဆရာ။

ဖျတ်ခနဲ
အဖေရေးခဲ့တဲ့ သီချင်းရယ်လို့
ခပ်သဲ့သဲ့ကြားဖူးတာလေးကို သတိရသွားမိတယ်
“ကြာနွယ်ရိုးလေး ချိုးကြည့်ပါ”
ကျနော်နားထောင်ကြည့်လိုက်တော့
အလွမ်းတွေပဲ
သူ့ရင်ဘတ်ထဲ
ထည်သွားရာအထပ်ထပ်နဲ့
နှစ်ပေါင်း ၃၀ လောက်အထိ စိုက်ပျိုးထားတဲ့ အလွမ်းတွေ
မီးရောင်အောက်က ဇာတ်စင်ပေါ်မှာ
ဗလာထမီလေးခတ်ခတ်ပြီး ကနေတဲ့
အငြိမ့်သမလေး “စောရီ”ကို လွမ်းနေတဲ့အလွမ်းတွေ
အဲဒီလို
ကြာနွယ်ရိုး ချိုးသလိုမျိုး
အပင်ပြတ်ပေမယ့် အမျှင်မပြတ်စတမ်း အဖေလွမ်းခဲ့တဲ့
အငြိမ့်သမလေး “စောရီ” ဟာ
အခုအချိန်မှာတော့ “ဒေါ်သီသီလှိုင်” ဖြစ်နေခဲ့ပါပြီ
“ဖြစ်တည်မှုပဓာန” ၀ါဒီတွေရေးလေ့ရှိတဲ့ ၀ထ္ထုတွေလိုပါပဲလား
ကျနော်တို့ မိသားစုရဲ့ ဖြစ်ပုံများ ပြောပါတယ်။

ရွာသူကြီးမျိုးရိုး
မြေရှင်တပိုင်း ချမ်းသာလယ်သမား
အဲဒီလိုမိသားစုက မွေးဖွားခဲ့ပေမယ့်
ကျနော့်အဖေကတော့
အနုပညာကိုချစ်
သားသမီးတွေကိုချစ်
ကျောင်းသားတွေကိုချစ်
သူ့အမျိုးတွေထဲမှာ အမွဲတေဆုံးလူဖြစ်ခဲ့ရတယ်။

အဖေဟာ
သူ့သားသမီးတွေကို
သူ့အမ အပျိုကြီးဆီမှာ အပ်ထားပြီး
တောကျောင်းဆရာ သွားလုပ်နေခဲ့သူ
သူ့သားသမီးတွေကိုတော့
သူ့အမ “ဒေါ်အေးကျင်” က ဈေးရောင်းကြွေးခဲ့ရတယ်။

တကယ်ပါပဲ
အဖေဟာ ပင်ကိုယ်သြဇာကြီးသူပဲပြောရမလား
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်များသူပဲ ပြောရမလား
သူရောက်လေရာရွာကလေးတွေနဲ့
ရွာသူရွာသားတွေနဲ့
ကျောင်းသားတွေနဲ့
တသားတည်းကျခဲ့
သူ့ဂုဏ်သိက္ခာဟာ ကြီးကျယ်ခန်းနားနေခဲ့
အညတရဆန်ဆန်။

အဖေဟာ
အားမာန်တွေနဲ့လည်း ပြည့်လျှမ်းနေခဲ့သူ။

ဒါပေမယ့်ဗျာ
အသေအချာစဉ်းစားကြည့်လိုက်တော့
အဖေဟာ ပန်းချီကားတချပ်ဆိုရင်
သောကဗျာပါဒ ဆေးသားတွေ ထူပျစ်နေတဲ့ ပန်းချီကား
အဖေဟာ ပြဇာတ်တပုဒ်ဆိုရင်
ဇာတ်နာစရာတွေ ပြည့်လျှမ်းနေတဲ့ ဆင်းရဲသားသရုပ်မှန်ပြဇာတ်
အဖေဟာ တေးချင်းတပုဒ်ဆိုရင်
အလွမ်းအဆွေးတွေများလွန်းတဲ့ ရိုမန်တစ်တေးချင်းတပုဒ်။

အဲဒီလိုနဲ့ လူလုပ်သွားခဲ့ရသူအဖေ
သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေဟာ
သူ့ဘ၀ရဲ့ ဇာတ်အနာဆုံးအချိန်တွေဖြစ်ခဲ့။

သူ့ အမလည်းဖြစ်
သူ့ ရဲဘော်ရဲဘက်လည်းဖြစ်
သူ့ တပ်မှူးလည်းဖြစ်
သူ့ သားသမီးတွေရဲ့ အားထားရာ ပင်မပင်စည်လည်းဖြစ်သူ
ဒေါ်အေးကျင်ကွယ်လွန် (၁၉၉၁)။

သားသမီးတွေကို သိပ်ချစ်တဲ့ အဖေ့ရင်ခွင်ထဲကနေ
သူသိပ်ချစ်တဲ့ သားသမီးတွေ
တယောက်ပြီးတယောက် ထွက်ခွာသွားခဲ့ကြ (၁၉၉၂ - ၉၄)
အဖေဟာ
ကိုင်းအားလုံး အချိုင်ခံလိုက်ရတဲ့ သစ်ပင်တပင်လို။

သူ့တသက်လုံး ထိမ်းသိမ်းလာခဲ့တဲ့
ငွေကြေးဆိုင်ရာ ဂုဏ်သိက္ခာကို
သူ့ သူငယ်ချင်းတယောက်က ရိုက်ချိုးဖျက်ဆီးခဲ့တယ် (၁၉၉၅)
ဂိုဏ်းတူညီအကိုလိုနေခဲ့တဲ့ သူငယ်ချင်းရဲ့
အရေးမလုပ် အေးစက်မှုတွေနဲ့ ပစ်ပေါက်တာကို ခံခဲ့ရတယ် (၁၉၉၆)
ကိုင်းချိုင်ခံထားရတဲ့သစ်ပင်ကို ထပ်မံ သင်းသတ်လိုက်သလိုမျိုး။

အဲဒီလို … အဲဒီလို …
ချစ်ဦးသူနဲ့ ကွေကွင်းရ
တပ်မှူးကိုလည်း ပေးလိုက်ရ
သားသမီးတွေကို လက်လွှတ်ဆုံးရှုံးရ
သူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုကိုလည်း ခံခဲ့ရ
အဲဒီလို အဖေ့ကိုမှ
ထပ်၍ … ထပ်မံ၍
ခေတ်ပေါ့ …
ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပေါ့
အဲဒီခေတ်က
အဲဒီ ပြည်တွင်းစစ်က
မြေနိမ့်ရာ လှံစိုက်ဆိုသလိုမျိုး
ခြုံခိုတိုက်ပွဲတွေအဖြစ်ရော
စခန်းသိမ်းတိုက်ပွဲတွေအဖြစ်ပါ
ဒရောသောပါး လှိမ့်ဝင်လာ။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပေါ့ဗျာ
မြေနိမ့်ရာလှံစိုက်လိုက်ပုံက
သားတယောက်က ပြည်တွင်းစစ်ကို တိုက်နေသူ
သားငယ်သူပုန် (၁၉၉၂)
သားတယောက်က ပြည်တွင်းစစ်ဒဏ်ကို ခံနေရသူ
သားကြီးမိုင်းထိ (၁၉၉၇)။

အဲဒီလိုနဲ့
သင်းသတ်ခံထားရတဲ့အဖေဟာ
သူ့ သားငယ်က
တော်လှန်ရေး အခြေခံဒေသတည်ဆောက်မယ်ဆိုတဲ့
စိတ်ဓာတ်တွေတဟုန်းဟုန်းနဲ့ တော်လှန်စစ်ကိုနွှဲနေတဲ့ အချိန်မှာပဲ
ပြည်တွင်းစစ်ဒဏ်ကို ခံနေရသူ
သူ့ သားကြီးကို ခြေထောက်ဖြတ်နေတဲ့အချိန်မှာပဲ
အဲဒီ
သူ့သားကြီးကို ခြေထောက်ဖြတ်ပေးတဲ့ ဆေးရုံမှာပဲ
နှလုံးရောဂါနဲ့ ဘုန်းဘုန်းလဲခဲ့ရတော့တယ်
ကိုင်းချိုင် သင်းသတ်
အဖေ့ဘ၀ အမြစ်ပါပျက်ခဲ့ရတယ် (၁၉၉၇)။

သေချာပါတယ်
အဖေဟာ
သောကထည်သွား
နင်း ချေ ခံထားရတဲ့ လယ်ကွက်
ကျနော်တို့ကို
စိုက်ပျိုးထားရစ်ခဲ့။

ညိုထက် (လမ်းသစ်ဦး)

Tuesday, April 6, 2010

ကဒ်

ကျနော်က မေးကြည့်တယ်
“ဂျက်ဇ် ဂီတ ဘယ်နေရာက စသလဲဗျ”
“ဂီတစတိုင်အားလုံးရဲ့ အဆုံးဟာ
ဂျက်ဇ် ဂီတရဲ့ အစပဲဗျ” လို့
ကျနော့်ရဲ့ ငယ်မိတ်ဆွေ
ဂီတ စာဆိုဦးလူဗိုလ်က ဖြေတယ်။

ကျနော်က ဂျက်ဇ်ဂီတကို ကြိုက်တယ်။
ခတ်တာက
အဲဒီ ဂျက်ဇ်ဂီတကို တီးခတ်ဖို့
အခုအထိ အသံညှိနေရတုန်း။

“အင်နားရှား” သဘောတရားအရ
လူဆိုတာ
ရှိရင်းစွဲ အနေအထားကနေ
အပြောင်းအလဲ ဖြစ်တဲ့အခါ
လှုပ်ခါသွားလေ့ရှိသတဲ့။

ပြောရမယ်ဆိုရင်
အရှိန်ပြင်းပြင်းကားကို
ရွတ်ရွတ်ချွန်ချွန် စီးနေတုန်း
ဘရိတ်ဖမ်းအုပ်လိုက်သလိုမျိုး။

အခု
တောမီးရှို့ချိန်ပဲ
အခုဆို မီးလောင်မြေမှာ
ပဒပ်စာလေးတွေ ဝေနေရောပေါ့။

ပြီး
သူတို့တောင်ယာခုတ်ကြတော့မယ်
ငါလည်းပဲ
တောင်ယာခုတ်ရမယ်
တောင်ယာမခုတ်ပဲ ၀မ်းစာမရနိုင်ဘူးမဟုတ်လား။

ကျနော့်ကို မွေးတဲ့နှစ်က
ရွာအရှေ့ဘက်မှ တောင်ယာခုတ်တဲ့နှစ်ဗျ
အခုကျနော်က
ရွာ အနောက်ဘတ်မှာ တောင်ယာခုတ်ရမယ်
အေးလေ
ရွှေ့ပြောင်းတောင်ယာကိုး။

အမှန်တော့လည်း
ဟောဒီကမ္ဘာကြီးဟာ
ကျနော့်အတွက်တော့
တောင်ယာခုတ်စရာ တောင်တန်းတွေချည်းပဲပေါ့။

ငါကိုကပဲ
တရားသေ၀ါဒဆန်လွန်းနေသလားပဲ
ငါစိုက်ပျိုးခဲ့တဲ့ တောင်ယာထဲမှာ
ရောင်စုံသီးနှံတွေ
ဖွဲ့စည်းပါဝင်နေခဲ့တာပဲ။

ဝါကျတကြောင်းဆုံးတိုင်း ပုဒ်မချရတယ်
ဝါကျတကြောင်းဟာ ၀ထ္ဃုတပုဒ်မဟုတ်ဘူး။
မှတ်ချက် -
ဆရာ “မင်းထက်မောင်” ရေးခဲ့ဖူးတဲ့
“ငါးဖမ်းသော စက်လှေများ ပင်လယ်သို့ ထွက်လို့သွား” ဆိုတဲ့
ဝထ္ထုတိုကတော့
ဝါကျ တကြောင်းတည်းနဲ့ ဖြစ်တဲ့ဝထ္ထုတိုပါ
အဲဒီ ၀ထ္ထုတိုလို လူမျိုးတွေလည်း ရှိပါရဲ့။

ရေနက်ရာသို့ ရွှေ့လော …!
ငါဟာ
လူကိုဖမ်းမယ့် ဘုရားရဲ့ တံငါသည်ပဲလား။

အေးဗျာ
တွေဝေခြင်း
မပြတ်သားခြင်း
သံယောဇဉ်ကြီးမားခြင်းတွေနဲ့
အတ္တ၊ မာန၊ အာဃာတတွေနဲ့ ကြန့်ကြာနေလိုက်တာ။

ရုပ်ရှင်စကားနဲ့ ပြောရောမယ်
ကဒ်
ခင်ဗျားသိပါတယ်
ဒါ
ဇာတ်ဝင်ခန်းတခု ရိုက်ကူးပြီးစီးသွားပြီဆိုတာ။

ညိုထက် (လမ်းသစ်ဦး)

ငါ

အမှန်တော့

ဘယ်သူကမှ ဘယ်သူ့ကိုမှ

ဝင်ရောက် စွပ်ဖက်ခွင့်မရှိဘူး။

ငါဟာ

သံယောဇဉ်တခွဲသားနဲ့

တော်လှန်ရေး ငယ်ဖြူတပါးဖြစ်တယ်။

သာမဏေဘ၀ကတည်းက

တော်လှန်ရေးကို အိမ်ယာလုပ်နေခဲ့ရသူမဟုတ်လား

အဲဒီအစွဲအလန်းတွေပေါ့ အချစ်ရယ်

အချစ်စစ်စစ်နဲ့ ချစ်ခဲ့တာချည်းပါပဲ

ငါ မင်းကိုချစ်တယ် (အဲဒီလိုပဲ)

ငါ့ယုံကြည်ချက်တွေကိုလည်း ချစ်တယ်

အဲဒါတွေဟာ ငါ့ ကိုယ်ပိုင်တွေဖြစ်တယ်ဆိုတာ

အချစ်ရေ

ဖွင့်မပြောလည်း သိနေတာပဲမဟုတ်လား။

ဒါပေမယ့်အချစ်ရယ်

ငါက

ပျော့ညံ့တယ်လို့ပဲပြောရမလား

လိပ်ပြာရှက်ရောဂါရှိတယ်ပဲ ပြောရမလား

ကိုယ်ကိုကိုယ် ယုံကြည်မှုပဲ အားနည်းတယ်ပြောရမလား

လေးနက်မှုမရှိသူလို့ပဲ ပြောရမလား

အလိုက်အထိုက်မရှိသူလို့ပဲ ပြောရမလား

မပြတ်သားတဲ့ တွေဝေသူလို့ပဲ ပြောရမလား

သံယောဇဉ်ကြီးမားတယ်ဆိုတာတော့ သေချာပါတယ်။

ဇွဲံနပဲကြီးစွာနဲ့ပဲ

ချစ်နေဦးမယ်အချစ်ရယ်

မင်းကိုရော

ငါ့ယုံကြည်မှုတွေကိုရော

မိုက်မဲတယ်လို့တော့ မပြောပါနဲ့ အချစ်ရယ်

အဲဒါတွေဟာ မိုက်မဲမှုတွေပါလို့ ပြောခဲ့ရင်တော့

မင်းယောက်ကျားဟာ

ရိုးရိုးသားသား မိုက်မဲနေသူသာဖြစ်တယ်ဆိုတာပါပဲ။

ညိုထက် (လမ်းသစ်ဦး)

Sunday, March 7, 2010

လွယ်ဖီ

ရှမ်း၊ ကယားနယ်ကို ခြံစည်းရိုးခတ်ထားတဲ့ ချောင်းရိုးလေးက
သူ့ကို ထွေးပွေ့ထားတယ်။
ပြောရမယ်ဆိုရင်
ကြီးတောင့်ကြီးမား သားတယောက်ကို ပွေ့ချီထားတဲ့ အမေပိန်ပိန်လေးလိုပေါ့။

မြင့်မား၊ သွယ်တန်း၊ ရှည်လျား
လွယ်ဖီဟာ ကျားကျားယားယားတော့ရှိတယ်။
ကျနော့်သူပုန်ချက်မြှုပ်တာက
မဲနယ်တောင် အရှေ့ဘက်တောင်စွယ်ဆိုတော့
ကျနော့်ရဲ့ သူပုန်ဘ၀ကို
သူ့ကျော်ကုန်းပေါ်မှာ လေးဘက်ထောက်သွားစေခဲ့တာပေါ့။

အဲဒီမှာပဲ အခြေခံစစ်ပညာတွေသင်ခဲ့တယ်
အဲဒီမှာပဲ ကိုတိုက်မောင်းနဲ့တွေ့ခဲ့တယ်
အဲဒီမှာပဲ ဒီအချိန်အထိ တည်သွားမယ့် ရဲဘော်ရဲဘက်တွေကို တွေ့ခဲ့တယ်
အဲဒီမှာပဲ ကျနော့်ရဲ့ ပထမဆုံး ဆောင်းပါးကို သေနတ်သံ ဂျာနယ်မှာ ရေးခဲ့တယ်
အဲဒီမှာပဲ လက်ရေးနဲ့ ကဗျာ စာအုပ်တွေထုတ်ခဲ့တယ်
အဲဒီကိုဗဟိုပြုပြီး ဆီဆိုင်ကိုဝင်မယ့် ရန်သူကိုဝိုင်းပတ်ပြီး ခြေမှုန်းရေးစစ်ပွဲနွှဲခဲ့တယ်
အဲဒီမှာပဲ ရန်သူဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တွေ့ဖူးတယ်
အဲဒီမှာပဲ ကိုယ်ပိုင်သေနတ်တလက်ရခဲ့တယ်
အဲဒီမှာပဲ တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်တဲ
့
၈၀၁ က ကယမ်းရဲဘော် မောင်ရွှေနဲ့
ကျနော့်ရဲ့ ရဲဘော်ကြီးနိုင်မိုးအောင်ကို ထားခဲ့ရတယ်။
အဲဒီမှာပဲ ကျဆုံးရဲဘော်ကို ရှေ့မှာထားပြီး ကမ္ဘာမကြေဘူးသီချင်းကို သီဆိုခဲ့ရတယ်
မျက်ရည်များနဲ့ တုန်လှိုက်နေတဲ့ သီချင်းသံ။

အဲဒီမှာ
ရန်သူကို ရန်သူလို့ ပြတ်ပြတ်သားသားမြင်ခဲ့ရတာပေါ့
ကျနော်တို့ရှေ့မှာ ရန်သူကလွဲပြီး ဘယ်သူမှ မရှိဘူးလေ။

ညဘက်တွေဆို
ဦးစိုးအောင်လွင်တဲကိုသွားပြီး မုန့်တောင်းစားကြတယ်
အဲဒီက အဆင်မပြေရင် မျက်စောင်းထိုးက
တောင်စောင်းလေးကို မေးတင်ဆောက်ထားတဲ့ တဲလေးကိုသွားပြီး
လက်ဖက်ခြောက်တွေ ထောင်းစားကြတယ်။

နောက်ပြီး စကားတွေပြောကြတယ်
အမှန်က ကျနော်တို့က နားထောင်တာပါ
အဲဒီနားထောင်ဖော်တွေဟာ ကျနော်ရဲ့ဘော်တွေဖြစ်လာကြပြီး
ပြောကြသူတွေကတော့ ကျနော့်ရဲ့ ရဲဘော်ကြီးတွေအဖြစ်
သံသရာတကွေ့မှာ ပြန်တွေ့ဖြစ်ကြပြန်တယ်။

ကျနော်အမှတ်ရနေသေးတဲ့ နောက်တခုကတော့
အဖေ့ဆီကို စာလှမ်းရေးလိုက်တာပါပဲ
“အဖေ စိတ်ကူးယဉ်တယ်ဆိုတာ
အနာဂတ်ကို ဇာတ်တိုက်ကြည့်တာပါပဲ အဖေ”

ညိုထက် (လမ်းသစ်ဦး)

Monday, February 1, 2010

ရွေးကောက်ပွဲကို မျှော်ကြည့်ခြင်း

၂၀၁၀ သို့ ၀င်ရောက်ခဲ့ပြီ။ ၂၀၁၀ သည် စစ်အုပ်စုမှ လူသိရှင်ကြား ထုတ်ပြန်ကြေငြာထားသည့် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ သွားရန် ညွှန်ပြထားသည့် လမ်းပြမြေပုံ၏ အဆင့် ၅ ကို အကောင်အထည်ဖေါ်ရမည့် နှစ် ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၅ ဆိုသည်က “ရွေးကောက်ပွဲ”
၂၀၁၀ တွင် ရွေးကောက်ပွဲဖြစ်မည်လား …။ စစ်အုပ်စုရေးဆွဲထားသည့် လမ်းပြမြေပုံက အမှန်တကယ်ပင် အဆင့် ၅ သို့ ရောက်ရှိခဲ့ပြီလား … ဆိုသည်များကို ကျနော်က စဉ်းစားနေမိသည်။ အမှန်တကယ်အဖြစ်အပျက်များ၏ ဖေါ်ပြချက်များက စစ်အုပ်စုအနေဖြင့် လမ်းပြမြေပုံ အဆင့် ၅ ကို လက်တွေ့အကောင်အထည်ဖေါ်ရန် ပြင်ဆင် ချက်များက နှောင့်နှေးလွန်းလှသည်။ အခြေအနေ အရပ်ရပ်ကို တွက်ချက်ကြည့်သောအခါ စစ်အုပ်စု၏ လမ်းပြမြေပုံ နောက်ဆံငင်နေသည်။
၂၀၀၈ ခုနှစ်က ညောင် ၂ ပင် ညိလာခံထွက် စစ်ဗိုလ်တမတ်သား အခြေခံဥပဒေကို အနေကဇာတင်ပွဲ လုပ်သည်။ လူထုဆန္ဒခံယူပွဲ။ ၎င်းသည် လမ်းပြမြေပုံ၏ အဆင့် (၄) ဖြစ်သည်။ ထိုလူထုဆန္ဒခံယူပွဲလုပ်စဉ်က ဗမာပြည် အောက်ပိုင်းကို “နာဂစ်မုန်တိုင်း” မွှေနေသည့်အချိန်ဖြစ်ပြီး တပြည်လုံးအတိုင်းအတာအရ ပူဆွေးသောက ရောက်နေရချိန်ဖြစ်သည်။ ဆွေမျိုးကျွတ်၊ ရွာလုံးကျွတ် အစုလိုက် အပြုံလိုက် သေကြေပျက်စီးနေရသည့် “နိုင်ငံ တော် သောကဗျာပါဒ”ကို ပမာမပြု၊ အမှုမထားပဲ လူထုဆန္ဒခံယူပွဲကို စစ်အုပ်စုမှ ဇွတ်အတင်းအဓမ္မ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ဆွေမျိုးအလောင်းပင် ကိုယ်ပြန်မကောက်နိုင်ဖြစ်နေရသည့် ဗမာပြည်လူထုသည် ကိုယ်ချင်းစာ တရား ခေါင်းပါးလွန်းလှသည့် စစ်အုပ်စု ရေရှည်အာဏာထိန်းချုပ်ရေးအတွက် စီရင်ထားသည့် အခြေခံဥပဒေကို ထောက်ခံဖို့ မဲရုံသို့သွားခဲ့ရသည်။ မဲရုံများနှင့် အပြိုင် နာဂစ်အလောင်းများက မြစ်ပြင် ချောင်းရိုးတလျောက် ဘောလောပေါ်။ ဗမာပြည်လူထုက မျက်ရည်စက်လက်ဖြင့် ထောက်ခံမဲထည့်ခဲ့ရသည်။
ထိုသို့ဖြင့် အခြေခံဥပဒေအား ဗမာပြည်လူထုတရပ်လုံးမှ ထောက်ခံမဲအများစုပေးပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုမှ လူသိရှင်ကြား ကြော်ညာသည်။ ၉၀၊ မေ တွင် NLD အား ထောက်ခံမဲပေးသည့် ရာနှုန်းထက်ပင် အခြေခံဥပဒေကို ပိုမိုထောက်ခံခဲ့ကြောင်းလည်း စာရင်းဇယားဖြင့်ချပြသည်။ လမ်းပြမြေပုံ အဆင့် (၄) အောင်မြင် စွာ ပြီးဆုံးခဲ့ပြီဟုလည်း ၀ါဒဖြန့်သည်။ လမ်းပြမြေပုံ၏ အဆင့် (၅) ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်သည်။
သို့သော် ….
အမှန်တကယ်အဖြစ်အပျက်များနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်များကို ချိန်ထိုးကြည့်မိသည်။ ၂၀၀၈ တွင် လမ်းပြမြေပုံအဆင့် (၄) ပြီးဆုံးသည့်အတွက် ၂၀၀၉ ခုနှစ် တခုလုံးသည် လမ်းပြမြေပုံ အဆင့် (၅) လက်တွေ့ အကောင်အထည်ဖေါ်ရန် ပြင်ဆင်ရမည့်နှစ်ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် ပြင်ဆင်မှုများလုပ်ခဲ့သည်။ သို့သော်လည်း ထင်သာမြင်သာသည့် လက်တွေ့အဖြစ်အပျက်များက မရှိ။
စစ်အုပ်စုအနေဖြင့် သူ့အုပ်စုကို ကိုယ်စားပြုပါဝင်ရမည့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအစုအဖွဲ့ ယနေ့တိုင် ချမပြနိုင်သေး။ ထိုကိစ္စတွင် စစ်အုပ်စုကြား လိပ်ခဲတည်းလဲဖြစ်နေသည်ဟု သတင်းများထွက်နေသည်။ ကြယ်ပွင့် ဖြုတ်၍ ဘောင်းဘီချွတ်ရမည်ကိစ္စကို အမြီးတစ်နေခြင်းဖြစ်သည်ဟု သိရသည်။ စစ်အုပ်စုကြား သံသယ တိမ်လိပ် တို့က ထူထဲနေပုံရသည်။ မူလက ၂၀၁၀ တွင် ပွဲထုတ်မည်ဟု တစ်ပေးခံထားရသည့် ကြံ့/ဖွံ့ သည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသည့်အပြင် ယခုတိုင် နိုင်ငံရေးအစုအဖွဲ့ပုံသဏ္ဍာန်ဖြင့် ပွဲထုတ်သည်ကို မတွေ့ရသေး။ မီဒီယာ မျက်နှာစာမှပင် ပျောက်နေသည်။ လူမြင်ကွင်းတွင်လည်း မတွေ့ရ။
ရွေးကောက်ပွဲ အမှန်တကယ် လုပ်မည်ဆိုလျင် ယခုကဲ့သို့သော ၂၀၁၀ နှစ်ဦးပိုင်းတွင် မုချတည်ရှိပြီးဖြစ်ရမည့် ပါတီများ မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မရှိသေး။ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် အရိပ်အရောင်ဟူ၍ ဗိုလ်သန်းရွှေမိန့်ခွန်းနှင့် ဂျပန်သတင်းစာမှ ကောလဟာလသာ ရှိသေးသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုသော စစ်အုပ်စု၏ ထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးမည့် ပကတိဘာဝများက မှေးမှိန်ေ၀၀ါးလွန်းလှသည်။ နှောင့်နှေး ကြန့်ကြာလွန်းလှသည်။
ရွေးကောက်ပွဲ အကြိုကာလဟု ဆိုရမည်ဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း ထွက်ပေါ်လာသည့် နိုင်ငံရေး အဖြစ်အပျက်များတွင် စစ်အုပ်စု၏ လမ်းပြမြေပုံ အဆင့် (၄) အမှန်တကယ်အောင်မြင်ပြီးစီးမှုရှိ၊ မရှိ ပြန်လည် သုံးသပ်ဖွယ်ရာ အဖြစ်အပျက်များလည်း ရောပြွန်းပါလာသည်။ အခြေခံ ဥပဒေ အမှန်တကယ် အတည်ပြု နိုင်ခဲ့ပြီလော။
၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗမာပြည်လူထုမှ တခဲနက်မဲပေးခြင်းခံခဲ့ရသည့် NLD က အခြေခံဥပဒေပါ အချို့သော အချက်အလက်များကို ပြင်ဆင်မှုလုပ်ပါက ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေငြာလိုက်ဖြင်းဖြင့် စစ်အုပ်စု၏ လမ်းပြမြေပုံကို နောက်ဆံငင်စေခဲ့သည်။ NLD မပါပဲ ရွေးကောက်ပွဲကျင်းပမည်ဆိုပါကလည်း လူသူလေးပါး လေးစားသည့် ရွေးကောက်ပွဲဖြစ်လာနိုင်ဖွယ်မရှိ။ ထို့အပြင် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သတ်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးပေါ်လစီကလည်း တစ်နေသည်။ အခိုင်အမာအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုမရ။ ပင်လုံစာချုပ်ကို ပြန်ကိုင်သူက ကိုင်သည်။ အခြေခံဥပဒေပါ နယ်နိမိတ်ကိစ္စအပါအ၀င် တိုင်းရင်းသားအခွင့်အရေးတွေကို ပြင်ဆင်ပေးဖို့တောင်းသူက တောင်းသည်။ ရွေးကောက်ပွဲဝင်မည် မဟုတ်ဟု ထုတ်ပြန်သူက ထုတ်ပြန်သည်။ ကိုးကန့်ကို စစ်ခင်းသလို စစ်ခင်းလို့ရမည့် အဖွဲ့များလည်းမဟုတ်။ လတ်တလော အထိတော့ ချွတ်နင်း၍ ၀င်နေသည်။ ထိုသို့ဖြင့် လမ်းပြမြေပုံသည် (၄) နှင့် (၅) ကြား ၀င်္ကဘာ ဖြစ်သွားရတော့သည်။
စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဗမာပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဖိနှိပ်မှုဒဏ်ကို ဆက်လက်၍ ခံရမည်သာဖြစ်သည်။ လုပ်ဖြစ်သည်ဆိုလျင်လည်း ဒရွတ်ဆွဲ၍ လုပ်ပေလိမ့်မည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ်ဆိုသည်ကလည်း ၉၁ ဌာန အုပ်ချုပ်ရေးလောက်ပင် အသုံးဝင်မည်မဟုတ်။ အဓိက လုပ်ရမည်မှာ “သူ့ တီးကွက် အတိုင်း မ က နှင့်” ကိုယ့် က မည့် တီးကွက်ကို ကိုယ့်ဘာသာ ဖန်တီးရေး ပင်ဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)

Thursday, January 7, 2010

လေဟာနယ်

WTC အား လေယဉ်တိုက်ပွဲအပြီးတွင် ကျနော်က ဆောင်းပါးတစောင် ရေးခဲ့ဖူးသည်။ “ဖူကူယားမား နိဂုံး” ဖရန့်စစ်ဖူကူယားမားက လစ်ဘရယ်ဝါဒနှင့် သမိုင်းလမ်းဆုံးပြီဟု တင်ပြထားချက်အား သမိုင်းလမ်းမဆုံး ဖူကူယားမားသာလျင် လမ်းဆုံးခဲ့သည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။ ဖူကူယားမားက သမိုင်းလမ်းဆုံးကို တင်ပြ ခဲ့သည်မှာ ၁၉၈၉။ ယခုနှစ်ဆိုလျင် အနှစ် ၂၀ ဖြစ်ခဲ့ပြီ။ သူ့အယူအဆဖြစ်သည် သမိုင်းနိဂုံးသည်လည်း သမိုင်း အမှိုက်ပုံထဲသို့ ရောက်ခဲ့ပြီ။ လက်တွေ့က ထောက်ခံချက်မပေးသည့် မည်သည့် ယူဆချက်မဆို အမှား။
ကျနော် ဖူကူယားမား နိဂုံးရေးခဲ့စဉ်က “လေဟာနယ်” ဟူသော အသုံးကို သုံးခဲ့သည်။ ယခုကာလ၌ ထို “လေဟာနယ်”ဆိုသော စကားလုံးကို ပိုမိုဆင်ခြင်မိသည်။ “လေဟာနယ်” ဟူသည် မည်သည့်အခြေအနေကို အာလုပ်ပြုခေါ်သနည်း။ ဖြစ်စဉ်များ၏ အပြောင်းအလဲနှင့် သက်ဆိုင်သည်။
အပြောင်းအလဲ၏ အဓိပ္ပါယ်သည် အဘယ်နည်း။ ညီညွတ်မှုအဟောင်းနှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခတို့ ချုပ်ငြိမ်း၍ ထိုသည်ကို အစားထိုးရန် ညီညွတ်မှုအသစ်နှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခအသစ်တို့ ဖြစ်တည် လာခြင်းသည် အပြောင်းအလဲဖြစ်သည်။ စည်းနှောင်အား လျော့ရဲလာသည့် ညီညွတ်မှုအဟောင်းနှင့် ပဋိပက္ခအဟောင်း၏ နေရာတွင် စည်းနှောင်အားအသစ်ဖြင့် ညီညွတ်မှုအသစ်နှင့် ပဋိပက္ခအသစ်က ၀င်ရောက်အစားထိုးလိုက်ခြင်းကို အပြောင်းအလဲဖြစ်သည်ဟူ၍ ပြောဆိုကြခြင်းဖြစ်သည်။
အပြောင်းအလဲဟူသော အသုံးတွင် “အပြောင်း”နှင့် “အလဲ” ဟူသော ဖြစ်ရပ် ၂ ခု ပါဝင် ပတ်သက်သည်။ ညီညွတ်မှုအဟောင်း၏ ညီညွတ်မှုသဏ္ဍာန်များသည် စည်းနှောင်အားလျော့နည်းမှုဆီသို့ တစတစမှသည် သိသာသည့် အမှတ်လက္ခဏာဆီသို့ ကူးပြောင်းလာသည်။ ထိုအခြေအနေတွင် အလဲအလှယ်ပြုလုပ် ပေးနိုင်မည့် ညီညွတ်မှုအသစ်က အစားထိုး ၀င်ရောက်လာမည်။ ဤသည်ကား မှန်တန်းဖြစ်သော အပြောင်းနှင့် အလဲဖြစ်သည်။
သို့သော် လက်တွေ့အချက်အလက်များအရ အထက်တွင်တင်ပြခဲ့သည့် မှန်တန်းဖြစ်သော အပြောင်းအလဲ ဖြစ်စဉ်သည် လုံးတိကွက်ကျ ဖြစ်လာသည်ကိုမတွေ့ရ။ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် အနှစ် ၂၀ ကမ္ဘာ့သမိုင်း အတွေ့အကြုံများအရ အပြောင်းအလဲသည် မှန်တန်းဖြစ်သောဖြစ်စဉ်အဖြစ် ပေါ်ထွက်မလာ။ အပြောင်းအလဲဖြစ်စဉ်အတွင်းတွင် ကြားဖြစ်သော အကူးအပြောင်းကာလကို တွေ့မြင်ခဲ့ရသည်။
ကမ္ဘာ့ဖြစ်စဉ်များအရ ဒုတိယကမ္ဘာစစ်အပြီးတွင် စုဖွဲ့ဖြစ်တည်လာခဲ့သည့် ညီညွတ်မှုလည်းဖြစ် ပဋိပက္ခလည်း ဖြစ်သည့်၊ ပေါင်းစည်းမှုလည်းဖြစ် တိုက်ခိုက်မှုလည်းဖြစ်သည့် ကမ္ဘာ့အစီအစဉ်သည် “စစ်အေး” ဖြစ်သည်။ ထိုညီညွတ်မှုနှင့် ပဋိပက္ခသည် ဆယ်စုနှစ် ၄ ခုကျော်မျှ ဖြတ်သန်းခဲ့ပြီးသောအခါ စည်းနှောင်အား လျော့နည်းမှုဆီသို့ တစတစမှသည် သိသာသည့် အမှတ်လက္ခဏာသို့ ကူးပြောင်းရောက်ရှိလာသည်။ ထိုဖြစ်စဉ် ထိုအခြေအနေကို သန်ရာ သန်ရာ အလိုက် “လီနင်ဝါဒ မီးငြိမ်းခေတ်” “မာ့က်စ်ဝါဒ ကျဆုံးသည့်ခေတ်” “ပစ္စည်းမဲ့အာဏာရှင်စနစ် ကျဆုံးခြင်း” “ဆိုဗီယက်လွန်ကာလ” “စစ်အေးလွန်ကာလ” “လစ်ဘရယ်ဝါဒခေတ်” … စသည်အားဖြင့် ၀ိဂြိုလ် ပြုကြသည်။
ထိုဖြစ်စဉ်များဖြစ်နေသည့် ကာလများတွင် ဆိုဗီယက်ယူနီယံ နှင့် အရှေ့ဥရောပ နိုင်ငံများကျဆုံးသွားသဖြင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်သည် “လေဟာနယ်” ဖြစ်ကျန်ခဲ့သည်ဟူသော အယူအဆလည်း ပေါ်ထွက်လာသည်။ ကျနော်က ထို “လေဟာနယ်” အယူအဆနှင့်အတူ ရပ်ခံခဲ့သည်။ ယခင်နိုင်ငံရေးကို စွန့်လွှတ်ခဲ့ကြသည့် နိုင်ငံများသည် အလံထူကျန်ခဲ့သည့် လစ်ဘရယ်ဝါဒကို ကောက်ခါငင်ခါ ဖမ်းယူလိုက်ရသော်လည်း တကယ့်ဖြစ်စဉ်များ၏ အတွင်းသဘောသည် လစ်ဘရယ်ဝါဒမဟုတ် လေဟာနယ်ဖြစ်ကျန်ခဲ့ခြင်းဖြစ်သည်ဟု ကျနော်က ယုံကြည့်ယူဆနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်နည်း။ လစ်ဘရယ်ဝါဒသည် စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခကို အစားထိုးနိုင်လောက်သည့် ညီညွတ်မှုအသစ်နှင့် ပဋိပက္ခအသစ်တို့၏ စည်းနှောင်အား အမှတ်လက္ခဏာများ ပါဝင်လာသည်ကို မတွေ့ရသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ လစ်ဘရယ်ဝါဒသည် စစ်အေးခေတ်ကို အစားထိုးနိုင်လောက်သည့် လောက်လောက်လားလား ညီညွတ်မှု မဟုတ် ဟူ၍ဖြစ်သည်။ စစ်အေးအပြီး အနှစ် ၂၀ မျှသော ကမ္ဘာ့ဖြစ်စဉ်များကလည်း ကျနော်ယုံကြည့်ယူဆခဲ့သည့် လေဟာနယ် အယူအဆကို ထောက်ခံခဲ့သည်။
စစ်အေးလွန်ခေတ် အနှစ် ၂၀ တွင် စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခဖြစ်မှုများအား အစားထိုး နိုင်လောက်သည့် လောက်လောက်လားလားသော သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးသည် မရှိရာမှ ရှိရာသို့ တစတစ ဖြတ်သန်းချီတတ်ခဲ့ရသည်။ မရှိရာမှ … သည် လေဟာနယ်ကို ကိုယ်စားပြုပြီး ရှိရာသို့ … သည် အပြောင်းအလဲကို ကိုယ်စားပြုသည်။
ပြိုကွဲ ပျက်စီးသွားသည့် ညီညွတ်မှုအဟောင်းနှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခတို့၏ နေရာတွင် အစားထိုးရမည့် ညီညွတ်မှုအသစ်နှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခ အသစ်သည် သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စည်းရုံးစုဖွဲ့မှုဖြစ်စဉ်သို့ မရောက်ရှိသေးသည့် ကာလတွင် ကမ္ဘာ့ဖြစ်စဉ်သည် စွဲမြဲခိုင်မာမှုမရှိပဲ လွင့်မျောနေသည်။ ထိုကာလများတွင် ရောက်တက်ရာရာ သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေး သဏ္ဍာန်များကို ဖမ်းယူဆုပ်ကိုင်မှုများ၊ ထူထူထောင်ထောင် ကျန်ခဲ့သည့် အင်အားစုကို အလွန်အကျွံ အထင်အမြင်ကြီးမှုများ၊ သဘောတရားရေး သွင်းကုန် ထုတ်ကုန် လုပ်ငန်း အရောင်းအ၀ယ်ကောင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလများကို ပြန်ကြည့်မည်ဆိုလျင် “အိုစမာဘင်လာဒင်” ဆိုသူသည်ပင် သူရဲကောင်း ဖြစ်သွားခဲ့ဖူးသည်။ ဤကား လေဟာနယ်ကာလ၏ ဖေါ်ပြချက်များဖြစ်သည်။
အားလုံးသော သုတေသနပြုမှုများသည် လက်တွေ့၏စမ်းသပ်မှုကို ခံယူပြီး တစုံတရာသော ကာလတခုသို့ ရောက်လာသောအခါ စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခဖြစ်မှုများအား အစားထိုးနိုင်လောက်သည့် သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေး စည်းရုံးစုဖွဲ့မှုသည် တစတစမှသည် မြင်သာသည့် ညီညွတ်မှုအသစ်၊ ပဋိပက္ခအသစ်၏ စည်းနှောင်အားဖြစ်မှုသို့ရောက်ရှိလာသည်။ လေဟာနယ်ကာလသည်လည်း ပျက်ပျယ် လွင့်ပါးလာသည်။ ကမ္ဘာ့အစီအစဉ် နှင်းခဲပျော်ချိန် ရောက်လာသည်။ အပြောင်းအလဲသည် သိသာသည့် ဖြစ်စဉ်ဖြစ်လာသည်။ အာရှတရုပ်အား ဗဟိုပြုသည့် ဒုတိယ စစ်အေးသည်လည်း ပေါ်ထွက်လာတော့သည်။

ညိုထက် (လမ်းသစ်ဦး)

Tuesday, July 28, 2009

ချဉ်ခြင်း

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ကျနော်တို့တပ်ရင်းက ရဲဘော်တွေစုထုတ်တဲ့ ကဗျာစာအုပ်မှာ ထည့်သွင်း ဖေါ်ပြခဲ့ဖူးပါတယ်။ အမှတ်တရရှိသွားတာနဲ့ ဒီမှာ ပြန်တင်ကြည့်တာပါ

ချဉ်ခြင်း

ခေါက်ပြန်လမ်းလျောက်
စိတ်မှတ်မှောက်မှား
လက်ကို မ မိ၊ လက်ကြားကိုကြည့်
မရှိ။

ရင်မှာနွမ်း
ပင်ပန်းခံစား
ချဉ်ခြင်းအားတွေ ကျိုးပေါက်ချေပြီ
တောက် ... ဆေးလိပ်သောက်ချင်တယ်။

ညိုထက် (လမ်းသစ်ဦး)

Sunday, July 19, 2009

သူတို့ စစ်ပွဲက ပြန်လာခဲ့ကြတယ်

သူတို့
စစ်ပွဲက ပြန်လာခဲ့ကြတယ်။

ဖုံအလူးလူး
သဲတရှပ်ရှပ်
အသံတွေက သဲ့သဲ့
ဒါပေမယ့် …
မျက်လုံးတွေကတော့ ၀င်းလဲ့။

သူတို့
စစ်ပွဲက ပြန်လာခဲ့ကြတယ်
ပြီးတော့ သူတို့ ဆရာကန့်ဆီလာကြတယ်
စစ်ပွဲအကြောင်းတွေကို ပြောနေကြတယ်
ဆရာကန့်မှာ အလွမ်းတွေနဲ့ဆိုတာ သူတို့မသိကြဘူး။

ထုံစံအတိုင်းပေါ့
အသက်ဘေးကြားမှာ ခြောက်ခြားစရာကောင်းတာတွေမှန်သမျှဟာ
အဲဒီ အသက်ဘေးက လွတ်တဲ့အခါ ရယ်စရာ မောစရာတွေအဖြစ်
ပြန်လည်ပြောကြားနေကြ
ဆရာကန့်မှာ အလွမ်းတွေနဲ့ဆိုတာ သူတို့မသိကြဘူး။

ဆရာကန့်မှာ အလွမ်းတွေနဲ့ ဆိုတာ သူတို့မသိကြဘူး
ဟိုတချိန်
တိုက်ခိုက်ရေးသမားဘဝ
ပြောက်ကြားစစ်တွေ
ခံစစ်ကုန်းတွေ
ဝိုင်းပတ်ချေမှုန်းပွဲတွေ
အလစ်အငိုက်တိုက်ပွဲတွေ
ရှောင်တခင်တိုက်ပွဲတွေ။

သူတို့လိုပ
ဟိုတုန်းက ငါတို့လည်း
စစ်ပွဲတပွဲပြီးတိုင်း
ရင်ခုန်ရ
ပြန်ပြောကြ
စကြနောက်ကြ
ရယ်ကြမောကြ
အောင်ပွဲရတဲ့အခါ
အပြစ်တင်သံမှာတောင်
ဟာသလေးတွေက စိုလို့။

သူတို့
စစ်ပွဲက ပြန်လာကြတယ်
မျက်လုံးတွေက ၀င်းလဲ့
လွမ်းတယ်ကွဲ့ အားလုံးကို။

ညိုထက် (လမ်းသစ်ဦး)