Tuesday, April 6, 2010

ကဒ်

ကျနော်က မေးကြည့်တယ်
“ဂျက်ဇ် ဂီတ ဘယ်နေရာက စသလဲဗျ”
“ဂီတစတိုင်အားလုံးရဲ့ အဆုံးဟာ
ဂျက်ဇ် ဂီတရဲ့ အစပဲဗျ” လို့
ကျနော့်ရဲ့ ငယ်မိတ်ဆွေ
ဂီတ စာဆိုဦးလူဗိုလ်က ဖြေတယ်။

ကျနော်က ဂျက်ဇ်ဂီတကို ကြိုက်တယ်။
ခတ်တာက
အဲဒီ ဂျက်ဇ်ဂီတကို တီးခတ်ဖို့
အခုအထိ အသံညှိနေရတုန်း။

“အင်နားရှား” သဘောတရားအရ
လူဆိုတာ
ရှိရင်းစွဲ အနေအထားကနေ
အပြောင်းအလဲ ဖြစ်တဲ့အခါ
လှုပ်ခါသွားလေ့ရှိသတဲ့။

ပြောရမယ်ဆိုရင်
အရှိန်ပြင်းပြင်းကားကို
ရွတ်ရွတ်ချွန်ချွန် စီးနေတုန်း
ဘရိတ်ဖမ်းအုပ်လိုက်သလိုမျိုး။

အခု
တောမီးရှို့ချိန်ပဲ
အခုဆို မီးလောင်မြေမှာ
ပဒပ်စာလေးတွေ ဝေနေရောပေါ့။

ပြီး
သူတို့တောင်ယာခုတ်ကြတော့မယ်
ငါလည်းပဲ
တောင်ယာခုတ်ရမယ်
တောင်ယာမခုတ်ပဲ ၀မ်းစာမရနိုင်ဘူးမဟုတ်လား။

ကျနော့်ကို မွေးတဲ့နှစ်က
ရွာအရှေ့ဘက်မှ တောင်ယာခုတ်တဲ့နှစ်ဗျ
အခုကျနော်က
ရွာ အနောက်ဘတ်မှာ တောင်ယာခုတ်ရမယ်
အေးလေ
ရွှေ့ပြောင်းတောင်ယာကိုး။

အမှန်တော့လည်း
ဟောဒီကမ္ဘာကြီးဟာ
ကျနော့်အတွက်တော့
တောင်ယာခုတ်စရာ တောင်တန်းတွေချည်းပဲပေါ့။

ငါကိုကပဲ
တရားသေ၀ါဒဆန်လွန်းနေသလားပဲ
ငါစိုက်ပျိုးခဲ့တဲ့ တောင်ယာထဲမှာ
ရောင်စုံသီးနှံတွေ
ဖွဲ့စည်းပါဝင်နေခဲ့တာပဲ။

ဝါကျတကြောင်းဆုံးတိုင်း ပုဒ်မချရတယ်
ဝါကျတကြောင်းဟာ ၀ထ္ဃုတပုဒ်မဟုတ်ဘူး။
မှတ်ချက် -
ဆရာ “မင်းထက်မောင်” ရေးခဲ့ဖူးတဲ့
“ငါးဖမ်းသော စက်လှေများ ပင်လယ်သို့ ထွက်လို့သွား” ဆိုတဲ့
ဝထ္ထုတိုကတော့
ဝါကျ တကြောင်းတည်းနဲ့ ဖြစ်တဲ့ဝထ္ထုတိုပါ
အဲဒီ ၀ထ္ထုတိုလို လူမျိုးတွေလည်း ရှိပါရဲ့။

ရေနက်ရာသို့ ရွှေ့လော …!
ငါဟာ
လူကိုဖမ်းမယ့် ဘုရားရဲ့ တံငါသည်ပဲလား။

အေးဗျာ
တွေဝေခြင်း
မပြတ်သားခြင်း
သံယောဇဉ်ကြီးမားခြင်းတွေနဲ့
အတ္တ၊ မာန၊ အာဃာတတွေနဲ့ ကြန့်ကြာနေလိုက်တာ။

ရုပ်ရှင်စကားနဲ့ ပြောရောမယ်
ကဒ်
ခင်ဗျားသိပါတယ်
ဒါ
ဇာတ်ဝင်ခန်းတခု ရိုက်ကူးပြီးစီးသွားပြီဆိုတာ။

ညိုထက် (လမ်းသစ်ဦး)

ငါ

အမှန်တော့

ဘယ်သူကမှ ဘယ်သူ့ကိုမှ

ဝင်ရောက် စွပ်ဖက်ခွင့်မရှိဘူး။

ငါဟာ

သံယောဇဉ်တခွဲသားနဲ့

တော်လှန်ရေး ငယ်ဖြူတပါးဖြစ်တယ်။

သာမဏေဘ၀ကတည်းက

တော်လှန်ရေးကို အိမ်ယာလုပ်နေခဲ့ရသူမဟုတ်လား

အဲဒီအစွဲအလန်းတွေပေါ့ အချစ်ရယ်

အချစ်စစ်စစ်နဲ့ ချစ်ခဲ့တာချည်းပါပဲ

ငါ မင်းကိုချစ်တယ် (အဲဒီလိုပဲ)

ငါ့ယုံကြည်ချက်တွေကိုလည်း ချစ်တယ်

အဲဒါတွေဟာ ငါ့ ကိုယ်ပိုင်တွေဖြစ်တယ်ဆိုတာ

အချစ်ရေ

ဖွင့်မပြောလည်း သိနေတာပဲမဟုတ်လား။

ဒါပေမယ့်အချစ်ရယ်

ငါက

ပျော့ညံ့တယ်လို့ပဲပြောရမလား

လိပ်ပြာရှက်ရောဂါရှိတယ်ပဲ ပြောရမလား

ကိုယ်ကိုကိုယ် ယုံကြည်မှုပဲ အားနည်းတယ်ပြောရမလား

လေးနက်မှုမရှိသူလို့ပဲ ပြောရမလား

အလိုက်အထိုက်မရှိသူလို့ပဲ ပြောရမလား

မပြတ်သားတဲ့ တွေဝေသူလို့ပဲ ပြောရမလား

သံယောဇဉ်ကြီးမားတယ်ဆိုတာတော့ သေချာပါတယ်။

ဇွဲံနပဲကြီးစွာနဲ့ပဲ

ချစ်နေဦးမယ်အချစ်ရယ်

မင်းကိုရော

ငါ့ယုံကြည်မှုတွေကိုရော

မိုက်မဲတယ်လို့တော့ မပြောပါနဲ့ အချစ်ရယ်

အဲဒါတွေဟာ မိုက်မဲမှုတွေပါလို့ ပြောခဲ့ရင်တော့

မင်းယောက်ကျားဟာ

ရိုးရိုးသားသား မိုက်မဲနေသူသာဖြစ်တယ်ဆိုတာပါပဲ။

ညိုထက် (လမ်းသစ်ဦး)

Sunday, March 7, 2010

လွယ်ဖီ

ရှမ်း၊ ကယားနယ်ကို ခြံစည်းရိုးခတ်ထားတဲ့ ချောင်းရိုးလေးက
သူ့ကို ထွေးပွေ့ထားတယ်။
ပြောရမယ်ဆိုရင်
ကြီးတောင့်ကြီးမား သားတယောက်ကို ပွေ့ချီထားတဲ့ အမေပိန်ပိန်လေးလိုပေါ့။

မြင့်မား၊ သွယ်တန်း၊ ရှည်လျား
လွယ်ဖီဟာ ကျားကျားယားယားတော့ရှိတယ်။
ကျနော့်သူပုန်ချက်မြှုပ်တာက
မဲနယ်တောင် အရှေ့ဘက်တောင်စွယ်ဆိုတော့
ကျနော့်ရဲ့ သူပုန်ဘ၀ကို
သူ့ကျော်ကုန်းပေါ်မှာ လေးဘက်ထောက်သွားစေခဲ့တာပေါ့။

အဲဒီမှာပဲ အခြေခံစစ်ပညာတွေသင်ခဲ့တယ်
အဲဒီမှာပဲ ကိုတိုက်မောင်းနဲ့တွေ့ခဲ့တယ်
အဲဒီမှာပဲ ဒီအချိန်အထိ တည်သွားမယ့် ရဲဘော်ရဲဘက်တွေကို တွေ့ခဲ့တယ်
အဲဒီမှာပဲ ကျနော့်ရဲ့ ပထမဆုံး ဆောင်းပါးကို သေနတ်သံ ဂျာနယ်မှာ ရေးခဲ့တယ်
အဲဒီမှာပဲ လက်ရေးနဲ့ ကဗျာ စာအုပ်တွေထုတ်ခဲ့တယ်
အဲဒီကိုဗဟိုပြုပြီး ဆီဆိုင်ကိုဝင်မယ့် ရန်သူကိုဝိုင်းပတ်ပြီး ခြေမှုန်းရေးစစ်ပွဲနွှဲခဲ့တယ်
အဲဒီမှာပဲ ရန်သူဆီက သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တွေ့ဖူးတယ်
အဲဒီမှာပဲ ကိုယ်ပိုင်သေနတ်တလက်ရခဲ့တယ်
အဲဒီမှာပဲ တိုက်ပွဲဝင်သူရဲကောင်းတွေဖြစ်တဲ
့
၈၀၁ က ကယမ်းရဲဘော် မောင်ရွှေနဲ့
ကျနော့်ရဲ့ ရဲဘော်ကြီးနိုင်မိုးအောင်ကို ထားခဲ့ရတယ်။
အဲဒီမှာပဲ ကျဆုံးရဲဘော်ကို ရှေ့မှာထားပြီး ကမ္ဘာမကြေဘူးသီချင်းကို သီဆိုခဲ့ရတယ်
မျက်ရည်များနဲ့ တုန်လှိုက်နေတဲ့ သီချင်းသံ။

အဲဒီမှာ
ရန်သူကို ရန်သူလို့ ပြတ်ပြတ်သားသားမြင်ခဲ့ရတာပေါ့
ကျနော်တို့ရှေ့မှာ ရန်သူကလွဲပြီး ဘယ်သူမှ မရှိဘူးလေ။

ညဘက်တွေဆို
ဦးစိုးအောင်လွင်တဲကိုသွားပြီး မုန့်တောင်းစားကြတယ်
အဲဒီက အဆင်မပြေရင် မျက်စောင်းထိုးက
တောင်စောင်းလေးကို မေးတင်ဆောက်ထားတဲ့ တဲလေးကိုသွားပြီး
လက်ဖက်ခြောက်တွေ ထောင်းစားကြတယ်။

နောက်ပြီး စကားတွေပြောကြတယ်
အမှန်က ကျနော်တို့က နားထောင်တာပါ
အဲဒီနားထောင်ဖော်တွေဟာ ကျနော်ရဲ့ဘော်တွေဖြစ်လာကြပြီး
ပြောကြသူတွေကတော့ ကျနော့်ရဲ့ ရဲဘော်ကြီးတွေအဖြစ်
သံသရာတကွေ့မှာ ပြန်တွေ့ဖြစ်ကြပြန်တယ်။

ကျနော်အမှတ်ရနေသေးတဲ့ နောက်တခုကတော့
အဖေ့ဆီကို စာလှမ်းရေးလိုက်တာပါပဲ
“အဖေ စိတ်ကူးယဉ်တယ်ဆိုတာ
အနာဂတ်ကို ဇာတ်တိုက်ကြည့်တာပါပဲ အဖေ”

ညိုထက် (လမ်းသစ်ဦး)

Monday, February 1, 2010

ရွေးကောက်ပွဲကို မျှော်ကြည့်ခြင်း

၂၀၁၀ သို့ ၀င်ရောက်ခဲ့ပြီ။ ၂၀၁၀ သည် စစ်အုပ်စုမှ လူသိရှင်ကြား ထုတ်ပြန်ကြေငြာထားသည့် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ သွားရန် ညွှန်ပြထားသည့် လမ်းပြမြေပုံ၏ အဆင့် ၅ ကို အကောင်အထည်ဖေါ်ရမည့် နှစ် ဖြစ်သည်။ လမ်းပြမြေပုံ အဆင့် ၅ ဆိုသည်က “ရွေးကောက်ပွဲ”
၂၀၁၀ တွင် ရွေးကောက်ပွဲဖြစ်မည်လား …။ စစ်အုပ်စုရေးဆွဲထားသည့် လမ်းပြမြေပုံက အမှန်တကယ်ပင် အဆင့် ၅ သို့ ရောက်ရှိခဲ့ပြီလား … ဆိုသည်များကို ကျနော်က စဉ်းစားနေမိသည်။ အမှန်တကယ်အဖြစ်အပျက်များ၏ ဖေါ်ပြချက်များက စစ်အုပ်စုအနေဖြင့် လမ်းပြမြေပုံ အဆင့် ၅ ကို လက်တွေ့အကောင်အထည်ဖေါ်ရန် ပြင်ဆင် ချက်များက နှောင့်နှေးလွန်းလှသည်။ အခြေအနေ အရပ်ရပ်ကို တွက်ချက်ကြည့်သောအခါ စစ်အုပ်စု၏ လမ်းပြမြေပုံ နောက်ဆံငင်နေသည်။
၂၀၀၈ ခုနှစ်က ညောင် ၂ ပင် ညိလာခံထွက် စစ်ဗိုလ်တမတ်သား အခြေခံဥပဒေကို အနေကဇာတင်ပွဲ လုပ်သည်။ လူထုဆန္ဒခံယူပွဲ။ ၎င်းသည် လမ်းပြမြေပုံ၏ အဆင့် (၄) ဖြစ်သည်။ ထိုလူထုဆန္ဒခံယူပွဲလုပ်စဉ်က ဗမာပြည် အောက်ပိုင်းကို “နာဂစ်မုန်တိုင်း” မွှေနေသည့်အချိန်ဖြစ်ပြီး တပြည်လုံးအတိုင်းအတာအရ ပူဆွေးသောက ရောက်နေရချိန်ဖြစ်သည်။ ဆွေမျိုးကျွတ်၊ ရွာလုံးကျွတ် အစုလိုက် အပြုံလိုက် သေကြေပျက်စီးနေရသည့် “နိုင်ငံ တော် သောကဗျာပါဒ”ကို ပမာမပြု၊ အမှုမထားပဲ လူထုဆန္ဒခံယူပွဲကို စစ်အုပ်စုမှ ဇွတ်အတင်းအဓမ္မ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကိုယ့်ဆွေမျိုးအလောင်းပင် ကိုယ်ပြန်မကောက်နိုင်ဖြစ်နေရသည့် ဗမာပြည်လူထုသည် ကိုယ်ချင်းစာ တရား ခေါင်းပါးလွန်းလှသည့် စစ်အုပ်စု ရေရှည်အာဏာထိန်းချုပ်ရေးအတွက် စီရင်ထားသည့် အခြေခံဥပဒေကို ထောက်ခံဖို့ မဲရုံသို့သွားခဲ့ရသည်။ မဲရုံများနှင့် အပြိုင် နာဂစ်အလောင်းများက မြစ်ပြင် ချောင်းရိုးတလျောက် ဘောလောပေါ်။ ဗမာပြည်လူထုက မျက်ရည်စက်လက်ဖြင့် ထောက်ခံမဲထည့်ခဲ့ရသည်။
ထိုသို့ဖြင့် အခြေခံဥပဒေအား ဗမာပြည်လူထုတရပ်လုံးမှ ထောက်ခံမဲအများစုပေးပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုမှ လူသိရှင်ကြား ကြော်ညာသည်။ ၉၀၊ မေ တွင် NLD အား ထောက်ခံမဲပေးသည့် ရာနှုန်းထက်ပင် အခြေခံဥပဒေကို ပိုမိုထောက်ခံခဲ့ကြောင်းလည်း စာရင်းဇယားဖြင့်ချပြသည်။ လမ်းပြမြေပုံ အဆင့် (၄) အောင်မြင် စွာ ပြီးဆုံးခဲ့ပြီဟုလည်း ၀ါဒဖြန့်သည်။ လမ်းပြမြေပုံ၏ အဆင့် (၅) ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်သည်။
သို့သော် ….
အမှန်တကယ်အဖြစ်အပျက်များနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်များကို ချိန်ထိုးကြည့်မိသည်။ ၂၀၀၈ တွင် လမ်းပြမြေပုံအဆင့် (၄) ပြီးဆုံးသည့်အတွက် ၂၀၀၉ ခုနှစ် တခုလုံးသည် လမ်းပြမြေပုံ အဆင့် (၅) လက်တွေ့ အကောင်အထည်ဖေါ်ရန် ပြင်ဆင်ရမည့်နှစ်ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် ပြင်ဆင်မှုများလုပ်ခဲ့သည်။ သို့သော်လည်း ထင်သာမြင်သာသည့် လက်တွေ့အဖြစ်အပျက်များက မရှိ။
စစ်အုပ်စုအနေဖြင့် သူ့အုပ်စုကို ကိုယ်စားပြုပါဝင်ရမည့် နိုင်ငံရေးပါတီ၊ နိုင်ငံရေးအစုအဖွဲ့ ယနေ့တိုင် ချမပြနိုင်သေး။ ထိုကိစ္စတွင် စစ်အုပ်စုကြား လိပ်ခဲတည်းလဲဖြစ်နေသည်ဟု သတင်းများထွက်နေသည်။ ကြယ်ပွင့် ဖြုတ်၍ ဘောင်းဘီချွတ်ရမည်ကိစ္စကို အမြီးတစ်နေခြင်းဖြစ်သည်ဟု သိရသည်။ စစ်အုပ်စုကြား သံသယ တိမ်လိပ် တို့က ထူထဲနေပုံရသည်။ မူလက ၂၀၁၀ တွင် ပွဲထုတ်မည်ဟု တစ်ပေးခံထားရသည့် ကြံ့/ဖွံ့ သည်လည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသည့်အပြင် ယခုတိုင် နိုင်ငံရေးအစုအဖွဲ့ပုံသဏ္ဍာန်ဖြင့် ပွဲထုတ်သည်ကို မတွေ့ရသေး။ မီဒီယာ မျက်နှာစာမှပင် ပျောက်နေသည်။ လူမြင်ကွင်းတွင်လည်း မတွေ့ရ။
ရွေးကောက်ပွဲ အမှန်တကယ် လုပ်မည်ဆိုလျင် ယခုကဲ့သို့သော ၂၀၁၀ နှစ်ဦးပိုင်းတွင် မုချတည်ရှိပြီးဖြစ်ရမည့် ပါတီများ မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မရှိသေး။ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် အရိပ်အရောင်ဟူ၍ ဗိုလ်သန်းရွှေမိန့်ခွန်းနှင့် ဂျပန်သတင်းစာမှ ကောလဟာလသာ ရှိသေးသည်။ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟုဆိုသော စစ်အုပ်စု၏ ထုတ်ပြန်ချက်ကို ထောက်ခံချက်ပေးမည့် ပကတိဘာဝများက မှေးမှိန်ေ၀၀ါးလွန်းလှသည်။ နှောင့်နှေး ကြန့်ကြာလွန်းလှသည်။
ရွေးကောက်ပွဲ အကြိုကာလဟု ဆိုရမည်ဖြစ်သော ၂၀၀၉ ခုနှစ်အတွင်း ထွက်ပေါ်လာသည့် နိုင်ငံရေး အဖြစ်အပျက်များတွင် စစ်အုပ်စု၏ လမ်းပြမြေပုံ အဆင့် (၄) အမှန်တကယ်အောင်မြင်ပြီးစီးမှုရှိ၊ မရှိ ပြန်လည် သုံးသပ်ဖွယ်ရာ အဖြစ်အပျက်များလည်း ရောပြွန်းပါလာသည်။ အခြေခံ ဥပဒေ အမှန်တကယ် အတည်ပြု နိုင်ခဲ့ပြီလော။
၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဗမာပြည်လူထုမှ တခဲနက်မဲပေးခြင်းခံခဲ့ရသည့် NLD က အခြေခံဥပဒေပါ အချို့သော အချက်အလက်များကို ပြင်ဆင်မှုလုပ်ပါက ရွေးကောက်ပွဲဝင်မည်ဟု ထုတ်ပြန်ကြေငြာလိုက်ဖြင်းဖြင့် စစ်အုပ်စု၏ လမ်းပြမြေပုံကို နောက်ဆံငင်စေခဲ့သည်။ NLD မပါပဲ ရွေးကောက်ပွဲကျင်းပမည်ဆိုပါကလည်း လူသူလေးပါး လေးစားသည့် ရွေးကောက်ပွဲဖြစ်လာနိုင်ဖွယ်မရှိ။ ထို့အပြင် အပစ်ရပ်အဖွဲ့အစည်းများနှင့် ပတ်သတ်သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးပေါ်လစီကလည်း တစ်နေသည်။ အခိုင်အမာအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုမရ။ ပင်လုံစာချုပ်ကို ပြန်ကိုင်သူက ကိုင်သည်။ အခြေခံဥပဒေပါ နယ်နိမိတ်ကိစ္စအပါအ၀င် တိုင်းရင်းသားအခွင့်အရေးတွေကို ပြင်ဆင်ပေးဖို့တောင်းသူက တောင်းသည်။ ရွေးကောက်ပွဲဝင်မည် မဟုတ်ဟု ထုတ်ပြန်သူက ထုတ်ပြန်သည်။ ကိုးကန့်ကို စစ်ခင်းသလို စစ်ခင်းလို့ရမည့် အဖွဲ့များလည်းမဟုတ်။ လတ်တလော အထိတော့ ချွတ်နင်း၍ ၀င်နေသည်။ ထိုသို့ဖြင့် လမ်းပြမြေပုံသည် (၄) နှင့် (၅) ကြား ၀င်္ကဘာ ဖြစ်သွားရတော့သည်။
စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဗမာပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဖိနှိပ်မှုဒဏ်ကို ဆက်လက်၍ ခံရမည်သာဖြစ်သည်။ လုပ်ဖြစ်သည်ဆိုလျင်လည်း ဒရွတ်ဆွဲ၍ လုပ်ပေလိမ့်မည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ်ဆိုသည်ကလည်း ၉၁ ဌာန အုပ်ချုပ်ရေးလောက်ပင် အသုံးဝင်မည်မဟုတ်။ အဓိက လုပ်ရမည်မှာ “သူ့ တီးကွက် အတိုင်း မ က နှင့်” ကိုယ့် က မည့် တီးကွက်ကို ကိုယ့်ဘာသာ ဖန်တီးရေး ပင်ဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)

Thursday, January 7, 2010

လေဟာနယ်

WTC အား လေယဉ်တိုက်ပွဲအပြီးတွင် ကျနော်က ဆောင်းပါးတစောင် ရေးခဲ့ဖူးသည်။ “ဖူကူယားမား နိဂုံး” ဖရန့်စစ်ဖူကူယားမားက လစ်ဘရယ်ဝါဒနှင့် သမိုင်းလမ်းဆုံးပြီဟု တင်ပြထားချက်အား သမိုင်းလမ်းမဆုံး ဖူကူယားမားသာလျင် လမ်းဆုံးခဲ့သည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။ ဖူကူယားမားက သမိုင်းလမ်းဆုံးကို တင်ပြ ခဲ့သည်မှာ ၁၉၈၉။ ယခုနှစ်ဆိုလျင် အနှစ် ၂၀ ဖြစ်ခဲ့ပြီ။ သူ့အယူအဆဖြစ်သည် သမိုင်းနိဂုံးသည်လည်း သမိုင်း အမှိုက်ပုံထဲသို့ ရောက်ခဲ့ပြီ။ လက်တွေ့က ထောက်ခံချက်မပေးသည့် မည်သည့် ယူဆချက်မဆို အမှား။
ကျနော် ဖူကူယားမား နိဂုံးရေးခဲ့စဉ်က “လေဟာနယ်” ဟူသော အသုံးကို သုံးခဲ့သည်။ ယခုကာလ၌ ထို “လေဟာနယ်”ဆိုသော စကားလုံးကို ပိုမိုဆင်ခြင်မိသည်။ “လေဟာနယ်” ဟူသည် မည်သည့်အခြေအနေကို အာလုပ်ပြုခေါ်သနည်း။ ဖြစ်စဉ်များ၏ အပြောင်းအလဲနှင့် သက်ဆိုင်သည်။
အပြောင်းအလဲ၏ အဓိပ္ပါယ်သည် အဘယ်နည်း။ ညီညွတ်မှုအဟောင်းနှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခတို့ ချုပ်ငြိမ်း၍ ထိုသည်ကို အစားထိုးရန် ညီညွတ်မှုအသစ်နှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခအသစ်တို့ ဖြစ်တည် လာခြင်းသည် အပြောင်းအလဲဖြစ်သည်။ စည်းနှောင်အား လျော့ရဲလာသည့် ညီညွတ်မှုအဟောင်းနှင့် ပဋိပက္ခအဟောင်း၏ နေရာတွင် စည်းနှောင်အားအသစ်ဖြင့် ညီညွတ်မှုအသစ်နှင့် ပဋိပက္ခအသစ်က ၀င်ရောက်အစားထိုးလိုက်ခြင်းကို အပြောင်းအလဲဖြစ်သည်ဟူ၍ ပြောဆိုကြခြင်းဖြစ်သည်။
အပြောင်းအလဲဟူသော အသုံးတွင် “အပြောင်း”နှင့် “အလဲ” ဟူသော ဖြစ်ရပ် ၂ ခု ပါဝင် ပတ်သက်သည်။ ညီညွတ်မှုအဟောင်း၏ ညီညွတ်မှုသဏ္ဍာန်များသည် စည်းနှောင်အားလျော့နည်းမှုဆီသို့ တစတစမှသည် သိသာသည့် အမှတ်လက္ခဏာဆီသို့ ကူးပြောင်းလာသည်။ ထိုအခြေအနေတွင် အလဲအလှယ်ပြုလုပ် ပေးနိုင်မည့် ညီညွတ်မှုအသစ်က အစားထိုး ၀င်ရောက်လာမည်။ ဤသည်ကား မှန်တန်းဖြစ်သော အပြောင်းနှင့် အလဲဖြစ်သည်။
သို့သော် လက်တွေ့အချက်အလက်များအရ အထက်တွင်တင်ပြခဲ့သည့် မှန်တန်းဖြစ်သော အပြောင်းအလဲ ဖြစ်စဉ်သည် လုံးတိကွက်ကျ ဖြစ်လာသည်ကိုမတွေ့ရ။ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် အနှစ် ၂၀ ကမ္ဘာ့သမိုင်း အတွေ့အကြုံများအရ အပြောင်းအလဲသည် မှန်တန်းဖြစ်သောဖြစ်စဉ်အဖြစ် ပေါ်ထွက်မလာ။ အပြောင်းအလဲဖြစ်စဉ်အတွင်းတွင် ကြားဖြစ်သော အကူးအပြောင်းကာလကို တွေ့မြင်ခဲ့ရသည်။
ကမ္ဘာ့ဖြစ်စဉ်များအရ ဒုတိယကမ္ဘာစစ်အပြီးတွင် စုဖွဲ့ဖြစ်တည်လာခဲ့သည့် ညီညွတ်မှုလည်းဖြစ် ပဋိပက္ခလည်း ဖြစ်သည့်၊ ပေါင်းစည်းမှုလည်းဖြစ် တိုက်ခိုက်မှုလည်းဖြစ်သည့် ကမ္ဘာ့အစီအစဉ်သည် “စစ်အေး” ဖြစ်သည်။ ထိုညီညွတ်မှုနှင့် ပဋိပက္ခသည် ဆယ်စုနှစ် ၄ ခုကျော်မျှ ဖြတ်သန်းခဲ့ပြီးသောအခါ စည်းနှောင်အား လျော့နည်းမှုဆီသို့ တစတစမှသည် သိသာသည့် အမှတ်လက္ခဏာသို့ ကူးပြောင်းရောက်ရှိလာသည်။ ထိုဖြစ်စဉ် ထိုအခြေအနေကို သန်ရာ သန်ရာ အလိုက် “လီနင်ဝါဒ မီးငြိမ်းခေတ်” “မာ့က်စ်ဝါဒ ကျဆုံးသည့်ခေတ်” “ပစ္စည်းမဲ့အာဏာရှင်စနစ် ကျဆုံးခြင်း” “ဆိုဗီယက်လွန်ကာလ” “စစ်အေးလွန်ကာလ” “လစ်ဘရယ်ဝါဒခေတ်” … စသည်အားဖြင့် ၀ိဂြိုလ် ပြုကြသည်။
ထိုဖြစ်စဉ်များဖြစ်နေသည့် ကာလများတွင် ဆိုဗီယက်ယူနီယံ နှင့် အရှေ့ဥရောပ နိုင်ငံများကျဆုံးသွားသဖြင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်သည် “လေဟာနယ်” ဖြစ်ကျန်ခဲ့သည်ဟူသော အယူအဆလည်း ပေါ်ထွက်လာသည်။ ကျနော်က ထို “လေဟာနယ်” အယူအဆနှင့်အတူ ရပ်ခံခဲ့သည်။ ယခင်နိုင်ငံရေးကို စွန့်လွှတ်ခဲ့ကြသည့် နိုင်ငံများသည် အလံထူကျန်ခဲ့သည့် လစ်ဘရယ်ဝါဒကို ကောက်ခါငင်ခါ ဖမ်းယူလိုက်ရသော်လည်း တကယ့်ဖြစ်စဉ်များ၏ အတွင်းသဘောသည် လစ်ဘရယ်ဝါဒမဟုတ် လေဟာနယ်ဖြစ်ကျန်ခဲ့ခြင်းဖြစ်သည်ဟု ကျနော်က ယုံကြည့်ယူဆနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်နည်း။ လစ်ဘရယ်ဝါဒသည် စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခကို အစားထိုးနိုင်လောက်သည့် ညီညွတ်မှုအသစ်နှင့် ပဋိပက္ခအသစ်တို့၏ စည်းနှောင်အား အမှတ်လက္ခဏာများ ပါဝင်လာသည်ကို မတွေ့ရသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ လစ်ဘရယ်ဝါဒသည် စစ်အေးခေတ်ကို အစားထိုးနိုင်လောက်သည့် လောက်လောက်လားလား ညီညွတ်မှု မဟုတ် ဟူ၍ဖြစ်သည်။ စစ်အေးအပြီး အနှစ် ၂၀ မျှသော ကမ္ဘာ့ဖြစ်စဉ်များကလည်း ကျနော်ယုံကြည့်ယူဆခဲ့သည့် လေဟာနယ် အယူအဆကို ထောက်ခံခဲ့သည်။
စစ်အေးလွန်ခေတ် အနှစ် ၂၀ တွင် စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခဖြစ်မှုများအား အစားထိုး နိုင်လောက်သည့် လောက်လောက်လားလားသော သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးသည် မရှိရာမှ ရှိရာသို့ တစတစ ဖြတ်သန်းချီတတ်ခဲ့ရသည်။ မရှိရာမှ … သည် လေဟာနယ်ကို ကိုယ်စားပြုပြီး ရှိရာသို့ … သည် အပြောင်းအလဲကို ကိုယ်စားပြုသည်။
ပြိုကွဲ ပျက်စီးသွားသည့် ညီညွတ်မှုအဟောင်းနှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခတို့၏ နေရာတွင် အစားထိုးရမည့် ညီညွတ်မှုအသစ်နှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခ အသစ်သည် သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စည်းရုံးစုဖွဲ့မှုဖြစ်စဉ်သို့ မရောက်ရှိသေးသည့် ကာလတွင် ကမ္ဘာ့ဖြစ်စဉ်သည် စွဲမြဲခိုင်မာမှုမရှိပဲ လွင့်မျောနေသည်။ ထိုကာလများတွင် ရောက်တက်ရာရာ သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေး သဏ္ဍာန်များကို ဖမ်းယူဆုပ်ကိုင်မှုများ၊ ထူထူထောင်ထောင် ကျန်ခဲ့သည့် အင်အားစုကို အလွန်အကျွံ အထင်အမြင်ကြီးမှုများ၊ သဘောတရားရေး သွင်းကုန် ထုတ်ကုန် လုပ်ငန်း အရောင်းအ၀ယ်ကောင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလများကို ပြန်ကြည့်မည်ဆိုလျင် “အိုစမာဘင်လာဒင်” ဆိုသူသည်ပင် သူရဲကောင်း ဖြစ်သွားခဲ့ဖူးသည်။ ဤကား လေဟာနယ်ကာလ၏ ဖေါ်ပြချက်များဖြစ်သည်။
အားလုံးသော သုတေသနပြုမှုများသည် လက်တွေ့၏စမ်းသပ်မှုကို ခံယူပြီး တစုံတရာသော ကာလတခုသို့ ရောက်လာသောအခါ စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခဖြစ်မှုများအား အစားထိုးနိုင်လောက်သည့် သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေး စည်းရုံးစုဖွဲ့မှုသည် တစတစမှသည် မြင်သာသည့် ညီညွတ်မှုအသစ်၊ ပဋိပက္ခအသစ်၏ စည်းနှောင်အားဖြစ်မှုသို့ရောက်ရှိလာသည်။ လေဟာနယ်ကာလသည်လည်း ပျက်ပျယ် လွင့်ပါးလာသည်။ ကမ္ဘာ့အစီအစဉ် နှင်းခဲပျော်ချိန် ရောက်လာသည်။ အပြောင်းအလဲသည် သိသာသည့် ဖြစ်စဉ်ဖြစ်လာသည်။ အာရှတရုပ်အား ဗဟိုပြုသည့် ဒုတိယ စစ်အေးသည်လည်း ပေါ်ထွက်လာတော့သည်။

ညိုထက် (လမ်းသစ်ဦး)

Tuesday, July 28, 2009

ချဉ်ခြင်း

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရေးထားတဲ့ ကဗျာလေးပါ ကျနော်တို့တပ်ရင်းက ရဲဘော်တွေစုထုတ်တဲ့ ကဗျာစာအုပ်မှာ ထည့်သွင်း ဖေါ်ပြခဲ့ဖူးပါတယ်။ အမှတ်တရရှိသွားတာနဲ့ ဒီမှာ ပြန်တင်ကြည့်တာပါ

ချဉ်ခြင်း

ခေါက်ပြန်လမ်းလျောက်
စိတ်မှတ်မှောက်မှား
လက်ကို မ မိ၊ လက်ကြားကိုကြည့်
မရှိ။

ရင်မှာနွမ်း
ပင်ပန်းခံစား
ချဉ်ခြင်းအားတွေ ကျိုးပေါက်ချေပြီ
တောက် ... ဆေးလိပ်သောက်ချင်တယ်။

ညိုထက် (လမ်းသစ်ဦး)

Sunday, July 19, 2009

သူတို့ စစ်ပွဲက ပြန်လာခဲ့ကြတယ်

သူတို့
စစ်ပွဲက ပြန်လာခဲ့ကြတယ်။

ဖုံအလူးလူး
သဲတရှပ်ရှပ်
အသံတွေက သဲ့သဲ့
ဒါပေမယ့် …
မျက်လုံးတွေကတော့ ၀င်းလဲ့။

သူတို့
စစ်ပွဲက ပြန်လာခဲ့ကြတယ်
ပြီးတော့ သူတို့ ဆရာကန့်ဆီလာကြတယ်
စစ်ပွဲအကြောင်းတွေကို ပြောနေကြတယ်
ဆရာကန့်မှာ အလွမ်းတွေနဲ့ဆိုတာ သူတို့မသိကြဘူး။

ထုံစံအတိုင်းပေါ့
အသက်ဘေးကြားမှာ ခြောက်ခြားစရာကောင်းတာတွေမှန်သမျှဟာ
အဲဒီ အသက်ဘေးက လွတ်တဲ့အခါ ရယ်စရာ မောစရာတွေအဖြစ်
ပြန်လည်ပြောကြားနေကြ
ဆရာကန့်မှာ အလွမ်းတွေနဲ့ဆိုတာ သူတို့မသိကြဘူး။

ဆရာကန့်မှာ အလွမ်းတွေနဲ့ ဆိုတာ သူတို့မသိကြဘူး
ဟိုတချိန်
တိုက်ခိုက်ရေးသမားဘဝ
ပြောက်ကြားစစ်တွေ
ခံစစ်ကုန်းတွေ
ဝိုင်းပတ်ချေမှုန်းပွဲတွေ
အလစ်အငိုက်တိုက်ပွဲတွေ
ရှောင်တခင်တိုက်ပွဲတွေ။

သူတို့လိုပ
ဟိုတုန်းက ငါတို့လည်း
စစ်ပွဲတပွဲပြီးတိုင်း
ရင်ခုန်ရ
ပြန်ပြောကြ
စကြနောက်ကြ
ရယ်ကြမောကြ
အောင်ပွဲရတဲ့အခါ
အပြစ်တင်သံမှာတောင်
ဟာသလေးတွေက စိုလို့။

သူတို့
စစ်ပွဲက ပြန်လာကြတယ်
မျက်လုံးတွေက ၀င်းလဲ့
လွမ်းတယ်ကွဲ့ အားလုံးကို။

ညိုထက် (လမ်းသစ်ဦး)

Saturday, March 28, 2009

အချစ်ချည်းသက်သက်

အချစ်ရေ …
စီးကရက်မီးခိုးတွေမှာတောင်
မင်းစကားသံတွေက ဝဲလို့။ (၁)

ကိုယ့်မျက်ဝန်းထဲ
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ချစ်သူရဲ့နှလုံးသားခြေဖမိုးပေါ်
နှစ်ကာလပုလဲတွေ ကြွေကျနေပုံများ
ကိုယ့်နှလုံးသားရဲ့ ဘာသာစကားပါ။ (၂)

ငွေ့ရည်ဖွဲ့ခြင်းမှာ …
ဒြပ်ထုအစိုင်အခဲတွေ ရှိကြတယ်
(ဒါပေမယ့် … ဒါဟာလည်း)
ချစ်ခြင်းရဲ့ သင်္ကေတ
မင်းမြင်ခွင့် ရစေချင်တယ်။ (၄)

အဲဒီ … ငွေ့ရည်တွေနဲ့
လောင်ကျွမ်းနေတဲ့ ကောင်ကြီး
ကဲ … ပြော
ဘယ်သွားမှာလဲ။ (၅)

ဒီအချစ်တွေအတွက်
မင်းရဲ့ရင်ခွင် တုန်ခါနေမလား
(ခွင့်လွှတ်ပါကွယ် …)
မီးတောင်တွေက
အချိန်အခါရောက်ရင် ပေါက်ကွဲတယ်
ကိုယ့်အချစ်မီးတောင် ပေါက်ကွဲပေါ့
အချစ်ချည်းသက်သက်။ (၃)

ကဲ …
ဘယ်သူတွေ ရိုးရိုးသားသားချစ်ဖူးလဲ
ငါတို့ရဲ့အပစ်ပယ်ခံအိပ်မက်တွေ
ရဲရဲရင့်ရင့် ပွင့်နေပုံ။ (၂)

အချစ်ရေ …
ခေတ်တွေနဲ့အတူ ငါစီးခဲ့
မြစ်ရေကြီးချိန်မို့လား
အလွမ်းတွေ ဗေဒါကြပ်ချိန်
အထီးကျန် နှစ်ပေါင်းတရာပေါ်
ငါ ရပ်လို့။ (၁)

အချစ်ရေ …
အပြင်မှာ မိုးတွေရွာနေတယ်
ငါရင်ထဲမှာလည်း
အလွမ်းတွေ ရွာနေပေါ့။ (၄)

ငါတို့ဘယ်အထိ နီးမှာလဲ
တေးသီချင်း တပုဒ်ကို
အခါခါ ဆိုသလိုမျိုး
အဲသလိုနဲ့
တဖြည်းဖြည်း ငါတို့ဝေးကြ
တမြေ့မြေ့ ငါတို့လွမ်းကြ။ (၅)

ဒီရေမြင့်ပေါ့
ကြည့်စမ်း
ခရာဆူးခြုံ
မျှော့နက်တွေ တွယ်ပါစေ
ငါ့နှလုံးသွေး
မင်း ဆယ်ယူလိုက်ပါကွယ်
အချစ်ချည်းသက်သက် ။ (၃)


(၁) သစ်ကောင်းအိမ်

(၂) ကမာပုလဲ

(၃) ညိုထက် (လမ်းသစ်ဦး)

(၄) ရိုးဆက်

(၅) ပွင့်သစ် (ကရိန်ကန်)

Friday, March 6, 2009

ခေတ်ရဲ့ သားကောင်တွေ



ကျနော် စိတ်လှုပ်ရှားမှုများဖြင့် ငြိမ် သက်စွာငေးမောနေသည်။ အမိုးပြော နေသည့် စကားလုံးတိုင်းက ရင်ကို စူးစိုက်နေသည်အလား။ “မိုးဦးအကျ စောမယ်ဆိုတာကလည်း တကယ်တော့ လောကဓံတွေပါလား အမေရယ်” ဆရာချောနွယ်၏ ကဗျာ စာသားများက ရင်ကို နာနာကျင်ကျင် တို့ထိလျက်ရှိသည်၊ ဟုတ်ပါသည်။ အမိုးပြောနေသည့် အကြောင်းအရာများက အကြွေစောသည့် ပန်းငုဝါလေးတွေအကြောင်း။

[၁]
အမိုး၏စကားသံများက လောကဓံနှင့် အရင်းနှီးကြီး ရင်းနှီးနေသူ၏ လေသံများအတိုင်း တည်ငြိမ်ခြင်းနှင့်အတူ လေးပင်ပြတ်သားခြင်းတို့ ရှိနေသည်။ ကံကြမ္မာကို ရိုးမယ်ဖွဲ့နေတာလား၊ ဘုရား သခင်ရဲ့ အလိုတော်အတိုင်းလို့ ဖြေသိမ့်နေတာလား၊ ဒါမှမဟုတ် ဘာဆိုဘာမှ စဉ်းစားမနေချင် တော့တာလား၊ သူမက ဘယ်လိုခံစားနေရသလဲ ဆိုတာကို ကျနော်က ခွဲခြမ်းစိတ်ဖြာကြည့်နေ ဖြစ်သည်။

ရဲဘော်ထူးအောင်ကတော့ စကားလုံးတွေကို စတင်နားလည်ကာစ ကလေးတယောက်လို သူပြောမည့် စကားများအတွက် အပြန်ပြန်အလှန်လှန် စဉ်းစားရင်း “သူ ... ကျသွားတယ်ဆိုတာကတော့ တကယ်ပါပဲ အမိုး” အသူတရာနက်သော ချောက်ထဲသို့ ထိုးဆင်းကျရောက်သွားသည့် စက္ကန့်နာရီများ၊ ထိုင်နေသူ အားလုံးဆီ တပြိုင်နက် အန်ကျလာသည့် သက်ပြင်း လှိုင်းပုတ်သံများ၊ ထိုစက္ကန့်ပိုင်းအတွင်း သွေးလေရပ်တန့်သွားသည်ဟု ခံစားလိုက် ရသည်။ ဒီဖြစ်ရပ်ကို သိနေကြသူတွေ ဖြစ်ကြပေမယ့် ဒီစကားတွေ ပြန်ကြားရတော့ တုန်လှုပ်ခြောက်ခြားရသည်က အမှန်၊ အထူးသဖြင့် စနစ်ဆိုးကြီးက ဝါးမြိုခြင်းဒဏ် ခံထားရသည့် မိခင်တယောက်ရှေ့မှာ သားတယောက်ရဲ့ ကံကြမ္မာကို အတိုရှင်းဆုံး စကားလုံးတွေနဲ့ ဖွင့်ဆိုပြနေရသည်က တုန်လှုပ်ခြောက်ခြားမှုနယ်ပယ်ကို ကျယ်သည်ထက် ကျယ်ဝန်းစေသည်။
“ရဲဘော်ဆေးရေ ... ရင်နှင့်အမျှ ကြေမွ နေကြရကုန်ပြီဗျာ”

[၂]
သူရဲ့မြန်မာအမည်က ‘ဆန်းလင်းအောင်’ ဒါပေမယ့် သူက ကရင်လူမျိုး။ စောဆေးကိုလို ကျနော်တို့ အားလုံးကတော့ သူ့ကို ‘ရဲဘော်ဆေး’ လို့ပဲ ခေါ်တယ်။ သူနဲ့ ကျနော် ကျောင်းသားတပ်မတော် (၆ဝ၁) တပ်ရင်းသို့ ရောက်ခဲ့ကြသည်က ရှေ့ဆင့်နောက်ဆင့်။ ပြည်မြို့ လူဘောင်သစ် ပါတီဝင်။ အလံ (၃) လက်ကို ကြံ့ခိုင်သူ။ အမှတ် (၆ဝ၁) တပ်ရင်း၏ ၁၉၉၂ စည်းရုံးရေး ခရီးစဉ်အတွင်း ၃/၈ လုပ်ဟန်အရ လူထုနဲ့အတူ တည်ဆောက်ခဲ့သူ။ သူတို့မြို့သား အဆိုတော် ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်းကို ဆွတ်ပျံ့ဖွယ် တီးခတ် သီဆိုတတ်သူ။

“သြော်...အနေဝေး၊ ရေဝေးမှာ ပြည်မှာဆောင်းကို ဆုံးရှုံး သွားခဲ့ပါပေါ့လား၊ ရဲဘော်ဆေးရယ်” သူက စိတ်လိုလက်ရ ဖြစ်တဲ့အခါ ကဗျာရေးလေ့ရှိတယ်။
‘ဒီကမ္ဘာလောကမှာ
သူရဲကောင်းဝါဒ ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း
မဟစ်ကြွေးပါနဲ့ မစ္စတာချော့’
ဇွဲ ရှိသူတွေသာ အောင်ပွဲခံမှာပေါ့။
နှင်းရည်တွေ သိုင်းဝိုင်းနေတဲ့ ရှမ်းရိုးမရဲ့ည မီးပုံနံဘေးမှာ သူကိုယ်တိုင် ရွတ်ပြခဲ့တဲ့ သူ့ရဲ့ကဗျာလေး။ အခုတော့လည်း လွမ်းရစေတော့ ရဲဘော်ဆေး ရေ။

သူက ဟာသဓာတ်လည်း ရှင်သန် ထက်မြက်နေတဲ့သူ။ အခြေခံဒေသ ထိုးဖောက်ရေး ထိုးစစ်ခရီးမှာ ကျွန်တော်တို့ အတူတကွ ချီတက်ခဲ့ကြ သူရဲကောင်းဆန်စွာ ကျဆုံးခဲ့ရ။ သူရှိရင် မငြီးစတမ်း။ သူ့ ပြည်မြို့ရဲ့ ဟာသအကြောင်းတွေ။ သူနဲ့ သူ့သူငယ်ချင်းတွေရဲ့ အမြီးအမောက် မတည့်တဲ့ ရယ်စရာဖြစ်ရပ်တွေ။ သူရဲ့ စက်မှုအထက် တန်းကျောင်းသား ဘဝဖြစ်စဉ်။ အမှုန့်ကြိတ် စက်ရုံအလုပ်သမားဘဝ။ လူ့ဘောင်သစ် ပါတီဝင်အဖြစ် စွန့်စားခန်းတွေ။ ငတ်ပြတ်သူတွေ။ ပြည်မြို့ရဲ့ အာဇာနည်နေ့ လွမ်းသူပန်း ခွေချပွဲ သည်းထိတ်ရင်ဖို နိုင်ငံရေးထိုးစစ်။ နောက်တော့ သူ့မိသားစုအကြောင်း။ အဖေရယ်၊ အမိုးရယ်၊ သူရယ်၊ သူ့ညီလေးရယ်။

“အေးဗျာ ... ကျနော် တောခိုလာတော့ ညီလေး တော်တော်ခံစားရမှာ ပဲ”

[၃]
‘ဗျာ ...’

“ဟုတ်တယ် ဖိုးခွား ... အငယ်ကောင်လည်း ဆုံးသွားပြီ။ အမိုး အိမ်ပြန်ရောက်တော့ သူ့အဖေလည်း ဆုံးသွားပြီ”

ဒါဟာ မတော်တဆ တိုက်ဆိုင်မှုလား။ မဟုတ်နိုင်ပါဘူး။ မဟုတ်နိုင်ပါဘူး။ ကျွန်တော့် စိတ်တွေဟာ အရက်မူးသမားလိုမျိုး ယိမ်းယိုင်ပြီး ဆောက်တည်ရာ မရ ဖြစ်နေသည်။ ရဲဘော်ဆေး ပြောပြဖူးသည့် သူ့မိသားစုဘဝ ပုံရိပ်များက အပ်ချည်ကြိုးတစကို တဘက်က ကိုင်ထားရင်း အပ်ချည်ကြိုးလုံး ပြုတ်ကျသွား သလိုမျိုး ဝရုန်းသုံးကား ပြုတ်ကျလာသည်။

“အဖေနဲ့ အမေက နယ်မြေလုရင်း ကျနော်တို့ ၂ ယောက် ငယ်ငယ်ကတည်းက အတူမနေဖြစ်ကြတာဗျ”။

အမိုးရယ် လောကဓံဆိုတာ ရှစ်ပါးထက် မပိုဘူးဆိုပေမယ့် အမိုးအတွက်တော့ ပြင်းထန်လှချည်လားဗျာ။ ဘယ်လို ဖြစ်ရတာလဲ အမိုးရယ်။ ထောက်လှမ်းရေးတွေကလည်း အိမ်ကို ခဏခဏ လာမေးနေတယ်။
‘ဆေးကိုလို တောခိုသွားပြီး သိပ်မကြာဘူး။ သူ့အဖေက အိပ်ယာထဲ လဲတော့တာပဲ။ သူ့အဖေက နဂိုကတည်းကလည်း ကျန်းမာရေး သိပ်ကောင်းလှတာ မဟုတ်တော့။ ဆုံးသွားရှာတယ်။ သူဆုံးခါနီး သူသားကြီးကို သိပ်တွေ့ချင်ရှာခဲ့တယ်။ ဟင်း ...’

အမိုးဟာ ရှည်လျားစွာ စကားပြော နိုင်ဖို့အားယူတာလား။ ဒါမှမဟုတ် နာကျင်စိတ်တွေ လိပ်တက်လာလို့လား မသိ။ သက်ပြင်းတခုချပြီး ဆေးပေါ့လိပ်ကို ကောက် ဖွာလိုက်တယ်။ အနုမြူပြာလဲ့နေတဲ့ မီးခိုးငွေ့များကို ကြည့်ရင်း ကျနော့်စိတ်တွေ အနုမြူဗုံးဒဏ်သင့်နေပြီလားလို့ တွေးမိတယ်။ တကယ်တော့လည်း ဗမာတပြည်လုံးဟာ အနုမြူရောင်ခြည်တွေ လွှတ်ထားပြီး အဆိပ်သင့်နေတဲ့ လှောင်ချိုင့်ကြီးနဲ့ အတူတူပဲ မဟုတ်လား။ ကျွန်တော်တို့ အားလုံးဟာ အသက်ရှူသံ မျှဉ်းမျှဉ်းလေးတွေကိုတောင် ကြားနေရတဲ့အထိ တိတ်ဆိတ်စွာ အမိုးကို ကြည့်နေကြတယ်။ အဲဒီ တိတ်ဆိတ်မှုကြီးဟာ ကြောက်စရာကောင်းတဲ့ တိတ်ဆိတ်မှု ကြီးပါပဲ။

အဲဒီအချိန်က အိမ်မှာ သူတို့အဖွားရယ်၊ အဒေါ် အပျိုကြီး နှစ်ယောက်ရယ်၊ အငယ်ကောင်ပဲ ကျန်ခဲ့တယ်။ သူ့ဦးလေး တယောက်ရှိပေမယ့် သူက ရန်ကုန်မှာ။ တခါတလေမှပဲ ပြည်ကိုရောက်လာလေ့ရှိတယ်။ သူ့ဦးလေးကိုတော့ အငယ်ကောင်က ကြောက်တယ်။ ဒါပေမယ့် အပျိုကြီး အဒေါ်တွေကိုတော့ နည်းနည်းမှ ကြောက်ဘူး။

အဒေါ်တွေကလည်းဆုံး အဖေက လည်းဆုံး၊ အကိုကလည်း တောထဲမှာကျဆိုတော့ မဆူရက်၊ မပြောရက်၊ ပိုက်ဆံကလည်း တောင်းသလောက်ရနေတော့ အငယ်ကောင်က ပျက်စီးလာတယ်။ မြန်မာပြည်မှာ အရက်နဲ့ မူးယစ်ဆေးဝါးက အရမ်းပေါတယ်။ အငယ်ကောင်က အပေါင်းအသင်းမှားပြီး ဘိန်းဖြူ စွဲသွားတယ်။

အမိုးဟာ ပြောလက်စ စကားကို ရပ်ပြီး မီးခြစ်လိုက်ရှာနေသည်။ မီးခြစ်ကို တွေ့သောအခါ မီးခြစ်ပြီး ဆေးလိပ်ကို မီးညှိ၏။ အမိုးရယ် အဲဒီ မီးခြစ်ထဲက မီးခတ် ကျောက်လိုမျိုး ကျနော့် နှလုံးသားတွေ ပဲ့ကျ နေရပါတယ်။ အမိုးက ဆေးလိပ်ကို အားပါးတရရှိုက်ဖွာပြီး မီးခိုးများကို မှုတ်ထုတ်လိုက်၏။

အမိုးရဲ့စိတ်တွေက ထိုမီးခိုးများလို အုံ့မှိုင်း ရှုပ်ထွေးနေပေလိမ့်မည်။

“သူ့အဒေါ်တွေက သူ့ဦးလေးဆီကို လှမ်းအကြောင်းကြားပြီး ဆေးဖြတ်ဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူကလက်မခံဘူး။ သူ ဆေး မဖြတ်ချင်တော့ဘူးတဲ့။ သူ ဆေးဖြတ်လိုက်ရင် အခုဖြစ်နေတဲ့ သူ့ဘဝကိုသူ ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးတဲ့၊ သူ့ကိုယ်သူ သတ်သေသွားတာ မြင်ချင်ရင် ဆေးဖြတ်ပေးကြလို့ ပြောတယ်။ အင်း ... ခုတော့လည်း ဘိန်းဖြူနဲ့ပဲ ဆုံးပါးသွားရတာပါပဲ။”

[၄]
အမိုးနှင့် ကျွန်တော်တို့ ဆုံမိကြသည်က ညီလာခံကာလ၊ အမိုးက တယောက်တည်း စိတ်ကူးတဲ့ရာ သွားလာနေထိုင်ရင်း စိတ်ကိုဖြေကြည့်ဖို့ ကြိုးစားနေသည်မှာ ကြာပြီ။ အခု ရောက်လာသည်က ရဲဘော်ဆေးကို ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတာ တွေ့ရသည်ဟူ၍ သတင်းကြားသောကြောင့် ဖြစ်သည်။ ထိုသတင်းကို အမိုးက မယုံသော်လည်း အဒေါ် အပျိုကြီးနှစ်ယောက်က အတင်း လွှတ်သောကြောင့် စုံစမ်းရင်း၊ မေးမြန်းရင်း ကျနော့်ဆီ ရောက်လာခြင်း ဖြစ်သည်။ အမိုးက အရာရာကို မတုန်မလှုပ် ရင်ဆိုင်ဖို့အသင့်ရှိနေပေမယ့် တုန်လှုပ်ခြောက်ခြားနေ ရသူတွေက ကျွန်တော်တို့။

“အင်း ... သူတို့ အဖွားကိုတော့ ဆေးကိုလို ကျသွားတာ ပြောမပြရဲဘူး၊ သူ့အဖွားက အကြီးကောင်ကို ပိုချစ်တယ်။ အခုတော့ ပိုဆိုးသွားတာပေါ့၊ သားလည်း ဆုံး၊ မြေးအငယ်ကလည်းဆုံးဆိုတော့ ဆေးကိုလိုအကြောင်း နည်းနည်းမှ မဟရဲဘူး။ သူ့အဖွားကတော့ သူ့မြေးကြီး ပြန်လာလိမ့်မယ်လို့ပဲ ထင်နေတာ။”

အမိုးက ရှည်လျားစွာ ရှင်းပြပြီး၊ ငေးရင်းမောရင်း ဆေးလိပ်ကိုသာ တွင်တွင် ဖွာ နေတော့သည်။ အမိုးက ဗလာနယ်ထဲ လွင့်ကျသွားတာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်တို့ မှာလည်း အမိုးပြန်ရင် သူ့မြေး ပြန်အလာကို မျှော်နေမယ့် အဖွားဆီ သတင်းစကား ပါးလိုက်စရာ ဘာမျှမရှိတော့ပြီ။

“ရဲဘော်ဆေးရေ ရင်နှင့်အမျှ ကြေမွ နေရပါပြီဗျာ”။


[ဆေးကိုလိုမိုးနှင့် တွေ့ဆုံခဲ့စဉ်များ အမှတ်တရ]
ညိုထက်(လမ်းသစ်ဦး)

Tuesday, March 3, 2009

မော်ကွန်းများ

စနေရဲ့ကျောကုန်းပေါ် ပစ်တင်ထားတဲ့ ကဗျာကိုပဲ
လွမ်းနေမိတော့တယ်။

ဘ၀ဆိုတာ တိုက်ပွဲဆိုရင်တောင်
ဒီတိုင်းပြည်က ဘ၀တွေရဲ့ တိုက်ပွဲဟာ
တိုက်ပွဲပူ။

ဂုဏ်ယူစရာချည်းပဲ။

ပြောရဦးမယ်
ရှင်ကြီးဂေါတမလည်း ဖြစ်ဖို့အတွက် ဖြတ်ခဲ့ရတာပဲ။

အရှိအတိုင်းပါပဲ
ဖြတ်သူတွေရှိမယ်
ရပ်သူတွေရှိမယ်။

ဘ၀တခုလုံးအတွက်
ဂုဏ်သိက္ခာသရဖူ ပြန်တိုက်ယူရမယ့်ကိစ္စမှာ
စဉ်းစားကြည့်စမ်းပါ
ဘယ်ဟာတွေ အလကားရဖူးသလဲ။

သင်္ခါရဓမ္မကို သိတယ်
ရှင်ကြီးဂေါတမသာ
ဒုက္ကရ စရိယာကျင့်တုန်း
ငါအရေးနိမ့်နေပြီလို့ တွေးခဲ့မိရင် …။

တံခါးကို ခေါက်လော့ ပွင့်လိမ့်မည်
သမ္မာကျမ်းစာကဆိုတယ်
ဂျေးဇက်ဟာ
တဦးချင်းသေပေမယ့်
တပွဲလုံးနိုင်ခဲ့တယ်။

တကယ်အဖြစ်အပျက်ပါပဲ
လမ်းမလျှောက်သူ ဘယ်ကိုမှမရောက်ဘူး။

ညိုထက် (လမ်းသစ်ဦး)