Friday, August 1, 2014

မုဆိုးမ


ခင်မွန်းသည်ကတော့ ဆုံးပါးသွားခဲ့ပါပြီ
မုဆိုးမပေါ့။
အဲဒီ မုဆိုးမဟာ
မိသားစုအတွက် ရုန်းကန်ခဲ့ရတယ်။

ဘက်ပေါင်းစုံကပါပဲ
ဘယ်သူရယ်တော့ မပြောချင်တော့ဘူး
ထားပါတော့ နာမ်စားတခုသုံးလိုက်မယ်
လောကဓံပေါ့။

အဲဒီလောကဓံက
မုဆိုးမကြီးကို
မုဆိုးမဆိုပြီး အထင်သေးတယ်
မုဆိုးမဆိုပြီး ရိသဲ့သဲ့လုပ်တယ်
မုဆိုးမဆိုပြီး ညွတ်ကွင်းထောင်တယ်
မုဆိုးမဆိုပြီး သွားပုတ်လေလွင့်တွေပြောတယ်
မုဆိုးမဆိုပြီး ကောလဟာလတွေလွှင့်တယ်
မုဆိုးမဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေးတွေလုပ်တယ်
မုဆိုးမဆိုပြီး … … …။

ထားပါတော့ ဘယ်သူရယ်တော့မပြောချင်တော့ဘူး
လောကဓံပေါ့
အဲဒီ လောကဓံ ဟိုလူ ဒီလူတွေရဲ့ကြားမှာ မုဆိုးမကြီးဟာ
ရဲရဲ ရင့်ရင့် ရပ်တည်ခဲ့တယ်
အဲဒီလောကဓံတွေဟာ အိမ်ထောင်ဦးစီးဖြစ်ချင်လို့တဲ့
မုဆိုးမကို ဖိအားတွေပေးကြတယ်
ထားပါတော့ သူတို့စကားနဲ့ ပြောရရင် ထမိန်လုပွဲပေါ့
လောကဓံအသီးသီးကပြောတယ်
ငါခိုင်းတာလုပ်ရမယ်တဲ့
ငါ့စကားနားထောင်ရမယ်တဲ့
အဲဒီလောကဓံတွေက
သူတို့ခိုင်းတာ မလုပ် သူတို့စကားကို နားမထောင်တဲ့အခါ
အဲဒီမုဆိုးမကို အရပ်ပျက်မလိုလို
ဖောက်ပြန်ရေးသမ လိုလို
အဲဒီလောကဓံတွေဟာ တဖက်နဲ့ တဖက်
ဟိုလူက ထမိန်ရသွားတယ်
ဒီလူက ထမိန်ရသွားတယ်လို့ ပြောနေကြတယ်
တကယ်တော့ မုဆိုးမဟာ
ဘယ်သူ့ကိုမှ သူ့ ထမိန်ကို ပေးလိုက်တာမရှိပါဘူး
မုဆိုးမကြီးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ
သူ့မိသားစုကို ဂုဏ်သိက္ခာ မြင့်တင်ချင်တယ်
မိသားစု ဂုဏ်သိက္ခာမြင့်ဖို့ သူ့ဂုဏ်သိက္ခာဟာ အရေးကြီးသတဲ့။
မုဆိုးမကြီး ပြောတာက ရိုးရိုးရှင်းရှင်းလေးပါပဲ
သူလည်း မနိုင်ချင်သလို
လောကဓံတွေကိုလည်း မနိုင်စေချင်ဘူး
သူတကယ် သူ့ထမိန်ကိုပေးခဲ့ချင်တာက
သူ့မိသားစု
သူ့သားသမီးတွေကိုပါပဲတဲ့။

ခင်မွန်းသည်ကတော့ ဆုံးပါးသွားခဲ့ပါပြီ
မုဆိုမကြီးဟာ
ခင်မွန်းသည် ဆုံးပါးလို့ မုဆိုးမဖြစ်နေတာအပြင်
ပရိယာယ်တွေ များလှတဲ့
မာယာတွေ များလှတဲ့
စိုင် ဆိုတဲ့သတ္တ၀ါကို
အောင်မြင်စွာ ရင်ဆိုင်နိုင်လောက်အောင်
မုဆိုးကိစ္စပြီးသူဖြစ်လို့လည်း မုဆိုးမလို့ခေါ်တာဖြစ်တယ်။

ညိုထက် (လမ်းသစ်ဦး)
၂၈ - ၁၂ - ၂၀၁၁

ဆရာကြီး


တကယ်တော့
မဖြစ်ဘူးဆိုတာ မရှိဘူး။

တချိန်က
သမုဒ္ဒရာဆိုတာ
ကမ်းမမြင် - လမ်းမမြင်လို့
အယူရှိခဲ့ကြတယ်။

လမ်းထွင်ခဲ့လို့
ကမ်းမြင်ခဲ့ပြီ
အခု သမုဒ္ဒရာ နှုတ်ခမ်းသားချင်း
ရေကူးလို့ရပြီ။

တချို့က
ကျနော့်ကို ရိသဲ့သဲ့ ပြောကြ
“ငြိမ်းချမ်းရေး ဆရာကြီး” တဲ့
ကျနော်ကလည်း ခပ်တည်တည်ပဲ ပြန်ပြောလိုက်တယ်
“ဟုတ်တယ်
ငြိမ်းချမ်းရေးဆိုတာ ဆရာကြီး”

ညိုထက် (လမ်းသစ်ဦး)
၁၆ - ၁၂ - ၂၀၁၁

“ပဒတ်စာခြောက်တွေနဲ့ ဟင်းချိုချက်သောက်ဖြစ်တယ်”


ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
ငါ
တောင်ယာရနံ့ကို ရလိုက်တယ်
ငါ
တောင်ယာတွေနဲ့ဝေးနေခဲ့တာ အတော်ကြာပါပေါ့လား။

ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
နီးခြင်း
ဝေးခြင်း ထက်
ချစ်ခြင်းက ပိုမိုလို့ အဓိကကျ
အဲဒီလိုနဲ့
ဖြေဆေးကြွေးမိ။

ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
တောင်ယာ ရနံ့
တောင်ယာ ပုံရိပ်
တောင်ယာ သင်္ကေတ
ခေတ်ပြိုင် အာရုံခံစားမှု။

ရဲဘော်ကြီးတယောက်က ကားမောင်းသင်ပေးတယ်
“မှန်ပေမယ့်လည်း ဇွတ်မောင်းလို့မရဘူး”
ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်
ကျနော်မှန်တိုင်း ဇွတ် မမောင်းခဲ့ပါဘူး
ပန်းနုရောင်အို။

တကယ်တော့
လတ်လတ်ဆတ်ဆတ် ပဒတ်စာတွေနဲ့သာ
ဟင်းချိုချက်သောက်ချင်သူပါ။

ဟိုလို လမ်းခွဲ
ဒီလို လမ်းခွဲ … အဲဒီလိုပြောမယ့်အစား
ဒီမိုကရက်တစ် ဘာသာစကားအရ
“ကွဲလွဲရင်း ပေါင်းစည်း - ပေါင်းစည်းရင်းကွဲလွဲ” ဆိုတာလိုမျိုး။

ပဒတ်စာခြောက်တွေကို ဟင်းချို ချက်သောက်တော့
တောင်ယာနံ့တွေရတယ်
ဘာမှားလို့လဲ
လက်နက်ကိုင်တော်လှန်ရေးသမား
တိုင်းချစ်ပြည်ချစ်ဝါဒီ။

ဘာမှားလို့လဲ
အဘိဓမ္မာ မီးကျိုးမောင်းပျက်တွေနဲ့
ငါ့ကို ပစ်ဖို့မကြိုးစားနဲ့
တရားသေမဟုတ်ဘူး လမ်းညွှန်။

ဘာမှားလို့လဲ
တိုင်းချစ်ပြည်ချစ်ဝါဒ
ခြေလှမ်း ၃ လှမ်းအယူအဆ
သူငယ်နာမဖြစ်စေနဲ့
ရှစ်ပူးမဟုတ်ဘူး
ရှစ်လေးလုံးအရေးတော်ပုံဖြစ်တယ် … မငြင်းနဲ့။

ညိုထက် (လမ်းသစ်ဦး)
၂၅ - ၁ - ၁၃

လှေကလေးနဲ့ ရေးတဲ့ကဗျာ

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

ဆရာရေ …

မုန်းသူမရှိ၊ ချစ်သူသာရှိ။

ဆရာဟာ …
အေးမြတဲ့ ရာသီဥတုရဲ့ အရသာကို ခံစားရင်း
အမျိုးသားအောင်ပွဲ အကြောင်း
တွေးမိနေရောမယ်။

ဆရာဟာ …
“သခင်မျိုးဟေ့ … တို့ဗမာ” ဆိုတဲ့
ကြွေးကြော်သံကို ကြားယောင်ရင်း
တလိမ့်လိမ့်တက်လာတဲ့ မိတိအဟုန်နဲ့
သူ့နှုတ်ခမ်းတွေဟာ ပြုံးနေရောမယ်။

စန္ဒယား တီးချင်သလိုလို …
ပန်းချီရေးချင်သလိုလို …
ကဗျာရေးချင်သလိုလို …။

သမိုင်းအတွေး၊ ရေးရေးလိမ့်လိမ့်
လွပ်လပ်ရေးနဲ့အတူ
ညီညွတ်ရေးကို ၀ိုင်းဝန်းတည်ဆောက်ခဲ့ကြတယ်
သခင်ကိုယ်တော်မှိုင်း
သခင်အောင်ဆန်း
သခင်နု
ပြီးတော့ … သူ၊ ဒဂုန်တာရာ
အခု ဒေါ်အောင်ဆန်းစုကြည်
“အရိုင်း”
ပြီးတော့ …
“အယဉ်”

ယုံကြည်ခဲ့တယ်
ညီညွတ်ရေးဟာ ငြိမ်းချမ်းရေးလို့ …
ယုံကြည်ခဲ့တယ်
ငြိမ်းချမ်းရေးဟာ လွတ်လပ်ရေးလို့ …
ယုံကြည်ခဲ့တယ်
လွတ်လပ်ရေးဟာ ဒီမိုကရေစီရေးလို့ …
ယုံကြည်ခဲ့တယ်
ဒီမိုကရေစီရေးဟာ လူမျိုးစုံချစ်ကြည်ရေးလို့ …
အဲဒီလိုနဲ့ သူ့ အဘိဓမ္မာဟာ
“ရန်သူမရှိ မိတ်ဆွေသာရှိ” ဖြစ်ခဲ့တယ်
အဲဒီလိုနဲ့ သူပြောခဲ့တယ်
“ကာရံမဲချင်မဲ့ အဘီဓမ္မာ မမဲ့စေနဲ့”လို့။

တောင်ပေါ်လေအေး
တနွဲ့နွဲ့နော့
ချိုးငှက်ရဲ့တေး တကြော့ကြော့။

လေနုအေးတွင်
စန္ဒယားသံက စွတ်ပျံ့နေသည်
ထိုစန္ဒယားသံနှင့်အတူ ကဗျာကျူးသံ
ထိုသည်တို့က ဒြပ်မဲ့ပန်းချီ
ထိုပန်းချီတွင် အများဆုံးသုံးထားသည့်အရောင်က
“ဝေါဒစ္စနေ အပြာ”။

ဗမာပြည်နိုင်ငံရေးက
“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့” ကြပြီ။

ညိုထက် (လမ်းသစ်ဦး)
၁၁ - ၁၁ - ၁၁