Sunday, May 31, 2015

အတိတ်များ

လှမ်းလာတဲ့ခြေလှမ်းတွေဟာ သိမ်မွေ့လွန်းတယ်။

ဘ၀တွေ ပုံအောပြီး လှမ်းခဲ့ကြတဲ့ ပဲ့တင်သံတွေ
ပန်းချီတွေ ….
ကဗျာတွေ ….
သီချင်းတွေ ….
သရုပ်ဖော်မှု အနုပညာတွေ ….။

အိပ်မက် မြစ်ကမ်းပါးထက်မှာ
တမျှော်တခေါ် ငေးမောရင်း
အတွေးတွေကို ရွက်လွှင့်နေမိ
လရောင်စမ်းတဲ့ ရေလှိုင်းကြက်ခွပ်တွေကို
(ထို့အတူ)
မိုးရေစက်တွေထိကျလို့ လွင့်ဖွာကျလာတဲ့ လမ်းမတွေကို
(ထို့အတူ)
ဝါကြင့်ကြင့် လမ်းဘေးမီးရောင်အောက်က စင်းစင်းလဲလှောင်းနေတဲ့
ညဥ့်နက်သန်းခေါင် ကတ္တရာလမ်းမများ
ညဥ့်နက်သန်းခေါင် လက်ဖက်ရည်ဆိုင်များ
ညဥ့်နက်သန်းခေါင် တေးသီချင်းများ။

လွမ်းမောဖွယ် ….
ကုက္ကိုပင်တန်း
ခရေပန်းနှင့်
ညောင်ညိုပင်ရိပ်
စက်ဘီးစီးနေကြတဲ့ မြို့ကလေးရဲ့ ညနေခင်းတွေ။

တို့အတူ ဂစ်တာတီးခဲ့ကြတယ်
တို့အတူ ကဗျာတွေ ဖတ်ခဲ့ကြတယ်
တို့တတွေ ပတ်ဝန်းကျင်ကိုမေ့ပြီး ငြင်းခုန်ခဲ့ကြတယ်
တို့အတူ ဘ၀ - အလှ - ရသ တွေကို ရှာဖွေခဲ့ကြတယ်။

နေ့စဉ် စကားပွင့်တွေကို ကောက်ယူခဲ့သလိုမျိုး
အချစ်တွေကို ကောက်ယူခဲ့တဲ့နေ့တွေ
အခုအချိန်အထိ ပွင့်ဝေ။

အချစ်ရေ ….
အတိတ်တွေရဲ့ မြားချက်တွေဟာ
ကိုယ့်နှလုံးသားထဲ သိမ်မွေ့စွာ စိမ့်ဝင်လာခဲ့ပြီ
ကွယ် ….
လမ်း အသွယ်သွယ်
ဘ၀ အသွယ်သွယ်
အချစ် အသွယ်သွယ်။

ရင့်မာတဲ့ တမ်းတမှုတွေဟာ
ခြေသံမပေးပဲ
တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေခဲ့ကြတယ်
အကုန်အစင် ပုံအောထားတဲ့ မျှော်လင့်ခြင်းတွေနဲ့။

ငါ့ကတော့ …. အမှုမဲ့ အမှတ်မဲ့။

သူ အခါတရာလွမ်းရင် တခေါက်လောက်တော့ သတိရစေချင်ခဲ့သတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။

တိတ်တိတ်လေး ကြိတ်ပြီး ချစ်ခဲ့ဖူးသလားတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။

ကဗျာလေးတွေတော့ ချန်ထားခဲ့သားပဲတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။

နင် ငါ့ကို မမေ့လိုက်ပါနဲ့ဟာတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။

ဆယ်လမွန်ငါး ပြန်လာမယ့် ရေဆန်လမ်းမှာ သီတင်းကျွတ်ချင်သတဲ့
ငါ …. အမှုမဲ့ အမှတ်မဲ့။

ခရမ်းပြာချစ်သူရေ ….
အဲဒီ ပါးချိုမ့်နဲ့ အပြုံးလှလှလေးကို ဒုတ်ဒုတ်ထိမြင်ခဲ့ရတာတောင်မှ
ငါ …. အမှုမဲ့ အမှတ်မဲ့။

ရွှေရောင်နာရီလေးကိုလည်း တွေတွေငေးမော
(တကယ်တမ်းတော့)
ငါ …. အမှုမဲ့ အမှတ်မဲ့။

မာနတွေ ကြွေကျလို့ တမ်းတမ်းတတ ချစ်ခဲ့ရတဲ့သူ
ပန်းကမ္ဘာ
ငါ …. အမှုမဲ့ အမှတ်မဲ့။

ကျနော်က လမ်းဘေးမှာ စိတ်လွတ်ကိုယ်လွတ် တေးချင်းတွေ ဟစ်ကြွေးနေချိန်
ပစ္စည်းမဲ့ဆန်လှတဲ့ အိမ်လေးထဲက ငေးမောနားထောင်နေတက်သူ
ငါ …. အမှုမဲ့ အမှတ်မဲ့။

နှစ်ကာလပေါင်းများစွာ ချစ်ခဲ့ရသူ
အဝေးက နှင်းဆီဖြူ
တပွင့်တည်း ပန်ချင်ခဲ့ကြတယ်
ငါ …. အမှုမဲ့ အမှတ်မဲ့။

ထောင်ထားခြားနားခြင်းတွေနဲ့ ပျော်မွေ့နေခဲ့သူရဲ့
အမှုမဲ့ အမှတ်မဲ့တွေဟာ
ငယ်ငယ် ရွယ်ရွယ်ထဲက ချစ်ခဲ့တဲ့ ချစ်ရမ္မက်တွေ
တမ်းတမ်းတတ အတန်းဖော်ငယ်သူငယ်ချင်း ချစ်သူမလေး
သချာင်္ အတွက် ပြိုင်ဆိုင်မှုတွေ
တခန်းတည်း တတန်းတည်း အညံ့ခြင်းပါ တူခဲ့ကြတာတွေ
ကျောင်းသွားချိန်တိုင်း ကုက္ကိုလ်ပင်တန်း ရေကန်လမ်းမှာ ကြွေကျခဲ့တဲ့ သူမရဲ့ ခြေလှမ်းအမှားတွေ
အထက်တန်း ကျောင်းသားလေးရဲ့ ကျောင်းဆင်း ကျောင်းတက်ချိန်တွေ
စက်ဘီးဘားတန်းထက်က သမင်လည်ပြန်အကြည့်တွေ
နောက်ပြီးတော့ ….
ကျောင်းပြေးချိန် အသုံးပြုခဲ့တဲ့ အိမ်ယာတွေ
ဂစ်တာထမ်း
လမ်းသလား
ဆံပင်ရှည်ရှည်ထားခဲ့တဲ့ ပုလဲစပါယ်နေ့ရက်တွေ
ဆံသဆိုင်အဟောင်းလေးထဲက ငေးမျှော်မှုတွေ ဒေါမနဿတွေ
ပရဟိတ ယက်ကန်းရုံဘက်က စည်းချက်မမှန်တဲ့ ခြေလှမ်းနဲ့ အမှတ်မထင်တွေ့ဆုံမှုတွေ
အကွယ်အဖုံးရှိမှ စောင့်မျှော်ကြည့်ခဲ့တာတွေ
တို့ချစ်မောင် လက်ဖက်ရည်ဆိုင်ကနေ ထိုင်မျှော်ကြည့်ခဲ့ရတဲ့ ချာလီထီးလေးတလက်
ရင်ခွဲရုံလမ်းကြားက ဖြတ်သွားဖြတ်လာ မျက်စောင်းတွေ
ကျနော့်ဆန္ဒအတွက် သူ့ဝတ်လွှာတွေ ဖွင့်ပြဖို့ ၀န်မလေးခဲ့တာတွေ
ရှမ်းတောင်တန်းရဲ့ နီလွင်မှုနှင့် ဂုဏ်သိက္ခာကြီးမှုတွေ
သီတာဒေ၀ီရဲ့ ရုပ်ပုံလွှာကိုမြင်မိရာက စွဲလမ်းခဲ့သလိုမျိုး
သင်္ဘောကုန်ချိန်ထိ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ကလေးထဲက ထွက်ကျလာတက်တဲ့
ဂါဝန်လေးတဖားဖားနဲ့ အမှတ်မထင်ကြည့်သွားခဲ့တဲ့ အကြည့်တွေ။

ပုခုန်းချင်း ခေါင်းအပ်လို့ အိပ်ခဲ့တဲ့အထိ ချစ်ခဲ့ကြတဲ့ သူငယ်ချင်းရဲ့အိမ်
ကျနော့်ရဲ့ စားအိမ် သောက်အိမ်
ကျနော့်အတွက် စာအုပ်တွေ အသိုက်ဖွဲ့ထားတဲ့အိမ်
ကက်ဆက်မရှိတဲ့ ကျနော့်ရဲ့ တေးချင်းတွေနားထောင်တဲ့ နေရာ
ညီမလေးရေ ….
လွမ်းတယ်ကွဲ့
မင်းလည်း ငါ့အတွက် ဟင်းလျာတွေချက်ခဲ့ဖူးမယ်ထင်ရဲ့။

အော် ….
မနက်စောစောရောက်တိုင်း
ကြောင်လျှာပွင့်တွေ ကောက်ခဲ့တယ်
ပန်းပဲဖိုက ဖိုထိုးသံလို မီးလျှံတရဲရဲရင်ခုန်သံတွေ
အမှန်တကယ်ရှိခဲ့တယ်တဲ့လား
ကွယ် ….
တကယ်တော့ ….
အဲဒီလောက်အထိ အချစ်တွေက တံခွန်ထူနေလိမ့်မယ်လို့
ဘယ်တွေးမိခဲ့မှာလည်း။

လွမ်းမောစရာကောင်းလိုက်တာ
အနှစ် ၂၀ ကျော်သည့်တိုင် အခိုင်အမာသိမ်းဆည်းထားခဲ့တဲ့
လွယ်အိပ်နီလေးတလုံး
ဂစ်တာတလက်
အပြာရောင် ဂျင်းဂျက်ကက်လေးတထည်
အပြာရောင် ဂျင်းဘောင်းဘီလေးတထည်
ခေါက်ထီးတလက်
ကျနော့်အမည်ရေးထိုးထားတဲ့
ဂေါ်ဂီရဲ့ အမေ
ကွန်မြူနစ်ကြေငြာစာတမ်း
ခေတ်ပေါ်ကဗျာရှည်သုံးပုဒ်
သုံးယောက် ကောင်းကင်
…… …… …… ……
…… …… …… ……။

အမြဲတမ်း သုန်သုန်မှုန်မှုန်နဲ့
တမြို့လုံးကို အိပ်သွန်ဖာမှောက် လျှောက်သွားတက်တဲ့
ခပ်ပေပေ ခပ်တေတေ ကောင်လေးတယောက်
ပစ္စည်းမဲ့ဒေါသတွေ သိပ်များတဲ့ ကောင်လေးလို့
သူမတို့တတွေရဲ့ မှတ်ချက်ပေးခြင်းခံခဲ့ရသူ။

ပြောကြတယ်
အဝေးရောက် ဘီလူးတကောင်ရဲ့ အလွမ်းကို  သီဖွဲ့ထားတဲ့
မာဃဒေ၀ ကဗျာကို ရွတ်ဆိုပြလိုက်ချင်ကြသတဲ့
အဲဒီကဗျာလေးဟာ တို့ဘ၀နဲ့အတူ အသားကျ
ကျနော်က
ခေတ်ရဲ့ခေါ်ရာ လိုက်ပါသွားခဲ့တယ်
မြို့ငယ်လေးရဲ့ အပျော်တမ်း တီးဝိုင်းနဲ့အတူ
ဆီမီးတွေ မြိုင်ဆိုင်နေတဲ့ တန်ဆောင်မုန်းလပြည့်နေ့။

အကြီးရဲ့ မြေပုံလေးကိုထားခဲ့တယ်
လမ်းသစ်ဦးဆိုတဲ့ စာဖတ်ဝိုင်းကို ထားခဲ့တယ်
ခရမ်းပြာ အပျိုမသို့ တမ်းချင်းဆိုတဲ့ ကဗျာလေးကို ထားခဲ့တယ်
ကမ္မဇလေရဲ့ ရင်ခုန်သံများဆိုတဲ့ စုပေါင်းလက်ရေးကဗျာစာအုပ်လေးကို ထားခဲ့တယ်
ဖောင်တိန်လေးတချောင်းကိုထားခဲ့တယ်
အချစ်တွေကိုထားခဲ့တယ်
သူငယ်ချင်းတွေကို ထားခဲ့တယ်
လေဆိုင်ဆုံလို့ အမည်ပေးထားတဲ့ လက်ဖက်ရည်ဆိုင်တွေကို ထားခဲ့တယ်
ကျနော် ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့တဲ့ ကျောင်းသုံးစာအုပ်တွေကို ထားခဲ့တယ်
မှတ်စု အတိုအထွာတွေကို ထားခဲ့တယ်
ကဗျာလေးတွေ ထားခဲ့တယ်
အပြန့်ပြန့် အကျဲကျဲ။

မဲနယ်တောင်တန်းပေါ်က တော်လှန်သောကျောင်းသား
ရှေ့ကြည့် - သတိ - သက်သာ မှသည်
အခြေခံဒေသ ထိုးဖောက်တဲ့အထိ
ရှမ်း
ပအို့ဝ်
ကရင်နီ
ကရင်
ဒေါင်းဂွင်
အထူးဒေသ
ကယမ်း
ထိုမှသည် ….
ဝိရောဓိလွင်ပြင်။

ယုံကြည်ချက်ကိုထမ်းလို့
တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း
စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း
အ၀ါရောင်ပန်းကလေးက
ယိမ်းခါ နွဲ့ခါ ပွင့်လာခဲ့တယ်
တောင်ပေါ်သူလေးရေ …. ဆရာမလေးရေ
ဒီရင်မှာလေ မိုးဖွဲ မိုးဖွဲလေးရွာစွေ။

အတိတ်တွေက တမျှော်တခေါ်
သူပုန်မှော်အောင်ဖို့အတွက် တဘ၀လုံး ပုံအောခဲ့သူအတွက်
တဘ၀လုံး ပုံအောပြီး ချစ်ခဲ့တဲ့ အချစ်တွေ
ရင့်မာစွာ။

ညိုထက် (လမ်းသစ်ဦး)

၃၁ - ၅ - ၂၀၁၅

No comments: