Friday, April 29, 2011

ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း

ဆရာဂါရဲ့ ဆောင်းပါးဆိုလိုရင်းကို သဘောပေါက်အောင် တခေါက်လောက် သေသေချာချာ ပြန်ဖတ်စေချင်ပါတယ် ကိုကန့်လန့်။ ဆရာဂါ ဘာပြောချင်တယ် ဆိုတာကိုပေါ့။ ဆရာဂါ ပေးချင်တာနဲ့ ကိုကန့်လန့် ရနေတာ လွဲနေတယ်ထင်တယ်။

ကျနော် ဒီကဗျာကို ဒေါက်တာလွဏ်းဆွေဘလော့ခ်ကို အရင်ပို့တာပါ။ သူ့က ဒေါက်တာလွဏ်းဆွေက အထက်ပါအတိုင်း သဘောထားပေးခဲ့ပါတယ်။ ကျနော်ကပဲ စာရေးဆရာ - ဂါမဏိရဲ့ ဆောင်းပါးအပေါ် အမြင်လွဲခဲ့တာလား၊ စာရေးဆရာ - ဂါမဏိကပဲ ဆရာဒဂုန်တာရာရဲ့ တရားကို တလွဲသုံးခဲ့တာလား။ ကျနော်မှားတယ်ဆိုရင် ကျနော်တာဝန်ခံပါတယ်။ အမှားအမှန်ကို စာဖတ်သူများက ဆုံးဖြတ်ပေးရမှာပါပဲ။ ဒါ့ကြောင့် ဒိကဗျာကိုတင်ပြလိုက်ပါတယ်။

ဖြစ်ခဲ့ဖူးပါတယ်။ ပြည်တွင်းမှာ မြတ်ခိုင်က မော်နီတာဂျာနယ် အမှတ် (၁) မှာ ဆရာဒဂုန်တာရာကို ဦးချစ်လှိုင်တို့၊ သခင်တင်မြတို့နဲ့ တွဲပြီးတော့ စကားဝိုင်းလုပ်ခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီး ဗကပ ကြေငြာချက်မှာ မြတ်ခိုင်တို့က ဆရာ ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်တယ်” ဆိုတာကို လိုရာဆွဲပြီး အသုံးချခဲ့တာဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ အခုလည်း စာရေးဆရာ - ဂါမဏိက ဆရာ ဒဂုန်တာရာရဲ့ “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာဖြစ်တယ်” ဆိုတာကို လိုရာဆွဲ အသုံးချနေတယ်လို့ မြင်လို့ ဒီကဗျာကို ရေးခဲ့တာပါ။ နည်းနာဆိုတာ တခုတည်းမဟုတ်ဘူးဆိုတာက စာရေးဆရာ - ဂါမဏိ ဆိုလိုရင်းပါ။ ဒါကို ပြောတာ ဒဂုန်တာရာကို အသုံးချစရာမလိုပါဘူး။ ဒဂုန်တာရာက ငြိမ်းချမ်းရေးဝါဒီပါ။ ဆင်ကြုံးသွင်းရေးသမားမဟုတ်ပါဘူး။ ကိုယ့်တရားကိုယ် ထူထောင်ခွင့်ရှိပါတယ်။ ဥပမာဗျာ - “စားပွဲဝိုင်းထိုင်ဆွေးနွေးဖို့ နည်းနာအားလုံးသုံးကြစို့” ဆိုလည်း ရပါတယ်။

ဒီမှာသေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမော်ကားရေးနေတာတွေကို ၂ ဖက်အမြင်သိရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေေ၀စာစာဖော်ပြနေတဲ့ ဒေါက်တာလွဏ်းဆွေဟာ စာရေးဆရာ - ဂါမဏိကို ဝေဖန်တဲ့ ကဗျာကိုတော့ ၂ ဖက်အမြင်သိရအောင် ဖေါ်ပြသင့်ပါလျက် မဖေါ်ပြခဲ့တဲ့ ဒေါက်တာလွဏ်းဆွေရဲ့ ဖေါ်ပြချက်ကို တွေ့လိုက်ရတာပါပဲ။ ရန်ကုန်မှာ မြားနတ်မောင်လုပ်စဉ်က စစ်အုပ်စုကို မဝေဖန်ရဲသလိုမျိုးပေါ့။ နီးရာဓါးတော့ ကြောက်တဲ့ပုံပါပဲ။ မဲဆောက်မှာ နေတဲ့အခါကြတော့လည်း မိခင်စိတ်ရှိတဲ့၊ အာဃာတမရှိတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထက် စာရေးဆရာ - ဂါမဏိကို ကြောက်ပုံရပါတယ်။ ဒေါက်တာလွဏ်းဆွေလည်း မဲဆောက်မြို့က မြတ်ခိုင် ဖြစ်မှန်းမသိဖြစ်နေပြီ။

ဒီကဗျာဟာ ဒဂုန်တာရာအတွက် ခုခံကာကွယ်တာဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ခုခံကာကွယ်တာဖြစ်ပါတယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ညိုထက် (လမ်းသစ်ဦး) လည်း တတပ်၊ တအား ဖြစ်တယ်ဆိုတာ ဖေါ်ပြတာလည်းဖြစ်ပါတယ်။


ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း

ကြံကြံဖန်ဖန်

ဆင်ကြုံးသွင်းနည်းနဲ့မှ

မိတ်ဆွေဖွဲ့ရတယ်လို့။

တန်းတူ

ချစ်ကြည်

နားလည်မှုရှိပါမှ

မိတ်ဆွေဖြစ်ကြမှာ မဟုတ်လား။

ဥပမာပေးစရာရှားလို့

ဆရာဂါလည်းဖတ်ဖူးမှာပေါ့

“လွမ်းတေး”

ဟုတ်ပါ့

ဆရာဇော်ဇော်အောင်ရဲ့ “လွမ်းတေး”ပေါ့။

ဒီလိုရှိတယ်ဆရာဂါ

ဆရာဇော်ဇော်အောင်ရဲ့ငယ်ဘဝ

(ဆိုကြပါစို့)

ဇော် (သလ္လာ) ဘ၀ကတည်းက

ကွန်မြူနစ်တွေအပေါ်ထားခဲ့တဲ့

အညိုးအတေး

အာဃာတ

အမုန်းတရားများ

ကြေပါပြီ

ပြေပါပြီ

ပြီးပါပြီတဲ့။

အဲဒါ “လွမ်းတေး” ပေါ့

အဲဒါ “ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း” ပေါ့

အဲဒါ “ကြီးမြတ်တဲ့ နိုင်ငံရေး” ပေါ့။

“မတူတာတွေ ပေါင်းစည်းတဲ့အခါ အသစ်ဖြစ်တယ်” တဲ့

“လူဆိုတာ အချစ်တွေနဲ့ မွေးလာတာ” တဲ့

ဒဂုန်တာရာက

သူ့အတွေးအခေါ်ကို အဲဒီနေရာကစခဲ့တယ်

ဘယ်မှာ ဆင်ကြုံးသွင်းတာ ပါလို့လည်း

ကျနော်တော့ဖြင့် အချစ်ကိုပဲတွေ့ရတယ်။

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

မုန်းသူမရှိ၊ ချစ်သူသာရှိ

အဲဒါ

ဆရာဂါရေးသလို

ငါနဲ့မတူ၊ မိတ်ဆွေမဟုတ်

မိတ်ဆွေမဟုတ်သူဖယ်ရှား

ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဖြစ်သွားသတဲ့

ရယ်စရာတော့လည်းအကောင်းသား

ဒီအတိုင်းသွားနေလို့ကတော့

ချစ်သူမရှိ၊ မုန်းသူသာရှိ ဖြစ်သွားမပေါ့ ဆရာဂါ။

ပန်းပေါင်းတရာပွင့်ပါစေ

ပညာရှိတိုင်း ငြင်းခုန်ပါစေ

သူ့အပင်မှာ သူ့အပွင့် ပွင့်မယ်

ကိုယ့်အပင်မှာ ကိုယ့်အပွင့် ပွင့်မယ်။

မိတ်ဆွေကို ကြုံးသွင်း ဖွဲ့လို့မရသလိုမျိုး

အဘိဓမ္မာကိုလည်း ကြုံးသွင်းလို့မရဘူး။

ကိုယ့်စကားနားထောင်မှ မိတ်ဆွေ

ကိုယ့်တရားနာခံမှ မိတ်ဆွေ

ဆရာဂါရေ …

အဲဒီအသိလောက်နဲ့

ဒဂုန်တာရာကိုလည်း ကြုံးသွင်းလို့မရဘူး။

ဒဂုန်တာရာဆိုတာ

စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့သူ

သခင်ကိုယ်တော်မှိုင်းကို ဆက်ခံသူ

ကိုယ်ပိုင်အဘိဓမ္မာရှိတဲ့ ငြိမ်းချမ်းရေးဝါဒီ

မိမိကိုယ်ကို ရွေးချယ်တက်တဲ့ ကဗျာဆရာ

နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ယုံသူ

မတူတာတွေပေါင်းတဲ့အခါ အသစ်ဖြစ်တယ်လို့ ယုံသူ

အချစ်ကို ယုံသူ။

ဒဂုန်တာရာက သူ့ဘ၀တလျောက်လုံး

ငြိမ်းချမ်းရေးအဘိဓမ္မာကို ကိုင်ဆွဲခဲ့တယ်

ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးခရီးတလျောက်လုံး

တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ကိုင်ဆွဲခဲ့တယ်

ဒဂုန်တာရာက “ဗဟုဝါဒ” ကိုပြောတယ်

ဒေါ်အောင်ဆန်းစုကြည်က “ပါတီစုံ ဒီမိုကရေစီ” ကိုပြောတယ်

သူတို့ ၂ ယောက်လုံးက ပြည်တွင်းစစ်ကို မလိုလားကြဘူး။

ရပ်တည်ချက်

အမြင်

နည်းနာ

ဆရာဂါရေ …

ရပ်တည်ချက်က အဆုံးအဖြတ်မဟုတ်လား။

လက်နက်ကိုင်တိုက်တာပဲဖြစ်ဖြစ်

စေ့စပ်ဆွေးနွေးအဖြေရှာတာပဲဖြစ်ဖြစ်

နည်းနာတွေပဲမဟုတ်လား။

ကျနော်တို့ အဓိက ဆုပ်ကိုင်ရမှာ

ရည်မှန်းချက်လား

နည်းနာလား။

ဂဋုန်ဦးစောက

ဗိုလ်ချုပ်အောင်ဆန်းကို

လက်နက်ပုန်းတွေနဲ့ လုပ်ကြံသတ်ဖြတ်သလိုမျိုး

ဂဋုန်ဦးစောလက်သစ် အက်ဆစ်က

ဒေါ်အောင်ဆန်းစုကြည်ကို

ကလောင်ပုန်းနဲ့ လုပ်ကြံသတ်ဖြတ်တဲ့အချိန်နဲ့

ဆရာဂါ့ဆောင်းပါး မရှေးမနှောင်းထွက်လာတယ်

ဖွဟဲ့ … လွဲပါစေ - ဖယ်ပါစေ

မတော်တဆ တိုက်ဆိုင်တာပဲဖြစ်ပါစေ။

အချစ် - ဝေဖန်ရေး - အချစ်

ဆရာဂါရေ …

ကျနော့်မှာတော့

ရန်သူမရှိ၊ မိတ်ဆွေသာရှိ

မုန်းသူမရှိ၊ ချစ်သူသာရှိ။

ဆရာဂါ - စာရေးဆရာ ဂါမဏိ

ညိုထက် (လမ်းသစ်ဦး)

၂၃ - ၄ - ၁၁

Monday, April 25, 2011

“ယက်တူရှင်ကို” ကို ကြိုက်တယ်

“မာယာကော့စကီး” ဟာ

ရုရှားပဒေသရာဇ်စနစ်ကို သူပုန်ထ

“လီနင်”တို့ တော်လှန်ကြတဲ့ခေတ်မှာ

ကလောင်ကိုင်ခဲ့တာဖြစ်ပြီး

“ယက်တူရှင်ကို”ကတော့

“စတာလင်”ခေတ်မှာ ကလောင်ကိုင်ခဲ့တာဖြစ်တယ်။

ကဗျာဆရာဆိုတာ

သူတည်ရှိနေတဲ့ခေတ်ကိုပဲ

ကိုယ်စားပြုဖေါ်ထုတ်လေ့ရှိတယ်

ငါ

“ယက်တူရှင်ကို”ကိုကြိုက်တယ်။

“ယက်တူရှင်ကို”ဟာ ကွန်မြူနစ်ဖြစ်တယ်

ဒါပေမယ့်

ဆိုဗီယက်အီလစ်တွေက သူ့ကို မကြိုက်ကြဘူး

“ယက်တူရှင်ကို”ဟာ ကွန်မြူနစ်ဖြစ်တယ်

ဒါပေမယ့်

“စတာလင်”က သူ့ကို မကြိုက်ဘူး

ဒါပေမယ့်

ငါက

“ယက်တူရှင်ကို”ကို ကြိုက်တယ်။

ဘယ်တက်နိုင်မလဲ

“စတာလင်” က “ယက်တူရှင်ကို” ကိုမကြိုက်တာ

ဘယ်တက်နိုင်မလဲ

ငါ က “ယက်တူရှင်ကို” ကြိုက်တာ

ဘယ်တက်နိုင်မလဲ။

ဆိုဗီယက်အီလစ်တွေနဲ့တည့်မှ

ကွန်မြူနစ်ဖြစ်ရမှာတဲ့လား

ကွန်မြူနစ်ဖြစ်ခွင့်လက်မှတ်ကို

အီလစ်တွေဆီမှ တောင်းမှ ရမှာတဲ့လား။

ဒါပဲ

“ယက်တူရှင်ကို”ဆိုတာ

ဒါပဲ။

ပြည်သူနဲ့အတူချီတက်တာ

ကွန်မြူနစ်ဖြစ်တယ်

ပြည်သူနဲ့အတူ ခံစားတာ

ကဗျာဆရာဖြစ်တယ်

ဒါ့ကြောင့်ပဲ

“ယက်တူရှင်ကို” ဟာ

“ဇီးမားလမ်းဆုံ”ကို ရေးခဲ့နိုင်တာဖြစ်တယ်။

ရဲရဲတွေး

ရဲရဲရေး

ရဲရဲတင်ပြ

သတ္တိရှိလို့ ကလောင်ကိုင်တာ

အဲဒါ

ကဗျာဆရာ။

လှံသွားထက်ချွန်မြ

နီလည်းနီ၊ ထက်လည်းထက်ရှ

သူရင်ဆိုင်နေရတဲ့ ခေတ်ရဲ့လောကဓံတွေကို

လှလှပပ ရင်ဆိုင်ပြသွားခဲ့သူ

ဖေါက်ထွက်ပြသွားခဲ့သူ။

တကယ်တော့

“ယက်တူရှင်ကို”ဟာ

“စတာလင်”ခေတ်ရဲ့

ဂုဏ်ယူစရာအကောင်းဆုံး အသီးအပွင့်ပါပဲ။

သူ့အတွက်

ဂုဏ်မယူနိုင်ကြသူတွေကိုတော့

… … … …

ထားလိုက်ပါတော့။

ကမ္ဘာအနှံခရီးတွေထွက်လို့

ကမ္ဘာ့ပြည်သူတွေဆီကို

“စတာလင်”ခေတ် ပြည်သူတွေရဲ့ ရင်ခုန်သံကို

အရောက်ပို့ပေးခဲ့တယ်။

ကမ္ဘာအနှံခရီးတွေထွက်လို့

သူ့မိခင်ဘာသာစကားနဲ့ပဲ

သူ့ကဗျာတွေကို

ဌာန်ကျကျ၊ မာကျကျ

ရွက်ဆိုပြခဲ့တယ်။

သူ့ကဗျာရွက်ဆိုပွဲတွေဟာ

ကမ္ဘာအနှံအောင်မြင်ခဲ့တာပေါ့

ပြည်သူတွေက သူ့အတွက်

ဂုဏ်ယူခဲ့ကြတာပေါ့။

အေးဗျာ …

ကျနော်ကတော့

“ယက်တူရှင်ကို” ကိုကြိုက်တယ်။

ညိုထက် (လမ်းသစ်ဦး)

၉ - ၄ -၂၀၁၁

Thursday, April 14, 2011

နှင်းခဲပျော်ချိန်

နှင်းတွေ
ထူထူထဲထဲ၊ သိပ်သိပ်သည်းသည်း ကျနေတဲ့အချိန်
အပင်တွေဟာ ပေါက်မလာကြဘူး။

မကြည်မလင် ရာသီဥတုထဲ
ငါ
နေထိုင်ခဲ့ရဖူးတယ်။

အချင်းမာရ်နတ် ... ဖယ်လော့!
နှင်းခဲပျော်ချိန် ရောက်ပြီ။

တကယ်ပါပဲ
လမ်းတွေဟာ ရှင်းလာတယ်
မြင်ကွင်းတွေဟာ ကြည်လင်လာတယ်
အေးခဲမနေတော့ပဲ နွေးထွေးလာတယ်
အထဲကလူတွေ အပြင်ကို ထွက်ကုန်ကြတယ်
မြေသားကိုထိုးခွဲ ပန်းပွင့်လေးတွေလည်း ပေါက်လာကြတယ်။

အမေရိကန် နွားကြောင်းသားတွေက
သူ့သားကောင်ကို ကြိုးကွင်းပစ်ဖမ်းလိုက်သလိုမျိုး
ဘယ်လောက်ရိုင်းတဲ့ ရာသီပဲဖြစ်ပါစေ
အသားကျစီးနိုင်ခဲ့တယ်။

ငါဟာ ကဗျာဆရာဖြစ်တယ်။

လာပြီ ... !
ကဗျာဆရာလာပြီို
ငါ့မြင်းကို ငါစိုင်း
ကဗျာပန်းတွေ စိုက်ပျိုးမယ်။

အချင်းမာရ်နတ် ... ဖယ်လော့!
နှင်းခဲ ပျော်ချိန်ရောက်ပြီ။

ညိုထက် (လမ်းသစ်ဦး)

Tuesday, April 12, 2011

ကျနော်နဲ့ ကဗျာ

ကျနော် ငယ်စဉ်ဘ၀ ဆယ်ကျော်သက်လောက်ကတည်းက ကဗျာရေးသည်။ ပြောမယ်ဆိုရင် ၁၀ တန်း ကျောင်းသားဘ၀မှာ ကျနော်တို့ ကျောင်းသားတွေစုပြီး ကဗျာစာအုပ်ထုတ်ဖို့ လုပ်ခဲ့ဖူးသည်။ နောက် တော်လှန်ရေးဒေသသို့ ရောက်လာသည်။ ရောက်သည့်နေရာက ကဗျာတွေ၊ စာတွေ ရှိသည့်နေရာ။ ကိုတိုက်မောင်းတို့နှင့် ဆုံတွေ့ရသည်။ လက်ရေး ကဗျာစာအုပ်တွေကို ရှေ့တန်းစခန်းတွေမှာပင် ရေးသား ထုတ်ဝေဖြစ်ကြသည်။ “ရဲရင့်ဂလက်စီရဲ့ အထ္ထုပ္ပတ္တိ” …. စသည်။ တော်လှန်ရေး နယ်မြေတွင် ကျနော်ရေးသားခဲ့သည့် ပထမဆုံးကဗျာက “နေညိုညို ဧရာမငိုနဲ့” ဆိုသည့်ကဗျာ။ ထိုကဗျာကို ဒေါင်းအိုးဝေ စာစောင်သို့ပို့ခဲ့သည်။ သို့သော် ပါလာသည့် ထိုကဗျာကား ….. ထားတော့။

နောက်တော့ ပြည်မြိုသား အရှည်ကြီး တောခိုလာသည်။ သူနှင့်အတူ ပြည်မြို့သား ကဗျာဆရာ မောင်ချောနွယ်၏ ကဗျာတွေကို လက်ရေးနှင့် ကူးယူထားသည့် မှတ်စုစာအုပ်ပါလာသည်။ ထိုစာအုပ်သည် တော်လှန်ရေးနယ်မြေထဲရောက်သည့်အချိန်က ပထမဆုံး ဖတ်ရသည့် ကဗျာစာအုပ်ဖြစ်သည်။ ပြည်တွင်းတွင် နေစဉ်က ဆရာချောနွယ်ကဗျာတွေကို ဖတ်ရသော်လည်း ဤမျှလောက် တထိုင်တည်း များများစားစားကို မဖတ်ဖူးခဲ့။ ဆရာချောက ကျနော်တို့ကို ဖမ်းစားသွားခဲ့ပြီ။ ကိုတိုက်မောင်းကတော့ ဆရာချော ကဗျာ တွေဖတ်ပြီး “ကျနော်တို့တော့ ကျန်ခဲ့ပြီဗျိုးးး” လို့ဆိုလာသည်။ ဆရာချောရဲ့ ကဗျာတွေ ကျနော်တို့အပေါ် ဒုတ်ဒုတ်ထိ စိုက်ဝင်ခဲ့သည်ကတော့ သေချာသည်။

ထိုစဉ်က ကျနော်တို့နေသည့်နေရာက “လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု (လပဒတ)” တည်ရာနေရာ။ ထိုနေရာတွင် နေကြသူများကလည်း စာဖတ်ကြသူတွေ၊ စာဖတ်နာသူတွေ၊ စာစုံဖတ်သူတွေ။ ဂျူးရဲ့ “မရှိမဖြစ်မိုး” လည်း ဖတ်နိုင်သည်။ “ရုပ်ကမ္ဘာ” လည်း ဖတ်နိုင်သည်။ နောက်တော့ ထိုတပ်ပေါင်းစုက “သေနတ်သံ ဂျာနယ်” ဟူ၍ ထုတ်လာသည်။ ထိုဂျာနယ်တွင် စာတွေဝင်ရေးကြသည်။ မှတ်မိနေသည်က ထိုဂျာနယ်ကို ကိုင်တွယ်သူ အယ်ဒီတာက ရဲဘော်အေးသန်း။ ဆောင်းပါးတစောင်ရေးသည်။ “ကျနော်သိသော ကွန်မြူနစ်ဝါဒ”။ ထိုဆောင်းပါးသည် အခြားကျနော်နှင့် အတူရေးသူများကြားမှ တပုဒ်လုံး ပါဝင်ခွင့်ရခဲ့သည့် ဆောင်းပါးဖြစ်သည်။ ဂုဏ်ယူလိုက်မိသည်ကို ရိုးသားစွာဝန်ခံလိုပါသည်။ နောက်တအုပ်တွင်တော့ ကဗျာရေးဖြစ်သည်။ “ကမ္ဘာပုတ်ခြင်း”။ ထိုခေါင်းစည်းကို ကျနော်ပေးခဲ့သည်တော့မဟုတ်။ ကျနော့်တောင်းဆိုချက်ဖြင့် အရှည်ကြီးပေးခဲ့သည့် ခေါင်းစည်းဖြစ်သည်။ ထိုကဗျာ ဂျာနယ်သို့ သွားပေးသည့်အခါ အယ်ဒီတာ ရဲဘော်အေးသန်းက “ခင်ဗျားပေးတဲ့ကဗျာကို ကျနော်တော့ သိပ်နားမလည်ဘူး။ ဒါပေမယ့် ကဗျာကောင်းလို့တော့ ထင်တယ်” ဆိုပြီး ပြုံး၍ပြောသည်။ နောက်စာအုပ်ထွက်တော့လည်း ပါလာပါသည်။ ထိုကိစ္စကို အခု ပြန်စဉ်းစား မိတော့ နည်းနည်းတော့ ရှက်ကိုးရှက်ကန်းဖြစ်မိသည်။ “သေနတ်သံ ဂျာနယ်” ကို အယ်ဒီတာလုပ်နေသည့် ရဲဘော်အေးသန်းသည် ကဗျာဆရာအောင်ငြိမ်း ဖြစ်နေသည်ကို နောင် ၁၀ နှစ်လောက်ကြာမှ သူ၏ လုံးချင်း ကဗျာစာအုပ်ထွက်လာတော့မှ သိရတော့သည်။ ကျနော်က ထိုသို့ဖြင့် နုံပါသည်။ မည်သို့ပင် နုံခဲ့သည်ဖြစ်စေ ရဲဘော်အေးသန်းသည် ကျနော်၏ ပထမဆုံး အယ်ဒီတာ ဖြစ်သည်ဆိုသည်ကိုတော့ ယနေ့တိုင် စိတ်ထဲစွဲနေမိသည်။

နောက်တော့ ကျနော်တို့ တပ်ဂွင်ပြောင်းရသည်။ ဒေါင်းဂွင်။ ထိုတွင်လည်း ကဗျာစာအုပ်တွေ ထုတ်ကြပြန်သည်။ “လက်ကျန်ရှင်းတန်း” … စသည်။ ပေါက်သည့် စာအုပ်ဟု ပြောရမည်ထင်သည်။ လူကြိုက်များခဲ့ပါသည်။ ညိုထက် (လမ်းသစ်ဦး) ဆိုသည့် ကလောင်အမည်ကို ထိုစာအုပ်တွင် စတင်ယူခဲ့ခြင်းဖြစ်သည်။ ဒေါင်းဂွင်ရောက်မှ ကဗျာဆရာ ကိုငြိမ်းဝေနှင့် ဆုံဖြစ်ကြသည်။ ကိုငြိမ်းဝေနှင့် ဆုံသည့်အချိန်ထိ ကျနော်က ဆယ်ကျော်သက်။ ကိုတိုက်မောင်းနှင့် သူ အတော်လေးကို အပေးအယူ တည့်ကြသည်။ “နှင်းဆီဝိုင်” ဆိုသည့် ကဗျာဝိုင်းကိုပင် ထူထောင်ခဲ့ကြသည်။ သူတို့ ၂ ယောက် စကားပြောပွဲကို ကိုတိုက်မောင်းခေါ်သွား၍ လိုက်ပါခဲ့ရဖူးသည်။ ထိုအချိန်က ကျနော် ခရမ်းပြာအပျိုမကို ဇာတ်ကောင်တည်ထားသည့် “ခွဲခွာခြင်းရဲ့ ဒီကြွသံ” ကဗျာကို ရေးသား ပြီးစီးချိန်ဖြစ်သည်။ ထိုအချိန်က ဆရာချောကဗျာတွေကို အစုလိုက်ဖတ်နေရပြီဖြစ်သော်လည်း ကျနော့်အပေါ်တကယ်တမ်း လွှမ်းမိုးမှု ရှိနေသူက ဆရာအောင်ဝေး။ ခရမ်းပြာအပျိုမသည် ဆရာအောင်ဝေး၏ “ယာမဟာဂူဂျီ ခင်ဆွေရီ”ကို အားကျ၍ ဖွဲ့နွဲ့ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးဒေသမှာ ဥိးဆုံးရေးဖြစ်ခဲ့သည့် ကဗျာဖြစ်သည့် “နေညိုညို ဧရာမငိုနဲ့” တွင်လည်း ဆရာအောင်ဝေး အသံတွေ၊ အသုံးတွေက လွှမ်းမိုးနေသည်။ “တော်လှန်ခြင်းမြင်းရိုင်းက ကဆုန်ဆိုင်းပြေးလွှား၊ ငါ့အိပ်ကပ်ထဲက အကြောက်တရားအကြွေစေ့တွေ လွင့်စင်ကျသွားပေါ့” ထိုသို့ ဆရာအောင်ဝေးက ကျနော့်ကို လွှမ်းမိုးထားခဲ့ခြင်းဖြစ်သည်။ ဆရာအောင်ဝေး ထံမှ ကျနော် တော်တော်နှင့် မထွက်နိုင်ခဲ့။ ကျနော့် ငယ်ဘ၀ကို လွှမ်းမိုးမှုအရှိဆုံး ကဗျာဆရာကိုး။ အဓိက သူ့ကဗျာတွေထဲမှာ ကျနော်အကြိုက်ဆုံးက “ဝေဖန်ရေးဆရာနှင့် စီးချင်းထိုးခြင်း”။ ဆရာအောင်ဝေး မဲဆောက်သို့ရောက်ချိန်က ကျနော်မရှိ။ စက်တင်ဘာမျိုးဆက်များကို စစ်သင်တန်းသွားပေးနေရသည်။ တွေ့ဆုံဖြစ်လျင် ထိုအကြောင်းများ ပြော၍ ဂါရ၀ ပြုချင်ခဲ့သည်။ နောက်ပြီး “ဒီမိုကရက်တစ် သရုပ်မှန်ဝါဒ” အကြောင်းကိုလည်း နည်းနည်းတော့ ဆွေးနွေးကြည့်ချင်ခဲ့သည်။ ထို “ခွဲခွာခြင်းရဲ့ ဒီကြွသံ” ကဗျာကို ကိုတိုက်မောင်း အင်မတန် အားရကြေနပ်ခဲ့သည်ဟုထင်ပါသည်။ “ခင်ဗျားက ဒီကဗျာနဲ့ ကဗျာဆရာ ဖြစ်သွားတာဗျ” လိုပြောဖူးသည်။ ထိုကဗျာကိုပင် ကိုငြိမ်းဝေအား ကိုတိုက်မောင်းမှ ပေးဖတ်ခဲ့သည်။ သူလည်းပဲ ထိုကဗျာကို သဘောကျဟန်တူသည်။ ထိုသို့ဖြင့် ကျနော်က သူတို့ ၂ ဦးကြားတွင် ကဗျာဆရာ ဖြစ်၍ သွားပါတော့သည်။ ၁၉၉၄။

“ခွဲခွာခြင်းရဲ့ ဒီကြွသံ” သည် လက်လက်ဆက်ဆက် ခွဲခွာခဲ့ပြီးကာစ ကျနော့်မြို့ကလေးနှင့် အခြေချကာစ သူပုန် ဘ၀ကိုယက်ရှယ်ထားသော ကဗျာဖြစ်သည်။ ထို့ကြောင့်ပင် မြစ်ဝကျွန်းပေါ်အသုံးဖြစ်သည့် “ဒီ” ကို ခေါင်းစည်း တင်ခဲ့မိလေသလားတော့မသိပါ။ ရေလှိုင်းကြက်ခွပ်တွေကို လွမ်းသည့်အလွမ်းပါသည်။ တော်လှန်ရေးယုံကြည်ချက်တွေ ပါသည်။ ထိုကဗျာသည် အခြေခံဒေသ ထိုးဖောက်သည့်စစ်ခရီးစဉ်အတွင်း ရန်သူဝိုင်းပတ်ပိတ်စို့မှုကို ထိုးဖောက်ထွက်ရသည့်အချိန်က “ပုန်းတဲ” တွင် မှတ်စုစာအုပ်ထားခဲ့ရင်း ဒေသခံများ တောင်ယာမီးရှို့ချိန်၌ မီးခုန်ကူးရင်း ပါသွားခဲ့သည်။ ထိုကဗျာနှင့် အတူ ကျနော် အခြေခံဒေသ ထိုးဖောက်မှု စစ်ဆင်ရေးကာလတလျောက်ရေးခဲ့သော ကဗျာအားလုံး ပါသွားခဲ့ခြင်းဖြစ်သည်။

ကိုတိုက်မောင်းကျသွားပြီးနောက်ပိုင်းလည်း ကျနော်တို့ ကဗျာစာအုပ်တွေ ဆက်ထုတ်ဖြစ်သည်။ ကျနော် အခြေခံဒေသ ထိုးဖောက်ရေးခရီးမထွက်ခင်အထိ ၃ အုပ် ထုတ်ဖြစ်သည်။ ထိုကဗျာများထဲတွင် “မြို့ပြကို နောက်ဖေးပေါက်က ၀င်ခဲ့ခြင်း” ကဗျာကို လက်တွေ့ခဲ့သည်။

အခြေခံဒေသ ထိုးဖောက်သည့် ကာလများတွင်တော့ ကဗျာများရေးနေသည်မှ အပ ကဗျာစာအုပ်များတော့ မထုတ်ဖြစ်တော့။ ထိုအချိန်က ကျနော်ရေးဖြစ်သော ကဗျာများသည် ဆရာအောင်ဝေးနှင့် ဆရာချောနွယ်တို့ ပေါင်းစပ်ထားသည့် ကဗျာများသာဖြစ်သည်။ ကျောပိုးအိပ်စာကြည့်တိုက်လုပ်ပြီး စာအုပ်များတော့ ၀ယ်ဖတ်ဖြစ်သည်။ လကျော် နောက်ကျပြီး မဂ္ဂဇင်းစာအုပ်များ ၀ယ်ဖတ်သည်။ ထိုအချိန်များက ပြည်တွင်း စာနယ်ဇင်းတွင် မော်ဒန်နှင့် ပို့စ်မော်ဒန်များအကြောင်း အားကောင်းမောင်းသန် ဆွေးနွေးနေကြချိန်ဖြစ်သည်။ ဆရာဇော်ဇော်အောင်၊ ဆရာခင်မောင်ရင်၊ ဆရာမောင်ကြည်သစ် … စသည့် ထိုအချိန်က အားကောင်းမောင်းသန် ဆွေးနွေးနေကြသည့် ဆရာများ၏ စာအုပ်များကိုလည်း ၀ယ်ဖတ်ဖြစ်သည်။ ထိုအချိန်က ထိုဘာသာရပ်ကို အဓိကထားတင်ပေးနေသည့် “သရဖူမဂ္ဂဇင်း၊ စတိုင်သစ်မဂ္ဂဇင်း” တွေလည်း ၀ယ်ဖတ်ဖြစ်သည်။ သူတို့ ပုံစံများကိုလည်း စမ်းသပ်ရေးခဲ့သည်များလည်း ရှိပါသည်။ ဆိုပါစို့ “ပင်လယ်ရေကို သောက်မိခြင်း” ကဗျာ။ ထိုကဗျာတွင် လေးထောင့်ဘောင် အနီကို ခတ်ထားသည်။ ထိုဘောင်ထဲတွင်တော့ စန္ဒာ၊ စန္ဒာ ဆိုသည့် စကားလုံးကို အပြည့်ထည့်ရေးလိုက်တော့သည်။ အောက်က ကလောင်အမည် ညိုထက် (လမ်းသစ်ဥိး) ဟု ထိုးလိုက်သည်။ ကျနော် ပို့စ်မော်ဒန် ကဗျာဆရာဖြစ်သွားပြီဟုလည်း ဘ၀င်မြင့်သွားခဲ့ဖူး သေးသည်။ ကိုဖေသက်နီကတော့ ထိုကဗျာကိုတွေ့သောအခါ ပြုံစိစိဖြင့် တုန့်ပြန်ဖူးသည်။

နောက် အပစ်အခတ်ရပ်စဲရေးဒေသထဲသို့ ရောက်သွားပြန်သည်။ ထိုတွင်လည်း ကဗျာများ ဆက်ေ၇း ဖြစ်သည်။ ထိုနေရာတွင် ကဗျာဆရာ ကိုဌေးအောင်နှင့် ဆုံတွေ့ရသည်။ သူရေးထားသည့် “ကမ္ဘာလောကရဲ့ သမီးပျို” ကဗျာကို သူကိုယ်တိုင် ရွက်ပြသည်ကို ကြားခဲ့ရဖူးသည်။ ကဗျာရွတ်ဆိုမှု အတော်လေးကို ကောင်းသည့်သူဖြစ်သည်။ သမီးလေးရေ …. ဆိုသည့် အသံကို သူရွက်သွားသည်မှာ သူသာလျင် ရွက်နိုင်မည်ဟုထင်ပါသည်။ ကျနော်တိတ်တိတ်လေး သူရွတ်ဆိုသလို လိုက်ရွတ်ကြည့်ဖြစ်သည်။ မအောင်မြင်။ ထိုဒေသတွင် ရေးခဲ့သည့်ကဗျာများထဲမှ “သိကျိပ်” ကဗျာကို ကျနော် ၀ိရောဓိလွင်ပြင်ကို ရောက်ရောက်ခြင်း ထုတ်ဝေသည့် ကဗျာစာအုပ်တွင် ထည့်သွင်းဖေါ်ပြခဲ့ဖူးသည်။ ကဗျာဆရာ ကိုလွမ်းဏီကတော့ ထိုစာအုပ်ထဲတွင် ထိုကဗျာတပုဒ်ပဲ ကဗျာပါသည်ဟု ဦးဂင်ကြီးကို ပြောခဲ့သည်ဟု ပြန်ကြားရသည်။

ကျနော် ၀ိရောဓိလွင်ပြင်ကို ရောက်သည်က ၂၀၀၀။ ရောက်သည့်အချိန်မှစ၍ ကျနော် ကဗျာတပုဒ်ကို ရေးသားခဲ့သည်။ “မချစ်မနှစ်သက်သူတို့နှင့် ကွေကွင်းပြီးနောက်” ကျနော့်ဘ၀တွင် အချိန်အကြာဆုံး ရေးဖြစ်ခဲ့သည့် ကဗျာဖြစ်သည်။ အမှတ် (၄) တပ်ရင်းတွင် စတင်ရေးသားခဲ့သည်မှ ကျနော့်မိသားစု နေထိုင်ရာ “ဟွေးနုကလယ်” ထိုင်းရွာကလေးသို့ ရောက်သည့်အထိ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုကဗျာကို ထုတ်ဝေဖြစ်သည်ကတော့ ၂၀၀၃ ခုနှစ် တွင်မှ ဖြစ်သည်။ ထိုကဗျာတွင် ဆရာချောနွယ်ဟန်များ လုံးဝ ပါဝင်ပတ်သက်နေပြီဟု ပြောရမည်ဖြစ်သည်။ ကွယ်လွန်သူ ကိုမြင့်ဇေကပင် ခင်ဗျား ကဗျာက မောင်ချောနွယ် အရမ်းဆန်လွန်းနေတယ် ဟု ဝေဖန်ခဲ့ဖူးသည်။ ထို့အပြင် ထိုကဗျာထဲတွင် တောင်ယာရနံ့များလည်း ပါဝင်နေပြီ ဖြစ်သည်။

ကျနော်ဝိရောဓိလွင်ပြင်ကို ရောက်သည့်အချိန်တွင် ကျနော့်တွင် ကဗျာနှင့်ပတ်သက်၍ အယူအဆတခု ပါလာသည်။ ကျနော့်အပေါ် ပြည်တွင်း ကဗျာဆရာများ ဆွေးနွေးနေသည့် ကာလပေါ်ကဗျာများသည်လည်း သက်ရောက်မှုရှိသည်။ ကဗျာဆရာ မောင်ချောနွယ်ကလည်း ကျနော့်ကို သိမ်းပိုက်မိနေပြီ။ သို့သော် ကာလပေါ်ကဗျာဆရာများကို ဖမ်းစားခဲ့သည့် (သို့) ကာလပေါ် ကဗျာများကို ဖြစ်ပေါ်စေအောင် လှုံဆော်မှုပေးခဲ့သည့် မြို့ပြလူအဖွဲ့အစည်း၏ အရောင်၊ အရိပ်၊ ရနံ့များကို ကျနော် မခံစားခဲ့ဖူး။ ဆိုလိုသည်မှာ ကျနော့်တွင် မြို့ပြနေထိုင်မှု အတွေ့အကြုံ လောက်လောက်လားလားမရှိဆိုသည်ပင်ဖြစ်သည်။ ထိုကြောင့်ပင် မြို့ပြ အာရုံခံစားမှုကို သူတို့လို ကျနော်ရရှိမည်မဟုတ်။ ကဗျာဖွဲ့စည်းမှုထဲတွင် ပါဝင်လာမည့် သင်္ကေတ၊ နိမိတ်ပုံ တို့သည်လည်း မြို့ပြဘ၀ အရောင်၊ အရုပ်၊ အနံ့များ မဖြစ်နိုင်။ ကျနော် တကယ်တန်း ဖြတ်သန်း ခဲ့ရသည်က နည်းပညာအရ ရွှေ့ပြောင်းတောင်ယာ၊ ပထ၀ီသဘောအရ တော်ပေါ်ကျေးလက်၊ နိုင်ငံရေးအရ စစ်မြေပြင်ကျေးလက်။ ကျနော့်ကို လွှမ်းမိုးနေသည်က ထိုအရောင်၊ အရုပ်၊ ရနံ့များသာဖြစ်သည်။ ကဗျာဖွဲ့စည်းမှုထဲမှ သင်္ကေတ၊ နိမိတ်ပုံ တို့သည် ပြည်တွင်းဆရာများလို မြို့ပြ အာရုံရုပ်များထက် ကျနော့်ရဲ့ တကယ့် ဘ၀ဖြစ်သည့် ကျေးလက်အာရုံရုပ်ကို ကာလပေါ်ကဗျာအမြင်ဖြင့် ထည့်သွင်းဖေါ်ပြရပေမည်။ ဤသည်ကား ကျနော့်ရဲ့ သရုပ်မှန်ဘ၀လည်းဖြစ်သည်။ ကျနော်ဖြတ်သန်းခဲ့သည့် (ထို့ထက်ပို၍ အဓိပ္ပါယ်ဖွင့် ဆိုရလျင်) ကျနော့် သူပုန်ဘ၀တလျောက်လုံး ကြွေးမွေးလာခဲ့ရသည့် တောင်ပေါ်လူထုနှင့် တောင်ပေါ် ကျေးလက်ကို ကဗျာရေးသူတဦးအနေဖြင့် ကျေးဇူးဆပ်ရာလည်း ကျမည်ဖြစ်သည်။ နောက်တခုက ကဗျာရဲ့ စေတနာအပိုင်း။ ကျနော့်အပေါ် လွှမ်းမိုးခဲ့သည့် ကဗျာအယူအဆများတွင် “ညစ်ပတ်သည့် ကဗျာ” အယူအဆသည် အလွှမ်းမိုးဆုံးဖြစ်သည်။ သူ့ဆိုလိုချက်က ကဗျာများတွင် တော၊ တောင်၊ သဘာဝတွေရဲ့ သာယာညှင်းသွဲ့သည် အလှအပများ၊ ရှင်းသန့်မှုများ၊ နန်းဆောင်ထဲက လူတွေရဲ့ ဘ၀တွေရဲ့ အလှအပတွေနဲ့ ရှင်းသန့်နေသည့် ကဗျာများထက်၊ အလုပ်သမား၊ လယ်သမား၊ သာမာန်လက်လုပ်လက်စားများ၏ ချွေးတွေ၊ လုပ်ငန်းခွင်ထဲက မသာယာမှုတွေ၊ သူတို့ရဲ့ ဘ၀အတွေ့အကြုံထဲက ပေါက်ကွဲထွက်လာတဲ့ စကားလုံး ကြမ်းကြမ်းတွေနဲ့ ညစ်ပတ်ပေရေနေတဲ့ ကဗျာတွေရေးကြမယ် ဆိုသည့် အယူအဆပင်ဖြစ်သည်။ ဆရာကြီး ဒဂုန်တာရာ၏ “ကာရံမဲ့ချင်မဲ့၊ အဘိဓမ္မာ မမဲ့နဲ့” ဆိုသည့် အယူအဆကိုလည်း လက်ကိုင်ပြုသည်။ ကျနော့်ရဲ့ ဘ၀လည်းဖြစ်သည့် တော်လှန်ရေးနဲ့ တော်လှန်ရေးအတွေ့အကြုံတွေဟာ ကျနော့်ကဗျာရဲ့ အကြောင်းအရာတွေဖြစ်လာတော့သည်။ ထိုသို့ဖြင့် ၂၀၀၀ နောက်ပိုင်း ကျနော်ရေးသည့် ကဗျာများသည် ဆရာမောင်ချောနွယ်ရဲ့ဟန်တွေ၊ ပေါက်ကွဲမှုတွေ၊ တောင်ယာနဲ့ တောင်ပေါ်ကျေးလက်သင်္ကေတတွေ၊ တော်လှန်ရေးနဲ့ တော်လှန်ရေးအတွေ့အကြုံတွေ ပေါင်းစပ်ပါဝင်သည့် ကဗျာများကို ရေးဖြစ်လာတော့သည်။ ဤသည်ပင် ကျနော့်ရဲ့ ကဗျာဟန်ဖြစ်လာတော့သည်။

ပြန်စဉ်းစားမိသည့်များကို ချုပ်ကြည့်လိုက်သောအခါ ကျနော်သည် ပြည်တွင်းထဲက ကဗျာဆရာ ဖြစ်လာသူတော့မဟုတ်။ သူပုန်လုပ်ရင်း ကဗျာရေးလာခဲ့သူဖြစ်သည်။ ထိုသို့ဖြင့် ကလောင်တလုံးပိုင်ဆိုင် လာခြင်းဖြစ်သည်။ ကျနော့်ကိုယ့်ကျနော် “သူပုန်ကဗျာဆရာ” စစ်စစ်ဟု တွေးမိလာသည်။ အမှန်က “သူပုန်ကဗျာဆရာ” ဟူသည်က မိမိကိုယ်ကို ဇန်းတင်ခြင်းဖြစ်သည်။ အရင်းအတိုင်းပြောရလျင် ကျနော်သည် “တောင်ယာဇနပုတ်ထဲက ကဗျာဆရာ”

ညိုထက် (လမ်းသစ်ဦး)

တို့လည်း လွမ်းတယ် စိတ္တရလေခါ

စိတ္တရလေခါ ကို
ဆရာပါ က ဘာသာပြန်ခဲ့တယ်
စိတ္တရလေခါ ကို
ကျနော့်အဖေက ကြိုက်ခဲ့တယ်
စိတ္တရလေခါကို
အဖေ့စာအုပ်စင်ကနေ
ကျနော် ဖတ်ခွင့်ရခဲ့တယ်။


ဟုတ်တယ်ဆရာ
စိတ္တရလေခါကို
ကျနော်တို့သားအဖ ကြိုက်ခဲ့ကြ
အကြိုက်ခြင်းတော့မတူ
အဖေက
ကုမာရဂီရိကို ကြိုက်သည့်သူ။

အနုပညာ
ဒဿန
အရှေ့တိုင်း ဒီမိုကရေစီ - ဂဏ
ပန်းပုဆရာရဲ့ ဇာတ်ကောင် စရိုက်ထဲမှာ ထည့်သွင်းထားတဲ့
အရှေ့တိုင်း ဖြစ်တည်မှုဝါဒ။

ကျေးဇူးကြီးလှတယ် ဆရာရယ်
ကမ္ဘာ့ ဒဿနခရီးသည်ကြီး
ရာဟုလာ သံကစ္စည်းနဲ့ မိတ်ဆက်ပေးခဲ့တာ
နောက်ပြီး ...
ဗော်လဂါမှ ဂင်္ဂါသို့
မဟာလူသား သိဒ္ဓတ္ထ
သိဒ္ဓတ္ထ
ဗုဒ္ဓဒိုင်ယာယီ
ဗုဒ္ဓဘာသာနှင့် မာက်စ်ဝါဒ
ဝေသာလီ
သီဟသေနာပတိ
ယယာတိ
အမ္မပါလီ
... ... ...
... ... ...
... ... ...။

ကိုရင်ဘ၀နဲ့
တို့ဗမာအစည်းအရုံးကို သွားလေ့ရှိခဲ့သူ
သခင်ပါရဂူ
သူ
အခု ဆုံးပြီ
ဆရာပါရေ ...
ဟစ်လို့သာ ငိုလိုက်ချင်။

ညိုထက် (လမ်းသစ်ဦး)

Monday, April 11, 2011

ကျနော့်အဖေ

သောကထည်သွား
နင်းချေခံထားရတဲ့ လယ်ကွက်ဟာ
ကျနော့်အဖေပေါ့။

လယ်သမားမိသားစုကမွေးတဲ့ ပညာတတ်အဖေ
ပန်းချီတွေလည်း ရေးဖူးတယ် တယောထိုးလည်း ပိုင်နိုင်တယ်
ဇာတ်ဆရာလည်း ဖြစ်ဖူးတယ်
အဲဒီလိုနဲ့
အငြိမ့်သမလေး “စောရီ”နဲ့ အကြောင်းပါခဲ့ကြတယ်။

ကျနော်တို့ဆွေမျိုးတွေကပဲ “ကွန်ဆာဗေးတစ်” ဆန်တယ်ပြောရမလား
ကျနော့်အမေကပဲ “ဇာတ်သမ” သိပ်ဆန်လွန်းတယ်ပြောရမလား
သားသမီး ၄ ယောက်ရဲ့အမေဟာ
အပျိုမလေးတယောက်လို အိမ်ပေါ်က ဆင်းသွားခဲ့တယ်
ကျနော့်အသက် ၃ နှစ်အရွယ်
လူမမယ် (၁၉၇၆)။

ခံစားခဲ့ရမှာပေါ့
ခံစားခဲ့ရတာပေါ့
သေချာတာကတော့
ကျနော်သိတတ်သလောက်အရွယ်ကတည်းကိုက
အဖေဟာ
ပန်းချီိဆရာမဟုတ်တော့ဘူး
တူရိယာလုလင် မဟုတ်တော့ဘူး
ဇာတ်ဆရာ မဟုတ်တော့ဘူး
ဆေးလိပ်တွေပဲ လှိမ့်ဖွာနေတဲ့ တောကျောင်းဆရာ။

ဖျတ်ခနဲ
အဖေရေးခဲ့တဲ့ သီချင်းရယ်လို့
ခပ်သဲ့သဲ့ကြားဖူးတာလေးကို သတိရသွားမိတယ်
“ကြာနွယ်ရိုးလေး ချိုးကြည့်ပါ”
ကျနော်နားထောင်ကြည့်လိုက်တော့
အလွမ်းတွေပဲ
သူ့ရင်ဘတ်ထဲ
ထည်သွားရာအထပ်ထပ်နဲ့
နှစ်ပေါင်း ၃၀ လောက်အထိ စိုက်ပျိုးထားတဲ့ အလွမ်းတွေ
မီးရောင်အောက်က ဇာတ်စင်ပေါ်မှာ
ဗလာထမီလေးခတ်ခတ်ပြီး ကနေတဲ့
အငြိမ့်သမလေး “စောရီ”ကို လွမ်းနေတဲ့အလွမ်းတွေ
အဲဒီလို
ကြာနွယ်ရိုး ချိုးသလိုမျိုး
အပင်ပြတ်ပေမယ့် အမျှင်မပြတ်စတမ်း အဖေလွမ်းခဲ့တဲ့
အငြိမ့်သမလေး “စောရီ” ဟာ
အခုအချိန်မှာတော့ “ဒေါ်သီသီလှိုင်” ဖြစ်နေခဲ့ပါပြီ
“ဖြစ်တည်မှုပဓာန” ၀ါဒီတွေရေးလေ့ရှိတဲ့ ၀ထ္ထုတွေလိုပါပဲလား
ကျနော်တို့ မိသားစုရဲ့ ဖြစ်ပုံများ ပြောပါတယ်။

ရွာသူကြီးမျိုးရိုး
မြေရှင်တပိုင်း ချမ်းသာလယ်သမား
အဲဒီလိုမိသားစုက မွေးဖွားခဲ့ပေမယ့်
ကျနော့်အဖေကတော့
အနုပညာကိုချစ်
သားသမီးတွေကိုချစ်
ကျောင်းသားတွေကိုချစ်
သူ့အမျိုးတွေထဲမှာ အမွဲတေဆုံးလူဖြစ်ခဲ့ရတယ်။

အဖေဟာ
သူ့သားသမီးတွေကို
သူ့အမ အပျိုကြီးဆီမှာ အပ်ထားပြီး
တောကျောင်းဆရာ သွားလုပ်နေခဲ့သူ
သူ့သားသမီးတွေကိုတော့
သူ့အမ “ဒေါ်အေးကျင်” က ဈေးရောင်းကြွေးခဲ့ရတယ်။

တကယ်ပါပဲ
အဖေဟာ ပင်ကိုယ်သြဇာကြီးသူပဲပြောရမလား
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်များသူပဲ ပြောရမလား
သူရောက်လေရာရွာကလေးတွေနဲ့
ရွာသူရွာသားတွေနဲ့
ကျောင်းသားတွေနဲ့
တသားတည်းကျခဲ့
သူ့ဂုဏ်သိက္ခာဟာ ကြီးကျယ်ခန်းနားနေခဲ့
အညတရဆန်ဆန်။

အဖေဟာ
အားမာန်တွေနဲ့လည်း ပြည့်လျှမ်းနေခဲ့သူ။

ဒါပေမယ့်ဗျာ
အသေအချာစဉ်းစားကြည့်လိုက်တော့
အဖေဟာ ပန်းချီကားတချပ်ဆိုရင်
သောကဗျာပါဒ ဆေးသားတွေ ထူပျစ်နေတဲ့ ပန်းချီကား
အဖေဟာ ပြဇာတ်တပုဒ်ဆိုရင်
ဇာတ်နာစရာတွေ ပြည့်လျှမ်းနေတဲ့ ဆင်းရဲသားသရုပ်မှန်ပြဇာတ်
အဖေဟာ တေးချင်းတပုဒ်ဆိုရင်
အလွမ်းအဆွေးတွေများလွန်းတဲ့ ရိုမန်တစ်တေးချင်းတပုဒ်။

အဲဒီလိုနဲ့ လူလုပ်သွားခဲ့ရသူအဖေ
သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေဟာ
သူ့ဘ၀ရဲ့ ဇာတ်အနာဆုံးအချိန်တွေဖြစ်ခဲ့။

သူ့ အမလည်းဖြစ်
သူ့ ရဲဘော်ရဲဘက်လည်းဖြစ်
သူ့ တပ်မှူးလည်းဖြစ်
သူ့ သားသမီးတွေရဲ့ အားထားရာ ပင်မပင်စည်လည်းဖြစ်သူ
ဒေါ်အေးကျင်ကွယ်လွန် (၁၉၉၁)။

သားသမီးတွေကို သိပ်ချစ်တဲ့ အဖေ့ရင်ခွင်ထဲကနေ
သူသိပ်ချစ်တဲ့ သားသမီးတွေ
တယောက်ပြီးတယောက် ထွက်ခွာသွားခဲ့ကြ (၁၉၉၂ - ၉၄)
အဖေဟာ
ကိုင်းအားလုံး အချိုင်ခံလိုက်ရတဲ့ သစ်ပင်တပင်လို။

သူ့တသက်လုံး ထိမ်းသိမ်းလာခဲ့တဲ့
ငွေကြေးဆိုင်ရာ ဂုဏ်သိက္ခာကို
သူ့ သူငယ်ချင်းတယောက်က ရိုက်ချိုးဖျက်ဆီးခဲ့တယ် (၁၉၉၅)
ဂိုဏ်းတူညီအကိုလိုနေခဲ့တဲ့ သူငယ်ချင်းရဲ့
အရေးမလုပ် အေးစက်မှုတွေနဲ့ ပစ်ပေါက်တာကို ခံခဲ့ရတယ် (၁၉၉၆)
ကိုင်းချိုင်ခံထားရတဲ့သစ်ပင်ကို ထပ်မံ သင်းသတ်လိုက်သလိုမျိုး။

အဲဒီလို … အဲဒီလို …
ချစ်ဦးသူနဲ့ ကွေကွင်းရ
တပ်မှူးကိုလည်း ပေးလိုက်ရ
သားသမီးတွေကို လက်လွှတ်ဆုံးရှုံးရ
သူငယ်ချင်းတွေရဲ့ သစ္စာဖောက်မှုကိုလည်း ခံခဲ့ရ
အဲဒီလို အဖေ့ကိုမှ
ထပ်၍ … ထပ်မံ၍
ခေတ်ပေါ့ …
ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပေါ့
အဲဒီခေတ်က
အဲဒီ ပြည်တွင်းစစ်က
မြေနိမ့်ရာ လှံစိုက်ဆိုသလိုမျိုး
ခြုံခိုတိုက်ပွဲတွေအဖြစ်ရော
စခန်းသိမ်းတိုက်ပွဲတွေအဖြစ်ပါ
ဒရောသောပါး လှိမ့်ဝင်လာ။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပေါ့ဗျာ
မြေနိမ့်ရာလှံစိုက်လိုက်ပုံက
သားတယောက်က ပြည်တွင်းစစ်ကို တိုက်နေသူ
သားငယ်သူပုန် (၁၉၉၂)
သားတယောက်က ပြည်တွင်းစစ်ဒဏ်ကို ခံနေရသူ
သားကြီးမိုင်းထိ (၁၉၉၇)။

အဲဒီလိုနဲ့
သင်းသတ်ခံထားရတဲ့အဖေဟာ
သူ့ သားငယ်က
တော်လှန်ရေး အခြေခံဒေသတည်ဆောက်မယ်ဆိုတဲ့
စိတ်ဓာတ်တွေတဟုန်းဟုန်းနဲ့ တော်လှန်စစ်ကိုနွှဲနေတဲ့ အချိန်မှာပဲ
ပြည်တွင်းစစ်ဒဏ်ကို ခံနေရသူ
သူ့ သားကြီးကို ခြေထောက်ဖြတ်နေတဲ့အချိန်မှာပဲ
အဲဒီ
သူ့သားကြီးကို ခြေထောက်ဖြတ်ပေးတဲ့ ဆေးရုံမှာပဲ
နှလုံးရောဂါနဲ့ ဘုန်းဘုန်းလဲခဲ့ရတော့တယ်
ကိုင်းချိုင် သင်းသတ်
အဖေ့ဘ၀ အမြစ်ပါပျက်ခဲ့ရတယ် (၁၉၉၇)။

သေချာပါတယ်
အဖေဟာ
သောကထည်သွား
နင်း ချေ ခံထားရတဲ့ လယ်ကွက်
ကျနော်တို့ကို
စိုက်ပျိုးထားရစ်ခဲ့။

ညိုထက် (လမ်းသစ်ဦး)