Thursday, January 7, 2010

လေဟာနယ်

WTC အား လေယဉ်တိုက်ပွဲအပြီးတွင် ကျနော်က ဆောင်းပါးတစောင် ရေးခဲ့ဖူးသည်။ “ဖူကူယားမား နိဂုံး” ဖရန့်စစ်ဖူကူယားမားက လစ်ဘရယ်ဝါဒနှင့် သမိုင်းလမ်းဆုံးပြီဟု တင်ပြထားချက်အား သမိုင်းလမ်းမဆုံး ဖူကူယားမားသာလျင် လမ်းဆုံးခဲ့သည်ဟု တင်ပြခဲ့ခြင်းဖြစ်သည်။ ဖူကူယားမားက သမိုင်းလမ်းဆုံးကို တင်ပြ ခဲ့သည်မှာ ၁၉၈၉။ ယခုနှစ်ဆိုလျင် အနှစ် ၂၀ ဖြစ်ခဲ့ပြီ။ သူ့အယူအဆဖြစ်သည် သမိုင်းနိဂုံးသည်လည်း သမိုင်း အမှိုက်ပုံထဲသို့ ရောက်ခဲ့ပြီ။ လက်တွေ့က ထောက်ခံချက်မပေးသည့် မည်သည့် ယူဆချက်မဆို အမှား။
ကျနော် ဖူကူယားမား နိဂုံးရေးခဲ့စဉ်က “လေဟာနယ်” ဟူသော အသုံးကို သုံးခဲ့သည်။ ယခုကာလ၌ ထို “လေဟာနယ်”ဆိုသော စကားလုံးကို ပိုမိုဆင်ခြင်မိသည်။ “လေဟာနယ်” ဟူသည် မည်သည့်အခြေအနေကို အာလုပ်ပြုခေါ်သနည်း။ ဖြစ်စဉ်များ၏ အပြောင်းအလဲနှင့် သက်ဆိုင်သည်။
အပြောင်းအလဲ၏ အဓိပ္ပါယ်သည် အဘယ်နည်း။ ညီညွတ်မှုအဟောင်းနှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခတို့ ချုပ်ငြိမ်း၍ ထိုသည်ကို အစားထိုးရန် ညီညွတ်မှုအသစ်နှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခအသစ်တို့ ဖြစ်တည် လာခြင်းသည် အပြောင်းအလဲဖြစ်သည်။ စည်းနှောင်အား လျော့ရဲလာသည့် ညီညွတ်မှုအဟောင်းနှင့် ပဋိပက္ခအဟောင်း၏ နေရာတွင် စည်းနှောင်အားအသစ်ဖြင့် ညီညွတ်မှုအသစ်နှင့် ပဋိပက္ခအသစ်က ၀င်ရောက်အစားထိုးလိုက်ခြင်းကို အပြောင်းအလဲဖြစ်သည်ဟူ၍ ပြောဆိုကြခြင်းဖြစ်သည်။
အပြောင်းအလဲဟူသော အသုံးတွင် “အပြောင်း”နှင့် “အလဲ” ဟူသော ဖြစ်ရပ် ၂ ခု ပါဝင် ပတ်သက်သည်။ ညီညွတ်မှုအဟောင်း၏ ညီညွတ်မှုသဏ္ဍာန်များသည် စည်းနှောင်အားလျော့နည်းမှုဆီသို့ တစတစမှသည် သိသာသည့် အမှတ်လက္ခဏာဆီသို့ ကူးပြောင်းလာသည်။ ထိုအခြေအနေတွင် အလဲအလှယ်ပြုလုပ် ပေးနိုင်မည့် ညီညွတ်မှုအသစ်က အစားထိုး ၀င်ရောက်လာမည်။ ဤသည်ကား မှန်တန်းဖြစ်သော အပြောင်းနှင့် အလဲဖြစ်သည်။
သို့သော် လက်တွေ့အချက်အလက်များအရ အထက်တွင်တင်ပြခဲ့သည့် မှန်တန်းဖြစ်သော အပြောင်းအလဲ ဖြစ်စဉ်သည် လုံးတိကွက်ကျ ဖြစ်လာသည်ကိုမတွေ့ရ။ ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် အနှစ် ၂၀ ကမ္ဘာ့သမိုင်း အတွေ့အကြုံများအရ အပြောင်းအလဲသည် မှန်တန်းဖြစ်သောဖြစ်စဉ်အဖြစ် ပေါ်ထွက်မလာ။ အပြောင်းအလဲဖြစ်စဉ်အတွင်းတွင် ကြားဖြစ်သော အကူးအပြောင်းကာလကို တွေ့မြင်ခဲ့ရသည်။
ကမ္ဘာ့ဖြစ်စဉ်များအရ ဒုတိယကမ္ဘာစစ်အပြီးတွင် စုဖွဲ့ဖြစ်တည်လာခဲ့သည့် ညီညွတ်မှုလည်းဖြစ် ပဋိပက္ခလည်း ဖြစ်သည့်၊ ပေါင်းစည်းမှုလည်းဖြစ် တိုက်ခိုက်မှုလည်းဖြစ်သည့် ကမ္ဘာ့အစီအစဉ်သည် “စစ်အေး” ဖြစ်သည်။ ထိုညီညွတ်မှုနှင့် ပဋိပက္ခသည် ဆယ်စုနှစ် ၄ ခုကျော်မျှ ဖြတ်သန်းခဲ့ပြီးသောအခါ စည်းနှောင်အား လျော့နည်းမှုဆီသို့ တစတစမှသည် သိသာသည့် အမှတ်လက္ခဏာသို့ ကူးပြောင်းရောက်ရှိလာသည်။ ထိုဖြစ်စဉ် ထိုအခြေအနေကို သန်ရာ သန်ရာ အလိုက် “လီနင်ဝါဒ မီးငြိမ်းခေတ်” “မာ့က်စ်ဝါဒ ကျဆုံးသည့်ခေတ်” “ပစ္စည်းမဲ့အာဏာရှင်စနစ် ကျဆုံးခြင်း” “ဆိုဗီယက်လွန်ကာလ” “စစ်အေးလွန်ကာလ” “လစ်ဘရယ်ဝါဒခေတ်” … စသည်အားဖြင့် ၀ိဂြိုလ် ပြုကြသည်။
ထိုဖြစ်စဉ်များဖြစ်နေသည့် ကာလများတွင် ဆိုဗီယက်ယူနီယံ နှင့် အရှေ့ဥရောပ နိုင်ငံများကျဆုံးသွားသဖြင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်သည် “လေဟာနယ်” ဖြစ်ကျန်ခဲ့သည်ဟူသော အယူအဆလည်း ပေါ်ထွက်လာသည်။ ကျနော်က ထို “လေဟာနယ်” အယူအဆနှင့်အတူ ရပ်ခံခဲ့သည်။ ယခင်နိုင်ငံရေးကို စွန့်လွှတ်ခဲ့ကြသည့် နိုင်ငံများသည် အလံထူကျန်ခဲ့သည့် လစ်ဘရယ်ဝါဒကို ကောက်ခါငင်ခါ ဖမ်းယူလိုက်ရသော်လည်း တကယ့်ဖြစ်စဉ်များ၏ အတွင်းသဘောသည် လစ်ဘရယ်ဝါဒမဟုတ် လေဟာနယ်ဖြစ်ကျန်ခဲ့ခြင်းဖြစ်သည်ဟု ကျနော်က ယုံကြည့်ယူဆနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်နည်း။ လစ်ဘရယ်ဝါဒသည် စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခကို အစားထိုးနိုင်လောက်သည့် ညီညွတ်မှုအသစ်နှင့် ပဋိပက္ခအသစ်တို့၏ စည်းနှောင်အား အမှတ်လက္ခဏာများ ပါဝင်လာသည်ကို မတွေ့ရသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ လစ်ဘရယ်ဝါဒသည် စစ်အေးခေတ်ကို အစားထိုးနိုင်လောက်သည့် လောက်လောက်လားလား ညီညွတ်မှု မဟုတ် ဟူ၍ဖြစ်သည်။ စစ်အေးအပြီး အနှစ် ၂၀ မျှသော ကမ္ဘာ့ဖြစ်စဉ်များကလည်း ကျနော်ယုံကြည့်ယူဆခဲ့သည့် လေဟာနယ် အယူအဆကို ထောက်ခံခဲ့သည်။
စစ်အေးလွန်ခေတ် အနှစ် ၂၀ တွင် စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခဖြစ်မှုများအား အစားထိုး နိုင်လောက်သည့် လောက်လောက်လားလားသော သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးသည် မရှိရာမှ ရှိရာသို့ တစတစ ဖြတ်သန်းချီတတ်ခဲ့ရသည်။ မရှိရာမှ … သည် လေဟာနယ်ကို ကိုယ်စားပြုပြီး ရှိရာသို့ … သည် အပြောင်းအလဲကို ကိုယ်စားပြုသည်။
ပြိုကွဲ ပျက်စီးသွားသည့် ညီညွတ်မှုအဟောင်းနှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခတို့၏ နေရာတွင် အစားထိုးရမည့် ညီညွတ်မှုအသစ်နှင့် ၎င်း၏၀မ်းတွင်းပါ ပဋိပက္ခ အသစ်သည် သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စည်းရုံးစုဖွဲ့မှုဖြစ်စဉ်သို့ မရောက်ရှိသေးသည့် ကာလတွင် ကမ္ဘာ့ဖြစ်စဉ်သည် စွဲမြဲခိုင်မာမှုမရှိပဲ လွင့်မျောနေသည်။ ထိုကာလများတွင် ရောက်တက်ရာရာ သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေး သဏ္ဍာန်များကို ဖမ်းယူဆုပ်ကိုင်မှုများ၊ ထူထူထောင်ထောင် ကျန်ခဲ့သည့် အင်အားစုကို အလွန်အကျွံ အထင်အမြင်ကြီးမှုများ၊ သဘောတရားရေး သွင်းကုန် ထုတ်ကုန် လုပ်ငန်း အရောင်းအ၀ယ်ကောင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကာလများကို ပြန်ကြည့်မည်ဆိုလျင် “အိုစမာဘင်လာဒင်” ဆိုသူသည်ပင် သူရဲကောင်း ဖြစ်သွားခဲ့ဖူးသည်။ ဤကား လေဟာနယ်ကာလ၏ ဖေါ်ပြချက်များဖြစ်သည်။
အားလုံးသော သုတေသနပြုမှုများသည် လက်တွေ့၏စမ်းသပ်မှုကို ခံယူပြီး တစုံတရာသော ကာလတခုသို့ ရောက်လာသောအခါ စစ်အေးခေတ် ညီညွတ်မှုနှင့် ပဋိပက္ခဖြစ်မှုများအား အစားထိုးနိုင်လောက်သည့် သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေး စည်းရုံးစုဖွဲ့မှုသည် တစတစမှသည် မြင်သာသည့် ညီညွတ်မှုအသစ်၊ ပဋိပက္ခအသစ်၏ စည်းနှောင်အားဖြစ်မှုသို့ရောက်ရှိလာသည်။ လေဟာနယ်ကာလသည်လည်း ပျက်ပျယ် လွင့်ပါးလာသည်။ ကမ္ဘာ့အစီအစဉ် နှင်းခဲပျော်ချိန် ရောက်လာသည်။ အပြောင်းအလဲသည် သိသာသည့် ဖြစ်စဉ်ဖြစ်လာသည်။ အာရှတရုပ်အား ဗဟိုပြုသည့် ဒုတိယ စစ်အေးသည်လည်း ပေါ်ထွက်လာတော့သည်။

ညိုထက် (လမ်းသစ်ဦး)